မုမုန့်ဂျီက ဆေးဝါးအုပ်စုသို့ ဝင်ရောက်ပြီးသည်နှင့် စင်မြင့်စောင့်ရန် တောင်းဆိုလိုက်ခြင်းမှာ တမင်တကာ ဟန်ဆောင်ပြခြင်း မဟုတ်ပေ။
သူမသည် အခြားအုပ်စုများမှ အစွမ်းထက်သူများနှင့် သူမကြားတွင် မည်မျှအထိ ကွာဟချက် ရှိနေသည်ကို မသိသော်လည်း ထန်ယွင် မှလွဲ၍ ကျန်ရှိနေသော မည်သူ့ထက်မဆို သူမ မနိမ့်ကျကြောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားခြင်း ဖြစ်သည်။
ရှန်စုပင်းက ထိုစကားကို ကြားသောအခါ မုမုန့်ဂျီ၏ အဆင့်အတန်းကို တွေးမိသဖြင့် ချက်ချင်း သဘောမတူဘဲ ထန်ယွင်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ အမြင်တွင် ထန်ယွင်သည် မုမုန့်ဂျီ၏ အစစ်အမှန် အစွမ်းကို သိလိမ့်မည်ဟု ယူဆထားသောကြောင့်ပင်။
ရှန်စုပင်း၏ အမေးရှိသော အကြည့်ကို မြင်သောအခါ ထန်ယွင်က မုမုန့်ဂျီဘက်သို့ လှည့်ကာ အသံကို နှိမ့်၍ မေးလိုက်သည်။
“မင်း ကျင့်စဉ်ကို ဘယ်အဆင့်အထိ ရောက်နေပြီလဲ”
“ပထမအတွဲ - အောင်မြင်ခြင်းအဆင့်”
မုမုန့်ဂျီက တိုးညှင်းစွာ ပြန်ဖြေလိုက်၏။
ထန်ယွင် စိတ်အေးသွားသည်။ သူမကို ပေးထားသော နိဗ္ဗာန်ကျမ်းစာမှာ ၃၆ တွဲ ရှိကြောင်း သူ သိထားသည်။ အတွဲတစ်ခုစီတွင် အစောပိုင်းအဆင့်၊ အသေးစားအဆင့်၊ အောင်မြင်ခြင်းအဆင့်နှင့် အထွတ်အထိပ်အဆင့် ဟူ၍ ၄ ဆင့် ခွဲခြားထား၏။ ပထမအတွဲမှာ ဝိညာဉ်သန္ဓေအဆင့်တွင် ရှိနေသူများ ကျင့်ကြံရန် သင့်တော်သော ကျင့်စဉ်ပင် ဖြစ်သည်။
သူမသည် ပထမအတွဲ၏ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း၊ အောင်မြင်ခြင်းအဆင့်သို့ ရောက်နေရုံဖြင့်ပင် ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူများကြားတွင် သူမ၏ ပြိုင်ဘက်မှာ အင်မတန် နည်းပါးလိမ့်မည်ဟု ထန်ယွင်က ယုံကြည်ထားသည်။ ဝိညာဉ်နတ်ဘုရားနန်းတော်မှ နန်းကုန်းယွိချင်နှင့် တွေ့လျှင်ပင် သူမသည် အများကြီး နိမ့်ကျနေလိမ့်မည် မဟုတ်ပေ။
အကယ်၍ သူမသာ ပထမအတွဲကို အထွတ်အထိပ်အထိ ကျင့်ကြံပြီး ပထမအကြိမ် နိဗ္ဗာန်ဝင်ခြင်းကို အောင်မြင်ခဲ့မည်ဆိုပါက သူမ၏ အဆင့်ကျော်ဖြတ် တိုက်ခိုက်နိုင်စွမ်းမှာ အင်မတန် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
ထိုသို့ တွေးတောရင်း ထန်ယွင်က ရှန်စုပင်းကို ကြည့်ကာ လက်သီးဆုပ်လျက် ရိုသေစွာ ပြောလိုက်၏။
“ဂိုဏ်းခွဲခေါင်းဆောင်... တပည့်အနေနဲ့ မုန့်ဂျီ ပါဝင်တာကို သဘောတူပါတယ်”
“ကောင်းပြီလေ... မင်းက အဲ့ဒီလို ပြောမှတော့ ဂိုဏ်းခွဲခေါင်းဆောင်အနေနဲ့ သဘောတူပါတယ်”
