"ဒါဆို ဘယ်လို နာမည်ပေးဖို့ ဆုံးဖြတ်လိုက်လဲ..." ရွှီခုန်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"အသက်စွမ်းအင်ကို သုံးတဲ့ ပုံစံကို 'ကျောက်ဖြိုလက်သီး - ပထမပုံစံ - ရိုက်ခတ်ခြင်း' လို့ ပေးမယ်...
စိတ်ဝိညာဥ်ချီကို သုံးတဲ့ ပုံစံကို 'ကျောက်ဖြိုလက်သီး - ဒုတိယပုံစံ - ဖောက်ထွင်းခြင်း' လို့ ပေးမယ်...
နောက်ဆုံး နှစ်ခုလုံး ပေါင်းစပ်သုံးတဲ့ ပုံစံကိုတော့ 'ကျောက်ဖြိုလက်သီး - တတိယပုံစံ - ဖျက်ဆီးခြင်း' လို့ ပေးမယ်...
အဲဒါတွေက ကျွန်တော် ဆုံးဖြတ်လိုက်တဲ့ နာမည်တွေပဲ..." လင်းမူ ဖြေလိုက်၏။
လင်းမူ၏ စကားများကို ကြားပြီးနောက် ရွှီခုန်း ကျေနပ်သွားပြီး နာမည်များမှာ သင့်လျော်ကာ အပြစ်ရှာစရာ မရှိကြောင်း တွေ့ရှိလိုက်ရသည်။ နောက်ဆုံးတွင် ယင်းတို့သည် နာမည်များသာ ဖြစ်ပြီး သိုင်းကွက်ကိုယ်တိုင်အပေါ် အမှန်တကယ် သက်ရောက်မှု ရှိမည် မဟုတ်ချေ။ ထို့ကြောင့် လင်းမူ အခြား နာမည်တစ်ခုခု ပေးခဲ့လျှင်တောင် သူ ဂရုစိုက်မည် မဟုတ်ပါချေ။
"ကောင်းတယ်..." ရွှီခုန်း ချီးကျူးလိုက်၏။
"ကျွန်တော်လည်း အဲဒီလို ထင်ပါတယ် စီနီယာ..." လင်းမူ သူ့နာမည်ပေးစွမ်းရည်ကို ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။
ထို့နောက် လင်းမူ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်ပြီး တစ်စုံတစ်ယောက် လာတွေ့သွားမည် စိုးသဖြင့် ထွက်ခွာသင့်ပြီဟု ခံစားလိုက်ရ၏။ သူ့အတွက် ကြီးမားသော ပြဿနာ မဟုတ်သော်လည်း အခြားသူများကို ရှင်းပြရသည်မှာ အလုပ်ရှုပ်လွန်းလှပေသည်။
ထိုသို့ တွေးပြီးနောက် သူ ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။
"အင်း... အခု နေ့တာ ပိုရှည်လာတော့မယ်... နေ့အလင်းရောင် ပိုရလာတော့မှာပဲ..." လင်းမူ အတော်လေး ရှင်းလင်းနေသော ကောင်းကင်ကို မော့ကြည့်ရင်း ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
ဆောင်းရာသီ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး နှင်းများလည်း ရပ်တန့်သွားလေပြီ။ လင်းမူ လောလောဆယ် နှင်းများကို မြင်တွေ့နိုင်သော တစ်ခုတည်းသော နေရာမှာ အဝေးရှိ မြောက်ပိုင်း တောင်ထိပ်များနှင့် သစ်တော၏ အတွင်းပိုင်းများတွင်သာ ဖြစ်ပေသည်။ လောလောဆယ် အေးနေဆဲ ဖြစ်သော်လည်း ယခင်ကလောက် မချမ်းစိမ့်တော့ချေ။
မကြာမီ တောင်သူလယ်သမားများ စိုက်ပျိုးရေး စတင်ကြတော့မည် ဖြစ်ပြီး နွေဦးရာသီအတွက် ပြင်ဆင်ကြတော့မည် ဖြစ်သည်။ ဝူလင်မြို့၏ ပတ်လည်မြို့ငယ် လေးမြို့ အနက် အရှေ့ပိုင်းမြို့ တစ်ခုတည်းသာ စိုက်ပျိုးရေးတွင် အထူးပြုပြီး စပါး အများဆုံး ထုတ်လုပ်လေသည်။
