သန့်စင်သောဝိညာဉ်အုပ်စုနှင့် ဝိညာဉ်ငါးပါးအုပ်စုတို့မှ တပည့် ၃၉ဦး ဓားအစီအရင်ထဲသို့ ဝင်သွားပြီးနောက် ခေတ္တမျှအကြာတွင် ဓားအစီအရင်မှာ ပျက်စီးတော့မည့်အခြေအနေသို့ ရောက်ရှိလာသည်။
ဤအခိုက်အတန့်တွင် လင်းရှန်း ဆေးဥယျာဉ်နှင့် ဆေးဝါးအုပ်စုဝင် တပည့်အများစုမှာ မျက်ရည်ကျနေကြပြီ ဖြစ်၏။ ရှန်ချင်းချိုး၊ ရှန်ချင်းဖုန်းနှင့် ရှန်ဝမ်တယ်တို့လည်း ထိုနည်းတူပင်။
လူတိုင်း၏အမြင်တွင် ဤမျှတိုတောင်းလှသော အချိန်အတွင်းမှာ ထန်ယွင်သည် ဒဏ်ရာအပြင်းအထန် ရရှိနေသည့်တိုင် နေကောင်းကျန်းမာနေခဲ့လျှင်ပင် လူ ၃၉ ဦးကို မသတ်နိုင်ဟု ယူဆကြသည်။ ထို့အပြင် ထို ၃၉ ဦးမှာ သာမန်တပည့်များ မဟုတ်ဘဲ အုပ်စု ၂ ခုလုံးမှ ပါရမီရှင် တပည့်များ ဖြစ်ကြသည် မဟုတ်ပါလော။
သတ်လည်း မသတ်နိုင်ဘဲ ဓားအစီအရင်ပါ ပျက်စီးတော့မည်ဆိုလျှင် ထန်ယွင် အသတ်ခံလိုက်ရပြီဆိုသည့် အဓိပ္ပာယ် မှလွဲ၍ အခြား ဘာရှိနိုင်ဦးမည်နည်း။ လူတိုင်းက ဒုတိယရလဒ်ကို မတွေးဝံ့ကြပေ။
ထန်ယွင်၏ အစွမ်းကို အမြဲယုံကြည်ခဲ့ကြသော ကျုံးဝူစစ်ယောင်၊ မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့ပင်လျှင် ယခုအခါ မျက်နှာများ ဖြူလျော့နေကြပြီ ဖြစ်၏။
လူအုပ်ကြီးထဲတွင် ရပ်နေသော ကုန်းစွန်းရို့ရှီသည်လည်း မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရင်ထဲတွင် တုန်လှုပ်နေမိသည်။ ထန်ယွင် တစ်ခုခု ဖြစ်သွားမှာကို သူမ အလွန်စိုးရိမ်နေမိ၏။
ကျောက်စိမ်းအဆောက်အဦးအောက်ရှိ နေရာများတွင် ထိုင်နေကြသော လက်နက်အစီအရင်အုပ်စုနှင့် ချန်ခွန်းအုပ်စုခေါင်းဆောင်မှာမူ စိတ်ထဲမှ ရယ်မောနေကြသည်။ ထန်ယွင် သေသင့်သည်ဟု သူတို့ ယူဆထားကြသည်။
