ထန်ယွင်၏ မျက်နှာမှာ ရုတ်တရက် အုံ့မှိုင်းသွားပြီး ဟိန်းဟောက်လိုက်သည်။
“လေနတ်ဆိုး ပါးစပ်ပေါက်”
“မိုးကြိုးငရဲ”
ရုတ်တရက် ရှုပ်ထွေးနေသော ကောင်းကင်ယံမှ ဝိညာဉ်ကို ခြောက်ခြားစေသော လေတိုးသံကြီး ထွက်ပေါ်လာသည်။ ၎င်းမှာ တစ္ဆေများ ငိုကြွေးနေသကဲ့သို့လည်းကောင်း၊ ဝံပုလွေများ ဟောင်နေသကဲ့သို့လည်းကောင်း ခံစားရပြီး နတ်ဆိုးတစ်ပါး လောကထဲသို့ ဆင်းသက်လာကာ အရာအားလုံးကို ဝါးမြိုတော့မည့်အလား ပဲ့တင်ထပ်သွားတော့သည်။
ရှုပ်ထွေးနေသော ကောင်းကင်ယံတွင် လေပြင်းများ တိုက်ခတ်လာပြီး ခဏအတွင်းမှာပင် ကောင်းကင်ဝါးမြိုမည့် သားရဲကြီးတစ်ကောင်၏ ပါးစပ်အလား ကြီးမားလှသော ပါးစပ်ကြီးတစ်ခု ပေါ်ထွက်လာကာ အောက်က လူ ၁၈ဦးကို ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးဖြင့် ခြိမ်းခြောက်လိုက်တော့သည်။
မီတာ ၃၀၀ ခန့် ကျယ်ဝန်းသော လေနတ်ဆိုး ပါးစပ်ပေါက်ကြီး အတွင်း၌ အရာအားလုံးကို ဆုတ်ဖြဲနိုင်မည့် ကြီးမားလှသော လေဓားသွားများမှာ တစ်ခုနှင့်တစ်ခု ရှုပ်ထွေးစွာ ရောယှက်နေကြရာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
“လေရဲ့ စွမ်းအားပဲလား ထန်ယွင်... မင်းက ဒါပဲ တတ်တာလား...”
တပည့်တစ်ဦးက မထီမဲ့မြင်ပြုကာ ပြောလိုက်စဉ်မှာပင် သူ့စကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ချက်ချင်းပင် သူနှင့် အခြား ၁၇ ဦးလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလေနတ်ဆိုး ပါးစပ်ပေါက်ကြီးမှာ မျက်စိပါနေသကဲ့သို့ သူတို့အားလုံးကို သေချာပေါက် ပစ်မှတ်ထားနေသည်ကို ခံစားလိုက်ရသောကြောင့်ပင်။
ဒင်ဖူက ချက်ချင်းပင် ဟိန်းဟောက်လိုက်သည်။
“၉ ယောက် တစ်ဖွဲ့စီ ခွဲလိုက်ကြ... မင်းတို့ ၈ယောက်က ငါနဲ့အတူ ထန်ယွင်ကို သတ်မယ်... ကျန်တဲ့သူတွေက ဒီလေနတ်ဆိုး ပါးစပ်ပေါက်ကို ရင်ဆိုင်ကြ”
ချက်ချင်းပင် သူသည် တပည့် ၈ ဦးကို ဦးဆောင်ကာ ဓားပျံ ၂ လက်ကို ထုတ်လိုက်သည်။ တစ်လက်ကို သူ့ခြေဖဝါးအောက်တွင် ထားကာ အခြားတစ်လက်ကို လက်ထဲတွင် ကိုင်ဆောင်ပြီး ဓားပျံကို စီးနင်းကာ ကောင်းကင်ယံရှိ ထန်ယွင်ဆီသို့ ပျံတက်သွားတော့သည်။
