ထန်ထိုင်ကျုံးတယ်မှာ အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း ဘာမှတော့ မပြောပေ။ မည်သို့ဖြစ်စေ အစကတည်းက သတိပေးထားပြီးသားဖြစ်သလို လက်နက်များ၌ မျက်စိမပါသည်မို့ ဒဏ်ရာရ သေဆုံးသည်မှာတော့ မဆန်းပေ။
“ဟဲဟဲ... ငါ့ရဲ့ လျှို့ဝှက်ဓားမြှောင် ၃ လက်ကိုတောင် မရှောင်နိုင်ဘူးဆိုတော့ တကယ်ကို အားနည်းလွန်းတာပဲ”
ခန်းရှီယွန်းက ခေါင်းယမ်းကာ သူ့ဘာသာ တိုးတိုးလေး ရေရွတ်ရင်း အနည်းငယ် ရှုပ်ပွသွားသော ဝတ်ရုံကို ပြန်ပြင်လိုက်သည်။
“ဒီကောင်စုတ်... မင်းက ဘာလို့ လူကို သေအောင် သတ်ရတာလဲ” သားရဲဝိညာဉ်အုပ်စုမှ သန်မာထွားကျိုင်းသော လူငယ်တစ်ဦးက အော်ဟစ်လိုက်သည်။
“မင်းကို ငါ သတ်မယ်”
ထိုသူ၏ အမည်မှာ ‘ထိုက်ရှန်း’ ဖြစ်ပြီး အရပ် ၁၀ ပေခန့် မြင့်ကာ သားရဲဝိညာဉ်ပိုင်ရှင်၏ တပည့်ရင်း ၃ဦးထဲမှ တစ်ဦးလည်း ဖြစ်သည်။
“တတိယညီလေး”
လင်းတုန်းက လက်လှမ်းကာ ထိုက်ရှန်း၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး မျက်စိပျက် မျက်နှာပျက်ဖြင့် ခေါင်းယမ်းပြလိုက်သည်။
“သူ့ကို ခဏလောက် အသက်ရှင်ခွင့် ပေးလိုက်ပါဦး... နောက်မှ ငါတို့နဲ့ တွေ့ကြမှာပဲ... အခုလောလောဆယ် စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး”
“ကောင်းပါပြီ... စီနီယာဒုတိယအစ်ကို ပြောတဲ့အတိုင်း နားထောင်ပါ့မယ်”
ထိုက်ရှန်း၏ အသံမှာ မိုးကြိုးပစ်သံအလား ဟိန်းထွက်နေပြီး ကြီးမားသော လက်ညှိုးဖြင့် နံပါတ် ၂ နှင့် နံပါတ် ၃ စင်မြင့်ပေါ်က ခယ်ရှင်းယီနှင့် ခန်းရှီယွန်း တို့ကို ညွှန်ပြကာ တစ်လုံးချင်း ပြောလိုက်သည်။
“နောက်ပြိုင်ပွဲတွေမှာ ငါ့လက်ထဲကိုသာ မိလိုက်လို့ကတော့ မင်းတို့ခေါင်းတွေကို ငါ ကိုယ်တိုင် ဖြတ်ပစ်မယ်”
ထိုခြိမ်းခြောက်မှုကို ခယ်ရှင်းယီနှင့် ခန်းရှီယွန်း တို့က ပြုံးလျက်သာ တုံ့ပြန်လိုက်ကြသည်။ ၎င်းမှာ မထီမဲ့မြင်ပြုခြင်းနှင့် လှောင်ပြောင်ခြင်းပင်။
နောက်ထပ် အချိန်အနည်းငယ်အထိ ကျန်ရှိနေသော အုပ်စု ၈ခုမှ တပည့်တစ်ဦးမျှ သန့်စင်သောဝိညာဉ်အုပ်စုမှ ၃ ဦးကို တက်ရောက်စိန်ခေါ်ခြင်း မရှိကြပေ။
မည်သူမျှ မစိန်ခေါ်ဘူးဆိုသည်မှာ လူတိုင်း သူတို့၏ ပြိုင်ဘက် မဟုတ်လို့လား။ မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး။