ရှန်စုပင်းက မုမုန့်ဂျီကို ငုံ့ကြည့်ကာ ပြုံးလျက် ဆိုလိုက်၏။
“အားလုံးကို ဂရုစိုက်ပါ... စင်မြင့်ကို မကာကွယ်နိုင်ရင်တောင် ဘာမှ မဖြစ်ဘူး... ငါ့မှာ ချန်လုံစာရင်း ထိပ်တန်း ၈ ယောက်အတွက် ယှဉ်ပြိုင်ပေးမယ့် ထန်ယွင် တစ်ယောက်တည်း ရှိနေရင်ပဲ လုံလောက်ပါပြီ”
“ဟုတ်ကဲ့”
မုမုန့်ဂျီက ခေါင်းညိတ်လိုက်ပြီးနောက် ထန်ယွင် နှင့်အတူ နံပါတ် ၁ နှင့် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ အသီးသီး ပျံတက်သွားကြတော့သည်။
ချက်ချင်းပင် ထန်ယွင်နှင့် မုမုန့်ဂျီတို့သည် သူတို့အပေါ် ကျရောက်လာသော သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသည်။ သူတို့ ၂ ဦးလုံးမှာ အဝေးမှနေ၍ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြ၏။
ထန်ယွင်၏ နှုတ်ခမ်းမှာ အသံမထွက်ဘဲ လှုပ်ရှားသွားရာ မုမုန့်ဂျီက ထန်ယွင်၏ နှုတ်ခမ်းပုံစံကို ကြည့်ရုံဖြင့် စကားလုံး ၈ လုံးကို သိလိုက်သည်။
“ရန်သူတွေ အများကြီးပဲ... အကုန်သတ်ပစ်”
မုမုန့်ဂျီက ခေါင်းညိတ်ပြလိုက်သည်။ သူမသည် သားရဲဝိညာဉ်အုပ်စု၏ ဘုံရန်သူ ဖြစ်နေပြီဖြစ်သလို သူမကို သတ်ချင်နေသော တပည့်ပေါင်း များစွာ ရှိနေသည်ကိုလည်း သိထားသည်။ သူမ ချစ်ရသော အမျိုးသားတွင်လည်း အတွင်းစည်း၌ ရန်သူပေါင်း များစွာ ရှိနေသည် မဟုတ်ပါလော။ ထန်ယွင်၏ စကားအရ သူ့အပေါ် အာဃာတရှိသော တပည့်အားလုံးမှာ သူမကို စိန်ခေါ်သည့်အသွင်ဖြင့် လာရောက် သတ်ဖြတ်ရန် ကြိုးစားကြလိမ့်မည်ကို သူမ သတိပြုမိလိုက်သည်။
ထိုအချိန်တွင် ရှန်စုပင်းက ထန်ယွင်နှင့် မုမုန့်ဂျီတို့ စတင်ယှဉ်ပြိုင်ရန် မကြေညာရသေးမီမှာပင် လေထုထဲ၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များစွာ စီးဆင်းနေသည်ကို သူမ ခံစားလိုက်ရသည်။ ထိုသတ်ဖြတ်လိုစိတ်များမှာ သူမ၏ တပည့် ထန်ယွင်နှင့် မုမုန့်ဂျီတို့ဆီသို့ ဦးတည်နေခြင်း ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိသည်။
သူမသည် ထန်ယွင်အတွက်တော့ မစိုးရိမ်ပေ။ သူမ၏ ရင်ထဲတွင် ထန်ယွင်မှာ ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ အတွင်းစည်းတပည့်များကြားတွင် အရှုံးမရှိသော တည်ရှိမှုတစ်ခု ဖြစ်နေသောကြောင့်ပင်။ သူမ စိုးရိမ်သည်မှာ မုမုန့်ဂျီ အတွက်သာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မုမုန့်ဂျီသည် သားရဲဝိညာဉ်အုပ်စုတွင် မည်မျှအထိ အစွမ်းထက်ခဲ့သည်ကို သူမ တစ်ခါမျှ မကြားဖူးသောကြောင့်ပင်။