ထန်ယွင်က ဓားပျံစီးကာ တက်လာသော ၉ ဦးကို ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ရုတ်တရက် ထန်ယွင်၏ ခေါင်းပေါ်ရှိ ကောင်းကင်ယံမှ ရေပုံးခန့် အထူရှိသည့် တောက်ပလှသော မိုးကြိုးများမှာ ဘယ်ကမှန်းမသိ ထွက်ပေါ်လာပြီး ထန်ယွင်၏ ပတ်ပတ်လည်တွင် မိုးကြိုးမုန်တိုင်းတစ်ခုအလား ဝန်းရံနေတော့သည်။
“သေကြစမ်း”
ထန်ယွင်က ပြုံးလိုက်ရာ ဟင်းလင်းပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားပြီး လေနတ်ဆိုး ပါးစပ်ပေါက်ကြီးမှာ အောက်က လူ ၉ ဦးဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
တစ်ဖက်က လူ ၉ ဦးမှာ သူတို့၏ သားရဲဝိညာဉ် အစွမ်းကို ၁၀ ဆအထိ မြှင့်တင်လိုက်ပြီး လက်ထဲမှ ဓားပျံများဖြင့် ပေပေါင်း ရာနှင့်ချီ ရှည်လျားသော ဓားအလင်းတန်းများကို ထုတ်လွှတ်ကာ ကျဆင်းလာသော လေနတ်ဆိုး ပါးစပ်ပေါက်ကြီးကို တိုက်ခိုက်လိုက်ကြတော့သည်။
ကြီးမားလှသော ဓားအလင်းတန်း ၉ ခုနှင့် လေနတ်ဆိုး ပါးစပ်ပေါက်ကြီး ထိတွေ့သွားသောအခါ ဓားအလင်းတန်းများမှာ ခဏအတွင်းမှာပင် ပျက်စီးသွားကြရသည်။
“ဘာ”
“မဖြစ်နိုင်တာ၊ မင်းရဲ့ လေစွမ်းအားက ဘယ်လိုလုပ်ပြီး အနည်းဆုံး ၅ ဆလောက် ပိုသန်မာနေရတာလဲ”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထို ၉ဦး၏ ထိတ်လန့်တကြား အော်ဟစ်သံများကြား၌ လေနတ်ဆိုး ပါးစပ်ကြီးမှာ သူတို့၏ ခေါင်းပေါ်သို့ ကျရောက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံးကို ဝါးမြိုသွားတော့သည်။
“မလုပ်ပါနဲ့”
“အား... ကယ်ကြပါဦး”
ထို ၉ဦး၏ အော်ဟစ်သံများ ပျောက်ကွယ်သွားပြီး သူတို့၏ ခန္ဓာကိုယ်များမှာ လေနတ်ဆိုး ပါးစပ်ပေါက်အတွင်းရှိ ကြီးမားလှသော လေဓားသွားများကြောင့် အသားစများအဖြစ် ပိုင်းဖြတ်ခံလိုက်ရတော့သည်။ အရိုးပင် မကျန်တော့ပေ။
ထို ၉ဦးမှာ ဤမျှအထိ လွယ်လွယ်ကူကူ အသတ်ခံလိုက်ရခြင်းမှာ လေနတ်ဆိုး ပါးစပ်ကြီးမှာ အစွမ်းထက်လှသလို သူတို့ကိုယ်တိုင်ကလည်း သူတို့၏ အစွမ်းကို အထင်ကြီးပြီး လေနတ်ဆိုး ပါးစပ်ကို အထင်သေးခဲ့မိသောကြောင့်ပင်။ သူတို့သည် ထိုလေစွမ်းအားမှာ သာမန်လေထက် ၅ ဆ သို့မဟုတ် ၆ဆလောက်သာ ပိုသန်မာလိမ့်မည်ဟု ထင်ခဲ့ကြသဖြင့် သေသည်အထိ သူတို့၏ အစွမ်းကုန် မထုတ်ခဲ့ကြခြင်း ဖြစ်သည်။
“ဝုန်း...”
