ရက်သတ္တပတ်များစွာ အကြာတွင် တရားခံများနှင့် ပတ်သက်သော သဲလွန်စတစ်ခုကို နောက်ဆုံး၌ ရှာတွေ့လိမ့်မည်ဟု လင်းမူ မထင်မှတ်ထားခဲ့ချေ။ ထိုမျှသာမက ကြည့်ရသလောက် ထိုလူများက တရားခံများ၏ အဖွဲ့အစည်းမှ ဖြစ်ပုံရပေသည်။
“ဒါဆို အများကြီး ပိုလွယ်သွားမှာပဲ... အခု ငါ လုပ်ရမှာက သူတို့ ကိုယ့်ကိုယ်ကိုယ် မသတ်သေခင် ဖမ်းဆီးဖို့ပဲ..." လင်းမူ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
ယခင်က ဖမ်းဆီးရမိသူများက သတင်းအချက်အလက်များ ပေါက်ကြားမည်ကို စိုးရိမ်သဖြင့် ဖမ်းဆီးခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြမှန်း လင်းမူ သိထားပေသည်။ ထို့ကြောင့် ယခု သူတို့ မတုံ့ပြန်နိုင်မီ သို့မဟုတ် တစ်ခုခု မလုပ်ဆောင်နိုင်မီ အလျင်အမြန် လှုပ်ရှားပြီး သူတို့ကို အစွမ်းမဲ့သွားအောင် လုပ်ဆောင်ရမည် ဖြစ်၏။
လင်းမူ ထိုင်နေသော ခုံတန်းမှ မတ်တတ်ရပ်ပြီး စိတ်ဝိညာဥ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အမြန် စစ်ဆေးလိုက်ကာ သူတို့ ထွက်ပြေးနိုင်မည့် လမ်းကြောင်း အားလုံးကို သေချာ ဆန်းစစ်လိုက်သည်။
'သူတို့ အရင်က စိတ်ဝိညာဥ်အာရုံကို ကြုံဖူးရင် သတိထားမိသွားနိုင်တယ်... ဒါကြောင့် စိတ်ဝိညာဥ်အာရုံနဲ့ စစ်ဆေးပြီးတာနဲ့ ချက်ချင်း တိုက်ခိုက်ရမယ်...' လင်းမူ လမ်းကြားဆီသို့ ချဉ်းကပ်သွားရင်း ကိုယ့်ဘာသာ တွေးလိုက်၏။
သူ အပေါ်သို့ မော့ကြည့်ပြီး လမ်းကြားနှင့် ဆက်နေသော အိမ်တစ်လုံး၏ ခေါင်မိုးပေါ်သို့ လျှပ်ခုန်ကူး စွမ်းရည်ဖြင့် ရောက်ရှိသွားသည်။ ယခု သူက ထိုလူသုံးဦး၏ အပေါ်တည့်တည့်တွင် ရောက်နေပြီး အလွယ်တကူ တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းမှာ ချီစုဆောင်းခြင်း အစောပိုင်း အဆင့်တွင်သာ ရှိကြောင်း တွေ့ရှိရပြီးနောက် သူ ထိုအတိုင်းပင် လုပ်ဆောင်လိုက်၏။
လင်းမူ ထိုနေရာမှနေ၍ လူတစ်ယောက်အပေါ်သို့ ခုန်ချလိုက်ပြီး အောက်သို့ ရောက်သည်နှင့် အခြားတစ်ယောက်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ ထိုလူနှစ်ယောက်မှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သတိလစ်ကာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ တတိယလူမှာမူ ယခုအချိန်အထိ သူနှင့် စကားပြောနေသော အဖော်များ ချက်ချင်း လဲကျသွားသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွား၏။
သို့သော် သူ၏ အံ့သြတုန်လှုပ်မှုမှာ ခဏတာသာ ကြာမြင့်ပြီး သူ့အခြေအနေ၏ ဆိုးရွားမှုကို ချက်ချင်း သဘောပေါက်သွားသည်။ သူ လင်းမူဘက်သို့ပင် လှည့်မကြည့်တော့ဘဲ လက်စွပ်ထဲမှ တစ်ခုခုကို ဆွဲထုတ်ရင်း ချက်ချင်း စတင် ထွက်ပြေးတော့သည်။
လင်းမူ အစကတည်းက သူ့ကို စိတ်ဝိညာဥ်အာရုံဖြင့် ပစ်မှတ်ထားပြီး ဖြစ်ရာ သူ ဘာလုပ်ဖို့ ကြိုးစားနေသလဲ ဆိုတာကို သိနေပေသည်။