ထန်ယွင်ကို အမြဲသေစေချင်ခဲ့သော မူရုန်ဆရာမ၏ မျက်ဝန်းထဲတွင်မူ ယခုအခါ နှမြောတသဖြစ်ရိပ်များ ပေါ်လာသည်။ သူမရင်ထဲတွင် ထန်ယွင်မှာ တကယ့်ပါရမီရှင်တစ်ဦးဖြစ်ရာ သူမသည် ပါရမီရှင်များကို လေးစားတတ်သူ ဖြစ်၏။ ကျုံးဝူစစ်ယောင်အား ထန်ယွင်က ခေါ်ဆောင်သွားလိမ့်မည်ဟု သူမ မတွေးခဲ့မိလျှင် ထန်ယွင်နှင့် ပတ်သက်၍ သူမတွင် ပြဿနာ ရှိမည်မဟုတ်ပေ။ မည်သို့ဖြစ်စေ ကျုံးဝူစစ်ယောင် သူမရှေ့တွင် ဒူးထောက်တောင်းပန်ခဲ့စဉ်က သူမသည် ထန်ယွင်ကို ငြင်းပယ်ခဲ့သူ မဟုတ်ပါလော။
“ဂိုဏ်းချုပ် သတ်မှတ်ထားတဲ့ သမက်လောင်းက ဒီလိုတော့ မသေနိုင်ပါဘူး... ငါ ဒါကို မယုံဘူး”
ထန်ထိုင်ကျုံးတယ်က စိတ်ထဲမှ ထိုသို့တွေးနေသော်လည်း စိုးရိမ်တကြီး ထရပ်လိုက်မိသည်။ သူ့အမူအရာမှာ စိတ်မအေးဖြစ်မှုကို ဖော်ပြနေ၏။
ဤအခိုက်အတန့်တွင် အရာအားလုံး ရပ်တန့်သွားသကဲ့သို့ ခံစားရပြီး ရှန်စုပင်း မှလွဲ၍ လူတိုင်း၏ အကြည့်မှာ ပျက်စီးတော့မည့် ဓားအစီအရင်ဆီသို့ ရောက်ရှိနေသည်။
“ဝုန်း”
ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်မှာ ပြင်းထန်စွာ တုန်ခါလျက် ပျက်စီးသွားပြီးနောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် လူတိုင်း အသက်ရှူမှားကုန်ကြသည်။ တစ်ချိန်တည်းမှာပင် တပည့်ပေါင်း သိန်းနဲ့ချီကြားတွင် သန့်စင်သောဝိညာဉ်အုပ်စု၊ ဝိညာဉ်ငါးပါးအုပ်စုနှင့် ဆေးဝါးအုပ်စုဝင် တပည့်များ၏ အော်ဟစ်ငိုယိုသံများမှာ တောင်ထိပ်ပေါ်တွင် လှိုင်းလုံးကြီးများအလား ပျံ့နှံ့သွားတော့သည်။
“စီနီယာအစ်ကိုထန်... အစ်ကို ဘယ်လိုလုပ် သေရတာလဲ”
“စီနီယာအစ်ကိုထန်... အီးဟီး...”
“စီနီယာအစ်ကိုဒွမ်... အစ်ကိုက ကျွန်တော်တို့ သန့်စင်သောဝိညာဉ်အုပ်စု တပည့်တွေထဲမှာ အစွမ်းထက်ဆုံးပဲလေ... ဘယ်လိုလုပ်ပြီး သေသွားရတာလဲ... အီးဟီး...”
“စီနီယာအစ်ကိုလျူ... ကျွန်တော်တို့ ဝိညာဉ်ငါးပါးအုပ်စုအတွက် အစ်ကို့ကို လိုအပ်တယ်လေ... အီးဟီး...”
