ဤအခိုက်အတန့်တွင် ကျောက်စိမ်းအဆောက်အဦးပေါ်၌ သန့်စင်သောဝိညာဉ်အုပ်စုနှင့် ဝိညာဉ်ငါးပါးအုပ်စုမှ အကြီးအကဲအချို့မှာ ထန်ယွင် အသတ်ခံလိုက်ရပြီဟု ထင်မှတ်ကာ ပြုံးပျော်နေခဲ့ကြသော်လည်း ယခုအခါတွင်မူ ထိုအပြုံးများမှာ ဝမ်းနည်းရိပ်များအဖြစ် အစားထိုးဝင်ရောက်သွားခဲ့လေပြီ။
အဘယ်ကြောင့်ဆိုသော် ထန်ယွင် သတ်ဖြတ်လိုက်သော ၃၉ ဦးထဲတွင် သူတို့၏ ဂုဏ်ယူရသော တပည့်ရင်းများ ပါဝင်နေသောကြောင့် ဖြစ်၏။ အာဃာတများက သူတို့၏ ရင်ထဲတွင် နေရာယူထားပြီဖြစ်ရာ ထန်ယွင်ကို အရှင်လတ်လတ် အသားဆွဲဖြတ်ပစ်ချင်စိတ်များ ပေါက်နေကြတော့သည်။
'ဒီကောင်လေး ဂိုဏ်းထဲရောက်တာ နှစ်အနည်းငယ်ပဲ ရှိသေးတာကို ဇနီးလောင်း ၂ ယောက်တောင် ရှိနေပြီပေါ့... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'
ထန်ထိုင်ကျုံးတယ်က မျက်မှောင်ကြုတ်ကာ တွေးနေမိသည်။ နောင်တစ်ချိန်တွင် သူ၏ အဖိုးတန်သမီးလေးကို ထန်ယွင်၏ မယားငယ်အဖြစ်တော့ အဖြစ်မခံနိုင်ပေ။
ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ထန်ယွင်တွင် နောက်ပိုင်း၌ ဇနီး မည်မျှပင် ရှိနေပါစေ... သူ့သမီးမှာမူ အမြဲတမ်း တရားဝင်ဇနီးကြီးသာ ဖြစ်ရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ထိုသို့ တွေးတောမိသောအခါမှသာ ထန်ထိုင်ကျုံးတယ်မှာ အနည်းငယ် စိတ်အေးသွားရသည်။ သူက ဆေးဝါးအုပ်စုဝင် တပည့်များကြားတွင် တင်ပျဉ်ခွေထိုင်နေသော ထန်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိပြန်သည်။
'ဒီကောင်လေးက ခုနက ဟန်ဆောင်နေတာပဲ... အခုလည်း သူ ဆက်ပြီး ဟန်ဆောင်နေဦးမယ်ဆိုတာ ဒီဂိုဏ်းချုပ်က ကြည့်စရာမလိုဘဲ သိနေတယ်'
ထို့နောက် သူက သူမ၏ နေရာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သော ရှန်စုပင်းကို ကြည့်ကာ ညွှန်ကြားလိုက်သည်။
“စုပင်း... စကြစို့”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ရှန်စုပင်းက အမိန့်ကို နာခံပြီးနောက် စင်မြင့်ပေါ်က မုမုန့်ဂျီကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
“မုန့်ဂျီ... မင်း စင်မြင့်ကို ဆက်စောင့်ဖို့ သေချာရဲ့လား... မင်း ဒီလိုလုပ်မယ်ဆိုရင် ထန်ယွင်ရဲ့ ရန်သူတွေက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူးနော်”
ရှန်စုပင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ မုမုန့်ဂျီ၏ ဘေးကင်းရေးအတွက်ဖြစ်ရာ လူတိုင်း သိနားလည်ထားကြသည့်အတိုင်းပင် သူမက ထုတ်ပြောလိုက်ခြင်း ဖြစ်၏။
