“အဲ့ဒါက ဘာလဲ”
“ဝိညာဉ်ဆင့်ကဲပန်းပါ"
လုံယီက ခေတ္တစဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။
“တကယ်လို့ ဝိညာဉ်ဆင့်ကဲပန်း မရှိရင်လည်း မျှော့ကော်ဒါမှမဟုတ် နဂါးပူစီနံဆိုရင်လည်း ရပါတယ်"
ဝိညာဉ်ဆင့်ကဲပန်းသည် ဟွမ်ကျီ အသက်ရှူကျင့်စဉ်ကို မြှင့်တင်ရန်အတွက် အလွန်အရေးကြီးသည်။ မျှော့ကော်ကိုမူ အရေပြားသန့်စင်ခြင်းအတတ်အတွက် အသုံးပြုပြီး နဂါးပူစီနံကိုမူ ထူးကဲယင်ကျင့်စဉ် အတွက် အသုံးပြုသည်။
ဤသုံးမျိုးထဲမှ မည်သည့်အရာမဆို လုံယီ၏ ခွန်အားကို များစွာတိုးတက်စေနိုင်သဖြင့် သူ့အတွက် အရှုံးမရှိပေ။
“မင်း ငါ့အသက်ကို ကယ်ခဲ့တာပဲ ဒါတွေကို ရှာဖွေပေးဖို့ ငါ အသေအချာ ကူညီပါ့မယ်”
ယို့ချင်းယီက အေးစက်စွာ ပြောလိုက်သည်။
သူမသည် လုံယီ၏ ကျေးဇူးကို အမြန်ဆုံးဆပ်ပြီး ပတ်သက်မှုအားလုံးကို ရှင်းလင်းပစ်ချင်ပုံပင်။
ဒီမိန်းမကတော့ တကယ့်ကို ခေါင်းမာတာပဲ။
လုံယီက စိတ်ထဲမှ ခေါင်းခါလိုက်မိသည်။
အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင် အကြာကြီးရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သဖြင့် သူမအပေါ်တွင်လည်း မျှော်လင့်ချက် သိပ်မထားခဲ့ပေ။ သို့သော် မထင်မှတ်ဘဲ သုံးရက်အကြာတွင် ယို့ချင်းယီသည် ဝိညာဉ်ဆင့်ကဲပန်းကို တကယ်ရှာတွေ့ခဲ့သည်။
ဝိညာဉ်ဆင့်ကဲပန်းသည် သုံးပေခန့်ရှည်သော ပင်စည်ရှိပြီး ထိပ်ဖျားတွင် ပန်းခိုင်တစ်ခုရှိကာ အောက်ဘက်တွင် သေးငယ်သော ပန်းပွင့်လေးပေါင်း ရာနှင့်ချီ၍ စုပြုံပေါက်နေသည်။ ပန်းပွင့်လေးတစ်ပွင့်စီတွင် ပွင့်ချပ်ငါးခုပါရှိပြီး အပြာရင့်ရောင်သန်းသော ခရမ်းရောင်ရှိကာ သင်းပျံ့သော ရနံ့တစ်ခု ထွက်ပေါ်နေသည်။
ဒီမိန်းကလေးက တကယ့်ကို အားကိုးရတာပဲ။
လုံယီမှာ အလွန်ဝမ်းသာသွားခဲ့သည်။ ယခုဆိုလျှင် အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်ရာ စွမ်းအင်သာ လိုအပ်တော့သဖြင့် သူ အပြင်းအထန် ကြိုးစားရတော့မည်ပင်။
သူသည် စွမ်းအင်မှတ် ၄၀၀၀ ကျော် စုဆောင်းမိထားပြီးဖြစ်သည်။
တစ်ရက်လျှင် ၃၀၀ မှတ်နှုန်းဖြင့်ဆိုပါက ဆယ်ရက်ကျော်အတွင်း စွမ်းအင်မှတ် ၁၀၀၀၀ ပြည့်နိုင်ပေလိမ့်မည်။ လုံယီသည် အလွန်တက်ကြွနေပြီး နေ့စဉ် အကြီးအကဲများ၏ သင်ခန်းစာများကို နားထောင်ပြီးသည်နှင့် ပိုးကောင်သတ်ရန် စိုက်ခင်းများဆီသို့ အပြေးအလွှား သွားတော့သည်။