အခြားအုပ်စု ၈ ခုမှ အစွမ်းထက်သူများသည်လည်း နောက်မှ ချန်ပီယံ နေရာယူကြရဦးမည် ဖြစ်ရာ အခုချိန်မှာ အသေအလဲ တိုက်ခိုက်ရမည့် အချိန် မဟုတ်သေးသောကြောင့်ပင်။
ထိုအချိန်တွင် ကျောက်စိမ်းအဆောက်အဦးပေါ်မှ သန့်စင်သောဝိညာဉ်ပိုင်ရှင်က ထရပ်ကာ အော်ပြောလိုက်သည်။
“ငါ့ရဲ့ တပည့် ၃ ယောက်ကို ဘယ်သူမှ မစိန်ခေါ်တဲ့အတွက် ငါတို့ သန့်စင်သောဝိညာဉ်အုပ်စုရဲ့ ချန်လုံစာရင်း ထိပ်တန်း ၈ နေရာအတွက် ယှဉ်ပြိုင်မယ့်သူ ၃ ဦး ထွက်ပေါ်လာပြီ ဖြစ်တယ်”
ထို့နောက် ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီနှင့် ခန်းရှီယွန်း တို့သည် ချန်လုံစင်မြင့်ပေါ်မှ အေးအေးဆေးဆေး ဆင်းလာခဲ့ကြသည်။
သူတို့ ၃ ယောက်လုံးမှာ ချန်ပီယံနေရာ ရရှိသွားသည့်အတွက် ဝမ်းသာနေပုံ မရဘဲ ထိုနေရာမှာ သူတို့နှင့်သာ ထိုက်တန်သည်ဆိုသည့် ပုံစံမျိုးဖြင့် ခပ်တည်တည်ပင် ရှိနေကြသည်။ သူတို့၏ မာနကြီးပုံမှာ သိသာလှပေသည်။
“နောက်ထပ် စင်မြင့်စောင့်ဖို့အတွက် ငါ့ရဲ့ သားရဲဝိညာဉ်အုပ်စုက တပည့်တွေ ထွက်လာခဲ့စမ်း”
သားရဲဝိညာဉ်ပိုင်ရှင်က နေရာမှ ထရပ်ကာ လေးနက်စွာ ပြောလိုက်သည်။
“လင်းတုန်း၊ ထိုက်ရှန်း... မင်းတို့ သွားကြ”
“ဆရာ့အမိန့်ကို နာခံပါ့မယ်”
သူတို့ ၂ ဦးလုံးမှာ ချန်လုံစင်မြင့် နံပါတ် ၁ နှင့် နံပါတ် ၂ ပေါ်သို့ လျှပ်ခနဲ ရောက်ရှိသွားကြတော့သည်။
“ငါတော့ တကယ် စိတ်တိုတာပဲ ငါ့ရဲ့ တပည့်ကြီးက ဘယ်တွေ ရောက်နေလို့ အခုထိ ရောက်မလာသေးတာလဲ”
သားရဲဝိညာဉ်ပိုင်ရှင်မှာ မကျေမနပ် ဖြစ်နေ၏။
သူ့ပါးစပ်မှ ပြောနေသော တပည့်ကြီးမှာ မနေ့က ထန်ယွင်ကြောင့် ကျင့်စဉ်ဖျက်ဆီးခံရပြီး ချောက်ထဲခုန်ချကာ သတ်သေသွားခဲ့သော ပိုင်ရွှီ ပင်တည်း။ သားရဲဝိညာဉ်အုပ်စုဝင် တပည့်များထဲတွင် ပိုင်ရွှီမှာ အစွမ်းအထက်ဆုံး နံပါတ် ၃ ဖြစ်၏။ ဒုတိယတပည့် လင်းတုန်းနှင့် တတိယတပည့် ထိုက်ရှန်း တို့မှာ နံပါတ် ၁ နေရာအတွက် ပူးတွဲ ရပ်တည်နေကြသူများ ဖြစ်သည်။
ဒုတိယနေရာတွင် ရှိနေသူမှာမူ သားရဲဝိညာဉ်အုပ်စုမှ ဒုတိယအကြီးအကဲ မူရုန်ဟုံ၏ မြေးဖြစ်သူ ချန်ဆုန့်ပင်။
“ခေါင်းဆောင်ဝူ... ကျုပ်မြေးကိုပါ စင်မြင့်စောင့်ခိုင်းလိုက်ရင် ဘယ်လိုလဲ”