ထိုစကားကို ကြားရသောအခါ မုမုန့်ဂျီ၏ အမူအရာမှာ ထူးထူးခြားခြား တည်ငြိမ်နေပြီး ဆိုလိုက်သည်။
“ဂိုဏ်းခွဲခေါင်းဆောင်... တပည့် သေချာပါတယ်”
ထိုစကားထဲတွင် မုမုန့်ဂျီ၏ ခိုင်မာလှသော ဆုံးဖြတ်ချက်များစွာ ပါဝင်နေပေသည်။ ဘယ်သူက ငါ့အမျိုးသားကို သတ်ချင်တာလဲ၊ အဲ့ဒီလူကို ငါက ပြန်သတ်မယ်။
ပထမဆုံးအကြိမ်အဖြစ် မုမုန့်ဂျီတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ပေါ်လာခြင်း ဖြစ်သည်။ သူမ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေပြီဖြစ်ရာ ထန်ယွင် အတွက်ဆိုလျှင် မည်မျှအထိ သတ်ဖြတ်ရပါစေ သူမ တွန့်ဆုတ်နေမည် မဟုတ်ပေ။ ဒါဟာ သူမ - မုမုန့်ဂျီ ပင် ဖြစ်၏။
“မုန့်ဂျီ... မှတ်ထားပါ... စင်မြင့်စောင့်တာထက် မင်းရဲ့ အသက်က ပိုအရေးကြီးတယ်... တကယ်လို့ မတိုက်နိုင်တော့ဘူးဆိုရင် အချိန်မီ စင်မြင့်ပေါ်ကနေ ဆင်းပြေးပါ”
ရှန်စုပင်းက ထပ်ဖန်တလဲလဲ မှာကြားလိုက်သည်။
“တပည့် နာခံပါ့မယ်”
မုမုန့်ဂျီက ပြန်ဖြေလိုက်ပြီးနောက် ဆက်ပြောသည်။
“ဂိုဏ်းခွဲခေါင်းဆောင် ခေတ္တစောင့်ပေးပါ... ပြိုင်ပွဲမစခင် တပည့် တစ်ခုခု အရင်လုပ်ပါရစေ”
“ကောင်းပြီလေ... အချိန်အများကြီးတော့ မယူနဲ့နော်”
ရှန်စုပင်းက သဘောတူလိုက်၏။
“ဟုတ်ကဲ့”
မုမုန့်ဂျီက ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ချန်ခွန်းလက်စွပ်အတွင်းမှ အမည်းရောင်နှင့် မီးခိုးရောင် အလင်းတန်း ၂ ခု ထွက်ပေါ်လာပြီး တောင်ထိပ်ပေါ်သို့ တန်းတန်းမတ်မတ် ကျဆင်းသွားတော့သည်။
“ဝုန်း”
ဓား ၂ လက်မှာ တုန်ခါသွားပြီးနောက် သားရဲဝိညာဉ်အုပ်စုမှ တပည့်များ၏ ရှေ့တွင် စိုက်ဝင်သွားကြသည်။ ၎င်းတို့မှာ အနက်ရောင်နှင့် မီးခိုးရောင်ရှိသော ဓားပျံ ၂ လက် ဖြစ်ကြသည်။
“ဝူဟုန်... ဒါတွေက လွန်ခဲ့တဲ့ လဝက်က ကျွန်မ ကျင့်စဉ်ကနေ ထွက်လာတုန်းက ရှင်ပေးခဲ့တဲ့ အဆင့်မြင့် သေခြင်းတရားအစွမ်းနဲ့ သားရဲအစွမ်းရှိတဲ့ ဓားပျံတွေပဲ... အခုတော့ ဒါတွေကို ရှင့်ဆီ ပြန်ပေးလိုက်ပြီ”
မုမုန့်ဂျီက ထိုသို့ပြောပြီးနောက် မျက်နှာပျက်နေသော သားရဲဝိညာဉ်ပိုင်ရှင်ကို လျစ်လျူရှုလိုက်သည်။
သူမသည် စင်အောက်က ၆၀,၀၀၀ ကျော်သော ဆေးဝါးအုပ်စုဝင် တပည့်များကို ကြည့်ကာ လက်သီးဆုပ်လျက် တိုးညှင်းစွာ မေးလိုက်၏။
“ဘယ်စီနီယာ ဒါမှမဟုတ် ဂျူနီယာဆီမှာ သေခြင်းတရားအစွမ်းနဲ့ သားရဲအစွမ်းရှိတဲ့ ဓားပျံ ရှိပါသလဲ... ရှိမယ်ဆိုရင် ကျွန်မကို ခဏလောက် ငှားပေးလို့ ရမလား”
မည်သူမျှ ချက်ချင်း ပြန်မဖြေကြပေ။ ခေတ္တအကြာတွင် ချောမောသော အမျိုးသမီး တပည့်တစ်ဦးက အားနာသောအမူအရာဖြင့်...
