ထန်ယွင်၏ စိတ်အာရုံကြောင့် ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်၏ အလင်းကာတွင် လမ်းကြောင်းတစ်ခု ပွင့်သွားတော့သည်။
တောင်ထိပ်ပေါ်ရှိ လူတိုင်း၏ မြင်ကွင်းထဲတွင် လက်တစ်ဖက်၊ ခြေတစ်ဖက် ပြတ်နေသော ဒင်ဖူမှာ ထိုလမ်းကြောင်းထဲမှ အော်ဟစ်ကာ ထွက်လာပြီး...
“ကျန်တဲ့လူတွေအားလုံး ထန်ယွင်ရဲ့ လက်ချက်နဲ့ သေကုန်ပြီ”
“ထန်ယွင်လည်း ဒဏ်ရာ အပြင်းအထန် ရနေပြီ... သူ့ကို သတ်ချင်တဲ့သူတွေ အမြန်ဝင်...”
ဒင်ဖူ၏ စကားမဆုံးမီမှာပင် အစီအရင်၏ လမ်းကြောင်းထဲမှ ဓားပျံတစ်လက် ပြေးထွက်လာပြီး သွေးများ စင်ထွက်သွားကာ ဒင်ဖူ၏ နောက်ဂုတ်မှနေ၍ ပါးစပ်သို့ ထိုးဖောက်သွားတော့သည်။
“စီနီယာစတုတ္ထအစ်ကို”
“စီနီယာစတုတ္ထအစ်ကို...”
သားရဲဝိညာဉ်အုပ်စုမှ တပည့်ပေါင်း သောင်းနှင့်ချီကြားတွင် ဝမ်းနည်းပက်လက် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
ထိုအချိန်တွင် အစီအရင် လမ်းကြောင်းထဲမှ အားနည်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ငါ အဆင်ပြေပါတယ် ငါ့ကို စိန်ခေါ်ဖို့ ၃၉ နေရာ ကျန်သေးတယ်... အဲ့ဒီ ၃၉ ယောက်လည်း သေချာပေါက် သေချင်တယ်ဆိုရင်တော့ လာခဲ့ကြပေါ့”
ထိုစကား ထွက်ပေါ်လာသည်နှင့် ကျောက်စိမ်းအဆောက်အဦးပေါ်ရှိ ထန်ထိုင်ကျုံးတယ်မှာ မျက်မှောင်ကြုတ်သွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် တွေးလိုက်မိသည်။
“ဒီအသံကတော့ ဟန်ဆောင်ထားတာပဲ ဖြစ်ရမယ်...”
ဆေးဝါးအုပ်စုဝင် တပည့်များ၊ အကြီးအကဲများနှင့် ရှန်စုပင်းတို့မှာမူ အလွန်ပင် စိုးရိမ်ပူပန်နေကြတော့သည်။
နံပါတ် ၂ စင်မြင့်ပေါ်ရှိ မုမုန့်ဂျီမှာမူ လူတိုင်း၏ အာရုံမှာ ထန်ယွင်ဆီသို့ ရောက်နေသဖြင့် ယခုအချိန်အထိ သူမကို မည်သူမျှ လာရောက် စိန်မခေါ်ကြသေးပေ။ သူမနှင့် လက်နက်အုပ်စုရှေ့တွင် ရှိနေသော ကျုံးဝူစစ်ယောင်တို့ကို ကြည့်ရသည်မှာ စိုးရိမ်နေပုံရသော်လည်း၊ တကယ်တော့ သူတို့၏ အမျိုးသားမှာ အလွယ်တကူ ဒဏ်ရာရမည့်သူ မဟုတ်ကြောင်းနှင့် ထိုအရာမှာ လှည့်ကွက်တစ်ခုသာ ဖြစ်ရမည်ဟု သူတို့ ယုံကြည်နေကြသည်။
သားရဲဝိညာဉ်အုပ်စုဝင် တပည့်များမှာလည်း ဂဏာမငြိမ် ဖြစ်နေကြပြီး၊ သူတို့ နံပါတ် ၁ စင်မြင့်ပေါ်သို့ မတက်ရသေးမီမှာပင် အဆင်သင့်ဖြစ်နေကြသော သန့်စင်သောဝိညာဉ်အုပ်စုနှင့် ဝိညာဉ်ငါးပါးအုပ်စုမှ တပည့်ပေါင်း ၃၀ ကျော်မှာ အရိပ်များအလား အစီအရင် လမ်းကြောင်းထဲသို့ လျှပ်စီးအလား ပြေးဝင်သွားကြတော့သည်။
“တောက်... သူတို့က အရင်ဦးသွားတာပဲ”
