လင်းမူ သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေပြီး သူ့ဘေးတွင် မီးပုံတစ်ခု လောင်ကျွမ်းနေ၏။ မီးပုံပေါ်တွင် သားရဲတစ်ကောင်ကို ကင်နေသော်လည်း လင်းမူ၏ အာရုံက အခြား တစ်ခုခုပေါ်တွင် ရောက်ရှိနေသည်။
သူ မျက်လုံးမှိတ်ထားပြီး စီနီယာ ရွှီခုန်း ပြောခဲ့သော စကားများကို တွေးတောနေမိ၏။ ထိုစကားများက သူ့ကို ညှို့ယူဖမ်းစားထားသကဲ့သို့ ဖြစ်နေပြီး သူ့စိတ်ထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေပေသည်။
"ကြောက်ရွံ့မှုပဲ ဖြစ်ဖြစ် လေးစားမှုပဲ ဖြစ်ဖြစ် အားလုံးက ခွန်အားကနေ မြစ်ဖျားခံတာပဲ... အဲဒါက အခု ငါ လိုအပ်နေတဲ့ အရာပဲ..." လင်းမူ ရေရွတ်လိုက်၏။
ရွှီခုန်းက လောလောဆယ် ကျင့်ကြံခြင်းတွင် အာရုံနစ်မြောနေပြီး လင်းမူ ဘာပြောလိုက်မှန်း သတိမထားမိလိုက်ချေ။ သို့သော် ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခုကို ခံစားလိုက်ရသဖြင့် သူ လန့်ပြီး သတိဝင်လာ၏။ သူ့ခန္ဓာကိုယ် တုန်ရီသွားပြီး ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားမိသည်။
"အဲဒါ ဘာကြီးလဲ..." ရွှီခုန်း အဝေးရှိ တောက်ပနေသော ယဇ်ပလ္လင်ကို ကြည့်ရင်း ရေရွတ်လိုက်၏။
သူ ခံစားလိုက်ရသော ကြောက်မက်ဖွယ် ခံစားချက်မှာ အလျင်အမြန် ပျောက်ကွယ်သွားပြီး ယင်း၏ အရင်းအမြစ်ကို ရှာမတွေ့ခဲ့ချေ။ သို့သော် ယခင်က ဖြစ်ရပ်များကို ထည့်သွင်းစဉ်းစားလျှင် ယဇ်ပလ္လင်က အရင်းအမြစ် ဖြစ်နိုင်ကြောင်း သူ ကောင်းကောင်း ခန့်မှန်းနိုင်ပေသည်။
ရွှီခုန်း တောက်ပနေသော ယဇ်ပလ္လင်ဆီသို့ ပျံသန်းသွားပြီး စူးစိုက်ကြည့်ရှုလိုက်သော်လည်း မည်သည့် ပြောင်းလဲမှုကိုမျှ မတွေ့ရချေ။
'ငါ စိတ်ထင်သွားတာလား... ဒါမှမဟုတ် နိမိတ်ပြတာလား...' ရွှီခုန်း ကိုယ့်ဘာသာ တွေးလိုက်ပြီး မျက်လုံးမှိတ်ကာ တစ်မိနစ်ခန့် သူ့ကိုယ်သူ အာရုံစိုက်လိုက်ပြီးနောက် မျက်လုံး ပြန်ဖွင့်လိုက်၏။
"ဆက်သွယ်မှုက အရင်အတိုင်းပဲ... ဒါဆို နိမိတ်ပြတာပေါ့... အင်း... ငါ ပိုပြီး အနီးကပ် စောင့်ကြည့်ဖို့ လိုပြီ..."
