ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီ နှင့် ခန်းရှီယွန်း တို့မှာ ချန်လုံစင်မြင့်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေကြသည်။
ထိုတည်ငြိမ်မှုမှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ သူတို့၏ အတွင်းစိတ်ထဲမှ ထွက်ပေါ်လာသော ယုံကြည်ချက်ပင် ဖြစ်၏။
“အခု သန့်စင်သောဝိညာဉ်အုပ်စုရဲ့ စိန်ခေါ်ပွဲကို တရားဝင် စတင်ကြောင်း ကြေညာပါတယ်”
သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ စကားအဆုံးတွင် ရှန့်ရှန့်ထျန်း အပါအဝင် ၃ ဦးလုံးက လက်သီးဆုပ် ဂါရဝပြုလိုက်ကြပြီး စင်အောက်ရှိ တပည့်များကို ကြည့်ကာ အေးစက်စွာ ပြောလိုက်ကြသည်။
“လမ်းညွှန်ပေးကြပါဦး”
ရုတ်တရက် တပည့်ပေါင်း သိန်းနှင့်ချီသော လူအုပ်ကြီးထဲတွင် ဆူညံသွားသော်လည်း မည်သူမျှ ချက်ချင်းတက်၍ စိန်ခေါ်ခြင်း မပြုဝံ့ကြပေ။
တပည့်အများစု၏ စိတ်ထဲတွင် ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီနှင့် ခန်းရှီယွန်း ၃ ယောက်ထဲ၌ ရှန့်ရှန့်ထျန်းကိုမူ လုံးဝ သွားရောက် မစိန်ခေါ်သင့်ကြောင်း သိထားကြသည်။
လွန်ခဲ့သော ၃ နှစ်ကတည်းက သူသည် ဝိညာဉ်သန္ဓေအဆင့် ၉ အစွမ်းဖြင့် ချန်လုံစာရင်း၏ နံပါတ် ၉ နေရာကို ရယူနိုင်ခဲ့သူ မဟုတ်ပါလော။
ခယ်ရှင်းယီနှင့် ခန်းရှီယွန်း တို့ကိုမူ သန့်စင်သောဝိညာဉ်အုပ်စု မှလွဲ၍ ကျန်အုပ်စု ၈ ခုမှ တပည့်များက အလွန်စိမ်းနေကြသဖြင့် သူတို့ ၂ ယောက်ကိုသာ စိန်ခေါ်ရန် ရွေးချယ်ကြမည်မှာ သေချာလှပေသည်။
“ဝှစ်”
ထိုစဉ် လူအုပ်ထဲမှ အရိပ်တစ်ခု လျှပ်ခနဲ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ရောက်ရှိသွားကာ သားရဲဝိညာဉ်အုပ်စု ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တပည့်တစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုသူသည် မီတာ ၁၀၀ အကွာတွင် ရှိနေသော ခယ်ရှင်းယီကို ကြည့်ကာ လက်သီးဆုပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“သားရဲဝိညာဉ်အုပ်စုက ယွမ်ဖေး ပါ... လမ်းညွှန်ပေးပါဦး”
ချက်ချင်းပင် သားရဲဝိညာဉ်အုပ်စုဝင် တပည့်ပေါင်း သောင်းနှင့်ချီကြားတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်သွားတော့သည်။
“စီနီယာအစ်ကိုယွမ်က ငါတို့အုပ်စုရဲ့ အစွမ်းအထက်ဆုံး ၃၀ ထဲမှာ ပါတယ် သူ သေချာပေါက် ပထမပွဲကို နိုင်မှာပဲ”
“ဟုတ်တယ်... ဒီ ခယ်ရှင်းယီနဲ့ ခန်းရှီယွန်း ဆိုတဲ့သူတွေက ကြည့်ရတာ လူမသိသူမသိတွေပဲ၊ စီနီယာအစ်ကိုယွမ်က အသက် ၃ ခါလောက် ရှူတဲ့အချိန်အတွင်းမှာတင် သူမကို အနိုင်ယူနိုင်မှာပါ”
“အင်း... အဲ့ဒါတော့ ဟုတ်တယ်...”