သားရဲဝိညာဉ်အုပ်စုနှင့် ဝိညာဉ်ငါးပါးအုပ်စုမှ အခြားသော တပည့် ၁၀ ဦးကျော်မှာလည်း နောက်မှ ကပ်လိုက်သွားကြပြီး လမ်းကြောင်းထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် ရှန်စုပင်း၏ လှပသော မျက်လုံးများတွင် အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်။
“သေဖို့ ပြင်ထားတော့”
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံလေး လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် ရှန်စုပင်းက ကျောက်စိမ်းအဆောက်အဦးပေါ်ရှိ သူမ၏ နေရာမှ ပျောက်ကွယ်သွားတော့သည်။
ချက်ချင်းပင် လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသော နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်တွင် ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဓားသွားများသည် စင်မြင့်ပေါ်သို့ ခုန်တက်ရန် ပြင်နေကြသော တပည့် ၃၀ ၏ လည်ပင်းများကို တစ်ပြိုင်နက်တည်း ထိုးဖောက်လိုက်တော့သည်။
“ဘုန်း... ဘုန်း...”
ဝိညာဉ်ငါးပါးအုပ်စုနှင့် သားရဲဝိညာဉ်အုပ်စုမှ တပည့် ၃၀ ၏ အလောင်းများမှာ လည်ပင်းမှ သွေးများ ပန်းထွက်လျက် ချန်လုံစင်မြင့်အစွန်းတွင် ပြုတ်ကျသွားကြတော့သည်။ ထိုအချိန်မှာပင် ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်၏ လမ်းကြောင်းမှာလည်း တိတ်တဆိတ် ပိတ်သွားခဲ့လေပြီ။
ထို့နောက်တွင် ကျော့ရှင်းလှသော ကိုယ်လုံးလေးနှင့် ရှန်စုပင်းမှာ ချန်လုံစင်မြင့်ပေါ်တွင် ပေါ်လာတော့သည်။
“ဝှစ်”
သားရဲဝိညာဉ်ပိုင်ရှင်က သူ့နေရာမှ ရုတ်တရက် ထရပ်လိုက်ပြီး ရှန်စုပင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ရှန်စုပင်း... မင်းက ဘာလို့ ဒီလောက်အထိ ရက်စက်ရတာလဲ”
“ရှန်စုပင်း... မင်းက တကယ့်ကို ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်နေတာပဲ”
ဝိညာဉ်ငါးပါးပိုင်ရှင်သည်လည်း ဒေါသကြောင့် တုန်ယင်လျက် ထရပ်လိုက်တော့သည်။
သူက ရှန်စုပင်းကို စိုက်ကြည့်ကာ အံကြိတ်ပြီး...
“မင်းက တကယ့်ကို ရဲတင်းလှချည်လား... ဒါဟာ တောင်စဉ် ၉ ခု ပြိုင်ပွဲလေ... မင်းက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး တားဆီးရုံတင်မကဘဲ ငါ့ရဲ့ ဝိညာဉ်ငါးပါးအုပ်စု တပည့်တွေကိုပါ မတရား သတ်ဖြတ်ပစ်တယ်ပေါ့”
ရှန်စုပင်းမှာ အဆင့်မြင့် ရုပ်ရည်ထိန်းသိမ်းခြင်း နတ်ဆေးလုံးကို သောက်ထားသဖြင့် သူမ၏ ရုပ်ရည်မှာ အင်မတန် နုပျိုလှပနေဆဲပင်။ သူမ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး အေးစက်စွာ ပြောလိုက်၏။
“ငါ သတ်ချင်လို့ သတ်တာပဲ... ဘာပြဿနာ ရှိလို့လဲ”
ရှန်စုပင်းက အင်မတန် ယုံကြည်ချက် ရှိနေသည်။
“မင်း...”