အခြားတစ်ဖက်မှ ဓားပျံစီးကာ ထန်ယွင်ဆီသို့ လာနေသော ၉ ဦးမှာလည်း ထိုနည်းတူပင်။ သူတို့၏ ဓားများမှာ လေထဲတွင် ဝဲပျံနေပြီး သူတို့၏ လက်ကောက်ဝတ်များကို အဆက်မပြတ် လှည့်လိုက်သောအခါ ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး ဓားအလင်းတန်း ရာနှင့်ချီက ထန်ယွင်ဆီသို့ ဦးတည်ကာ ပြေးထွက်သွားတော့သည်။
“မိုးကြိုးရဲ့ အထွတ်အထိပ် နယ်မြေ... သေကြစမ်း”
ထန်ယွင်က လေးနက်သော အမူအရာဖြင့် သူ့ခေါင်းပေါ်တွင် ဝဲပျံနေသော မိုးကြိုးနဂါး ထောင်ပေါင်းများစွာကို အမိန့်ပေးလိုက်ရာ ၎င်းတို့သည် ကြောက်မက်ဖွယ် စွမ်းအားများနှင့်အတူ ပြေးဝင်လာသော ဓားအလင်းတန်းများကို အပြင်းအထန် တိုက်ခိုက်လိုက်တော့သည်။
“ဝုန်း”
“ဘုန်း”
ဓားအလင်းတန်းများမှာ မိုးကြိုးနဂါး ရာချီနှင့်အတူ လေထဲတွင် ပျောက်ကွယ်သွားပြီး ကျန်ရှိနေသော မိုးကြိုးနဂါးများမှာ ပေ ၃၀၀ ခန့် ရှည်လျားသော မိုးကြိုးနဂါးကြီး ၉ ကောင်အဖြစ် ပြောင်းလဲသွားကာ အောက်သို့ ဆင်းသက်လာတော့သည်။
တောက်ပလှသော မိုးကြိုးနဂါးကြီး ၉ ကောင်မှာ အသက်ဝင်နေသကဲ့သို့ပင် ထိုလူ ၉ ဦးကို သေချာပေါက် ပစ်မှတ်ထားနေကြ၏။
မိုးကြိုးနဂါးများ ကျမလာသေးမီမှာပင် ပြင်းထန်လှသော ဖိအားကြောင့် ထိုလူ ၉ ဦး၏ မျက်နှာ၊ လည်ပင်းနှင့် ခန္ဓာကိုယ် တစ်ခုလုံးတွင် ကြောက်စရာကောင်းသော အက်ကြောင်းများ ပေါ်ထွက်လာတော့သည်။
ထို ၉ ဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် အစွမ်းကုန် ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ သူတို့က သူတို့၏ သားရဲဝိညာဉ် စွမ်းအားများကို အစွမ်းကုန် ထုတ်လွှတ်လိုက်ပြီး ဝိညာဉ်စွမ်းအားများကို ဓားထဲသို့ ထည့်ကာ အရှိန်အဟုန်ဖြင့် ဓားကို လှည့်ပတ်လိုက်ကြတော့သည်။
ခဏအတွင်းမှာပင် အရောင်စုံ ဓားအလင်းတန်းများသည် ကြောက်မက်ဖွယ် အရှိန်များဖြင့် ပြေးဝင်လာသော မိုးကြိုးနဂါး ၉ ကောင်ကို တိုက်ခိုက်လိုက်ကြ၏။ ဓားအလင်းတန်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ပင့်ကူအိမ်အလား ဟင်းလင်းပြင် အက်ကြောင်းများ ပေါ်ထွက်လာပြီး ဟင်းလင်းပြင်ကြီးမှာ ပေါက်ကွဲထွက်တော့မည့်အလား ထင်မှတ်ရပေသည်။