လုံယီအတွက်မူ ဝူကျိုဇုန် ဝိညာဉ်စိုက်ခင်းရှိ ထူးဆန်းသော အင်းဆက်များသည် အင်းဆက်များမဟုတ်ဘဲ တောက်ပနေသော စွမ်းအင်မှတ်များသာ ဖြစ်တော့သည်။
ဝိညာဉ်ဆင့်ကဲပန်းကို ရရှိပြီးနောက် သူ၏စွမ်းအင်မှာ ခြောက်ရက်အတွင်း ခြောက်ထောင်ကျော် ဆယ်ရက်အတွင်း ကိုးထောင်ကျော်သို့ ရောက်ရှိလာပြီး နောက်ဆုံးတွင် ဆယ့်သုံးရက်မြောက်နေ့၌ တစ်သောင်းကျော်အထိ ကျော်လွန်သွားခဲ့သည်။
ဟွမ်ကျီ အသက်ရှူကျင့်စဉ်၏ ဘေးတွင် မှိန်ဖျော့ဖျော့ အပေါင်းလက္ခဏာလေးတစ်ခု ပေါ်လာသည်။
လုံယီသည် ထပ်မံတွန့်ဆုတ်မနေတော့ဘဲ အသက်ရှူကျင့်စဉ်ကို အဆင့်မြှင့်တင်လိုက်သည်။
[ဟွမ်ကျီ အသက်ရှူကျင့်စဉ် (ဒုတိယအဆင့် အဆင့်မြင့် ၀/၁၀၀၀၀ + ဝိညာဉ်ဆင့်ကဲပန်း ၁ ပွင့်) → ဟွမ်ကျီ အသက်ရှူကျင့်စဉ် (ဒုတိယအဆင့် ပြီးပြည့်စုံခြင်း)]
ရင်းနှီးမှုမရှိသော မှတ်ဉာဏ်အသစ်များ သူ၏စိတ်ထဲတွင် ပေါ်လာသည်။
ယခင်မှတ်ဉာဏ်များကို အခြေခံ၍ တစ်ပါးသော လူမျိုးနွယ်စုများ၏ ကျူးကျော်မှုကို ခုခံရင်း လုကျွမ်း မျိုးနွယ်စုခေါင်းဆောင်မှာ အင်အားကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့ရာ သူ၏ မျိုးနွယ်စုဝင်များက သူ့ကို ကုသရန် ကြက်သွေးရောင် စုန်းမထံသို့ ခေါ်ဆောင်သွားခဲ့ကြသည်။
ထိုစုန်းမမှာလည်း အစွမ်းထက်သော စမ်းသပ်ချက်ပစ္စည်းတစ်ခု လိုအပ်နေချိန်နှင့် အတော်ပင် တိုက်ဆိုင်သွားခဲ့သည်။
သူမသည် မျိုးနွယ်စုခေါင်းဆောင်ကို ကျောက်ခေါင်းတစ်ခုထဲတွင် ထည့်ထားပြီး နေ့စဉ် မတူညီသော အရည်များကို ထည့်ပေးခဲ့သည်။ သို့သော်လည်း ခေါင်းဆောင်မှာ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ အသက်မျှင်မျှင်လေးဖြင့်သာ ဆက်နေခဲ့ရသည်။
တစ်နေ့တွင်မူ စုန်းမသည် ခရမ်းရောင် ဝေလငါး၏ နှလုံးသွေးမှ ထုတ်ယူထားသော အရည်တစ်ခွက်ကို ထည့်ပေးလိုက်ရာ မျိုးနွယ်စုခေါင်းဆောင်၏ အဆုတ်တွင် ထူးကဲသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ၏ အဆုတ်မှာ နီရဲသောအရောင်မှ ခရမ်းဖျော့ရောင်သို့ ပြောင်းလဲသွားပြီး အသက်ဝင်လာသည့်အလား သဘာဝအတိုင်း တဒိတ်ဒိတ် ခုန်လှုပ်လာကာ ၎င်းတို့၏ အသက်ရှူနိုင်စွမ်းမှာ သားရဲကြီးများနှင့်ပင် ယှဉ်နိုင်လာတော့သည်။