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေပြီး ထန်ထိုင်ကျုံးတယ်ဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ် မြင်တဲ့အတိုင်းပါပဲ... ရှန်စုပင်းက အုပ်စုခေါင်းဆောင်တစ်ဦး ဖြစ်ပြီးတော့ လူတွေကို မတရား သတ်ဖြတ်နေတာပါ... ကျေးဇူးပြုပြီး သူမကို အပြစ်ပေးပါ”
“မှန်ပါတယ် ဂိုဏ်းချုပ်”
သားရဲဝိညာဉ်ပိုင်ရှင်ကလည်း ထပ်ဆင့်ပြောလိုက်သည်။
“ဂိုဏ်းချုပ်... ရှန်စုပင်းက ဂိုဏ်းချုပ်ကို လုံးဝ အလေးမထားတာပါ... ဂိုဏ်းချုပ် ဒီမှာ ရှိနေတာတောင် သူမက ဒါမျိုးတွေ လုပ်ရဲနေတာ... တကယ်လို့ ဂိုဏ်းချုပ်သာ မရှိရင် သူမ ဘယ်လောက်အထိ ရဲတင်းမလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး”
“ဂိုဏ်းချုပ်... ဘိုးဘေးကြီးတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ ရှန်စုပင်း လုပ်ရပ်ဟာ ကွပ်မျက်ခြင်း ခံရမှာပါ”
ထိုစကားကို ကြားသောအခါ ဝိညာဉ်ငါးပါးပိုင်ရှင်က အမြန်ပင် ထောက်ခံလိုက်သည်။
“ဟုတ်ပါတယ်... ဟုတ်ပါတယ်... ခေါင်းဆောင်ဝူ ပြောတာ မှန်ပါတယ်...”
“အခုချက်ချင်း ပါးစပ်ပိတ်ကြစမ်း”
ထန်ထိုင်ကျုံးတယ်က အကြီးအကျယ် ဒေါသထွက်သွားပြီး ထရပ်လိုက်ကာ ဝိညာဉ်ငါးပါးပိုင်ရှင်၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်တော့သည်။
“ဖြန်း”
ထို့နောက် သားရဲဝိညာဉ်ပိုင်ရှင်၏ ပါးကိုလည်း ထပ်မံ ရိုက်ချလိုက်ပြန်၏။
ချက်ချင်းပင် ထိုအဘိုးကြီး ၂ယောက်၏ မျက်နှာပေါ်တွင် နီရဲသော လက်ဝါးရာကြီးများ ပေါ်လာတော့သည်။
ဝိညာဉ်ငါးပါးပိုင်ရှင်နှင့် သားရဲဝိညာဉ်ပိုင်ရှင်တို့မှာ မှင်သက်သွားကြပြီး ထန်ထိုင်ကျုံးတယ်၏ ခြေရင်းတွင် ဝပ်စတွားကာ တုန်ယင်စွာဖြင့် ဆိုလိုက်ကြသည်။
“ဂိုဏ်းချုပ်... ကျွန်တော်တို့ ဘာမှားခဲ့သလဲဆိုတာ မသိပါဘူး... ကျေးဇူးပြုပြီး... ခွင့်လွှတ်ပေးပါ”
“ဟွန်း”
ထန်ထိုင်ကျုံးတယ်က သူတို့ ၂ ယောက်ကို ဂရုမစိုက်ပေ။ သူသည် အောက်တွင် ငြိမ်သက်နေသော တပည့်ပေါင်း သိန်းနှင့်ချီကို ငုံ့ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။
“ဒီဂိုဏ်းချုပ်က ရှန်စုပင်းကို ဘာလို့ အပြစ်မပေးရသလဲဆိုတာ ဘယ်သူက သူတို့ကို ရှင်းပြမလဲ”
“ဂိုဏ်းချုပ်... တပည့် ဖြေပါရစေ”
တာနျူက လူအုပ်ထဲမှ ထွက်လာပြီး ဦးတိုက်လိုက်သည်။