ပြင်းထန်လှသော မိုးကြိုးပစ်သံ ၉ ချက် နှင့်အတူ ရောင်စုံ ဓားအလင်းတန်းများမှာ မိုးကြိုးနဂါးများနှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် ဓားအလင်းတန်းများ ချက်ချင်းပင် ပျက်စီးသွားတော့သည်။
မိုးကြိုးနဂါး ၉ ကောင်မှာလည်း ထိုတိုက်ကွက်ကို မခံနိုင်ဘဲ လျှပ်စစ်စီးကြောင်းများအဖြစ် ကွဲထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
“ထန်ယွင်... မင်းမှာ ဒါပဲ ရှိတာလား”
ဒင်ဖူက တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာဖြင့် ဆိုလိုက်သည်။
“မင်းမှာ ရှိသမျှ အစွမ်းတွေကို ထုတ်ပြစမ်းပါ”
“စီနီယာစတုတ္ထအစ်ကို ပြောတာ မှန်တယ်... ဒီကောင်စုတ်... မင်းမှာ ဘာပညာတွေ ရှိသေးလဲ... အကုန်ထုတ်သုံးစမ်း”
“ဟဲဟဲ... ဒါပေမဲ့ ငါ့အမြင်မှာတော့ မင်းလို အောက်တန်းကျတဲ့ အောက်ခြေသိမ်းတပည့်မှာ ဒီလောက်ပဲ ရှိမှာပါ”
“သေဖို့သာ ပြင်ထားတော့”
ထန်ယွင်က ထိုလူ ၉ ဦး၏ လှောင်ပြုံးများကို လုံးဝ ဂရုမစိုက်ပေ။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ထိုလူ ၉ ဦး၏ မျက်လုံးများကို ကြည့်ကာ တစ်စုံတစ်ခုကို ကစားနေသကဲ့သို့ ဆိုလိုက်သည်။
“မင်းတို့ရဲ့ အောက်မှာ ဘာရှိလဲဆိုတာ ကြည့်လိုက်ဦးလေ”
“ထန်ယွင်... ထန်ယွင်... မင်းမှာ ပညာကုန်နေပြီမို့လို့ ဒီလို လှည့်ကွက်လေးတွေနဲ့ ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာလား”
ဒင်ဖူက ကြောင်က ကြွက်ကို ကစားနေသည့် အမူအရာမျိုးဖြင့် ထန်ယွင်ကို မော့ကြည့်ကာ ပြောလိုက်သည်။
ကျန်ရှိနေသော ၈ ဦးထဲမှ တစ်ဦးကသာ အောက်သို့ ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် သူ့ဆံပင်များ ထောင်ထလာပြီး မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားကာ တုန်ယင်စွာ ပြောလိုက်သည်။
“စီနီယာ... စီနီယာစတုတ္ထအစ်ကို... ကြည့်... ကြည့်လိုက်ပါဦး”
ဒင်ဖူနှင့် အခြား ၈ဦးလုံး အောက်သို့ ငုံ့ကြည့်လိုက်သည့် အခိုက်အတန့်တွင် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြတော့သည်။
“ပြေးကြစမ်း”
အဘယ်ကြောင့်ဆိုသော် ထိုလူ ၉ ဦး၏ အောက်ခြေ ပေအနည်းငယ် အကွာမှာပင် ကြီးမားလှသော လေနတ်ဆိုး ပါးစပ်ကြီးက သူတို့ကို ဝါးမြိုရန် စောင့်ကြိုနေသောကြောင့်ပင်။
ခုနက အခြား ၉ ဦးကို ဝါးမြိုပြီးနောက် ထန်ယွင်၏ ထိန်းချုပ်မှုအောက်တွင် ထိုလေနတ်ဆိုး ပါးစပ်ကြီးမှာ သူတို့၏ အောက်ခြေ၌ တိတ်တဆိတ် ပေါ်လာခြင်း ဖြစ်၏။