ထိုအချိန်မှစ၍ ခေါင်းဆောင်၏ သွေးစွမ်းအင်လည်ပတ်မှုနှုန်းမှာ ဆယ်ဆခန့် တိုးလာပြီး စွမ်းအားများမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
သူ ပိုမိုသန်မာလာလေလေ သူ၏ အဆုတ်မှာ ပိုမိုဖွံ့ဖြိုးလာလေလေဖြစ်ပြီး ၎င်းက သွေးစွမ်းအင်ကို တစ်ဖန်ပြန်၍ မြှင့်တင်ပေးရာ ကောင်းမွန်သော သံသရာတစ်ခု ဖြစ်ပေါ်လာစေသည်။
အနှစ်နှစ်ဆယ်အကြာ အသက်အရွယ်ရလာချိန်တွင်ပင် ခေါင်းဆောင်၏ ဆံပင်များမှာ လုံးဝနက်မှောင်နေဆဲပင်။
သူ၏ ခန္ဓာကိုယ်မှာ ဆယ်ပေခန့်အထိ မြင့်မားလာပြီး တစ်ကိုယ်လုံးတွင် လျှံထွက်နေသော သွေးစွမ်းအင်များ ပြည့်နှက်နေကာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အပူရှိန်များ ထွက်ပေါ်နေသည်။
သူ၏ ပြောင်းလဲသွားသော အဆုတ်မှာ နက်မှောင်သော ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး အဆုတ်၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော လေပြွန်များစွာ ဖုံးလွှမ်းနေတော့သည်။
ဓာတ်ငွေ့ဖလှယ်နိုင်သည့် ဧရိယာ တိုးပွားလာမှုမှာ လူသားတို့၏ အဆင့်ထက် များစွာ ကျော်လွန်သွားခဲ့ပြီး ပင်လယ်နက်ထဲရှိ ဧရာမ ခရမ်းရောင် ဝေလငါး ကြီးများနှင့်ပင် နှိုင်းယှဉ်နိုင်တော့သည်...
လက်တွေ့ကမ္ဘာတွင်မူ စွမ်းအင်အမြောက်အမြားမှာ လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာတော့သည်။
သူ၏ အဆုတ်နှင့်တကွ ဆက်စပ်နေသော တစ်ရှူးများ အာရုံကြောများ သွေးကြောများနှင့် ဆဲလ်များအားလုံးကို ပြင်းထန်စွာ အသွင်ပြောင်းလဲစေတော့သည်။
လုံယီ၏ အဆုတ်သည် သူ၏ မှတ်ဉာဏ်ထဲ၌ မြင်တွေ့ခဲ့ရသကဲ့သို့ပင် စတင်ပြောင်းလဲလာသော်လည်း အဆပေါင်း ထောင်နှင့်ချီ၍ ပိုမိုမြန်ဆန်လှသည်။ ခရမ်းဖျော့ရောင်မှသည် နက်မှောင်သော ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး သိပ်သည်းဆမှာလည်း အဆပေါင်းများစွာ ပိုမိုအားကောင်းလာသည်။ အဆုတ်၏ မျက်နှာပြင်ပေါ်တွင် သေးငယ်သော လေပြွန်လေးများစွာ ဖြစ်ပေါ်လာပြီး အသက်ရှူနှုန်းနှင့် စွမ်းဆောင်ရည်ကို များစွာ မြင့်တက်စေသည်။
အသက်ရှူကျင့်စဉ်ကို ကိုယ်တိုင်တကူးတက လုပ်ဆောင်နေစရာ မလိုတော့ဘဲ အဆုတ်သည် အသိဉာဏ်ရရှိသွားသည့်အလား အလိုအလျောက် အသက်သွင်း အသက်ထုတ် လုပ်ဆောင်နိုင်လာသည်။
“ရှူသွင်း... ရှူထုတ်...”