တောင်ပိုင်းမြို့မှာ အများအားဖြင့် စစ်တပ်အခြေစိုက် စခန်းဖြစ်သော်လည်း မြေကွက်ငယ်လေးများတွင် စပါးစိုက်ပျိုးသော တောင်သူလယ်သမား အချို့ ရှိသေး၏။ သိပ်မများသော်လည်း မြို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်ပေသည်။ သို့သော် အရှေ့ပိုင်းမြို့ အနေဖြင့်မူ အတော် ပိုမို များပြားသော ပမာဏကို စိုက်ပျိုးကြသည်။ ယင်း၏ ကိုးဆယ့်ငါးရာခိုင်နှုန်းခန့်ကို အခြား မြို့များနှင့် ဝူလင်မြို့သို့ တင်ပို့ပြီး ကျန်အနည်းငယ်ကို အခြား ဒေသများသို့ တင်ပို့ကြပေသည်။
"ဒီတစ်ခါ မုဆိုးတွေ နွေဦး အမဲလိုက်ပွဲ ကျင်းပကြဦးမလား မသိဘူး..." လင်းမူ လမ်းလျှောက်ရင်း ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
"နွေဦး အမဲလိုက်ပွဲ ဟုတ်လား..." ရွှီခုန်း စိတ်ဝင်တစား မေးလိုက်သည်။
"အာ ဟုတ်ကဲ့ စီနီယာ... စိုက်ပျိုးရေး မစခင် မုဆိုးတွေက ဆောင်းတွင်းက ကျန်နေတဲ့ သားရဲတွေကို လျှော့ချဖို့ အမဲလိုက်ပွဲကြီး တစ်ခု ကျင်းပလေ့ရှိတယ်... ဒါက တောင်သူလယ်သမားတွေကို သားရဲ တိုက်ခိုက်မှုတွေ စိတ်ပူစရာ မလိုဘဲ စိုက်ပျိုးနိုင်စေသလို မုဆိုးတွေကိုလည်း ဆောင်းတွင်းအပြီးမှာ ငွေကြေး အတော်အတန် ရရှိစေတယ်လေ..." လင်းမူ ဖြေလိုက်၏။
"ဒါ အကြောင်းသင့်ပါတယ်... ဒါပေမဲ့ ဘာလို့ မသေချာ ဖြစ်နေရတာလဲ..." ရွှီခုန်း မေးလိုက်၏။
"အခု သစ်တောထဲမှာ ကြေးစားတွေ အမဲလိုက်နေကြတော့ မုဆိုးတွေ အမဲလိုက်ဖို့ အခွင့်အရေး ရပါဦးမလားလို့ တွေးနေမိလို့ပါ..." လင်းမူ ပြန်ဖြေလိုက်၏။
"အင်း... မြို့သူမြို့သားတွေအတွက်တော့ နည်းနည်း စိုးရိမ်စရာ ဖြစ်နိုင်ပေမယ့် မင်းအတွက်တော့ အရေးမကြီးတော့ပါဘူး... မင်းက သာမန်လူ မဟုတ်တော့ဘူးလေ..." ရွှီခုန်း တည်ငြိမ်သော လေသံဖြင့် ဝင်ပြောလိုက်၏။
စီနီယာ ရွှီခုန်း၏ စကားများကို ကြားပြီးနောက် လင်းမူ ထူးဆန်းသော အချက်တစ်ခုကို နားလည်သွားသည်။ ထိုအချိန်တစ်လျှောက်လုံး သူ ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့သော်လည်း သာမန်လူ တစ်ဦး၏ ရှုထောင့်မှ တွေးတောနေဆဲ ဖြစ်ပြီး သူ့အတွက် အရေးမကြီးတော့သော ကိစ္စများကို မသိစိတ်အရ တွေးတောပူပန်နေမိကြောင်း သတိပြုမိလိုက်၏။
"ကျွန်တော် ကိုယ့်အဆင့်အတန်းနဲ့ ကိုယ် အပြည့်အဝ အသားမကျသေးဘူး ထင်တယ်..." လင်းမူ အနည်းငယ် ရှက်ရွံ့သော လေသံဖြင့် ပြောလိုက်၏။
"မပူပါနဲ့... မကြာခင် အသားကျသွားမှာပါ... လွတ်လပ်တဲ့ ကျင့်ကြံသူတွေက ဂိုဏ်းဝင်တဲ့ ကျင့်ကြံသူတွေနဲ့ ယှဉ်ရင် သူတို့ရဲ့ အဆင့်အတန်းသစ်ကို လက်ခံဖို့ အခက်အခဲ ရှိတတ်ကြတယ်..." ရွှီခုန်း ရှင်းပြလိုက်၏။
"နားလည်ပါပြီ စီနီယာ..." လင်းမူ အပြုံးယဲ့ယဲ့ဖြင့် ပြန်ဖြေလိုက်သည်။
သို့သော် သူ ထိုသို့ ပြောလိုက်စဉ်မှာပင် သူ့ကို ရပ်တန့်သွားစေသည့် အနံ့တစ်ခုကို ရလိုက်၏။
