“ဝုန်း”
ဟင်းလင်းပြင်ကြီး အနည်းငယ် တုန်ခါသွားပြီးနောက် ထန်ယွင်က အလောင်း ၅ လောင်း၏ ရှေ့တွင် ပေါ်လာသည်။ သူက ညာခြေထောက်ဖြင့် ဝှေ့ယမ်းကန်လိုက်ရာ ထိုအလောင်း ၅ လောင်းမှာ အမြောက်ဆန်များအလား တောင်ထိပ်ပေါ်သို့ သွေးများနှင့်အတူ လွင့်စင်သွားတော့သည်။
ထန်ယွင်၏ ခန္ဓာကိုယ်မှာ သွေးမိုးများကြောင့် စိုရွှဲနေ၏။ သူက သတိမဝင်နိုင်သေးသော တပည့်ပေါင်း သိန်းနှင့်ချီကို ဓားဖြင့် ညွှန်ပြကာ ကြည့်လိုက်သည်။ မျက်လုံးများထဲတွင် အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး...
“ငါ့ကို သတ်ချင်နေတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ ငါ သိတယ်”
“ဒါကြောင့် ငါ ထန်ယွင်က မင်းတို့ကို အခွင့်အရေး ပေးမယ် ငါ့ကို သတ်ချင်ရင် အားလုံး အတူတူ လာခဲ့ကြ”
“ဒါပေမဲ့ ငါ့ကို သတ်ဖို့ ဒီတစ်သက်မှာ တစ်ခါပဲ ရနိုင်မယ့် အခွင့်အရေးကိုတော့ မင်းတို့ အရယူနိုင်ဖို့ လိုလိမ့်မယ်... ဘာလို့လဲဆိုတော့ ငါ့ကို စိန်ခေါ်နိုင်တဲ့ နေရာက ၁၀၀ ပဲ ရှိတာလေ... အခုတော့ ၉၅ နေရာပဲ ကျန်တော့တယ်”
တောင်ထိပ်တစ်ခုလုံး ဆူညံသွားတော့သည်။
“သတ်”
“သတ်စမ်း”
ဝိညာဉ်ငါးပါးအုပ်စု၊ သားရဲဝိညာဉ်အုပ်စု၊ သန့်စင်သောဝိညာဉ်အုပ်စုနှင့် တရားဥပဒေစိုးမိုးရေး တပည့်များကြားမှ အရိပ်ပေါင်း ၁၀ ခုကျော် ရုတ်တရက် ထွက်ပေါ်လာပြီး ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားကာ ထန်ယွင်ကို ဝိုင်းရံလိုက်ကြတော့သည်။
ယခုအခါ လူပေါင်း ၁၈ ဦးခန့်မှာ အရှက်မရှိဘဲ ထန်ယွင်ကို အတူတူ ဝိုင်းသတ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တောင်ထိပ်ပေါ်ရှိ တပည့်ပေါင်း သိန်းနှင့်ချီကြားတွင် ဝေဖန်သံများ ထွက်ပေါ်လာသည်။
“ဒီ ထန်ယွင်က တကယ်ကို မောက်မာလွန်းတာပဲ မဟုတ်ဘူးလား”
“ဟဲဟဲ... ဒါက မောက်မာတာ မဟုတ်ဘူး... သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာ... သူ့အဆင့်ကို သူ မသိတာပဲ”
“ဟုတ်ပ... သူက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ... လူတွေကို အတူတူ လာခိုင်းရအောင် သူက ဘာမို့လို့လဲ... အတွေ့အကြုံမရှိတဲ့ အောက်ခြေသိမ်းတပည့်လေး တစ်ယောက်ပဲဟာကို”
“အားလုံးပဲ ကြည့်နေလိုက်စမ်းပါ... အသက် ၃ ခါလောက် ရှူတဲ့အချိန်အတွင်းမှာတင် ထန်ယွင် အဝိုင်းခံရပြီး သေသွားတာကို တွေ့ရလိမ့်မယ်...”