ထိုအချိန်တွင် မူရုန်ဟုံက ဝူဟုန်ကို အကြံပြုလိုက်သည်။
“ကောင်းပြီလေ”
သားရဲဝိညာဉ်ပိုင်ရှင်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။
“ချန်ဆုန့်... နံပါတ် ၃ စင်မြင့်ကို စောင့်ဖို့ တာဝန် မင်းကို လွှဲပေးလိုက်မယ်”
“တပည့် နာခံပါ့မယ်”
ရိုသေသော အသံ ထွက်ပေါ်လာပြီးနောက် အသက် ၂၆၊ ၂၇ ခန့်ရှိသော ချန်ဆုန့်သည် တောင်ထိပ်ပေါ်မှ ပျံတက်ကာ နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်သို့ ရောက်ရှိသွားတော့သည်။
စင်မြင့်စောင့်သူ ၃ ဦးလုံးမှာလည်း ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။
“အခု ငါတို့ သားရဲဝိညာဉ်အုပ်စုရဲ့ စိန်ခေါ်ပွဲကို စတင်ကြောင်း ကြေညာတယ်”
သားရဲဝိညာဉ်ပိုင်ရှင် ကြေညာပြီးနောက် အုပ်စုအသီးသီးရှိ ထိပ်တန်း တပည့် ၅ ဦး မှလွဲ၍ အခြားတပည့်များမှာ လင်းတုန်း အပါအဝင် ၃ ဦးကို ကြောက်ရွံ့ရိုသေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ထန်ယွင်က ပတ်ဝန်းကျင်ရှိ တပည့်များ၏ အကြည့်ကို ကြည့်ရုံဖြင့် ဤ ၃ ဦးမှာ အင်မတန် နာမည်ကြီးပြီး ကြောက်စရာကောင်းသူများ ဖြစ်ကြောင်း သိလိုက်၏။
သူတို့ ၃ ဦးကိုလည်း မည်သူမျှ တက်ရောက် စိန်မခေါ်ကြပေ။
အခြားအုပ်စု ၈ ခုမှ ထိပ်တန်း အစွမ်းထက်သူ ၃ ဦး မှလွဲ၍ အခြားသူများ စိန်မခေါ်ရသည့် အကြောင်းရင်းမှာ ရှင်းပါသည်။ သူတို့ စိန်ခေါ်လို့ အောင်မြင်လျှင်ပင် နောက်ဆုံးမှာ ထိပ်တန်း ၈ယောက်စာရင်းထဲ ဝင်နိုင်မည် မဟုတ်ဘူးဆိုသည်ကို နားလည်ထားကြသောကြောင့်ပင်။
ပို၍ အရေးကြီးသော အကြောင်းရင်းမှာ စိန်ခေါ်ပွဲတွင် ဒဏ်ရာအပြင်းအထန် ရရှိသွားပါက နောက်ပိုင်း မိမိတို့အုပ်စုအလိုက် ထာဝရနယ်မြေ ဝင်ရောက်ခွင့် နေရာများကို ယှဉ်ပြိုင်သည့်အခါတွင် ရှုံးနိမ့်သွားနိုင်ပြီး ထာဝရနယ်မြေထဲ ဝင်ခွင့်မရရုံတင်မကဘဲ အလတ်စား ရတနာအဆင့် လက်နက်ကိုပါ ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။
နောက်ပိုင်းတွင် ရှေးဟောင်းဝိညာဉ်အုပ်စုမှ တပည့် ၃ ဦး စတင် စင်မြင့်စောင့်ကြရာတွင်လည်း မည်သူမျှ မစိန်ခေါ်ကြဘဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ လေပြင်းနှင့် မိုးကြိုးအုပ်စုမှ တပည့် ၃ ဦးမှာလည်း ထိုနည်းတူပင် အောင်မြင်သွားကြ၏။