“အခုမှ ထွက်ပြေးဖို့ ကြိုးစားတာ နောက်ကျသွားပြီ”
ထန်ယွင် စကားပြောနေစဉ်မှာပင် ပေ ၁၀၀၀ ခန့် မြင့်သော လေနတ်ဆိုး ပါးစပ်ကြီးမှာ မိုင်အနည်းငယ်မျှသာ ပျံသန်းရသေးသော လူ ၉ ဦးလုံးကို ဝါးမြိုပစ်လိုက်တော့သည်။
“အား”
လေနတ်ဆိုး ပါးစပ်အတွင်းမှ ထို ၉ ဦး၏ ကြောက်မက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၈ ဦးမှာ သေဆုံးသွားခဲ့လေပြီ။
ဒင်ဖူ တစ်ဦးတည်းသာ ရှောင်တိမ်းနေစဉ်အတွင်း ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက်မှာ လေဓားသွားများကြောင့် ပြတ်တောက်သွားပြီး သူ အပိုင်းပိုင်း ပြတ်တော့မည့် အခိုက်အတန့်တွင် ထန်ယွင်၏ စိတ်အာရုံကြောင့် လေနတ်ဆိုး ပါးစပ်မှာ ပျောက်ကွယ်သွားတော့သည်။
ဒင်ဖူမှာ ဝက်တစ်ကောင်အလား ချန်လုံစင်မြင့်ပေါ်သို့ အော်ဟစ်ကာ ပြုတ်ကျသွားတော့သည်။
“ဝှစ်”
ထန်ယွင်က ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူ့ဘေးတွင် ပေါ်လာသည်။ ချက်ချင်းပင် ဟုန်မန်နတ်ဘုရားမျက်လုံးကို အသုံးပြုကာ ဆွဲဆောင်မှုရှိသော နီရဲသည့် အလင်းတန်းများဖြင့် ဒင်ဖူကို စိုက်ကြည့်လိုက်သည်။
ဒဏ်ရာပြင်းထန်စွာ ရထားသော ဒင်ဖူ၏ ဝိညာဉ်မှာ ချက်ချင်းပင် အားနည်းသွားပြီး ထန်ယွင်၏ ထိန်းချုပ်မှုကို ခံလိုက်ရကာ အမူအရာမှာ ထုံထိုင်းသွားတော့သည်။
ထန်ယွင်၏ မျက်လုံးများတွင် ယုတ်မာသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး အမိန့်ပေးလိုက်သည်။
“ငါ အခု ဓားအစီအရင်ကို ဖွင့်ပေးမယ်... မင်း တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးစမ်း... ပြီးတော့ ငါ့ကို သတ်ချင်နေတဲ့သူတွေကို ငါ ဒဏ်ရာအပြင်းအထန် ရနေပြီလို့ ပြောပြီး ငါ့ကို လာသတ်ခိုင်းလိုက်... နားလည်လား”
“နားလည်ပါပြီ”
ဒင်ဖူက ထုံထိုင်းစွာ ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ... တကယ်ကို ကောင်းတယ်”
ထန်ယွင်က မျက်လုံးကို အနည်းငယ် ကျဉ်းလိုက်ပြီး...
“သွားတော့... မင်းရဲ့ မျက်နှာမှာ နာကျင်တဲ့ အမူအရာနဲ့ အော်ဟစ်နေဖို့ မမေ့နဲ့ဦးနော်”
ထန်ယွင်က ပြတ်သားစွာ လုပ်ဆောင်တတ်သူ ဖြစ်သည်။ လူပေါင်းများစွာက သူ့ကို သေတွင်းထဲ ပို့ချင်နေမှတော့ သူသည်လည်း ညှာတာနေမည် မဟုတ်ပေ။
အခန်း ၃၇၇ ပြီး