တပည့်များ ဆွေးနွေးနေစဉ်မှာပင် စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။
“ကြောက်စရာကြီးပဲ အားလုံး ကြည့်ကြဦး”
လူတိုင်း ချက်ချင်း ငြိမ်ကျသွားကြသည်။ ချန်လုံစင်မြင့် အလယ်တွင် ရှိနေသော ထန်ယွင်မှာ မြားတစ်စင်းအလား လေထဲသို့ ပျံတက်သွားပြီး တပည့်အများစု၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
“ဖူး... ဖူး...”
နောက်တစ်စက္ကန့်တွင် ထန်ယွင်ကို ဝိုင်းသတ်ရန် ပြင်နေသော တပည့် ၁၈ ဦး၏ လည်ပင်းများပေါ်တွင် ဓားအလင်းတန်းများ လျှပ်ခနဲ ဖြတ်သန်းသွားတော့သည်။
ချက်ချင်းပင် ဟင်းလင်းပြင်ထဲမှ သွေးများ ပန်းထွက်လာပြီး သွေးမြူများကြားမှ တပည့် ၁၈ ဦးလုံး ချန်လုံစင်မြင့်ပေါ်သို့ ပြုတ်ကျသွားကြတော့သည်။
“ဘုန်း... ဘုန်း...”
အဆက်မပြတ် ထွက်ပေါ်လာသော အသံများနှင့်အတူ လည်ပင်း ပိုင်းဖြတ်ခံထားရသော အလောင်း ၁၈လောင်းမှာ သွေးအိုင်ထဲတွင် လဲကျနေကြ၏။
ထန်ယွင်က ညာလက်တွင် ဓားကို ကိုင်ထားကာ သွေးမိုးများကြားတွင် ရပ်နေသည်။ သူ၏ ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ အလောင်း ၁၈ လောင်းမှာ လေထဲသို့ မြောက်တက်သွားပြီး ချန်လုံစင်မြင့်အောက်သို့ လွင့်ကျသွားတော့သည်။
တပည့်အချို့နှင့် အတွင်းစည်းမှ အကြီးအကဲများ၊ ဂိုဏ်းခွဲခေါင်းဆောင်များနှင့် ထန်ထိုင်ကျုံးတယ်တို့သာ ထန်ယွင် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ခေတ္တခဏအတွင်းမှာပင် ထန်ယွင်က လေထဲတွင် ၁၈ ကြိမ် လှုပ်ရှားကာ ရန်သူ ၁၈ ဦးလုံးကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ကြရခြင်း ဖြစ်သည်။
ယခုအခါ တပည့်ပေါင်း သိန်းနှင့်ချီမှာ သွေးများ စိုရွှဲနေသော ထန်ယွင်ကို ကြည့်ကာ ကျောချမ်းနေကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူ ၁၈ ဦးကို သတ်လိုက်သော်လည်း ထန်ယွင်က မျက်တောင်တစ်ချက်မျှပင် မခတ်ပေ။
ထို့နောက် စင်အောက်ရှိ တပည့်များကို ကြည့်ကာ ရက်စက်စွာ ပြောလိုက်သည်။
“ငါ့ကို စိန်ခေါ်ဖို့ ၇၇ နေရာ ကျန်သေးတယ်... ငါ့ကို သတ်ချင်တဲ့သူ ဘယ်သူမဆို လာခဲ့နိုင်တယ်”
ထန်ယွင်က ကျောက်စိမ်းအဆောက်အဦးပေါ်တွင် ထိုင်နေကြသော တရားဥပဒေစိုးမိုးရေး အကြီးအကဲ၊ သားရဲဝိညာဉ်ပိုင်ရှင်၊ သားရဲဝိညာဉ်အုပ်စုမှ ဒုတိယအကြီးအကဲ၊ သန့်စင်သောဝိညာဉ်ပိုင်ရှင်နှင့် ဝိညာဉ်ငါးပါးပိုင်ရှင်တို့ကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ပြောလိုက်တော့သည်။
