ထိုအချိန်တွင် တရားဥပဒေစိုးမိုးရေးတပည့်များကြားမှ ခေါင်းဆောင်ဖြစ်သူက သူ့နောက်တွင်ရှိသော ထိပ်တန်းတပည့် ၂၀ ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“အားလုံး အတူတူတက်ပြီး သူ့ကို သတ်ကြစို့”
ထိုသူက စကားအဆုံးတွင် သွေးရောင်လွှမ်းသော ဓားကို ကိုင်ဆောင်ကာ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်သို့ အရင်ဆုံး ပြေးဝင်သွားပြီး မီတာ ၅၀ ခန့် ရှည်လျားသော သွေးရောင် ဓားအလင်းတန်းဖြင့် ထန်ယွင်ကို အားကုန် ပိုင်းချလိုက်တော့သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသည့် တရားဥပဒေစိုးမိုးရေးတပည့် ၁၉ ဦးသည်လည်း အမျိုးမျိုးသော လက်နက်များကို ကိုင်ဆောင်ကာ အရိပ်များအလား စင်မြင့်ပေါ်သို့ ပျံတက်သွားပြီး ထန်ယွင်ကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
ခေတ္တမျှအတွင်း ချန်လုံစင်မြင့်တစ်ခုလုံးမှာ ဓားအလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး ထန်ယွင်ကို ဝါးမြိုသွားသကဲ့သို့ ဖြစ်သွားတော့သည်။
“ငါ့ကို သတ်ချင်တဲ့သူမှန်သမျှ ငါ့လက်ချက်နဲ့ သေရမယ် အားလုံး သေကြစမ်း”
ထန်ယွင်၏ ပါးစပ်မှ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး သူသည် ဟုန်မန်နတ်ဘုရားခြေလှမ်းကို အသုံးပြုကာ ဓားချက်များကြားတွင် တစ္ဆေတစ်ကောင်အလား အရှိန်အဟုန်ဖြင့် လှုပ်ရှားလိုက်သည်။ သူ လှုပ်ရှားလိုက်တိုင်း ညာလက်ထဲမှ ဓားသည် ဘေးတိုက်နှင့် အပေါ်သို့ ပိုင်းဖြတ်လိုက်ရာ ဓားချက်တိုင်းတွင် သွေးများ စင်ထွက်သွားပြီး အသက်တစ်ချောင်းစီကို ရရှိသွားတော့သည်။
“ဖူး... ဖူး... ဖူး...”
“ဘုန်း... ဘုန်း... ဘုန်း...”
တစ်ချိန်တည်းမှာပင် ထန်ယွင်၏ လက်ဝဲလက်သီးချက်များကြောင့် တရားဥပဒေစိုးမိုးရေးတပည့်တစ်ဦး၏ ရင်ဘတ်မှာ ပေါက်ထွက်သွားပြီး သွေးများမှာ လေထဲတွင် သေခြင်းတရား၏ ပန်းပွင့်များအလား ပွင့်အံသွားတော့သည်။
အသက် ၃ ခါမျှ ရှူလိုက်သည့် အချိန်အတွင်းမှာပင် ထန်ယွင်ကို သတ်ရန် ကြိုးစားနေသည့် တရားဥပဒေစိုးမိုးရေးတပည့် ၂၀ အနက် ၁၉ ဦးမှာ သေဆုံးသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးတည်းသာ ထိတ်လန့်တုန်လှုပ်စွာဖြင့် စင်မြင့်ပေါ်မှ ထွက်ပြေးရန် ကြိုးစားလေတော့သည်။
“အခုမှ ထွက်သွားချင်တာလား... ဖြစ်နိုင်မယ် ထင်လို့လား မင်းရဲ့ အသက်ကို ဒီမှာပဲ ထားခဲ့တော့”
ထန်ယွင်၏ မျက်လုံးများတွင် ဒေါသများ တောက်လောင်နေပြီး ထိုတပည့်မှာ စင်မြင့်အစွန်းသို့ ရောက်ကာ အောက်သို့ ခုန်ချရန် ပြင်လိုက်စဉ်မှာပင် ထန်ယွင်၏ အရိပ်မှာ ထိုသူ၏ အနောက်၌ ပေါ်လာသည်။ ထို့နောက် ညာခြေထောက်ကို ရှေ့သို့ ဆန့်ကာ ထိုတပည့်၏ ရင်ဘတ်ကို ချန်လုံစင်မြင့်ပေါ်သို့ ပြန်လည် ချိတ်ယူလိုက်တော့သည်။
“မလုပ်ပါနဲ့”
“ဖြန်း”