"အဲဒီ ခံစားချက်က... အရင်က တစ်ခါမှ မခံစားဖူးဘူး... မိစ္ဆာလမ်းစဉ်လား... မဟုတ်ဘူး... ဒါက... အများကြီး ပိုဆိုးတယ်..." ရွှီခုန်း ပိုမို စိုးရိမ်ပူပန်လာရင်း ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
လင်းမူ ထိုအရာများကို လုံးဝ မသိရှိဘဲ ယခု မျက်လုံးဖွင့်လိုက်ပြီ ဖြစ်သည်။ သူ့စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ထားပြီး သားရဲများကို စောင့်ကြည့်နေ၏။ သူ သစ်တောထဲ ရောက်နေသည်မှာ နှစ်နာရီခန့် ရှိပြီ ဖြစ်ပြီး သားရဲ အနည်းငယ်ကို လက်ရှိ နေရာသို့ မြှူဆွယ်နိုင်လိုက်ပေသည်။
သို့သော် သူ ရှာနေသော သားရဲ မဟုတ်ချေ။ လင်းမူ ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားပြီး သူ့ထံ ချဉ်းကပ်လာသော သားရဲများကို သတ်ဖြတ်ရာတွင် သွေးမထွက်စေရန် သေချာ လုပ်ဆောင်ထားသော်လည်း ထိုအရာက လွယ်ကူမည် မဟုတ်ကြောင်း မျှော်လင့်ထားပြီး ဖြစ်ပေသည်။
'နေရာပြောင်းဖို့ လိုမလား မသိဘူး...' လင်းမူ ကိုယ့်ဘာသာ တွေးလိုက်၏။
ဝှစ်
လင်းမူ လက်လျှော့ရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ ခြုံပုတ်တစ်ခု လှုပ်ရှားသွားသဖြင့် သတိဝင်လာသည်။ သူ့စိတ်ဝိညာဉ်အာရုံ ထိုနေရာသို့ ရောက်ရှိသွားပြီး သားရဲ ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်၏။ သူ ခြုံပုတ်တောကြောင်ညိုကို မတော်တဆ မသတ်မိစေရန် ပေါ်လာမည့် သားရဲမှာ မှန်ကန်ကြောင်း သေချာစေရမည် ဖြစ်ပေသည်။
မကြာမီ သားရဲ ထွက်ပေါ်လာပြီး လင်းမူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
'ရောက်လာပြီပဲ...' လင်းမူ မလှုပ်မယှက် နေရင်း တွေးလိုက်သည်။
သားရဲ မည်မျှ သတ္တိကြောင်ကြောင်း သူ မြင်တွေ့ထားပြီး ဖြစ်၍ မလန့်သွားစေလိုပေ။ ယခင်က တွေ့ဆုံခဲ့တိုင်း ထွက်ပြေးသွားခဲ့ပြီး သူ ချက်ပြုတ်နေစဉ် မလှုပ်မယှက် နေမှသာ အနီးသို့ ချဉ်းကပ်လာခဲ့ခြင်း ဖြစ်သည်။
"စီနီယာ... သူ ရောက်လာပြီ..." လင်းမူ စိတ်ထဲမှ ပြောလိုက်၏။
ထိုနိမိတ်ပြမှုအတွက် ဖြစ်နိုင်ချေ အားလုံးကို စဉ်းစားနေသော ရွှီခုန်း နောက်ဆုံးတွင် အတွေးထဲမှ ရုန်းထွက်လာသည်။ သူ ဦးစွာ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တည်ငြိမ်အောင် လုပ်လိုက်ပြီးမှ စကားပြောလိုက်၏။ သူ့စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသပါက အကျိုးမရှိကြောင်း သိထားပြီး လင်းမူကို မထိခိုက်စေလိုပေ။
"ဪ... ခြုံပုတ်တောကြောင်ညို ရောက်လာပြီလား... ကောင်းတယ်... အခု အာရုံစိုက်ပြီး သူ့ကို အနားကပ်လာခွင့် ပြုလိုက်... လုံလောက်အောင် နီးကပ်လာရင် ငါ ပြောမယ်... အဲဒီကျမှ မင်းရဲ့ စိတ်ဝိညာဉ်အာရုံကို သုံးရမယ်... နားလည်လား..." ရွှီခုန်း ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ စီနီယာ..." လင်းမူ ပြန်ဖြေလိုက်သည်။