“စီနီယာအစ်မမု... ကျွန်မဆီမှာ သေခြင်းတရားအစွမ်းရှိတဲ့ ဓားပျံတော့ ရှိပါတယ်... ဒါပေမဲ့ အဲ့ဒါက အလတ်စား ဝိညာဉ်လက်နက် အဆင့်ပဲ ရှိတာပါ”
ထိုအမျိုးသမီးက ပြောရသည်မှာ တကယ်ပင် အားနာနေရှာသည်။ စင်မြင့်စောင့်မည့်သူများ အသုံးပြုကြသည့် လက်နက်များမှာ အနိမ့်စား ရတနာအဆင့် လက်နက်များ မဟုတ်ပါလော။ ထို့အပြင် တစ်ဖက်ရန်သူက ရတနာအဆင့် လက်နက်ကို သုံးပြီး သူမက ဝိညာဉ်လက်နက် အဆင့်ကို သုံးမည်ဆိုပါက ခဏအတွင်းမှာပင် သူမ၏ လက်နက်မှာ ပျက်စီးသွားလိမ့်မည်ဖြစ်ကြောင်း သူမ သိထားသောကြောင့် ဖြစ်သည်။
“အလတ်စား ဝိညာဉ်လက်နက် ဟုတ်လား...”
မုမုန့်ဂျီက မျက်မှောင်ကြုတ်လိုက်စဉ်မှာပင် ထန်ယွင်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် တာနျူနှင့် အခြားသူများကို လှည့်ကြည့်ကာ...
“မင်းတို့ ဘာလုပ်နေကြတာလဲ... အရင်က စီနီယာတစ်ယောက် မင်းတို့ကို ပေးခဲ့တဲ့ ဓားပျံတွေ အများကြီး ရှိတယ် မဟုတ်လား... အဲ့ဒီထဲမှာ မုန့်ဂျီ လိုအပ်တာတွေ မပါဘူးလား”
“ဖြန်း”
တာနျူက သူ့နဖူးကို ရိုက်လိုက်ပြီး...
“လခွမ်း... ကျွန်တော် အခုမှ သတိရတယ်၊ ကျွန်တော့်ဆီမှာ ရှိတယ်”
“ကျွန်တော်တို့ဆီမှာလည်း ရှိတယ် မမ... ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ရှိတာတွေက အနိမ့်စား ဝိညာဉ်လက်နက်တွေ များတယ်... မမ သုံးမလား”
လင်းရှန်း ဆေးဥယျာဉ်မှ တပည့် ၁၀ ဦးကျော်မှာ တစ်ဦးပြီးတစ်ဦး ပြောဆိုလိုက်ကြသည်။
မုမုန့်ဂျီက ခုနက အမျိုးသမီးတပည့်ကို ကြည့်ကာ ဆိုလိုက်သည်။
“မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... မင်းရဲ့ ဓားပျံ ပျက်စီးသွားမှာ စိုးလို့ပါ... ငါ သူတို့ဆီကပဲ ယူလိုက်ပါ့မယ်”
“ဟုတ်ကဲ့ပါ စီနီယာအစ်မ”
ထိုတပည့်မလေးက ပြန်ဖြေလိုက်၏။
“ဝှစ်... ဝှစ်... ဝှစ်...”