'ဟားဟားဟား... ငါ့သမက်လောင်းကို သတ်ချင်နေတဲ့သူတွေ တော်တော်များသားပဲ'
ထန်ထိုင်ကျုံးတယ်မှာ မျက်နှာကို တည်ထားသော်လည်း ရင်ထဲတွင်မူ ပြုံးနေမိသည်။ သူသည်လည်း ထန်ယွင်အတွက် မစိုးရိမ်ပေ။ ထန်ယွင်က ထာဝရနတ်ဘုရားဂိုဏ်းတွင် ရှိစဉ်က ထိုဂိုဏ်း၏ သခင်လေး ရူယန်ချန်ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သလို နောက်ပိုင်းတွင်လည်း ဝိညာဉ်နတ်ဘုရားနန်းတော်၏ သူတော်စင်မလေး နန်းကုန်းယွိချင်ကိုပင် သေလုနီးပါး ဖြစ်စေခဲ့သည် မဟုတ်ပါလော။ ထန်ယွင်၏ အစွမ်းနှင့်ဆိုလျှင် သူ့ဂိုဏ်းအတွင်းရှိ အစွမ်းထက်သူများကို အမြစ်ပြတ်ချေမှုန်းရန် လုံလောက်ပေသည်။
(စာရေးသူ၏ အမှာစာ - မယ်တော် နန်းကုန်းယွိချင်အား သူတော်စင်မလေး နန်းကုန်းယွိချင် ဟု ပြောင်းလဲသုံးနှုန်းသွားပါမည်။)
ထိုအချိန်တွင် ကျောက်စိမ်းအဆောက်အဦးအောက်ရှိ နေရာများတွင် ထိုင်နေကြသော မူရုန်ဆရာမ၊ ချန်ခွန်းတာအိုဆရာနှင့် လက်နက်အစီအရင် အုပ်စုခေါင်းဆောင်၃ ဦးလုံး၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို ၃ ဦးလုံးမှာ ပညာရပ် ၄ မျိုး ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသူများဖြစ်ရာ ထန်ယွင်၏ အစွမ်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ကြသူများ ဖြစ်၏။ အစကတည်းက ဂိုဏ်းချုပ်က ထိုပြိုင်ပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို လျှို့ဝှက်ထားရန် အမိန့်ပေးထားသဖြင့် သူတို့ ၃ ဦးလုံးက ထိုအမိန့်ကို မဖီဆန်ရဲဘဲ နှုတ်ဆိတ်နေကြခြင်း ဖြစ်သည်။
သို့သော် သူတို့ ၃ ဦးလုံးသည် မနေ့ညကပင် သူတို့အုပ်စုအသီးသီးမှ ထိပ်တန်း တပည့် ၃၀၀ ကို ခေါ်ယူကာ ထန်ယွင်မှာ အင်မတန် အစွမ်းထက်ကြောင်းနှင့် မနက်ဖြန်တွင် သူ့ကို တွေ့ပါက ချက်ချင်း ရှုံးနိမ့်ကြောင်း ဝန်ခံရန် မှာကြားထားပြီး ဖြစ်သည်။ အကယ်၍ စိန်ခေါ်ပွဲတွင် ထန်ယွင်နှင့် တွေ့ပါကလည်း ရှုံးနိမ့်ကြောင်း ဝန်ခံကာ ချန်ပီယံနေရာကို သူ့အား ပေးလိုက်ရန် မှာကြားခဲ့ကြ၏။ ထိုပါရမီရှင် တပည့်များမှာ နားမလည်နိုင် ဖြစ်ခဲ့ကြသော်လည်း သူတို့ ခေါင်းဆောင်များ၏ အမိန့်ကို ရင်ထဲတွင် မှတ်သားထားကြသည်။