လူတိုင်း၏ မြင်ကွင်းထဲတွင် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်၌ တစ်စစီဖြစ်နေသော အလောင်းများမှာ အစီအရီ လဲလျောင်းနေကြသည်။ သန့်စင်သောဝိညာဉ်အုပ်စုနှင့် ဝိညာဉ်ငါးပါးအုပ်စုမှ တပည့် ၃၉ ဦးလုံး သေဆုံးနေကြပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အပြည့်အစုံ ကျန်ရှိသူ တစ်ဦးမျှ မရှိပေ။
ထန်ယွင်က ရန်သူ၏ သွေးဖြစ်စေ၊ မိမိသွေးဖြစ်စေ သွေးများဖြင့် စိုရွှဲလျက် ပက်လက်လန်ကာ တုပ်တုပ်မျှ မလှုပ်ဘဲ လဲလျောင်းနေသဖြင့် သေဆုံးသွားပြီဟု ထင်ရပေသည်။
သေသွားတာလား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထန်ယွင်မှာ သေဆုံးခြင်းမရှိသည့်အပြင် ဒဏ်ရာတစ်စက်မျှပင် မရရှိခဲ့ပေ။ သူ့ရင်ထဲတွင် ဤလူ ၃၉ ဦးလုံး ပေါင်းလိုက်လျှင်ပင် ဝိညာဉ်နတ်ဘုရားနန်းတော်၏ သူတော်စင်မလေး နန်းကုန်းယွိချင်၏ အစွမ်း ထက်ဝက်ကိုပင် မမီကြပေ။ ရန်သူ၏ အလောင်းများပေါ်တွင် လဲလျောင်းနေခြင်းမှာ ဟန်ဆောင်နေခြင်းသာ ဖြစ်၏။
သူ့ကိုယ်သူ ဒဏ်ရာအပြင်းအထန် ရနေသကဲ့သို့ ဟန်ဆောင်ခြင်းဖြင့် အခြားအုပ်စုများမှ ချန်ပီယံများကို ပေါ့ဆသွားစေရန် ပြုလုပ်ခြင်းပင် ဖြစ်သည်။
ထန်ယွင်က အခြားပြိုင်ဘက်များကို ကြောက်နေ၍ ဤသို့လုပ်ခြင်းလား။
မဟုတ်ပါဘူး... လုံးဝ မဟုတ်ပါဘူး။
သူ ကြောက်သည်မှာ သူ့ကို သတ်ချင်နေသော ချန်ပီယံများမှာ သူ့ကို တွေ့လျှင် မတိုက်ခိုက်ဘဲ ဆုတ်ခွာသွားမည်ကိုသာ ဖြစ်သည်။ ထန်ယွင် ဤသို့လုပ်ရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရန်သူများကို သူ့အား လာသတ်ရန် မြှူဆွယ်ခြင်းဖြစ်ပြီး သူ့ကို သေစေချင်သူအားလုံးကို သတ်ပစ်ရန် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ထန်ယွင်က ဆေးဝါးအုပ်စုနှင့် လင်းရှန်း ဆေးဥယျာဉ်မှ တပည့်များ၏ ငိုသံကို ကြားရသောအခါ လူပေါင်းများစွာက သူ့အပေါ် တကယ် ဂရုစိုက်ကြသည်ကို သိလိုက်ရသည်။
“ဘာလို့ ငိုနေကြတာလဲ... ငါ့အသက်က အင်မတန် ပြင်းပါတယ်... ဒီလောက်နဲ့ မသေပါဘူး”
အလောင်းများ ပြန့်ကျဲနေသော နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ အားနည်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လူတိုင်း မှင်သက်သွားကြပြီး သူတို့ ကြားလိုက်ရသည်မှာ အမှားဟု ထင်နေကြသော်လည်း သွေးများ စိုရွှဲနေသော ထန်ယွင်မှာ ယိုင်တိုင်တိုင်ဖြင့် ခက်ခက်ခဲခဲ ထရပ်လိုက်သည်ကို တွေ့လိုက်ရသောအခါမှ ယုံကြည်သွားကြတော့သည်။
“ထန်ယွင်”
ဝမ်းသာအားရ ငိုကြွေးသံများ နှင့်အတူ နံပါတ် ၂ စင်မြင့်ပေါ်ရှိ မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့မှာ ထန်ယွင်၏ ဘေးသို့ ရောက်ရှိလာကြပြီး ဘယ်ညာတွဲပေးလိုက်ကြသည်။
“ထန်ယွင်... ရှင် ဘယ်နေရာမှာ ဒဏ်ရာရသွားတာလဲ... အခြေအနေ ဆိုးလား”
မုမုန့်ဂျီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေ၏။
“မြန်မြန်ပြောစမ်းပါ ဘယ်နေရာမှာ ဒဏ်ရာရတာလဲ”
ကျုံးဝူစစ်ယောင်၏ မျက်နှာမှာလည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်နေ၏။
ရွှယ်ဇီယန်မှာလည်း ထန်ယွင်ဆီသို့ သွားချင်သော်လည်း သူမ၏ ဆရာက မကြည်ကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် မသွားဖြစ်ခဲ့ပေ။ သို့သော် ထန်ယွင် မသေသည်ကို တွေ့လိုက်ရသဖြင့် သူမ စိတ်အေးသွားရသည်။
“မငိုကြနဲ့... ငါ... ငါ အဆင်ပြေပါတယ်...”