နောက်ထပ် နာရီဝက်ခန့်အတွင်း၌ အစီအရင်အုပ်စု၊ လက်နက်အစီအရင်အုပ်စုနှင့် လက်နက်အုပ်စုတို့မှ တပည့် ၃ ဦးစီ ထုတ်ကာ စင်မြင့်စောင့်ကြသည်။
အစီအရင်အုပ်စုမှ တပည့် ၃ ဦးထဲတွင် ပြတ်သားသော ပုံစံရှိသည့် ရှောင်လုံ ဆိုသူ ပါဝင်ပြီး၊ အခြား ၂ ဦးမှာ ခေတ္တမျှ ယှဉ်ပြိုင်ပြီးနောက် ရှေးဟောင်းဝိညာဉ်အုပ်စုမှ ၂ ဦးက စင်မြင့်ကို သိမ်းပိုက်သွားခဲ့ကြသည်။ ရှေးဟောင်းဝိညာဉ်အုပ်စုမှ ၂ ဦး ချန်ပီယံဖြစ်သွားပြီးနောက်တွင်လည်း မည်သူမျှ စိန်မခေါ်ကြပေ။
ထိုအချိန်တွင် ထန်ယွင် သတိထားမိသည်မှာ ရှောင်လုံ ဆိုသည့် တပည့်သည် ထာဝရနတ်ဘုရားဂိုဏ်းတွင် ကျင်းပခဲ့သော အစီအရင် ပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ သို့သော် သူ့အား မည်သူမှ စိန်မခေါ်ရဲသည်ကို ကြည့်ခြင်းဖြင့် ဤသူမှာ အင်မတန် အစွမ်းထက်သူ ဖြစ်ကြောင်း သိသာလှသည်။
လက်နက်အစီအရင်အုပ်စုမှ စင်မြင့်စောင့်သူ ၃ ဦးထဲတွင် ဟောင်ဖူထင်ဖုန်း ပါဝင်ပြီး စိန်ခေါ်သူများထဲတွင် ဟောင်ဖူထင်ဖုန်းကိုမူ မည်သူမျှ မရွေးချယ်ကြပေ။
အကြောင်းရင်း ၂ ခု ရှိသည်။ ပထမအချက်မှာ ဟောင်ဖူထင်ဖုန်းက အင်မတန် အစွမ်းထက်၏။ ဒုတိယအချက်မှာ မနေ့ညက ဂိုဏ်းခွဲခေါင်းဆောင်များက သူတို့၏ တပည့်များကို ဟောင်ဖူထင်ဖုန်းမှာ မျိုးနွယ်စုခေါင်းဆောင်၏ မျိုးဆက်ဖြစ်သဖြင့် စိန်မခေါ်ရန် မှာကြားထားသောကြောင့်ပင်။ မည်သို့ဖြစ်စေ သူ့နောက်ခံမှာ အင်မတန် တောင့်တင်းလှသည် မဟုတ်ပါလော။
လက်နက်အစီအရင်အုပ်စုမှ အခြားသော တပည့် ၂ ဦးမှာမူ သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့် ၂ ဦး၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။ သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့် ၂ ဦး ချန်ပီယံ ဖြစ်သွားသည်ကို လက်နက်အစီအရင်အုပ်စုမှ တပည့်ပေါင်း သောင်းနှင့်ချီက မကျေမနပ် ဖြစ်နေကြပြီး ၎င်းတို့ထဲမှ ၆ ဦးမှာ တက်ရောက် စိန်ခေါ်ခဲ့ကြသော်လည်း ရလဒ်မှာ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ နောက်ဆုံးတွင် သန့်စင်သောဝိညာဉ်အုပ်စုမှာ ချန်ပီယံနေရာ ၂ ခု ထပ်မံ ရရှိသွားပြန်သည်။