ချက်ချင်းပင် တာနျူနှင့် အခြားသော ဆေးဝါးဥယျာဉ်တပည့် ၁၂ ဦးမှာ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားပြီး မုမုန့်ဂျီ၏ ရှေ့တွင် ဓားပျံ ၁၂ လက်ကို ထားပေးခဲ့ကြသည်။
ထိုဓားပျံ ၁၂ လက် အနက် ၁၁ လက်မှာ အနိမ့်စား ဝိညာဉ်လက်နက်များ ဖြစ်ကြပြီး ၇ လက်မှာ သေခြင်းတရားအစွမ်းရှိကာ ၄ လက်မှာ သားရဲအစွမ်း ရှိကြသည်။ ကျန်ရှိနေသော တစ်လက်မှာမူ တာနျူ ပေးခဲ့သည့် အလတ်စား ဝိညာဉ်လက်နက် အဆင့်ရှိသော သေခြင်းတရားအစွမ်း ဓားပျံ ဖြစ်သည်။
“ဒါဆိုရင်တော့ လောက်မှာပါ”
မုမုန့်ဂျီက စဉ်းစားကာ ဓားပျံ ၁၁ လက်ကို သူမ၏ ချန်ခွန်းလက်စွပ်ထဲသို့ ထည့်လိုက်ပြီး အနိမ့်စား ဝိညာဉ်လက်နက် အဆင့်ရှိသော သေခြင်းတရားအစွမ်း ဓားပျံ တစ်လက်ကိုသာ လက်ထဲ ကိုင်ထားလိုက်တော့သည်။
ဤအပြုအမူမှာ လူတိုင်းအတွက် နားမလည်နိုင်စရာ ဖြစ်သော်လည်း ထန်ယွင် တစ်ဦးတည်းသာ မုမုန့်ဂျီ နောက်ပိုင်းတွင် မည်သို့ တိုက်ခိုက်မည်ကို သိနေပေသည်။
ယခုအခါ သားရဲဝိညာဉ်အုပ်စုမှ တပည့်အားလုံးမှာ သူတို့၏ ခေါင်းဆောင် ဝူဟုန်၏ ရှေ့တွင် အစွမ်းထုတ်ပြကာ သစ္စာဖောက် မုမုန့်ဂျီကို သတ်ပစ်ချင်နေကြပြီ ဖြစ်၏။
ထို့အပြင် ခုနက ထန်ယွင် သတ်လိုက်သော တရားဥပဒေစိုးမိုးရေးတပည့်များ၊ ဝိညာဉ်ငါးပါးအုပ်စုနှင့် သန့်စင်သောဝိညာဉ်အုပ်စုဝင် တပည့်များ၏ ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းများမှာလည်း ဤအုပ်စုများထဲတွင် ရှိနေကြသည် မဟုတ်ပါလော။ ထိုသူတို့သည်လည်း သူတို့၏ ဒေါသများကို မုမုန့်ဂျီအပေါ်၌ ပုံချရန် စောင့်ဆိုင်းနေကြသည်။
ရှန်စုပင်းက စတင်ရန် ကြေညာလိုက်သည်နှင့် သူတို့အားလုံးမှာ ဝိုင်းဝန်း တိုက်ခိုက်ကြတော့မည် ဖြစ်၏။
“ဂိုဏ်းခွဲခေါင်းဆောင်... တပည့်အနေနဲ့ အဝိုင်းခံပြီး တိုက်ခိုက်တာကို လက်မခံပါဘူး... တစ်ယောက်ချင်းစီ စိန်ခေါ်တာကိုပဲ လက်ခံပါ့မယ်”
မုမုန့်ဂျီက ပြောလိုက်သည်။
ထိုစကား ထွက်ပေါ်လာသည်နှင့် မုမုန့်ဂျီကို သတ်ချင်နေသူတိုင်းမှာ သူမကို ပထမဆုံး စိန်ခေါ်သူ ဖြစ်ရန် အလုအယက် ပြင်ဆင်လိုက်ကြတော့သည်။
ရှန်စုပင်းက အေးစက်စွာ ပြောလိုက်၏။
“ဘယ်သူက နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်ကို အရင်ဆုံး တက်နိုင်သလဲ... အဲ့ဒီလူဟာ စိန်ခေါ်သူ ဖြစ်မယ်... တကယ်လို့ တခြားသူတွေပါ တက်လာမယ်ဆိုရင်တော့ ဒီဂိုဏ်းခွဲခေါင်းဆောင်က မင်းတို့ကို ကိုယ်တိုင် သတ်ပစ်မယ်”