“ဘိုးဘေးကြီးတွေ သတ်မှတ်ထားတဲ့ ပြိုင်ပွဲစည်းမျဉ်းအရ၊ စင်မြင့်စောင့်သူဟာ စိန်ခေါ်သူ ၁၀၀ အထိသာ လက်ခံခွင့် ရှိပါတယ်”
“အခု စီနီယာအစ်ကိုထန်ကို စိန်ခေါ်တဲ့ လူအရေအတွက်က ပြည့်သွားပါပြီ... ဒါပေမဲ့ သားရဲဝိညာဉ်အုပ်စုနဲ့ ဝိညာဉ်ငါးပါးအုပ်စုက တပည့်တွေဟာ ပြိုင်ပွဲစည်းမျဉ်းကို လျစ်လျူရှုပြီး စီနီယာအစ်ကိုထန်ကို သတ်ဖို့အတွက် ဓားအစီအရင်ထဲကို အတင်း ဝင်ဖို့ ကြိုးစားခဲ့ကြတာပါ... စည်းမျဉ်းတွေအရဆိုရင် သူတို့ဟာ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်”
တာနျူက ထန်ယွင်ကို အမြဲ အာရုံစိုက်နေသူ ဖြစ်ရာ ထန်ယွင်ကို လာရောက် စိန်ခေါ်သူ အရေအတွက်ကို သူ သေချာ ရေတွက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်က ထိုခေါင်းဆောင် ၂ ယောက်အား ဘာကြောင့် ရိုက်ရသနည်းဆိုသည်ကို သူ ခန့်မှန်းမိခြင်း ဖြစ်၏။
ထိုစကားကို ကြားရသောအခါ တောင်ထိပ်ပေါ်ရှိ လူအားလုံးမှာ သဘောပေါက်သွားကြတော့သည်။
“ကောင်းပြီ... ထတော့”
ထန်ထိုင်ကျုံးတယ်က တာနျူကို ထခိုင်းလိုက်ပြီးနောက် သူ့ရှေ့တွင် ဒူးထောက်နေသော ခေါင်းဆောင် ၂ယောက်ကို ငုံ့ကြည့်ကာ ဆူပူလိုက်တော့သည်။
“မင်းတို့ ကြားကြလား... တပည့်တစ်ယောက်ကတောင် ထန်ယွင်ကို စိန်ခေါ်တဲ့ လူအရေအတွက် ပြည့်သွားပြီဆိုတာ သိနေတာကို မင်းတို့က အတွင်းစည်း ဂိုဏ်းခွဲခေါင်းဆောင်တွေ ဖြစ်ပြီးတော့ ဒါကိုတောင် မသိကြဘူးလား”
“ငါ ထင်တာတော့ မင်းတို့က ထန်ယွင်ကို သတ်ချင်လွန်းလို့ ရူးသွပ်နေကြတာပဲ ဖြစ်ရမယ်”
သားရဲဝိညာဉ်ပိုင်ရှင်နှင့် ဝိညာဉ်ငါးပါးပိုင်ရှင်တို့မှာ တုန်တုန်ယင်ယင်ဖြင့် ဦးတိုက်ကာ လျှောက်တင်ကြသည်။
“ကျွန်တော်တို့ မှားသွားပါတယ်... စိန်ခေါ်တဲ့ လူအရေအတွက်ကို ကျွန်တော်တို့ သတိမထားမိလိုက်လို့ပါ”
“သတိမထားမိဘူး ဟုတ်လား”
ထန်ထိုင်ကျုံးတယ်က ပြတ်သားစွာ ပြောလိုက်၏။
“မင်းတို့က အိုမင်းလွန်းလို့ ဂိုဏ်းခွဲခေါင်းဆောင် တာဝန်ကို မထမ်းဆောင်နိုင်တော့ဘူးဆိုရင်လည်း အမြန်ဆုံး ရာထူးက ဆင်းကြတော့ နောက်တစ်ခါ ထပ်ဖြစ်မယ်ဆိုရင်တော့ မင်းတို့ဘာသာ တာဝန်ယူရလိမ့်မယ်”
“ဂိုဏ်းချုပ်ရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်”
“ထကြစမ်း”
ထန်ထိုင်ကျုံးတယ်က အေးစက်စွာ ပြောလိုက်သည်။