မူရုန်ဆရာမ၊ ချန်ခွန်းတာအိုဆရာနှင့် လက်နက်အစီအရင် အုပ်စုခေါင်းဆောင်တို့မှာ ရှန်စုပင်းတွင် ထန်ယွင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တပည့်တစ်ဦး ရှိနေခြင်းကို မနာလိုဖြစ်မိကြသလို တစ်ချိန်တည်းမှာပင် အခြားသော ခေါင်းဆောင်များ၏ တပည့်များ ထန်ယွင်ကို စိန်ခေါ်ရင်း အသတ်ခံရမည်ကို မြင်ရတော့မည်ဖြစ်၍ ဝမ်းသာနေကြသည်။ သားရဲဝိညာဉ်အုပ်စု၊ သန့်စင်သောဝိညာဉ်အုပ်စုနှင့် တရားဥပဒေစိုးမိုးရေးအုပ်စုတို့မှာ သူတို့၏ ခေါင်းဆောင်များနှင့် အကြီးအကဲများထံမှ ထန်ယွင်ကို သတ်ရန် အမိန့်ရရှိထားကြမည်ကို ထို ၃ ဦးလုံးက သိထားကြ၏။
ထန်ယွင်သည် သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ မြစ်ဖြစ်သူ လင်းဟူချန်ကုန်းအား သတ်ခဲ့သည်ကို သန့်စင်သောဝိညာဉ်ပိုင်ရှင်က လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။ သားရဲဝိညာဉ်ပိုင်ရှင်၏ သားကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သဖြင့် သူ့သားမှာ သတ်သေသွားခဲ့ရသလို၊ သူ့တပည့်ရင်း မုမုန့်ဂျီကိုလည်း ခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် လွန်ခဲ့သော ၁ နာရီကပင် သူ့ကို သေတွင်းထဲ ပို့လုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူလည်း ကလဲ့စားချေရန် ကြိုးစားမှာ သေချာသည်။ ချိုယုံမင်ကလည်း သူ၏သားကို သတ်ခဲ့သော ထန်ယွင်အား သတ်ရန် တရားဥပဒေစိုးမိုးရေးတပည့်များကို မှာကြားထားမှာ သေချာလှပေသည်။
သူတို့ ၃ ဦး တွေးနေသည်မှာ အလွန်မှန်ပေ၏။ ဝိညာဉ်ငါးပါးပိုင်ရှင်ကလည်း သူ၏ မြေးဖြစ်သူက ရွှယ်ဇီယန်ကို ရရှိရန်အတွက် ထန်ယွင်ကို သတ်ရန် သူ့တပည့်ကို အမိန့်ပေးထားသည်ကိုမူ သူတို့ မသိကြပေ။
ထိုအချိန်တွင် ကျောက်စိမ်းအဆောက်အဦးပေါ်၌ ရှန်စုပင်းသည် သူမ၏ နေရာမှ ထရပ်လိုက်ပြီး ဆေးဝါးအုပ်စု၏ စိန်ခေါ်ပွဲ စတင်ရန် မကြေညာရသေးမီမှာပင် ထန်ယွင်သည် သူ့အပေါ်သို့ ကျရောက်လာသည့် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသည်။ ရှန်စုပင်း ကြေညာလိုက်သည်နှင့် တပည့်အချို့မှာ သူ့ကို သတ်ရန် ပြေးဝင်လာကြတော့မည်ကို သူ မြင်ယောင်နေမိသည်။
'ဘယ်သူပဲ လာလာ... ငါ မင်းတို့ကို အသက်ရှင်လျက် ပြန်မလွှတ်ဘူး'
ထန်ယွင်က စိတ်ထဲမှ ကြုံးဝါးလိုက်စဉ်မှာပင် ရှန်စုပင်းဆီမှ ဓားအလင်းတန်းတစ်ခု သူရှိရာသို့ ပြေးဝင်လာပြီး မှာကြားသံလေးတစ်ခု ပါလာသည်။
“ငါ မင်းကို ဓားပျံတစ်လက် ပေးမယ်... ဖမ်းလိုက်”
“ကျေးဇူးတင်ပါတယ် အုပ်စုခေါင်းဆောင်ကြီး”
ထန်ယွင်က လက်ကို လှမ်းဆွဲလိုက်ရာ အလတ်စား ရတနာအဆင့် ဓားပျံမှာ သူ့လက်ထဲသို့ ရောက်ရှိသွားတော့သည်။ ရှန်စုပင်း၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြီး...