ထိုစကားကို ကြားသောအခါ မုမုန့်ဂျီကို သတ်ချင်နေသော တပည့်များမှာ ရှန်စုပင်း ခုနက လူပေါင်း ၃၀ကျော်အား သတ်ခဲ့သည်ကို သတိရမိသဖြင့် တုန်လှုပ်သွားကြပြီး မည်သူမျှ မိမိတို့၏ အသက်နှင့် ရင်းပြီး မကစားဝံ့ကြတော့ပေ။
“အားလုံးပဲ... အလကား သေတာမျိုး မဖြစ်စေဖို့အတွက် မုမုန့်ဂျီကို သတ်ချင်တဲ့သူတွေ အနေနဲ့ အလှည့်ကျ တန်းစီပြီး စိန်ခေါ်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်”
“သူမကို သတ်ချင်တဲ့သူတွေ ကျွန်တော့်ရဲ့ နောက်မှာ လာပြီး တန်းစီကြစမ်း”
ထိုအချိန်တွင် သားရဲဝိညာဉ်အုပ်စုမှ အမျိုးသားတပည့်တစ်ဦးက အော်ဟစ်လိုက်ပြီး နံပါတ် ၂ ချန်လုံစင်မြင့်အောက်တွင် ပထမဆုံးအဖြစ် ရောက်ရှိလာခဲ့သည်။
ထန်ယွင်၏ ဒေါသထွက်နေသော အကြည့်အောက်၌ပင် မျက်စိတစ်မှိတ်အတွင်းမှာ ထိုတပည့်၏ အနောက်တွင် လူပေါင်း ထောင်နှင့်ချီ တန်းစီလိုက်ကြတော့သည်။ စိန်ခေါ်နိုင်သည့် နေရာမှာ ၁၀၀ သာ ရှိသော်လည်း ထိုလူထောင်ပေါင်းများစွာထဲမှ မည်သူမျှ ထွက်မသွားကြပေ။
သူတို့ထဲမှ အများစုမှာ မုမုန့်ဂျီကို သတ်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားကြသလို အနောက်က လူများမှာလည်း ရှေ့ကလူတွေ လက်လျှော့သွားမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
ယခုအခါ လောကကြီးတစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ထိုလူထောင်ပေါင်းများစွာ၏ အနောက်တွင်လည်း သားရဲဝိညာဉ်အုပ်စုမှ နာမည်ကြီး တပည့်များမှာ ဆက်လက် တန်းစီနေကြဆဲပင်။
၎င်းနောက်တွင် လူတိုင်း ထိတ်လန့်သွားစေမည့် မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။
သားရဲဝိညာဉ်အုပ်စုမှ တပည့်ပေါင်း သောင်းနှင့်ချီမှာ ထိုလူထောင်ပေါင်းများစွာ၏ အနောက်သို့ တဖြည်းဖြည်းချင်း ရွေ့လျားလာပြီး စနစ်တကျ တန်းစီလိုက်ကြခြင်း ဖြစ်၏။ သားရဲဝိညာဉ်အုပ်စုဝင် တပည့်အားလုံးမှာ မုမုန့်ဂျီကို စိန်ခေါ်ရန် နေရာ မလောက်မှန်း သိသော်လည်း ဤသို့ လုပ်ဆောင်ခြင်းမှာ သူတို့အားလုံး မုမုန့်ဂျီကို သတ်ချင်နေသည့် ဆုံးဖြတ်ချက်ကို လူတိုင်း သိအောင် ပြသလိုက်ခြင်းပင် ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်စိမ်းအဆောက်အဦးပေါ်ရှိ သားရဲဝိညာဉ်ပိုင်ရှင်၏ မျက်နှာပေါ်တွင် ကျေနပ်ရိပ် နှင့်အတူ သက်သာရာရသွားသည့် အမူအရာများ ပေါ်လာတော့သည်။
ပြတ်သားသော တိုက်ပွဲကြီးမှာ စတင်တော့မည် ဖြစ်ရာ ရှန်စုပင်း၏ အမိန့်ကိုသာ စောင့်ဆိုင်းနေကြတော့လေသည်။
အခန်း ၃၈၀ ပြီး