“ချိုယုံမင်... ဟုတ်တယ်... ခင်ဗျားသားကို ကျုပ် သတ်ခဲ့တာ၊ သူက သေသင့်လို့ သေတာပဲ”
“ဝူဟုန်... ခင်ဗျားကို အမှန်အတိုင်း ပြောလိုက်မယ်... ဂိုဏ်းစည်းမျဉ်းတွေသာ တားမထားဘူးဆိုရင် နံရံနဲ့တိုက်ပြီး သေသွားတဲ့ ခင်ဗျားရဲ့ ဝက်လိုသားကို အဲ့ဒီတုန်းက ကျုပ် ကိုယ်တိုင် အရှင်လတ်လတ် အသားဆွဲဖြတ်ပြီး သတ်ပစ်လိုက်မှာ”
“ပြီးတော့ မူရုန်ဟုံ... ဟဲဟဲ... ခင်ဗျားမြေး မူရုန်ကွန်းကို ပြင်ပစည်းမှာ ကျုပ် သတ်ခဲ့တာလည်း သူက သေသင့်လို့ သေတာပဲ”
“ခင်ဗျားရောပဲ လင်းဟူချန်ဟယ်... ခင်ဗျားရဲ့ မြစ်ဖြစ်သူ လင်းဟူချန်ကုန်းဟာ ပြင်ပစည်းမှာတုန်းက မောက်မာခဲ့သလို ကျုပ်ကိုလည်း အကြိမ်ကြိမ် သတ်ဖို့ ကြိုးစားခဲ့တာ... သူလည်း သေသင့်လို့ သေတာပဲ”
“ခင်ဗျား ဝိညာဉ်ငါးပါးပိုင်ရှင်ကျတော့...”
ထန်ယွင်က စကားကို ခေတ္တရပ်ကာ သူ သတ်လိုက်သော ဝိညာဉ်ငါးပါးအုပ်စုမှ တပည့် ၅ ဦးကို လှောင်ပြုံးဖြင့် ကြည့်လိုက်ပြီး...
“ခင်ဗျား ဘာလို့ ခင်ဗျားရဲ့ တပည့်တွေကို ကျုပ်ကို သတ်ဖို့ ခိုင်းရတာလဲဆိုတာ ကျုပ် စဉ်းစားလို့ မရဘူး”
“အကြောင်းပြချက် တစ်ခုပဲ ရှိမယ်ဆိုရင်တော့ ကျုပ် ဂိုဏ်းကို စဝင်ကာစတုန်းက ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်ပြီး ရွှယ်ဇီယန်နား မကပ်ဖို့ ပြောခဲ့တာကြောင့်ပဲ ဖြစ်ရမယ်”
ထိုအချိန်တွင် ဝိညာဉ်ငါးပါးပိုင်ရှင်က နှာခေါင်းရှုံ့လိုက်ပြီး...
“မင်း လျှောက်ပြောမနေနဲ့... ငါ့ရဲ့ ဝိညာဉ်ငါးပါးအုပ်စု တပည့်တွေက မင်းကို စိန်ခေါ်တာပဲဖြစ်ဖြစ်၊ သတ်ချင်တာပဲဖြစ်ဖြစ်၊ ငါနဲ့ ဘာဆိုင်လို့လဲ”
“မှန်တယ်”
ချိုယုံမင်ကလည်း ထပ်ဆင့်ပြောလိုက်သည်။
“မင်းက သက်သေမရှိဘဲ လျှောက်ပြီး မတရားစွပ်စွဲနေတာပဲ”
“ဟဲဟဲ... ရယ်စရာပဲ... တပည့်က ခင်ဗျားတို့ကို ဘယ်လိုလုပ်ပြီး မတရားစွပ်စွဲရဲမှာလဲ... ခင်ဗျားတို့က ဘယ်သူတွေလဲ... အတွင်းစည်းရဲ့ ထိပ်သီးတွေပဲလေ”
ထန်ယွင်က ပြုံးလိုက်သော်လည်း သူ၏ လေယူလေသိမ်းမှာ ပို၍ အေးစက်လာသည်။
“ကျုပ်က ခင်ဗျားတို့ ၅ယောက်ရဲ့ ရှေ့မှာ ဂျူနီယာ တစ်ယောက်ပါ... ခင်ဗျားတို့ကတော့ စီနီယာကြီးတွေပေါ့... အခု အသတ်ခံလိုက်ရတဲ့ ၂၃ ယောက်ဟာ ခင်ဗျားတို့က ဒီပြိုင်ပွဲကတစ်ဆင့် ကျုပ်ကို သတ်ဖို့ မခိုင်းခဲ့ဘူးလို့ တကယ်ပဲ ရဲရဲဝံ့ဝံ့ ပြောရဲသလား”