"ဟဟ... မရပါဘူး..." လင်းမူ ပြောဆိုပြီး လက်ဝှေ့ယမ်းလိုက်၏။
ဝှစ်
ဖျန်း
"အား..." တတိယလူ နာကျင်စွာ အော်ဟစ်လိုက်ပြီး လမ်းကြား ကြမ်းပြင်ပေါ်သို့ သွေးများ ပန်းကျသွားတော့သည်။
သူ့အော်သံမှာ အလွန် ကျယ်လောင်သဖြင့် အံ့သြသွားသော လူများ၏ အာရုံကို ဆွဲဆောင်သွား၏။ အချို့က တိုက်ရိုက် ချောင်းကြည့်လိုက်ရာ သွေးထွက်သံယို မြင်ကွင်းကို တွေ့လိုက်ရသည်။ လင်းမူက ခေါင်းမှ သွေးထွက်နေသော လူနှစ်ယောက်အပေါ်တွင် ရပ်နေပြီး တတိယလူမှာမူ ညာလက် ပြတ်ထွက်နေကာ ခြေထောက်နှစ်ဖက်စလုံး ပြတ်တောက်လျက် အနည်းငယ် ဝေးသော နေရာတွင် လဲကျနေပေသည်။
လင်းမူ အဆိပ်ပါသော ထိုလူ၏ လက်ကို ဖြတ်တောက်ရန် ဓားတိုကို အသုံးပြုခဲ့ပြီးနောက် ထွက်မပြေးနိုင်စေရန် ခြေထောက်များကိုပါ ဖြတ်တောက်လိုက်ခြင်း ဖြစ်ပေသည်။
ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရသော လူများ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။
"အစောင့်တွေ... လူသတ်မှု..."
"ဒီမှာ လူသတ်သမား ရှိတယ်... ပြေးကြ..."
လင်းမူ လူများ၏ အော်ဟစ်သံများကို ဂရုမစိုက်ဘဲ ခြေလက်ပြတ်နေသော လူထံသို့ လျှောက်သွားလိုက်၏။ ထိုလူမှာ ယခု နာကျင်စွာ ငိုကြွေးနေပြီး မျက်နှာတစ်ခုလုံး နှပ်ရည်များနှင့် မျက်ရည်များ ပေကျံနေသည်။ သူ့အပေါ်တွင် အရိပ်တစ်ခု လွှမ်းမိုးလာသည်ကို မြင်လိုက်ရပြီး ရင်ဘတ်ဖြင့် လဲလျောင်းနေရာမှ ခက်ခက်ခဲခဲ မော့ကြည့်လိုက်၏။
"ဘာ... ဘာလို့လဲ..." ထိုလူ ရေရွတ်လိုက်သည်။
"ငါတို့ အဖြေတချို့ မရခင် မင်း ထွက်ပြေးတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး အဖြစ်ခံလို့ မရဘူးလေ..." လင်းမူ အေးစက်သော လေသံဖြင့် ဖြေလိုက်၏။
ယခုအချိန်တွင် လူများ၏ အော်ဟစ်သံများကို ကြားပြီး အစောင့်များ လမ်းကြားသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ပြီးခဲ့သည့် အဖြစ်အပျက်များ နောက်ပိုင်းတွင် သူတို့၏ အရေအတွက်ကို တိုးမြှင့်ထားသဖြင့် ထောင့်တိုင်းတွင် အစောင့်အချို့ ချထားလေသည်။ အစောင့်များ လက်နက်များကို ဆွဲထုတ်ထားပြီး လမ်းကြားသို့ ချဉ်းကပ်လာစဉ် လှုပ်ရှားရန် အသင့်ပြင်ထားကြ၏။
"ရပ်စမ်း... မင်းကို ဖမ်းဆီးလိုက်ပြီ..." အစောင့်တစ်ဦးက လင်းမူကို စူးရှသော အကြည့်ဖြင့် ကြည့်ရင်း အော်ဟစ်လိုက်သည်။
လင်းမူ အစောင့်များဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့၏ မျက်နှာထားများ ပျက်ယွင်းသွားကြ၏။
"စီ... စီနီယာ... စီနီယာ လင်းမူ..." အစောင့်များ အံ့သြတကြီး ရေရွတ်လိုက်ကြသည်။
လင်းမူ သူတို့ကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်ပြီး ပြောလိုက်၏။ "ဒီလူသုံးယောက်ကို ဖမ်းထားလိုက်... သူတို့က 'သူတို့' အဖွဲ့ထဲကပဲ..."