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော ရှန့်ရှန့်ထျန်းက သားရဲဝိညာဉ်အုပ်စုဝင် တပည့်များ၏ ဝေဖန်သံကို ကြားသောအခါ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“တစ်ကွက်တည်းနဲ့ ပြတ်မှာပါ”
နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ခယ်ရှင်းယီက မားမားမတ်မတ် ရပ်နေပြီး ယွမ်ဖေးကို အေးစက်စွာ ကြည့်ကာ နှုတ်ခမ်းလေးကို အသာဟလျက် ဆိုလိုက်သည်။
“စပါ”
သားရဲဝိညာဉ်အုပ်စုတွင် အဆင့် ၃၀ ရှိသော မိမိကို တစ်ဖက်လူက ဤမျှအထိ လျစ်လျူရှုရဲသည်ပေါ့။
“ဟွန်း”
ယွမ်ဖေးက နှာခေါင်းရှုံ့လိုက်ပြီး သူ့ဝိညာဉ်ကန်အတွင်းရှိ သားရဲဝိညာဉ် ၁၀ ခုလုံးမှာ တုန်ယင်သွားကာ ခဏအတွင်းမှာပင် ယွမ်ဖေး၏ စွမ်းအားမှာ ၁၀ ဆ မြင့်တက်လာတော့သည်။
ယွမ်ဖေး၏ မျက်လုံးများတွင် ရက်စက်မှုများ ပြည့်နှက်သွားပြီး သူ့ကိုယ်လုံးမှာ လျှပ်စီးအလား လှုပ်ရှားသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခယ်ရှင်းယီ၏ ရှေ့သို့ ရောက်ရှိသွားပြီး ဓားအလင်းတန်း တစ်ခုနှင့်အတူ ခယ်ရှင်းယီ၏ ခန္ဓာကိုယ်အလယ်ကို ပိုင်းချလိုက်တော့သည်။
ခယ်ရှင်းယီမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ဓားချက် ထိမှန်သွားပုံရသည်။
“ဟွန်း... တစ်ချက်တည်းတောင် မခံနိုင်ဘူး...”
ယွမ်ဖေး၏ လှောင်ရယ်သံ ရုတ်တရက် ရပ်တန့်သွားသည်။ သူ့မြင်ကွင်းထဲတွင် ခယ်ရှင်းယီကို ပိုင်းချလိုက်သော်လည်း သွေးတစ်စက်မျှ စင်ထွက်မလာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ဓားအလင်းတန်းသည် ခယ်ရှင်းယီ၏ ခန္ဓာကိုယ်ကို ဖြတ်သွားသော်လည်း ခယ်ရှင်းယီမှာ ယွမ်ဖေးကို အေးစက်စွာ ကြည့်နေဆဲဖြစ်ပြီး ချက်ချင်းပင် သူမ၏ ပုံရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
“ဝုန်း”
“ဖူး”
နောက်တစ်စက္ကန့်တွင် ခယ်ရှင်းယီက ယွမ်ဖေး၏ အနောက်ဘက်မှ ရုတ်တရက် ပေါ်လာပြီး ယွမ်ဖေး၏ ကျောပြင်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်တော့သည်။
'မြန်လိုက်တဲ့ အရှိန်' စင်အောက်တွင် ရှိနေသော ထန်ယွင်၏ မျက်စိများ ကျဉ်းသွားသည်။
ခယ်ရှင်းယီသည် ယွမ်ဖေး၏ ဓားချက်ကို ရှောင်တိမ်းလိုက်စဉ်က သူမ၏ အရှိန်မှာ မြန်လွန်းလှသဖြင့် မူလနေရာတွင် ကျန်ရစ်ခဲ့သော အရိပ်မှာ မပျောက်သေးဘဲ ရှိနေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
“ဟူး...”
တပည့်ပေါင်း သိန်းနှင့်ချီမှာ မြေပြင်ပေါ်တွင် သတိလစ်ကာ ဒဏ်ရာအပြင်းအထန် ရနေသော ယွမ်ဖေးကို ကြည့်ပြီး အသက်ရှူပင် မှားကုန်ကြသည်။
လူသိပ်မသိသော ခယ်ရှင်းယီမှာ ဤမျှအထိ အစွမ်းထက်ပြီး ယွမ်ဖေးကို တစ်ကွက်တည်းနဲ့ အပြတ်ရှင်းနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