ထန်ယွင်က စကားကို ပြတ်တောင်းတောင်း ပြောလိုက်သည်။
“ရှင် ဒီလောက်အထိ ဖြစ်နေတာတောင် အဆင်ပြေတယ်လို့ ပြောနေသေးတယ်”
မုမုန့်ဂျီက မျက်ရည်များ ကျဆင်းလာတော့သည်။
“ငါ... တကယ်... အဆင်ပြေပါတယ်...”
ထန်ယွင်က တုန်ယင်သော အသံဖြင့် ပြောရင်း မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့၏ လက်များကို ဆုပ်ကိုင်လိုက်ပြီး လက်ညှိုးဖြင့် လျင်မြန်စွာ ရေးပြလိုက်သည်။
“စိတ်အေးအေးထားပါ... ငါ ဒါတွေအားလုံး ဟန်ဆောင်နေတာပါ... ဒီလိုမှ မဟန်ဆောင်ရင် ငါ့ကို သေစေချင်တဲ့သူတွေကို ဘယ်လို သတ်ရမလဲ”
ထိုအမျိုးသမီး ၂ ဦး တုန်လှုပ်သွားစဉ်မှာပင် ထန်ယွင်က ထပ်မံရေးပြလိုက်သည်။
“မင်းတို့လည်း ဟန်ဆောင်လိုက်ကြ... တခြားသူတွေ အမှား မမြင်ပါစေနဲ့”
သူမတို့ ၂ ဦးလုံးမှာ ဘာမှ ထပ်မပြောတော့ဘဲ မျက်ရည်များကို သုတ်လိုက်ပြီး ထန်ယွင်ကို စင်အောက်သို့ တွဲချပေးလိုက်ကြသည်။
ရှန်စုပင်းက လှည့်ကြည့်လိုက်ရာ ထန်ယွင် မသေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ နုပျိုလှပသော မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ပေါ်လာပြီးနောက် ချက်ချင်းပင် ထန်ယွင်၏ ရှေ့တွင် ပေါ်လာကာ ဆိုလိုက်သည်။
“မုန့်ဂျီ၊ စစ်ယောင်... မစိုးရိမ်ကြနဲ့ဦး... ငါ သူ့ရဲ့ ဒဏ်ရာကို ကြည့်ပေးမယ်”
ထိုအမျိုးသမီး ၂ ဦး စကားမပြောရသေးမီမှာပင် ရှန်စုပင်းက သူမ၏ ဝိညာဉ်အာရုံဖြင့် ထန်ယွင်၏ ကိုယ်ထဲကို စစ်ဆေးလိုက်ရာ ထန်ယွင်၏ အတွင်းအင်္ဂါများမှာ ကောင်းမွန်နေပြီး ဒဏ်ရာရသည့် အရိပ်အယောင် လုံးဝ မရှိသည်ကို တွေ့လိုက်ရ၏။
သူမက မျက်မှောင်ကြုတ်လိုက်ပြီး ထန်ယွင်ကို မော့ကြည့်လိုက်သောအခါ ထန်ယွင်က သူမကို လျင်မြန်စွာ မျက်တောင်ခတ်ပြလိုက်၏။ ပြင်ပလူများအတွက်တော့ ဤအပြုအမူမှာ ထူးဆန်းမှု မရှိသော်လည်း ရှန်စုပင်းအတွက်မူ သူမက ဒဏ်ရာမရှိကြောင်း ထုတ်ပြောတော့မည့် အချိန်တွင် ထန်ယွင်က မျက်တောင်ခတ်ပြခြင်းမှာ ထိုသို့ မပြောရန် သတိပေးနေခြင်းမှန်း သိလိုက်သည်။
ချက်ချင်းပင် ရှန်စုပင်းက အခြေအနေကို သဘောပေါက်သွားပြီးနောက် စင်အောက်က စိုးရိမ်နေကြသော ဆေးဝါးအုပ်စုနှင့် ဆေးဥယျာဉ်တပည့်များကို လှည့်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ထန်ယွင်က အတွင်းဒဏ်ရာ အပြင်းအထန် ရသွားတာပါ... ပြန်ကောင်းဖို့ အချိန်အနည်းငယ် လိုလိမ့်မယ်... အားလုံး စိတ်မပူကြပါနဲ့တော့”