ခြုံပုတ်တောကြောင်ညို ခြုံပုတ်ထဲမှ ခေါင်းပြူထွက်လာပြီး လင်းမူကို ခဏတာ ကြည့်ပြီးနောက် ပြန်ဝင်သွား၏။ မနေ့က လုပ်ခဲ့သည့်အတိုင်း ထပ်ခါတလဲလဲ ပြုလုပ်ပြီး ချဉ်းကပ်ရန် အဆင်ပြေသည်အထိ ထောင့်ပေါင်းစုံမှ ချောင်းကြည့်နေသည်။
လှုပ်ရှားမှု မှန်သမျှကို သတိထားနေဆဲ ဖြစ်ပြီး တင်းမာနေပုံ ရကာ တဖြည်းဖြည်း ချဉ်းကပ်လာ၏။ နောက်ဆုံးတွင် မီးပုံအနီးသို့ ရောက်ရှိလာပြီး ရှေ့တွင် ရပ်လိုက်သည်။ ခြုံပုတ်တောကြောင်ညို ရပ်တန့်သွားပြီး သားရဲငယ်လေး မလန့်သွားစေရန် မျက်လုံးမှိတ်ထားသော လင်းမူကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေ၏။
သို့တိုင်အောင် သူ အရာအားလုံးကို စိတ်ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်နေပြီး သားရဲ၏ တုံ့ပြန်မှုတိုင်းကို ကြည့်ရှုကာ စီနီယာ ရွှီခုန်း အချက်ပြမည့် အချိန်ကို စောင့်ဆိုင်းနေသည်။
"အခုပဲ..." ရွှီခုန်း ပြောလိုက်၏။
ချက်ချင်းပင် လင်းမူ၏ စိတ်ဝိညာဉ်အာရုံ ရှေ့သို့ ပစ်ထွက်သွားပြီး ခြုံပုတ်တောကြောင်ညို၏ ခေါင်းထဲသို့ ဝင်ရောက်သွားတော့သည်။
သားရဲငယ်လေး တွန့်ဆုတ်သွားပြီး နောက်တစ်လှမ်း ဆုတ်လိုက်သော်လည်း စိတ်ပိုင်းဆိုင်ရာ ဖိအားပေးခံရသဖြင့် များများစားစား မလှုပ်ရှားနိုင်ချေ။
မြောင်
ခြုံပုတ်တောကြောင်ညို နာကျင်မှုကို သည်းမခံနိုင်တော့ဘဲ မြက်ခင်းပေါ်သို့ လဲကျသွားကာ နာကျင်စွာ ညည်းတွားလိုက်၏။
"ဖိအား လျှော့ချလိုက်... သားရဲအတွက် အရမ်း များလွန်းတယ်..." ရွှီခုန်း အမိန့်ပေးလိုက်၏။
လင်းမူ ချက်ချင်းပင် သူ အသုံးပြုနေသော အင်အားကို လျှော့ချလိုက်ပြီး ပိုမို ညင်သာစွာ ဆက်ဆံလိုက်သည်။ သူ ယခုအချိန်အထိ လူများကို စစ်ဆေးရာတွင် အသားကျနေပြီး စိတ်ဝိညာဉ်အာရုံ၏ အပြည့်အဝ စွမ်းရည်ကို အသုံးပြုခဲ့သဖြင့် သူတို့အပေါ် အမှန်တကယ် သက်ရောက်သော ဖိအား ပမာဏကို သတိမထားမိခဲ့ချေ။
သို့တိုင်အောင် လူသားများက သားရဲများနှင့် ယှဉ်လျှင် စိတ်ပိုင်းဆိုင်ရာ များစွာ ပိုမို သန်မာသဖြင့် အလွယ်တကူ ပြန်လည် နာလန်ထူနိုင်ကြသည်။ အနည်းဆုံးတော့ ချီစုဆောင်းခြင်း အဆင့်နှင့် အောက်ရှိ အားနည်းသော သားရဲများအတွက် ထိုသို့ ဖြစ်ပေသည်။ လင်းမူ၏ စိတ်ဝိညာဉ်အာရုံက ချီစုဆောင်းခြင်း အဆင့် ကျင့်ကြံသူ အများစုထက် အများကြီး ပိုမို သန်မာနေပြီ ဖြစ်ပြီး အမြူတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ယှဉ်နိုင်ပေသည်။
ခြုံပုတ်တောကြောင်ညို နောက်ဆုံးတွင် နာကျင်မှုကြောင့် တုန်ရီနေခြင်း ရပ်တန့်သွားပြီး အနည်းငယ် တည်ငြိမ်လာ၏။