ဂလု
အစောင့်များ ကြောက်ရွံ့မှုကို ဖိနှိပ်ရန် ကြိုးစားရင်း တံတွေးမြိုချလိုက်ကြ၏။ အစောင့်နှစ်ဦးမှာ ဟွေ တပ်မဟာ အဖွဲ့ဝင်များ ဖြစ်ကြသဖြင့် လင်းမူ ဘာပြောနေမှန်း အတိအကျ သိကြသည်။ သူတို့က အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသော အစောင့်အဖွဲ့ထဲတွင် အတည်ငြိမ်ဆုံး သူများလည်း ဖြစ်ကြပေသည်။
အခြား အစောင့်များ လက်နက် မချသေးဘဲ လင်းမူကို ချိန်ရွယ်ထားဆဲ ဖြစ်ကြောင်း သူတို့ တွေ့လိုက်ရ၏။ လင်းမူနှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်က ကြောက်မက်ဖွယ် မှတ်ဉာဏ်တစ်ခု သူတို့စိတ်ထဲတွင် ပြန်လည် ပေါ်လာတော့သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ... လက်နက်တွေ ချလိုက်စမ်း..." တစ်ယောက်က အော်ဟစ်လိုက်ပြီး အခြားတစ်ယောက်က လင်းမူထံ ချဉ်းကပ်သွား၏။
"ကျွန်တော်တို့ ချက်ချင်း လုပ်ဆောင်လိုက်ပါ့မယ် စီနီယာ... စိတ်မပူပါနဲ့..." ဒုတိယ အစောင့်က ပြောလိုက်သည်။
"အင်း... သူတို့ကို ဘယ်ခေါ်သွားရမလဲ ဆိုတာ ခင်ဗျားတို့ သိပါတယ်... တစ်ခုခု သိရရင် နောက်မှ ကျုပ်ကို အသိပေးပါ... ကျုပ် သစ်တောထဲ ခဏ သွားလိုက်ဦးမယ်..." လင်းမူ ပြန်ဖြေလိုက်၏။
"အမိန့်အတိုင်းပါ..." ထိုလူ ပြန်ဖြေလိုက်သည်။
လင်းမူ ခြေတစ်လှမ်း လှမ်းလိုက်စဉ် ရပ်တန့်သွားပြီး ထိုလူဘက်သို့ ပြန်လှည့်လိုက်၏။
"သူတို့က အရှေ့ပိုင်းမြို့မှာ သူတို့လူတွေ ပိုများလာပြီး ယဇ်ပူဇော်ရမယ့် အလုပ်တွေ အဲဒီကို ပြောင်းသွားတယ်လို့ ပြောနေကြတယ်... ဒါကို ဟွေပေါင်ကို သွားပြောလိုက်..." လင်းမူ ထပ်ဖြည့်ပြောလိုက်ပြီး လူတိုင်း၏ အကြည့်များအောက်တွင် လမ်းကြားထဲမှ ထွက်ခွာသွားတော့သည်။
လင်းမူ သူတို့အနီးသို့ ရောက်လာသောအခါ လူများ ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားကြပြီး လမ်းဖယ်ပေးကြ၏။ လင်းမူ မြို့ထဲတွင် ဩဇာလွှမ်းမိုးမှု ရှိသူ တစ်ဦး ဖြစ်လာသော်လည်း လူတိုင်း မသိကြသေးသလို သိသူများကလည်း နာမည်သာ သိပြီး ရုပ်ရည်ကို မသိကြချေ။
သို့သော် လူတစ်ယောက်ကို ခြေလက်ဖြတ်တောက်ပြီး သေလုနီးပါး ဖြစ်အောင် လုပ်လိုက်သည်ကို မြင်တွေ့ရခြင်းက ထိုလူများအတွက် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်ပေသည်။ သားရဲများ လူကို သတ်ဖြတ်သည်ကို သူတို့ အသားကျနေသော်လည်း လူအချင်းချင်း သတ်ဖြတ်သည်ကိုမူ အနည်းဆုံးတော့ ထိုမျှ ပေါ်ပေါ်ထင်ထင် မမြင်ဖူးကြချေ။ ဓားပြများ လူသတ်သည်ကို ကြားဖူးသော်လည်း ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ရသည်မှာ လုံးဝ ကွဲပြားခြားနားလှပေသည်။
လင်းမူ သူတို့၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး အတွင်းစိတ်တွင် အနည်းငယ် အံ့သြသွားမိ၏။
"ဒါက လောကကြီးရဲ့ အမှန်တရားပဲ... ကြောက်ရွံ့မှုက လေးစားမှုထက် အများကြီး ပိုစွမ်းအားကြီးတတ်တယ်... ပြီးတော့ ကျင့်ကြံသူ တစ်ယောက်အတွက် ရွေးချယ်စရာ ရှိရင် လေးစားခံရတာထက် ကြောက်ရွံ့ခံရတာက ပိုကောင်းတယ်..." ရွှီခုန်း ရုတ်တရက် ဝင်ပြောလိုက်သည်။
အခန်း ၂၄၈ ပြီး
***