ထိုစကားကို ကြားရသောအခါ ထန်ယွင်အတွက် စိုးရိမ်နေသူများမှာ စိတ်အေးသွားကြသည်။ အခြားသော ခေါင်းဆောင်များမှာမူ ထန်ယွင်အပေါ် မထီမဲ့မြင် ပြုလိုက်ကြ၏။ ထန်ယွင်က မည်မျှအစွမ်းထက်သနည်းဟု သူတို့ ထင်ထားခဲ့သော်လည်း ယခုတော့ ဒီလောက်ပဲ ရှိတာကိုးဟု တွေးလိုက်ကြသည်။
ရှန်စုပင်းက ထန်ယွင်ကို လှည့်ကြည့်ကာ ဝမ်းနည်းသော အမူအရာဖြင့် မှာကြားလိုက်၏။
“မင်း ဒဏ်ရာပြင်းထန်နေတာမို့ ချန်လုံစာရင်း ထိပ်တန်း ၈ ယောက်အတွက် ယှဉ်ပြိုင်တဲ့အခါမှာ အကောင်းဆုံး ကြိုးစားပါ... မလုပ်နိုင်ရင်လည်း အတင်း မလုပ်ပါနဲ့... နားလည်လား”
“တပည့် နားလည်ပါပြီ”
ထန်ယွင်က လိုလိုလားလားပင် ပြန်ဖြေလိုက်သော်လည်း စိတ်ထဲမှမူ ကျေနပ်နေမိသည်။
'ငါ့ရဲ့ သရုပ်ဆောင်ချက်က တကယ်ကို ကောင်းလွန်းတာပဲ'
“ဝှစ်”
တာနျူက ချန်လုံစင်မြင့်ပေါ်သို့ ခုန်တက်လာပြီး မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်ကို ကြည့်ကာ ဆိုလိုက်သည်။
“မမ... မမတို့ စင်မြင့်ကို ဆက်စောင့်ရဦးမယ်လေ... ယောက်ဖကို ကျွန်တော့်ဆီ လွှဲလိုက်ပါ”
“အော်... ဒုတိယမမ လည်း စိတ်မပူပါနဲ့နော်”
ပြောပြီးသည်နှင့် တာနျူက ထန်ယွင်ကို ပွေ့ချီကာ စင်မြင့်ပေါ်မှ အသာအယာ ခုန်ချသွားတော့ရာ ရှက်သွေးဖြာနေသော မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့သာ ကျန်ရစ်ခဲ့တော့သည်။
ခုနက တာနျူက မုမုန့်ဂျီကို ‘မမ’ ဟုလည်းကောင်း၊ ကျုံးဝူစစ်ယောင်ကို ‘ဒုတိယမမ’ ဟုလည်းကောင်း ခေါ်လိုက်သော အသံမှာ မသေးလှသဖြင့် လူတိုင်း သေချာပေါက် ကြားလိုက်ကြရသည်။ အထူးသဖြင့် မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်ကို သဘောကျနေကြသော အခြားအုပ်စု ၈ ခုမှ ယောက်ျားလေးတပည့်များမှာ ဒေါသကြောင့် ရူးမတတ် ဖြစ်သွားကြရသည်။
ထန်ယွင်က အတွင်းစည်း အလှနတ်သမီး ၁၃ ပါးထဲမှ ၂ ပါးကို ပိုင်ဆိုင်ထားသည်ကို လူတိုင်း သိသွားကြပြီ မဟုတ်ပါလော။
၎င်းမှာ မနာလိုမှု၊ ဝန်တိုမှုနှင့် မုန်းတီးမှုများပင် ဖြစ်တော့သည်။
အခန်း ၃၇၉ ပြီး