“တကယ်လို့ မခိုင်းခဲ့ဘူးဆိုရင် ခင်ဗျားတို့ ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုရဲလား... ကျိန်ဆိုရဲလား သတိထားကြဦးနော်... ကောင်းကင်ဘုံက အပြစ်ပေးလို့ ဒီနေရာမှာတင် သေသွားဦးမယ်”
ယခုအခါ ထိုနေရာတွင် ရှိနေသော တပည့်ပေါင်း သိန်းနှင့်ချီ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ပုတ်ခတ်နေသကဲ့သို့ ခံစားနေကြရသည်။ ထန်ယွင်က ဤမျှအထိ ရဲတင်းလိမ့်မည်ဟုလည်းကောင်း၊ နောက်ခံတောင့်တင်းလှသော တပည့်များကို ဤမျှအထိ သတ်ပစ်ရဲလိမ့်မည်ဟုလည်းကောင်း သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် ထန်ယွင်သည် ဤမျှအထိ အစွမ်းထက်လှသော ရန်သူများကြားတွင် မည်သို့ အသက်ရှင်နေနိုင်သလဲဆိုသည်ကိုလည်း သူတို့ လုံးဝ စဉ်းစားမရ ဖြစ်နေကြသည်။
ထန်ထိုင်ကျုံးတယ်က မျက်မှောင်ကြုတ်ထားသော်လည်း ဘာမှတော့ မပြောပေ။
ဂိုဏ်းကို စတင်တည်ထောင်စဉ်ကတည်းက တောင်စဉ် ၉ ခု ပြိုင်ပွဲနှင့် ပတ်သက်ပြီး စည်းမျဉ်းတစ်ခု ရှိခဲ့သည်။ ၎င်းမှာ ချန်လုံစင်မြင့်ပေါ်တွင် ယှဉ်ပြိုင်ရင်း ဒဏ်ရာရ သေဆုံးခြင်းအတွက် အရေးယူခြင်း မရှိစေရ ဆိုသည့် စည်းမျဉ်းပင်။
ဤစည်းမျဉ်း၏ ရည်ရွယ်ချက်မှာ ဘိုးဘေးကြီးသည် ချန်လုံစင်မြင့်ကို တပည့်များကြားက အာဃာတများနှင့် အငြင်းပွားမှုများကို ဖြေရှင်းသည့် နေရာအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲအတွင်းမှာ တပည့်များကြား၌ မဖြေရှင်းနိုင်သော အာဃာတများ ရှိခဲ့လျှင် ဤအခွင့်အရေးကို အသုံးချကာ အသေအလဲ တိုက်ခိုက်နိုင်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် တောင်စဉ် ၉ ခု ပြိုင်ပွဲ ကျင်းပတိုင်း သွေးထွက်သံယိုမှုများနှင့် သေဆုံးမှုများ ရှိစမြဲဖြစ်ပြီး၊ ယခင် ဂိုဏ်းချုပ် အဆက်ဆက်ကလည်း ၎င်းကို ဝင်ရောက် တားမြစ်ခြင်း မရှိခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဘိုးဘေးကြီး သတ်မှတ်ခဲ့သော စည်းမျဉ်းဖြစ်သလို၊ ထန်ထိုင်ကျုံးတယ် အပါအဝင် ယခင် ဂိုဏ်းချုပ်များကလည်း ဤစည်းမျဉ်းကို လက်ခံထားကြသောကြောင့် ဖြစ်သည်။ သွေးနှင့် ရင်းနှီးသော စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရသူများသာ ကျင့်ကြံခြင်း လမ်းစဉ်တွင် ပို၍ ဝေးဝေး ရောက်နိုင်မည် မဟုတ်ပါလော။