မူရုန်ဆရာမက လက်နက်အုပ်စုမှ တပည့် ၃ ဦးကို စင်မြင့်စောင့်ရန် လွှတ်လိုက်သောအခါတွင်မူ လေပြင်းနှင့် မိုးကြိုးအုပ်စု၊ ရှေးဟောင်းဝိညာဉ်အုပ်စုနှင့် သားရဲဝိညာဉ်အုပ်စုတို့မှ တပည့်တစ်ဦးစီက တက်ရောက် စိန်ခေါ်ခဲ့ကြရာ လက်နက်အုပ်စုမှ တပည့် ၃ ဦးလုံးမှာ ချန်လုံစင်မြင့်ပေါ်မှ အလဲအကွဲ ဆင်းပေးလိုက်ရတော့သည်။
ကျုံးဝူစစ်ယောင်မှာ ဘာမှ မတတ်နိုင်ပေ။ သူမတွင် ထန်ယွင် ပေးထားသော ကျင့်စဉ်များ ရှိသော်လည်း သူမ အတွင်းစည်း လက်နက်အုပ်စုသို့ ဝင်ရောက်ပြီးကတည်းက ၇၀ ရာခိုင်နှုန်းသော အချိန်ကို မူရုန်ဆရာမ နှင့်အတူ လက်နက်ဖော်စပ်ခြင်း ပညာရပ်များကိုသာ သင်ယူနေခဲ့ရသဖြင့် သူမ၏ ကျင့်စဉ်အဆင့်မှာ ဝိညာဉ်သန္ဓေအဆင့် ၉ တွင်သာ ရှိနေသေးသောကြောင့် ဖြစ်သည်။
တစ်ဖက်တွင်မူ အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေခဲ့သော ရွှယ်ဇီယန်နှင့် မုမုန့်ဂျီတို့မှာမူ ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။
ယနေ့တွင် ဆေးဝါးအုပ်စုနှင့် ဝိညာဉ်ငါးပါးအုပ်စုတို့သာ စင်မြင့်စောင့်ရန် ကျန်ရှိတော့သည်။
ကျောက်စိမ်းအဆောက်အဦးပေါ်ရှိ ရှန်စုပင်းက ဆေးဝါးအုပ်စုဝင် တပည့်များကို ငုံ့ကြည့်ကာ သက်ပြင်းချပြီး ကြေညာလိုက်သည်။
“ဆေးဝါးအုပ်စုအနေနဲ့ ချန်ပီယံနေရာ ၂ ခုကို စွန့်လွှတ်လိုက်ပြီး ထန်ယွင် တစ်ယောက်တည်းကိုပဲ စင်မြင့်စောင့်ခိုင်းပါ့မယ်”
ရှန်စုပင်း၏ စကားအဆုံးတွင် ကျောက်စိမ်းအဆောက်အဦးပေါ်ရှိ အခြားသော ဂိုဏ်းခွဲခေါင်းဆောင် ၈ယောက်၊ အကြီးအကဲများနှင့် သင်းထောက်များမှာ ဂိုဏ်းချုပ် ရှိနေသဖြင့် ဘာမှ မပြောကြသော်လည်း၊ ရှန်စုပင်းကို ကြည့်သော သူတို့၏ မျက်လုံးများထဲတွင်မူ မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေတော့သည်။
လူတိုင်း၏ အမြင်တွင် ရှန်စုပင်း အုပ်ချုပ်သော ဆေးဝါးအုပ်စုသည် တောင်စဉ် ၉ ခု ပြိုင်ပွဲတွင် တစ်ခါထက်တစ်ခါ ပို၍ အခြေအနေ ဆိုးလာသည်ဟု ယူဆထားကြသည်။ ယခင်က ဆေးဝါးအုပ်စုသည် စင်မြင့်စောင့်သူ ၃ ဦး အမြဲတမ်း လွှတ်လေ့ရှိသော်လည်း ယခုမူ ထန်ယွင် တစ်ယောက်တည်းသာ ရှိတော့သည် မဟုတ်ပါလော။