“ငါတို့ ဆေးဝါးအုပ်စုရဲ့ စိန်ခေါ်ပွဲကို တရားဝင် စတင်ကြောင်း ကြေညာပါတယ်”
သူမ၏ အသံအဆုံးတွင် အသံပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။
“တရားဥပဒေစိုးမိုးရေးတပည့် ယူကျန်း၊ ထန်ယွင်ကို စိန်ခေါ်ပါတယ်၊ လမ်းညွှန်ပေးပါဦး”
“တရားဥပဒေစိုးမိုးရေးတပည့် ယဲ့ရှုန်း၊ ထန်ယွင်ကို စိန်ခေါ်ပါတယ်၊ လမ်းညွှန်ပေးပါဦး”
“ဝိညာဉ်ငါးပါးအုပ်စုမှ ကျန်းချွမ်၊ ထန်ယွင်ကို စိန်ခေါ်ပါတယ်...”
“သားရဲဝိညာဉ်အုပ်စုမှ ရှုန်းထိုက်... လမ်းညွှန်ပေးပါဦး...”
“သန့်စင်သောဝိညာဉ်အုပ်စုမှ...”
နောက်တစ်စက္ကန့်တွင် အရိပ် ၅ ခုသည် တောင်ထိပ်ပေါ်မှနေ၍ ပေပေါင်း ရာနှင့်ချီ ရှည်လျားသော ဓားအလင်းတန်းများ နှင့်အတူ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားကြပြီး ထန်ယွင်ကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြတော့သည်။
ထန်ထိုင်ကျုံးတယ်က မျက်မှောင်ကြုတ်သွားပြီး ရှန်စုပင်းက ထို ၅ ဦးကို တားမြစ်ကာ ထန်ယွင်ကို တစ်ယောက်ချင်းစီ စိန်ခေါ်ခိုင်းရန် ပြင်လိုက်သော်လည်း သူမ စကားမပြောရသေးမီမှာပင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံကြီးတစ်ခုမှာ တောင်ထိပ်ပေါ်တွင် ဟိန်းထွက်သွားတော့သည်။
“မင်းတို့အားလုံးက ငါ့အသက်ကို နှုတ်ဖို့ ဒီလောက်တောင် စိတ်စောနေကြတာလား... ဟဲဟဲ... ကောင်းပြီလေ... အားလုံး အတူတူလာတာက ငါ့အတွက် အချိန်ကုန်သက်သာတာပေါ့”
ထန်ယွင်က ဟုန်မန်နတ်ဘုရားခြေလှမ်းကို အသုံးပြုကာ နေရာတွင်ပင် ပျောက်ကွယ်သွားသည်။ ခဏအတွင်းမှာပင် ချန်လုံစင်မြင့်၏ ကောင်းကင်ယံတွင် အရိပ် ၅ ခုမှာ တစ်ပြိုင်နက်တည်း ပေါ်လာပြီး ဓားအလင်းတန်း ၅ ခုသည် သွေးများနှင့်အတူ ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားတော့သည်။
“ဖြန်း... ဖြန်း...”
ချန်လုံစင်မြင့်ပေါ်တွင် မိုးရေအလား သွေးများ စင်ထွက်သွားပြီး ခေါင်းမပါသော ခန္ဓာကိုယ် ၅ ခုနှင့် ပြတ်ထွက်သွားသော ခေါင်း ၅လုံးမှာ သွေးမိုးများကြားမှ စင်မြင့်ပေါ်သို့ အတူတူ ပြုတ်ကျသွားတော့သည်။
ထန်ယွင်၏ တစ်ချက်တည်းသော တိုက်ကွက်၌ လူ ၅ ဦးလုံး ခေါင်းပြတ်ကာ သေဆုံးသွားခဲ့လေပြီ။
အခန်း ၃၇၄ ပြီး