ထန်ယွင်က သူ့ညာခြေထောက်ကို ဝိုက်လျက် စင်မြင့်အစွန်းရှိ ထိုတပည့်ကို နင်းခြေလိုက်ရာ ချက်ချင်းပင် ရင်ဘတ်ကျိုးကာ သေဆုံးသွားတော့သည်။
“သွားစမ်း”
ထန်ယွင်က ထိုအလောင်းကို စင်မြင့်အောက်သို့ ခပ်တည်တည်ပင် ကန်ချလိုက်၏။
ယခုအခါ ချန်လုံစင်မြင့်ပေါ်ရှိ သွေးအိုင်များမှာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး ထန်ယွင်၏ ဘေးမှနေ၍ စင်မြင့်အောက်သို့ တဖျန်းဖျန်း စီးကျနေသဖြင့် သွေးချောင်းစီးနေလေတော့သည်။
သူက ရန်သူ၏ သွေးများဖြင့် စိုရွှဲနေပြီး လောကထဲသို့ ဆင်းသက်လာသော သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလား ဖြစ်နေသည်။ စင်မြင့်အစွန်းတွင် ရပ်လိုက်ရာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံမှာ တောင်ထိပ်ပေါ်တွင် ပဲ့တင်ထပ်သွားတော့သည်။
“ငါ့ကို စိန်ခေါ်ဖို့ ၅၇ ယောက် ကျန်သေးတယ်”
“မင်းတို့ သတ်မှာကို ငါ စောင့်နေတယ်... မဝင်ရဲဘူးဆိုရင်တော့ မင်းတို့အားလုံး သူရဲဘောကြောင်တဲ့ကောင်တွေပဲ”
ပြောပြီးသည်နှင့် ထန်ယွင်၏ ချန်ခွန်းလက်စွပ်မှာ အဆက်မပြတ် လက်ခနဲ ဖြစ်သွားပြီး ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ လေ၊ မိုးကြိုး၊ အချိန်၊ ဟင်းလင်းပြင်၊ သေခြင်းတရား နှင့် အလင်းရောင် အစွမ်းရှိသော ဓားပျံ ၁၁ လက် ထွက်ပေါ်လာကာ စင်မြင့်၏ ပတ်ပတ်လည်တွင် ပျံဝဲနေကြတော့သည်။
တစ်ချိန်တည်းမှာပင် ထန်ယွင်၏ ဝိညာဉ်ကန်အတွင်းရှိ ဟုန်မန်ဝိညာဉ် ၉ ခု၏ မျက်လုံးများထဲမှ ဟုန်မန်အလင်းတန်း ၁၈ခု ထွက်ပေါ်လာပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။ ထိုအလင်းတန်းမှာ ထန်ယွင်၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီးနောက် ၁၁ စု ကွဲထွက်သွားကာ ဓားပျံ ၁၁ လက်အတွင်းသို့ လျှပ်စီးအလား တစ်လက်စီ ဝင်ရောက်သွားတော့သည်။
“ဝုန်း”
ဓားပျံ ၁၁ လက်မှာ စက်ဝိုင်းပုံစံ အရှိန်အဟုန်ဖြင့် လည်ပတ်နေကြပြီး ပေပေါင်း ရာနှင့်ချီ ရှည်လျားသော ဟုန်မန်အလင်းကာကြီး တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ “ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်” ပင်တည်း။
“ငါ့အသက်က ဒီထဲမှာ ရှိတယ်... မင်းတို့ သတ်မှာကို ငါ စောင့်နေတယ် တွန့်ဆုတ်မနေကြနဲ့... မင်းတို့ ငါ့ကို မသတ်နိုင်ရင် ဟိုအဘိုးကြီးတွေကို ဘယ်လို မျက်နှာပြမှာလဲ”
စိန်ခေါ်စကား ပြောပြီးနောက် ထန်ယွင်က ဓားအစီအရင်ထဲသို့ နောက်ဆုတ်ကာ ဝင်လိုက်သည်။ ချက်ချင်းပင် ထန်ယွင်၏ စိတ်အာရုံကြောင့် ဟုန်မန်အစီအရင်၏ ရှေ့တွင် လမ်းကြောင်းတစ်ခု ပွင့်သွားတော့သည်။
ထန်ယွင်၏ အေးစက်သော အသံမှာ ထိုလမ်းကြောင်းထဲမှ ထွက်ပေါ်လာသည်။
“အသက် ၁၀ ခါ ရှူတဲ့အချိန်အတွင်းမှာ မည်သူမျှ ဝင်မလာဘူးဆိုရင်တော့ ငါ မင်းတို့နဲ့ အဖော်မလုပ်နိုင်တော့ဘူး”
ထို့နောက် အရာအားလုံး ငြိမ်သက်သွားတော့သည်။