ထန်ယွင်မှာ ထန်ထိုင်ကျုံးတယ် ကိုယ်တိုင် သတ်မှတ်ထားသော သမက်လောင်း ဖြစ်နေသည်ကို သိထားရပေမည်။ သူသာ ဂိုဏ်းချုပ် မဟုတ်ပါက ယခုအချိန်တွင် ထို ၂ ယောက်ကို သေချာပေါက် သတ်ပစ်လိုက်မှာ သေချာသည်။
“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်”
ထို ၂ ယောက်မှာ ထရပ်လိုက်ပြီး နဖူးပေါ်က ချွေးစေးများကို သုတ်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြန်ထိုင်လိုက်ကြသည်။
သားရဲဝိညာဉ်ပိုင်ရှင်နှင့် ဝိညာဉ်ငါးပါးပိုင်ရှင်တို့မှာ အရှက်တကွဲ ဖြစ်သွားကြလေပြီ။ အခြားသော ခေါင်းဆောင်များက သူတို့ ၂ယောက်ကို ကြည့်နေသည့် အကြည့်များမှာ သူတို့၏ ပါးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သကဲ့သို့ ခံစားနေရသဖြင့် မျက်နှာတစ်ခုလုံး ပူထူနေတော့သည်။
သူတို့ ၂ ယောက်လုံးမှာ ထန်ထိုင်ကျုံးတယ်အပေါ် မကျေမနပ် မဖြစ်ဝံ့ကြသဖြင့် သူတို့ ခံလိုက်ရသော အရှက်ကို ထန်ယွင် အပေါ်၌သာ ပုံချရန် ဆုံးဖြတ်လိုက်ကြသည်။
ထန်ယွင်သည် ခုနက ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်ဖြစ်ရာ သူ စီစဉ်ထားသော ဓားအစီအရင်မှာ မကြာမီ ပျက်စီးသွားတော့မည်ဖြစ်ပြီး ထန်ယွင်လည်း သေရတော့မည်ဟု သူတို့ တွက်ချက်ထားကြသည်။
ထန်ယွင် ရက်ရက်စက်စက် သေဆုံးသွားသည်ကို မကြာမီ မြင်ရတော့မည်ဟု တွေးမိသောအခါမှသာ သူတို့ ၂ ယောက်၏ ရင်ထဲတွင် အနည်းငယ် သက်သာရာ ရလာကြသည်။
“အားလုံး ကြည့်ကြဦး... အစီအရင်က ပျက်တော့မယ်... ထန်ယွင်တော့ သေရတော့မှာပဲ”
ထိုအချိန်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က နံပါတ် ၁ ချန်လုံစင်မြင့်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်ပြန်သည်။
“ရှူး...”
လူတိုင်း၏ အကြည့်မှာ စင်မြင့်ပေါ်ရှိ ယိမ်းယိုင်နေသော ဓားအစီအရင်ဆီသို့ ရောက်ရှိသွားတော့သည်။
စင်မြင့်ပေါ်တွင် ရှန်စုပင်းက ထန်ယွင် သေဆုံးတော့မည်ဟု ယူဆထားပြီး ဖြစ်သည်။ သူမသည် ထန်ယွင် ရက်ရက်စက်စက် သေဆုံးသွားသည်ကို မကြည့်ရက်သဖြင့် သက်ပြင်းတစ်ချက် ချလိုက်ကာ သူမ၏ လှပသော မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
ထန်ယွင်ကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော တပည့်တစ်ဦးကို ဆုံးရှုံးရတော့မည်ဖြစ်၍ သူမ ရင်ကွဲမတတ် ခံစားနေရရှာတော့လေသည်။
အခန်း ၃၇၈ ပြီး