အခြားတစ်ဖက်တွင်မူ သားရဲဝိညာဉ်အုပ်စုဝင် တပည့်ပေါင်း သောင်းနှင့်ချီမှာ မှင်သက်နေကြတော့သည်။ ယွမ်ဖေး၏ အစွမ်းမှာ သူတို့ထဲတွင် အဆင့် ၃၀ ရှိသူ ဖြစ်၏။ ယခုအခါ ယွမ်ဖေးမှာ ထိုသို့ ခံလိုက်ရသဖြင့် သူတို့ မည်သို့မှ မအံ့သြဘဲ မနေနိုင်ကြတော့ပေ။
“ညီလေး”
ကျောက်ယွင်ဖေးက သားရဲဝိညာဉ်အုပ်စုဝင် တပည့်များထဲမှ အပြေးထွက်လာပြီး ယွမ်ဖေး၏ ဘေးသို့ ရောက်သွားသည်။ ဝိညာဉ်အာရုံဖြင့် ယွမ်ဖေး၏ ကိုယ်ထဲကို စစ်ဆေးလိုက်ရာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။
ယွမ်ဖေး၏ အတွင်းအင်္ဂါများမှာ အပြင်းအထန် ဒဏ်ရာရနေပြီး အသက်အန္တရာယ် ရှိနေသည်ကို သူ သိလိုက်ရသောကြောင့်ပင်။
“ညီလေး... စိတ်မပူနဲ့... အစ်ကိုကြီး မင်းအတွက် ကလဲ့စားချေပေးမယ်”
ကျောက်ယွင်ဖေးက ဟိန်းဟောက်လိုက်ပြီး နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားတော့သည်။
သူ တိုက်ကွက်မထုတ်ရသေးမီမှာပင် ခယ်ရှင်းယီ၏ အရှိန်မှာ ယရင်ထက် ၃ ဆ ပိုမြန်လာသည်။ ချက်ချင်းပင် ဖြူစင်သော လက်ဖဝါးလေးတစ်ခုမှာ သူ့မြင်ကွင်းထဲတွင် ကြီးမားလာပြီး ရင်ဘတ်ကို အားကုန် ရိုက်ချလိုက်တော့သည်။
“ဖြန်း”
အရိုးကျိုးသံ နှင့်အတူ ကျောက်ယွင်ဖေး၏ နံရိုး ၃ ချောင်းမှာ ကျိုးသွားပြီး သွေးများ အန်ထုတ်ကာ လေထဲသို့ လွင့်စင်သွားတော့သည်။ ဖုန်မှုန့်များကြားမှ သူ့ခန္ဓာကိုယ်မှာ ဥက္ကာခဲတစ်ခုအလား တောင်ထိပ်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ဤမြင်ကွင်းမှာ သာမန်ကိစ္စ မဟုတ်တော့ပေ။ သားရဲဝိညာဉ်အုပ်စုမှ တပည့်ပေါင်း သောင်းနှင့်ချီမှာ ထိတ်လန့်တုန်လှုပ်သွားကြရ၏။
အဘယ်ကြောင့်ဆိုသော် ကျောက်ယွင်ဖေးမှာ သားရဲဝိညာဉ်အုပ်စုဝင် တပည့်အားလုံးထဲတွင် အဆင့် ၂၀ ရှိသူ ဖြစ်သောကြောင့်ပင်။
ကျောက်ယွင်ဖေးပါ ဤမျှအထိ အလဲအကွဲ ရှုံးနိမ့်သွားသည်ကို သားရဲဝိညာဉ်အုပ်စုဝင် တပည့်များ မယုံကြည်နိုင် ဖြစ်နေကြသည်။
ထိုအချိန်တွင် ကျောက်စိမ်းအဆောက်အဦးပေါ်မှ သားရဲဝိညာဉ်အုပ်စု တတိယအကြီးအကဲမှာ အောက်သို့ ဆင်းလာပြီး ကျောက်ယွင်ဖေး နှင့် ယွမ်ဖေး တို့၏ ရှေ့တွင် ပေါ်လာကာ သူတို့ ၂ ယောက်လုံးကို ဆေးလုံး ၂ လုံးစီ တိုက်လိုက်သည်။
ထို့နောက် တပည့် ၂ ဦးအား ကျောက်ယွင်ဖေး တို့ကို သေချာစောင့်ရှောက်ရန် မှာကြားလိုက်၏။
ကျောက်ယွင်ဖေးမှာ သားရဲဝိညာဉ်အုပ်စုတွင် အစွမ်းထက်သူတစ်ဦးဖြစ်ကြောင်း တောင်စဉ် ၉ ခုလုံးမှ တပည့်များ ကြားဖူးကြသည်။ ခယ်ရှင်းယီက သူတို့ ၂ ယောက်လုံးကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်ကို ကြည့်ခြင်းဖြင့် သူမသည် သန့်စင်သောဝိညာဉ်အုပ်စု၏ ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။
ထိုအချိန်တွင် သားရဲဝိညာဉ်အုပ်စုဝင် တပည့်များထဲမှ အဆင့် ၆ ရှိသူ လီဝေက ခယ်ရှင်းယီကို စိန်ခေါ်ရန် နံပါတ် ၂ စင်မြင့်ပေါ်သို့ တက်ရန် ပြင်လိုက်စဉ်မှာပင် သားရဲဝိညာဉ်အုပ်စုမှ ခေါင်းဆောင်ဖြစ်သူတစ်ဦးက လက်ကာပြကာ တားလိုက်သည်။