တရားဥပဒေစိုးမိုးရေးတပည့်များမှာ သူတို့ထဲက ထိပ်တန်း ၂၀ လုံး အသတ်ခံလိုက်ရသည်ကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြပြီး ထန်ယွင်နှင့် တိုက်ခိုက်ရန် လုံးဝ သတ္တိ မရှိတော့ပေ။
သို့သော် သားရဲဝိညာဉ်အုပ်စု၊ သန့်စင်သောဝိညာဉ်အုပ်စုနှင့် ဝိညာဉ်ငါးပါးအုပ်စုဝင် တပည့်ပေါင်း ၂၀၀,၀၀၀ ကျော်ကြားမှ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
“မင်းအမေကို... ငါတော့ လုံးဝ မယုံဘူး... ဝိညာဉ်သန္ဓေအဆင့် ၉ အောက်ခြေသိမ်းတပည့်လေး တစ်ယောက်က ဘယ်လောက်အထိ အစွမ်းထက်နိုင်မှာမို့လို့လဲ... သူက အရှိန်နည်းနည်း မြန်တာပဲ ရှိတာပါ... အခုတော့ လူတွေကို လှည့်စားဖို့ ဓားအစီအရင်ဆိုပြီး ဟန်ဆောင်နေပြန်ပြီ”
“ဟုတ်တယ်... သူ စီစဉ်ထားတဲ့ ဒီဓားအစီအရင်ကလည်း ဘာမှ မဟုတ်ပါဘူး... အားလုံးပဲ အတူတူ ဝင်ကြစို့”
“...”
ထိုအချိန်တွင် သားရဲဝိညာဉ်အုပ်စုတွင် အဆင့် ၄ ရှိသော တပည့်ဖြစ်သူ ဒင်ဖူ က ကျယ်လောင်စွာ ပြောလိုက်သည်။
“အားလုံး ငြိမ်စမ်း”
အားလုံး ငြိမ်သွားသောအခါ ဒင်ဖူက ဝိညာဉ်ငါးပါးအုပ်စုနှင့် သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များကို ကြည့်ကာ လှောင်ပြောင်လိုက်၏။
“သူရဲဘောကြောင်တဲ့ကောင်တွေ”
ထို့နောက် သူသည် သားရဲဝိညာဉ်အုပ်စုမှ ထိပ်တန်း ၃၀ အတွင်းရှိ တပည့်များကို လှည့်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ဘယ်သူက ငါနဲ့အတူ ထန်ယွင်ကို သတ်မလဲ... လိုက်ခဲ့ကြစမ်း”
“ဝှစ်”
ဒင်ဖူက နောက်သို့ လှည့်မကြည့်ဘဲ ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်ထဲသို့ တိုးဝင်သွားတော့သည်။
“သွားကြစို့”
“ကောင်းပြီ”
“အားလုံး အတူတူသွားမယ်”
ချက်ချင်းပင် သားရဲဝိညာဉ်အုပ်စုမှ အခြားသော အစွမ်းထက်သူ ၁၇ ဦးမှာလည်း အရိပ်များအလား တစ်ဦးပြီးတစ်ဦး ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်ထဲသို့ တိုးဝင်သွားကြတော့သည်။
ယခုအချိန်အထိ ဝိညာဉ်ငါးပါးအုပ်စုနှင့် သန့်စင်သောဝိညာဉ်အုပ်စုမှ အစွမ်းထက်သူများမှာမူ လှုပ်ရှားခြင်း မရှိသေးပေ။ သူတို့က ထန်ယွင်၏ အစွမ်းကို သေချာ မသိကြသဖြင့် သားရဲဝိညာဉ်အုပ်စုမှ တပည့်များက အရင်ဆုံး ဝင်ရောက် တိုက်ခိုက်ခြင်းမှာ သူတို့အတွက် ပိုကောင်းသည် မဟုတ်ပါလော။
အကယ်၍ သူတို့သာ ထန်ယွင်ကို သတ်နိုင်ခဲ့လျှင် သူတို့ကိုယ်တိုင် တိုက်ခိုက်နေစရာ မလိုတော့ပေ။ သူတို့၏ အမြင်တွင် ထန်ယွင်က မသေလျှင်ပင် သားရဲဝိညာဉ်အုပ်စုမှ ၁၈ ဦးနှင့် တိုက်ခိုက်ရင်း နှစ်ဦးနှစ်ဖက် အလဲအကွဲ ဖြစ်သွားလိမ့်မည်ဟု ယူဆထားကြသည်။ ထိုအချိန်ကျမှ သူတို့က ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက “ပုစဉ်းကို ငှက်က ဖမ်းသကဲ့သို့” အလွယ်တကူ အနိုင်ရမည် မဟုတ်ပါလော။