လုံယီသည် အသက်ရှူကျင့်စဉ်ကို အားစိုက်၍ လုပ်ဆောင်ကြည့်လိုက်ရာ ခန္ဓာကိုယ်အတွင်းမှ တောင်ကျရေလျှံသကဲ့သို့ ဝုန်းဝုန်း မြည်သံများကို ကြားလိုက်ရသည်။ အားကောင်းလှသော သွေးစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး ကြွက်သားများကို နီရဲတောက်ပလာစေကာ ခန္ဓာကိုယ်မျက်နှာပြင်မှ အဖြူရောင်ရေငွေ့များ အလိပ်လိုက် ထွက်ပေါ်လာစေသည်။
အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ သွေးစွမ်းအင်လည်ပတ်သံမှာ သိသိသာသာ ပြန်လည်တိတ်ဆိတ်သွားသည်။ သို့သော် အစွမ်းမှာမူ ယခင်ကထက် မနိမ့်ကျသွားဘဲ တောင်ကျရေခဲပြင်မှသည် နက်ရှိုင်းသော သမုဒ္ဒရာကြီးအလား ငြိမ်သက်သော်လည်း ခန့်မှန်းရခက်ပြီး စွမ်းအားအပြည့် ရှိနေတော့သည်။
လုံယီသည် သတ္တမအဆင့်ချီစွမ်အား ကိုယ်ခံပညာရှင်နယ်ပယ်၏ ညာဘက်အပေါ်ထောင့်ရှိ လက္ခဏာကို နှိပ်လိုက်ရာ အကြောင်းကြားချက်အသစ်များ ပေါ်လာသည်။
[အသက်ရှူကျင့်စဉ် ပြီးပြည့်စုံသွားပြီဖြစ်သည်။ ကိုယ်တိုင်တက်ကြွစွာ လေ့ကျင့်ပါက တစ်ရက်လျှင် ကျွမ်းကျင်မှုမှတ် ၂၀ တိုးမည်ဖြစ်ပြီး မလေ့ကျင့်ပါကလည်း ၁၀ မှတ် အလိုအလျောက် တိုးမည်ဖြစ်သည်]
[လက်ရှိ ကိုယ်ခံပညာရှင်အဆင့် သတ္တမအဆင့်ချီစွမ်းအားကိုယ်ခံပညာရှင် (၃၉၂/၆၀၀)]
တစ်ရက်လျှင် ကျွမ်းကျင်မှုမှတ် ၂၀ နှုန်းဖြင့် တွက်ချက်ကြည့်ပါက နောက်ထပ် ဆယ်ရက်အတွင်း နယ်ပယ်အသစ်တစ်ခုသို့ ရောက်ရှိတော့မည်ဖြစ်သည်။ ဤအချက်ကို တွေးမိသောအခါ လုံယီ၏ စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
တခြားသူတွေက ကိုယ်ခံပညာရှင်အဆင့်မှာတင် အစွမ်းတွေ အများကြီး တိုးလာကြတာ။ ငါ့ရဲ့ အခြေအနေက သူတို့နဲ့ မတူဘဲ ဘယ်လောက်အထိတောင် ထူးခြားပြီး အစွမ်းထက်နေမှာလဲ။
...
