ခဏမျှ ဆွေးနွေးနှီးနှောပြီးနောက် ရုံရွှယ်ကျန့်သည် သူ၏နဖူးကို ရုတ်တရက် လက်ဝါးဖြင့် ရိုက်လိုက်ရင်း "ကျွန်တော် နားလည်သွားပြီ ကျေးဇူးတင်ပါတယ် ညီအစ်ကိုလုံ" ဟု ပြောကာ တစ်စုံတစ်ခုကို လက်တွေ့စမ်းသပ်ရန် အလောတကြီး လှည့်ထွက်သွားတော့သည်။
"ပါရမီရှင်တွေရဲ့ ကမ္ဘာကိုတော့ ငါလည်း နားမလည်နိုင်တော့ဘူး"
လုံယီက ရေရွတ်လိုက်မိသည်။
ရုံရွှယ်ကျန့်သည် သူ့ကဲ့သို့ အဖြတ်လမ်းမှ လိုက်သူမဟုတ်ပေ။ သူသည် သူ့ဘာသာ လေ့လာအားထုတ်ရုံမျှဖြင့် မိုးခေါ်အတတ်ကို အကြမ်းဖျင်း နားလည်သဘောပေါက်နိုင်ခြင်းမှာ တကယ့်ကို အံ့မခန်းဖွယ် ထိုးထွင်းသိမြင်မှုပင်။
တပည့်တောင်ထိပ်သို့ ပြန်ရောက်သောအခါ တောင်ခါးပန်းရှိ လိုဏ်ဂူအိမ်အဝင်ဝတွင် ရင်းနှီးသော ပုံရိပ်တစ်ခုက စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ အသားဖြူဖြူ၊ ရုပ်ရည်သန့်သန့်ပင် ဖြစ်သော်လည်း မျက်နှာမှာ ဖြူဖျော့ကာ မျက်လုံးများမှာ အရောင်အဝါကင်းမဲ့လျက် စိတ်ဓာတ်ကျနေပုံရသည်။ သူကား လုံယီနှင့်အတူ တောင်ပေါ်သို့ တက်လာခဲ့သည့် စူးယွီပင်။
လုံယီကို မြင်လိုက်သည်နှင့် စူးယွီ၏ မျက်လုံးများ ဝင်းလက်သွားသည်။
"ညီအစ်ကိုလုံ"
"ဘာကိစ္စရှိလို့လဲ"
လုံယီက မေးလိုက်သည်။
တစ်ဖက်လူသည် အရေးမကြီးပါက သူ့ထံသို့ လာမည်မဟုတ်ဘဲ အကူအညီတစ်ခုခု တောင်းခံရန်ရှိကြောင်း သူ ရိပ်မိပြီးသားဖြစ်သည်။ စူးယွီသည် စကားစရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ဘာပြောရမှန်းမသိဘဲ ဝေခွဲမရဖြစ်နေပုံရသည်။
"ဟို... ညီအစ်ကိုလုံ ဒီလိုပါ... မင်းပေးခဲ့တဲ့ စိတ်သန့်စင်ဆေးနဲ့ မြူစင်ဆေးတွေကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းက ချီကို ခံစားသိရှိနိုင်ဖို့ အတော်လေး တိုးတက်လာခဲ့တယ်... ဒါပေမဲ့ မနေ့ကပဲ ဆေးတွေက ကုန်သွားတယ်ဗျာ။ အဲ့ဒီ အရေးကြီးတဲ့အချိန်ကျမှ ဆေးကုန်သွားတာဆိုတော့ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတာပဲ"
"ငါ့မှာ အပိုဆေးတွေ မရှိတော့ဘူး ရှိသမျှ မင်းကို အကုန်ပေးလိုက်ပြီပဲ"
လုံယီက ပြောလိုက်သည်။
"အဲဒါကိုတော့ ငါသိပါတယ် ညီအစ်ကိုလုံက တကယ့်ကို သဘောထားကြီးတဲ့သူပါ"
စူးယွီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဆက်ပြောသည်။
"ချီကို ခံစားသိရှိနိုင်ဖို့ဆိုတာ ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင်တယ်လေ။ တောင်အောက်ခြေက ဝိညာဉ်စွမ်းအားတွေက အရမ်းအားနည်းတော့ ငါ့ရဲ့တိုးတက်မှုကို အများကြီး နှောင့်နှေးစေတယ်။
ညီအစ်ကိုလုံကလည်း ချီသန့်စင်ခြင်းကို စတင်နေပြီဆိုတော့ ဘယ်နေရာမှာ နေနေ အရေးမကြီးတော့ဘူးမဟုတ်လား။ ငါ့ကို တောင်ခါးပန်းက မင်းရဲ့နေရာမှာ ရက်အနည်းငယ်လောက် ပေးနေပါလား။ ငါ ချီကို ခံစားသိရှိနိုင်တာနဲ့ အဲ့ဒီနေရာကို ချက်ချင်း ပြန်ပေးပါ့မယ်"