လူတိုင်းက ထန်ယွင်နှင့် ထို ၁၈ ဦးမှာ အလဲအကွဲ ဖြစ်သွားလိမ့်မည်ဟု ယုံကြည်နေကြရခြင်းမှာ ထို ၁၈ဦးလုံးသည် သားရဲဝိညာဉ်အုပ်စု၏ ထိပ်တန်း ၃၀ အတွင်းမှ အစွမ်းထက်သူများ ဖြစ်ကြသောကြောင့်ပင်။
ဤအခိုက်အတန့်တွင် ဆေးဝါးအုပ်စုဝင် တပည့်များမှာလည်း ထန်ယွင် အဝိုင်းခံရမည်ကို စိုးရိမ်ပူပန်နေကြတော့သည်။
ထိုအချိန်တွင် ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်၏ လမ်းကြောင်းမှာ ရုတ်တရက် ပိတ်သွားသည်။ လူတိုင်းက ချန်လုံစင်မြင့်ပေါ်ရှိ အစီအရင်၏ အလင်းကာကို စိုက်ကြည့်ကာ ဓားအစီအရင်အတွင်းမှ အဖြစ်အပျက်များကို မြင်တွေ့ချင်နေသော်လည်း၊ ဓားအကာအကွယ်က သူတို့၏ မြင်ကွင်းကို ပိတ်ထားလိုက်လေပြီ။
ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင် အတွင်း၌မူ...
ရက်စက်သော ပုံစံရှိသည့် တပည့် ၁၈ ဦးမှာ ဓားပျံများကို ကိုင်ဆောင်ကာ ချန်လုံစင်မြင့်၏ အလယ်တွင် ထန်ယွင်ကို ဝိုင်းရံထားကြတော့သည်။
“ထန်ယွင်... မင်းလို မိုက်မဲတဲ့ကောင် အခုတော့ မင်းကို ငါတို့က ၈ပိုင်း ပိုင်းပစ်မယ်”
“မှန်တယ် မင်းလို အောက်ခြေသိမ်းတပည့်လေးက တကယ့်ကို သတ္တိရှိလှချည်လား... ငါတို့ အုပ်စုခေါင်းဆောင်ရဲ့ သားကိုတောင် ဒုက္ခိတဖြစ်အောင် လုပ်ရဲတယ်ပေါ့”
“ထန်ယွင်... ကောင်စုတ်... ဒီနေ့တော့ မင်းရဲ့ အလောင်းကို ငါတို့ အပိုင်းပိုင်း ဖြတ်ပစ်မယ်”
“ကဲပါ... သေတော့မယ့်သူကို ဘာလို့ စကားတွေ အများကြီး ပြောနေမှာလဲ”
ဒင်ဖူက ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။
“အားလုံး ငါနဲ့အတူ သူ့ကို သတ်ကြစို့”
“ဟုတ်ကဲ့ပါ စီနီယာစတုတ္ထအစ်ကို”
ထို ၁၇ ဦးမှာ ထန်ယွင်ကို တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် မြင်ကွင်းတစ်ခုကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။
“ဒါ... ဒါက...”
“လေထဲမှာ ပျံဝဲနေတာလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“လူတစ်ယောက်ကို လေထဲမှာ ပျံဝဲခိုင်းနိုင်တဲ့ အစီအရင်မျိုး ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးပါဘူး”
ထို ၁၈ ဦး၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် သွေးများ စိုရွှဲနေသော ထန်ယွင်သည် လေထဲသို့ မြောက်တက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေ ၁၀၀၀ ခန့်အမြင့်သို့ ရောက်ရှိသွားတော့သည်။
“ဒီအစီအရင်က တစ်ခုခုတော့ ထူးဆန်းနေပြီ... မင်းတို့တွေ ပေါ့ပေါ့ဆဆ မလုပ်ကြနဲ့... ငါနဲ့အတူ အမြန်ဆုံး အပြတ်ရှင်းကြစို့”
ဒင်ဖူက စိုးရိမ်တကြီးဖြင့် အော်ဟစ်ကာ သတိပေးလိုက်သည်။
“ဟားဟားဟား”
ထန်ယွင်က အောက်က လူအုပ်ကို ငုံ့ကြည့်ကာ ရက်စက်သော အပြုံးဖြင့် ပြောလိုက်၏။
“အမြန်ဆုံး အပြတ်ရှင်းဖို့ လိုအပ်တာကတော့ မှန်တယ်... ဒါပေမဲ့ စိတ်မကောင်းပါဘူး... ငါကပဲ မင်းတို့အားလုံးကို အပြတ်ရှင်းပေးမှာပါ”
အခန်း ၃၇၆ ပြီး