“မင်း သူမရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
ထိုသို့ ပြောလိုက်သူမှာ သားရဲဝိညာဉ်ပိုင်ရှင်၏ တပည့်ရင်း ၃ ဦးထဲမှ တစ်ဦးဖြစ်သူ လင်းတုန်း ပင်။
“စီနီယာအစ်ကိုလင်း... ဒါဆိုရင် ကျွန်တော် သူမကို မစိန်ခေါ်တော့ဘူး”
လီဝေက ပြန်ဖြေလိုက်ပြီးနောက် နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်ရှိ ခန်းရှီယွန်းကို ဒေါသတကြီး ကြည့်လိုက်သည်။
“စီနီယာအစ်ကိုလင်း... ဒါဆိုရင် ကျွန်တော် အဲ့ဒီ ခန်း ဆိုတဲ့တစ်ယောက်နဲ့ တွေ့ကြတာပေါ့”
ဤသူမှာ အားနည်းပုံရသော ခန်းရှီယွန်းအပေါ် ဒေါသပုံချရန် ကြိုးစားနေခြင်းမှာ သိသာလှပေသည်။
လီဝေက မြေပြင်ကို နင်းကာ နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားသည်။ သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်သောအခါ ဓားပျံတစ်လက် သူ့လက်ထဲတွင် ပေါ်လာပြီး အေးစက်သော ဓားအလင်းတန်းများ နှင့်အတူ ခန်းရှီယွန်းကို လွှမ်းခြုံကာ ပိုင်းချလိုက်တော့သည်။
“ဟက်... ငါ့ကို အနိုင်ကျင့်လို့ရမယ် ထင်နေတာလား”
ခန်းရှီယွန်းက မျက်မှောင်ကြုတ်ကာ နေရာတွင်ပင် ပျောက်ကွယ်သွားသည်။ သူ့အရှိန်မှာ အလွန်မြန်လှပြီး အရိပ်တစ်ခုအလား ဓားအလင်းတန်းများကြားမှ ရှောင်ထွက်ကာ လေထဲတွင် ပြန်လည် ပေါ်လာတော့သည်။
“ဝှစ် ဝှစ် ဝှစ်...”
သူသည် လေထဲမှနေ၍ လီဝေအား ညာလက်ဖြင့် တွန်းထုတ်လိုက်ရာ နက်မှောင်သော အလင်းတန်းတစ်ခု လီဝေ၏ မျက်ခုံးကြားသို့ ဦးတည်ကာ ပြေးထွက်သွားတော့သည်။
သေချာကြည့်မည်ဆိုပါက ၎င်းမှာ လီဝေထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသော အနက်ရောင် လျှို့ဝှက်ဓားမြှောင်ငယ် ၃ လက် ဖြစ်ကြောင်း တွေ့ရလိမ့်မည်။
“ဒေါင် ဒေါင်”
လီဝေက အမြန်ပင် ဓားဖြင့် ကာကွယ်လိုက်ရာ ဓားအလင်းတန်းများ ပွင့်ထွက်သွားပြီး လျှို့ဝှက်ဓားမြှောင် ၂ လက်ကို ပယ်ထုတ်နိုင်ခဲ့သည်။
“ကလေးကလား အတတ်တွေ...”
လီဝေ၏ မထီမဲ့မြင်ပြုသံမှာ ရုတ်တရက် ရပ်တန့်သွား၏။ နောက်ဆုံးကျန်ရှိနေသော လျှို့ဝှက်ဓားမြှောင်ငယ်မှာ လျှပ်စီးအလား ဓားချက်များကြားမှ ဝိုက်ကာ လီဝေ၏ ဘယ်ဘက်နားထင်သို့ ထိုးဝင်သွားပြီး ညာဘက်နားထင်မှ ပြန်ထွက်သွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
လီဝေ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် အေးခဲသွားတော့သည်။ လီဝေ အောက်သို့ ပြုတ်ကျလာစဉ်တွင် ခန်းရှီယွန်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအား လှိုင်းတစ်ခုက လီဝေကို စင်မြင့်ပေါ်မှ လွင့်ထွက်သွားအောင် လုပ်လိုက်တော့သည်။
“ဘုန်း”
လီဝေမှာ ဝက်တစ်ကောင်အလား တောင်ထိပ်ပေါ်သို့ ပြုတ်ကျသွားပြီး နားနှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာကာ မျက်လုံးပင် မမှိတ်နိုင်ဘဲ အသက်ပျောက်သွားတော့လေသည်။
ရက်စက်လိုက်တာ၊ တစ်ချက်တည်းနဲ့ အသက်ပျောက်သွားတာပဲ။
အခန်း ၃၇၂ ပြီး