ဆေးဝါးအုပ်စုဝင် အကြီးအကဲများနှင့် တပည့်အားလုံးမှာလည်း အရှက်ရနေကြသကဲ့သို့ ခံစားနေရသည်။
ဆုန့်ဟုန်နှင့် လုအိုဖန်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကျောက်စိမ်းအဆောက်အဦးပေါ်ရှိ ရှန်စုပင်းကို ကြည့်ကာ ပြတ်သားသော အမူအရာဖြင့် တောင်းဆိုလိုက်ကြသည်။
“အုပ်စုခေါင်းဆောင်ကြီး... တပည့်တို့ စင်မြင့်စောင့်ဖို့ ခွင့်ပြုပေးပါ”
ရှန်စုပင်းက သူတို့ ၂ ဦးကို ချီးကျူးသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး...
“အခုက စိတ်လိုက်မာန်ပါ လုပ်ရမယ့် အချိန်မဟုတ်ဘူး... ငါတို့ ဆေးဝါးအုပ်စုက ဆေးဖော်စပ်တာကိုပဲ အဓိကထားတာလေ... တပည့်တွေရဲ့ တိုက်ခိုက်ရေးအစွမ်းက တခြားအုပ်စုတွေထက် အနည်းငယ် နိမ့်ကျနေတာဟာ သဘာဝပါပဲ”
“မင်းတို့က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနိမ့်စား ဆေးပညာရှင်ကြီးတွေ ဖြစ်နေပြီပဲ... အဲ့ဒါကို တခြားအုပ်စုက တပည့်တွေနဲ့ ယှဉ်လို့ ရပါ့မလား”
“ကဲ... ပြန်သွားကြတော့”
ရှန်စုပင်း သိထားသည်မှာ သူတို့ ၂ ယောက်သာ စင်မြင့်စောင့်၍ အောင်မြင်ခဲ့လျှင်ပင် ဘာဖြစ်မည်နည်း။ နောက်ဆုံး ချန်လုံစာရင်း ထိပ်တန်း ၈ ယောက် ယှဉ်ပြိုင်သည့်အခါ ရှုံးနိမ့်သွားမှာဖြစ်သလို အသက်ပါ ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် ရှန်စုပင်းအနေဖြင့် သူမ၏ ဆေးပညာရှင် ၂ ဦးကို ရည်မှန်းချက် မအောင်မြင်နိုင်သည့် အန္တရာယ်ရှိသော ကိစ္စများတွင် လုံးဝ အသုံးမခံနိုင်ပေ။
ဆုန့်ဟုန်နှင့် လုအိုဖန်တို့မှာ ခါးသက်စွာ ပြုံးလိုက်ကြပြီး ထန်ယွင်၏ ပုခုံးကို ပုတ်ကာ အနောက်သို့ ပြန်သွားကြတော့သည်။
ထန်ယွင်က နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်သို့ တက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ညာဘက်ရှိ မုမုန့်ဂျီက လက်သီးဆုပ်ကာ ရှန်စုပင်းကို မော့ကြည့်လိုက်ပြီး ခန့်ညားလှသော အသံလေး ထွက်ပေါ်လာသည်။
“အုပ်စုခေါင်းဆောင်ကြီး... တပည့် မုမုန့်ဂျီ အနေနဲ့ ထန်ယွင်နဲ့အတူ စင်မြင့်စောင့်ပွဲမှာ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုပါတယ်... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ”
အခန်း ၃၇၃ ပြီး