'ဟင်... မီးခိုးနံ့လား... အနီးအနားမှာ လူရှိနေတာလား...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်ပြီး သစ်ပင်တစ်ပင်၏ ထိပ်သို့ လျှပ်ခုန်ကူး စွမ်းရည်ဖြင့် ရောက်ရှိသွားသည်။
ထို့နောက် သူ ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ရာ သူ့အနီးရှိ နေရာတစ်ခုမှ မီးခိုးများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရ၏။
"ဒါ ထူးဆန်းတယ်... မုဆိုးတွေ သစ်တောထဲ ဒီလောက်အထိ မလာကြဘူး... အနည်းဆုံးတော့ အခုအချိန်မှာ မလာဘူး... စောလွန်းသေးတယ်... ကြေးစားတွေများလား... မဟုတ်ဘူး... သူတို့က သစ်တောရဲ့ အတွင်းပိုင်း နက်နက်မှာ ရှိနေရမှာ... ဒီနေရာမှာ ဝိညာဥ်သားရဲ သိပ်မတွေ့ရဘူးလေ..." လင်းမူ ခွဲခြမ်းစိတ်ဖြာလိုက်၏။
"မင်း သွားကြည့်လိုက်ပါလား..." ရွှီခုန်း အကြံပြုလိုက်သည်။
လင်းမူ တုံ့ပြန်သည့်အနေဖြင့် ညည်းတွားလိုက်ပြီး မီးခိုးထွက်နေသော ဘက်သို့ ဦးတည်သွားလိုက်၏။ မိနစ်အနည်းငယ် အကြာတွင် ထိုနေရာသို့ ချဉ်းကပ်လာစဉ် ကွဲပြားခြားနားသော အနံ့တစ်ခုကို သူ ရလိုက်သည်။
"တစ်ယောက်ယောက် တစ်ခုခု ချက်နေတာလား... ဒါက ဘာလဲ... ငါးနံ့လား..." လင်းမူ ပိုမို နီးကပ်လာစဉ် ရေရွတ်လိုက်၏။
မကြာမီ လင်းမူ မီးခိုးထွက်နေသော နေရာသို့ ရောက်ရှိသွားပြီး မြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့သြသွားမိသည်။
"ဘာကြီးလဲ..." သူ အံ့သြတကြီး ရေရွတ်လိုက်၏။
လင်းမူရှေ့တွင် သစ်ကိုင်းများနှင့် သစ်ရွက်ခြောက်များ စုပုံလောင်ကျွမ်းနေပြီး အချိန်မရွေး ငြိမ်းသွားတော့မည့်ပုံ ပေါက်နေသည်။ ၎င်းတို့ကို အစီအစဉ်မကျစွာ ပုံထားပြီး မီးမွှေးသူက မီးမွှေးဖူးသည့် အတွေ့အကြုံ မရှိကြောင်း ထင်ရှားလှပေသည်။
သို့သော် ယင်းက အံ့သြစရာ အကောင်းဆုံး အရာ မဟုတ်ပေ။ အံ့သြစရာ အကောင်းဆုံး အရာမှာ မီးခဲလေးများ အထက်တွင် ချက်ပြုတ်ထားသော ငါးပင် ဖြစ်ပေသည်။ ငါးကို တုတ်ချောင်းတစ်ခုဖြင့် ထိုးထားပြီး မီးအထက် အလွန်နိမ့်သော ထောင့်တွင် ကင်ထားခြင်း ဖြစ်၏။ သို့သော် ယင်းသည် ခြုံပုတ်တစ်ခု သို့မဟုတ် ခြုံပုတ်နောက်ကွယ်တွင် ပုန်းကွယ်နေသော အရာတစ်ခုခုနှင့် ဆက်စပ်နေပုံ ရသော်လည်း လင်းမူ ထိုထောင့်မှ မမြင်ရချေ။
"အဲဒါ ဘာလဲ... တစ်ယောက်ယောက် စခန်းချပြီး ထွက်သွားတာလား..." လင်းမူ တွေးတောရင်း အနီးသို့ လျှောက်သွားလိုက်၏။
ငါးကို ထိုးထားသော တုတ်ချောင်းက ဘာကြောင့်မှန်းမသိ တုန်ခါနေသည်ကို သူ တွေ့လိုက်ရသည်။ သို့သော် သူ ဘေးသို့ လှည့်ပြီး ခြုံပုတ်နောက်ကွယ်တွင် ပုန်းနေသော အရာကို မြင်လိုက်ရသည့်အခါ အလွန်အမင်း အံ့သြသွားတော့သည်။
"ခြုံပုတ်တောကြောင်ညို... သူက... ဟင်းချက်နေတာလား..."
အခန်း ၂၄၄ ပြီး
***