"အခု မင်း ခံစားဖို့ လိုတယ်... သူ့စိတ်ကို၊ သူ့ခံစားချက်တွေကို အာရုံခံကြည့်... သူ့ဆန္ဒတွေနဲ့ ကြောက်ရွံ့မှုတွေကို ခံစားကြည့်..." ရွှီခုန်း လမ်းညွှန်လိုက်၏။
လင်းမူ စိတ်ကို အာရုံစိုက်ပြီး လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်နိုင်မလား ကြိုးစားကြည့်လိုက်သည်။ သို့သော် တစ်မိနစ် ကြာပြီးနောက်တိုင်အောင် မည်သည့် ကွာခြားမှုကိုမျှ မတွေ့ရချေ။ လင်းမူ ခံစားရသမျှမှာ ဟာလာဟင်းလင်း ဖြစ်မှုသာ ဖြစ်ပေသည်။
"ဘာမှ မရှိဘူး စီနီယာ... ဘာမှ မခံစားရဘူး..." လင်းမူ ပြောလိုက်၏။
"အင်း... သားရဲက အရမ်း ကြောက်နေပြီး စိတ်တွေ လွင့်ပါးနေတယ်... မင်းရဲ့ ပထမဆုံး ချဉ်းကပ်မှုက သူ့အတွက် အရမ်း ပြင်းထန်သွားပုံရတယ်... နောက်မှ ပြန်ကြိုးစားကြည့်ဖို့ လိုလိမ့်မယ်..." ရွှီခုန်း ပြန်ဖြေလိုက်၏။
စီနီယာ ရွှီခုန်း၏ စကားကို ကြားပြီးနောက် လင်းမူ အနည်းငယ် စိတ်ပျက်သွားပြီး ထိုမျှ မြန်မြန် လက်မလျှော့ချင်သလို ခံစားလိုက်ရသည်။
"အသုံးမဝင်ဘူး... ဒီအခြေအနေမှာ သားရဲကို ယဉ်ပါးအောင် လုပ်ဖို့က မင်းလို အတွေ့အကြုံ မရှိသေးတဲ့သူ အတွက် မဖြစ်နိုင်သလောက်ပဲ... သူ တည်ငြိမ်သွားတဲ့ အချိန်ကျမှ နောက်တစ်ခါ ပြန်ကြိုးစားတာ ပိုကောင်းလိမ့်မယ်..." ရွှီခုန်း အကြံပေးလိုက်၏။
ရွှီခုန်း၏ စကားကို ကြားပြီးနောက် လင်းမူ၏ ခေါင်းထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာသည်။
သူ အံကြိတ်ပြီး တွေးလိုက်၏။ 'ဒါကို စမ်းကြည့်လိုက်တာ ကောင်းမယ်...'
ဟူး
လင်းမူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် ဖြေလျော့လိုက်၏။ ထို့နောက် နှုတ်ခမ်းကို ဖွင့်ပြီး တိုးညင်းသော အသံဖြင့် တစ်ခုခုကို စတင် ရွတ်ဖတ်လိုက်၏။ ထိုရွတ်ဖတ်သံများက နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်လှပေသည်။ ၎င်းတို့ နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို ခံစားနိုင်သော်လည်း စကားလုံးများ၏ အဓိပ္ပာယ်ကိုမူ နားမလည်နိုင်ချေ။
ထိုသည်မှာ စိတ်နှလုံး ငြိမ်းအေးမန္တာန်မှလွဲ၍ အခြား မဟုတ်ပေ။ ယင်းသည် လင်းမူ ပထမဆုံး ရရှိခဲ့သော မန္တာန် ဖြစ်သော်လည်း သူ အပြည့်အဝ နားမလည်သေးသော မန္တာန်လည်း ဖြစ်ပေသည်။ လင်းမူ နှလုံးသား ဖြတ်တောက်ခြင်း မန္တာန်နှင့် နှလုံးသား လောင်ကျွမ်းခြင်း မန္တာန်တို့ကို ရရှိစဉ်က ၎င်းတို့ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို ကြားခဲ့ရသော်လည်း စိတ်နှလုံး ငြိမ်းအေးမန္တာန် အတွက်မူ နားမလည်ခဲ့ချေ။
လင်းမူ သိသမျှမှာ ယင်း၏ အကျိုးသက်ရောက်မှုများသာ ဖြစ်ပြီး ယခု သူ အားကိုးနေသည်မှာ ထိုအကျိုးသက်ရောက်မှုများပင် ဖြစ်ပေသည်။
အခန်း ၂၄၉ ပြီး
***