“မိုးခေါ်အတတ်က ရိုးရှင်းပုံရပေမဲ့ ဝိညာဉ်စွမ်းအား အသုံးချပုံကတော့ တကယ့်ကို စေ့စပ်သေချာဖို့ လိုအပ်တယ်။ ဒါက အခြေခံကျွမ်းကျင်မှုတွေကို ပိုပြီး ထက်မြက်လာအောင် လေ့ကျင့်ပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာပဲ။
ဒါကို ကျွမ်းကျင်သွားပြီဆိုရင် တခြားသော အတတ်ပညာတွေကို လေ့ကျင့်တဲ့အခါမှာလည်း အလိုလို နားလည်သဘောပေါက်ပြီး အလွယ်တကူ ဆုပ်ကိုင်နိုင်လာလိမ့်မယ်။ ဒီနည်းလမ်းမှာ အဆင့်သုံးဆင့်ရှိတယ်။ ပထမက တိမ်တိုက်လက်ဝါး၊ ဒုတိယက မိုးဂါထာ၊ တတိယက လေခေါ်အတတ်တို့ပဲ...”
ဧည့်ကြိုတောင်ထိပ်ပေါ်ရှိ ထင်းရှူးပင်ရိပ်အောက်တွင် ဝတ်စုံနက်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် တပည့်ပေါင်း တစ်ရာကျော်ကို မိုးခေါ်အတတ်အကြောင်း သင်ကြားပို့ချနေသည်။
ထိုဝတ်စုံနက်နှင့် အမျိုးသားမှာ အမည်ရင်း ဟယ်ဖြစ်ပြီး အသက်ငါးဆယ်ဝန်းကျင်ခန့် ရှိကာ အသားညိုပြီး မျက်နှာတွင် အမာရွတ်တစ်ခု ရှိသည်။ သူသည် တင်းမာခက်ထန်သော အလောင်းထိန်းချုပ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးထက် ဂိုဏ်းစတားခေါင်းဆောင်တစ်ဦးနှင့် ပို၍ တူနေသည်။
လုံယီနှင့် အခြားတပည့်သစ်များသည် အကြီးအကဲဟယ်၏ သင်ကြားမှုများကို အာရုံစိုက်နားထောင်နေကြပြီး အချို့ကမူ အရေးကြီးသောအချက်များကို စုတ်တံဖြင့် မှတ်စုထုတ်နေကြသည်။ ယခုကဲ့သို့ အကြီးအကဲများ၏ သင်ကြားမှုကို မကြာခဏ နားထောင်ခွင့်ရနေခြင်းမှာ တပည့်သစ်များအတွက် ပထမသုံးလတာကာလအတွင်း ရရှိသည့် အကြီးမားဆုံးသော အထူးအခွင့်အရေးပင်။
ဝေကျန်း၏ ပြောပြချက်အရ ဤသုံးလတာ ကာကွယ်စောင့်ရှောက်ရေးကာလ ကုန်ဆုံးသွားပါက အကြီးအကဲများ၏ သင်ကြားမှုကို နားထောင်ရန်အတွက် အခြေခံတပည့်အများစု မတတ်
နိုင်သော အကျိုးပြုမှတ်များ ပေးဆောင်ရမည်ဖြစ်သည်။
“အတိုချုပ်ပြောရရင် များများလေ့ကျင့်ကြ... ငါ မိုးခေါ်အတတ်ကို သင်ပေးခဲ့တာ ဆယ်
ရက်တောင် ရှိပြီ ဘယ်သူတွေ တတ်မြောက်သွားပြီလဲ”
အကြီးအကဲဟယ်က မေးလိုက်သည်။
သူ၏အသံမှာ မကျယ်လှသော်လည်း ကွင်းပြင်တစ်ခုလုံးရှိသူများ ဘေးနားတွင် လာပြောနေသကဲ့သို့ ကြားရသည်မှာ သူ၏ စွမ်းရည်ထက်မြက်မှုကို ဖော်ပြနေသဖြင့် လူတိုင်းက ရိုသေကြသည်။ သို့သော်လည်း မည်သူမျှ ပြန်လည်ဖြေကြားခြင်း မရှိပေ။ လူအများစုမှာ အကြီးအကဲနှင့် မျက်လုံးချင်းမဆုံမိစေရန် ခေါင်းငုံ့ထားကြပြီး အခေါ်ခံရမည်ကို စိုးရိမ်နေကြသည်။