အာဃာတ ရှိလျှင် ကလဲ့စားချေမည်၊ ချန်လုံစင်မြင့်ပေါ်တွင် အသက်နဲ့ရင်းပြီး တိုက်ခိုက်မည်၊ ဒါက ဘာမှ ပြောနေစရာ မလိုသည့် ကိစ္စပင်။
ထန်ယွင်က အတွင်းစည်း တရားဥပဒေစိုးမိုးရေး အကြီးအကဲ၊ သားရဲဝိညာဉ်ပိုင်ရှင်၊ သားရဲဝိညာဉ်အုပ်စုမှ ဒုတိယအကြီးအကဲ၊ သန့်စင်သောဝိညာဉ်ပိုင်ရှင်နှင့် ဝိညာဉ်ငါးပါးပိုင်ရှင်တို့မှာ မျက်နှာပြာနှမ်းနေပြီး ဘာမှ ပြန်မပြောနိုင်သည်ကို တွေ့သောအခါ အင်မတန် မောက်မာသော လေသံဖြင့် ထပ်ပြောလိုက်၏။
“ဘာမှ ပြန်မပြောတာဟာ ဝန်ခံလိုက်တာပဲပေါ့... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ကျုပ် ဒီလောက်အထိ အများကြီး ပြောခဲ့တာကတော့ အပြန်အလှန် လက်ဆောင်ပေးဖို့အတွက်ပါပဲ”
“အခုကစပြီး ပြိုင်ပွဲကြီး ပြီးဆုံးတဲ့အထိ ကျုပ်နဲ့တွေ့တဲ့ တရားဥပဒေစိုးမိုးရေးတပည့်တွေ၊ ဝိညာဉ်ငါးပါးအုပ်စုက တပည့်တွေ၊ သားရဲဝိညာဉ်အုပ်စုက တပည့်တွေနဲ့ သန့်စင်သောဝိညာဉ်အုပ်စုက တပည့်တွေအားလုံးကို ကျုပ် သတ်ပစ်မယ်”
ဤစကားမှာ လူအုပ်ထဲသို့ ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ထန်ယွင် ပြောခဲ့သော အုပ်စုများမှ တပည့်များမှာ ဒေါသတကြီး ဟိန်းဟောက်ကြတော့သည်။
“ထန်ယွင်... မင်းက ဘာမို့လို့ ဒီလောက်အထိ မောက်မာနေရတာလဲ”
“မင်း ဒီပြိုင်ပွဲကြီး ပြီးဆုံးတဲ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
“မှန်တယ် နောက်မှ ငါတို့ရဲ့ စီနီယာတွေက မင်းကို ဘယ်လို သတ်မလဲဆိုတာ ကြည့်ရသေးတာပေါ့”
ဆူညံလှသော ဆဲဆိုသံများကြားတွင် တာနျူက သူ့အသံကို မြှင့်ကာ အော်ဟစ်လိုက်သည်။
“စီနီယာအစ်ကိုထန်... အစ်ကို့ကို သတ်ချင်တဲ့သူတွေကို အစ်ကိုက ပြန်ပြီး သတ်ပစ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် စီနီယာအစ်ကိုထန်က အစွမ်းထက်ဆုံးပဲ”
တာနျူ၏ စကားအဆုံးတွင် ဆေးဝါးအုပ်စုဝင် တပည့်ပေါင်း သောင်းနှင့်ချီမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသဖြင့် အသံများမှာ ဖန်လုံတောင်၏ ကောင်းကင်ယံရှိ တိမ်ပင်လယ်များထိအောင် ဆုတ်ဖြဲသွားသကဲ့သို့ပင်။
“စီနီယာအစ်ကိုထန်က အစွမ်းထက်ဆုံးပဲ၊ ရန်သူတွေကို အမြစ်ပြတ် သတ်ပစ်ပါ”
“စီနီယာအစ်ကိုထန်က အစွမ်းထက်ဆုံးပဲ... ဆေးဝါးအုပ်စုကို ပြန်လည် အသက်သွင်းပေးပါ”
အခန်း ၃၇၅ ပြီး