“တောက်... လူတွေက လိပ်တွေလိုပဲ။ ကဲ... ယို့ချင်းယီ မင်းရော ဘယ်လောက်အထိ တိုးတက်နေပြီလဲ”
နောက်ဆုံးတွင် အကြီးအကဲဟယ်သည် ဝိညာဉ်အမြစ် အကောင်းဆုံးဖြစ်သည့် ယို့ချင်းယီကို လှမ်းခေါ်လိုက်သည်။
ယို့ချင်းယီသည် လှပသော်လည်း အေးစက်သော အမူအရာဖြင့် ရှိနေဆဲပင်။ အကြီးအကဲက ခေါ်လိုက်သည့်တိုင် သူမ၏ မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိဘဲ အသာအယာ ဦးညွှတ်
လိုက်သည်။
“ကျွန်မ တစ်ချက်လောက် စမ်းကြည့်ပါ့မယ်"
ပြောပြီးသည်နှင့် သူမသည် ထိုနေရာမှာပင် မှော်အတတ်ကို စတင်အသက်သွင်းတော့သည်။ သူမ၏ အေးစက်ဖြူဖွေးသော ကျောက်စိမ်းကဲ့သို့ လက်အစုံသည် မြင်နိုင်ရန်ခက်ခဲသော ရှုပ်ထွေးသည့် လက်ဟန်များကို ပြုလုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် မိုးဂါထာကို တိုးတက်စွာ ရွတ်ဆိုနေသည်။
ခဏအကြာတွင် လန်းဆန်းသော လေပြေတစ်ခု တိုက်ခတ်သွားသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သို့သော် ထိုလေပြေတိုက်ပြီးနောက် မည်သည့်ထူးခြားမှုမျှ ထပ်မံဖြစ်ပေါ်မလာဘဲ ဂါထာမှာ အောင်မြင်ခြင်း မရှိခဲ့ပေ။ ယို့ချင်းယီသည် သူမ၏ မျက်ခုံးကို အနည်းငယ်တွန့်
လိုက်ပြီး လက်ဟန်များကို ရုတ်သိမ်းကာ ဦးညွှတ်လိုက်သည်။
“ကျွန်မ သေချာ မတတ်မြောက်သေးပါဘူး"
“မိုးဂါထာကို ရွတ်တဲ့အခါ ဝိညာဉ်စွမ်းအားကို တစ်ခါတည်း အကုန်မထုတ်လိုက်နဲ့။ ချောချောမွေ့မွေ့နဲ့ အဆက်မပြတ် ထုတ်ရမယ်”
အကြီးအကဲဟယ်က မှတ်ချက်ပေးလိုက်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒါပေမဲ့ ဆယ်ရက်အတွင်း ဒီအဆင့်ထိ ရောက်တာကတော့ မင်းရဲ့ နားလည်သဘောပေါက်မှုက အတော်လေး ကောင်းမွန်တာပဲ"
ထို့နောက် သူသည် ယို့ချင်းယီပြီးလျှင် ဝိညာဉ်အမြစ် အကောင်းဆုံးဖြစ်သည့် ဝမ်ဝင်ပိုင်ကို ကြည့်လိုက်သည်။
“ဝမ်မိသားစုက ကောင်လေး... ဝမ်အဘိုးကြီးက မင်းကို ဘယ်လိုများ သင်ပေးထားလဲဆိုတာ ငါ့ကို စမ်းပြစမ်း"
ဝမ်ဝင်ပိုင်၏ မျက်နှာမှာ ချက်ချင်းပျက်သွားပြီး ဝန်လေးနေပုံရသော်လည်း အကြီးအကဲ၏ တောင်းဆိုမှုကို မငြင်းရဲပေ။
***