“မင်းကို ငါ့နေရာ ပေးလိုက်ရင် ငါက ဘယ်မှာ သွားနေရမှာလဲ”
လုံယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ငါ့နေရာမှာ သွားနေလေ”
စူးယွီက လက်ဝါးချင်း ပွတ်သပ်ရင်း ပြုံးလျက် ဖြေသည်။ သူ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။
လုံယီသည် တစ်ချက်ကြည့်ရုံနှင့်ပင် တစ်ဖက်လူ၏ အကြံကို ရိပ်မိလိုက်သည်။ စူးယွီသည် ချီကို ခံစားသိရှိနိုင်သွားလျှင်ပင် ဤလိုဏ်ဂူကို ပြန်ပေးမည်မဟုတ်ဘဲ အပြီးအပိုင် သိမ်းပိုက်ရန် ကြံစည်နေခြင်းပင်။
ဒါတင်မကသေးဘူး... တကယ်လို့ သူက ပြန်ပေးချင်တယ်ဆိုရင်တောင် ဒီလို ဝိညာဉ်စွမ်းအားတွေ ပြည့်နှက်နေတဲ့နေရာကို စွန့်လွှတ်ပြီး ဘာမှမရှိတဲ့အပြင် ပိုးမွှားတွေပဲ ထူထပ်နေတဲ့ တောင်ခြေကနေရာကို ဘာလို့ သွားရမှာလဲ။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထိုမျှအထိ ရင်းနှီးသည်မဟုတ်ပေ။
ပြီးခဲ့သည့်အကြိမ်က လုံယီအနေဖြင့် သူအသုံးမပြုတော့သော ဆေးလုံးအားလုံးကို ပေးခဲ့ခြင်းမှာပင် အတော်လေး ရက်ရောလွန်းလှပြီ ဖြစ်သည်။
“စိတ်မရှိပါနဲ့ ဒီလိုဏ်ဂူက ညီမလေးယို့က ငါ့အတွက် ရှာပေးထားတာ။ ငါ့မှာ ဒါကို စီမံပိုင်ခွင့်မရှိဘူး” လုံယီက ခေါင်းခါကာ ငြင်းဆို လိုက်သည်။
“မင်း တကယ်နေချင်ရင် ညီမလေးယို့ကို သွားမေးကြည့်ပါ။ ဒါမှမဟုတ် မင်းမှာ အရည်အချင်းရှိရင် ကိုယ့်ဘာသာကိုယ် တစ်နေရာ ရှာယူပေါ့”
ဤစကားကို ကြားလိုက်ရသောအခါ စူးယွီ၏ မျက်လုံးများမှာ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။ ဤမျှ ရိုးရှင်းသော အကူအညီလေးကိုပင် တစ်ဖက်လူက မကူညီချင်ဘူးဟု သူ ထင်မှတ်မထားပုံရသည်။
“ညီအစ်ကိုလုံ... သုံးလပြည့်ဖို့ တစ်လပဲ ကျန်တော့တာလေ။ အဲ့ဒီအချိန်အထိ ငါ ချီကို ခံစားမသိရှိနိုင်သေးရင် အထုပ်အပိုးပြင်ပြီး အိမ်ပြန်ရတော့မှာ။ ငါ့ကို ဒီလောက်အထိ သနားစရာကောင်းတဲ့ အဖြစ်မျိုးနဲ့ တွေ့ချင်လို့လား”
စူးယွီက ပြာပြာသလဲ ပြောလာသည်။
“ငါက မင်းရဲ့ လိုဏ်ဂူကို ယူပြီး ပြန်မပေးတော့မှာ မဟုတ်ပါဘူး။ ခဏတဖြုတ် အလဲအလှယ်
လုပ်ရုံတင်ပါ။ မင်းဘက်က နည်းနည်းလေး အရှုံးခံပြီး ငါ့ကို ကူညီပေးပါလား ဟင်”
“မရဘူး”
“လုံယီ... မင်း”
စူးယွီ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် ဒေါသရိပ်များ ပေါ်လာသည်
“ဘာပဲဖြစ်ဖြစ် ငါတို့က တစ်နေရာတည်းက လာကြတာလေ။ မင်းက ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ ငါ့ရဲ့ မသေမျိုးကျင့်ကြံခြင်း ရည်မှန်းချက်ကြီး အောင်မြင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာ။ ငါ့အတွက် မင်းရဲ့...”
စကားမဆုံးခင်မှာပင် လုံယီသည် လှည့်ထွက်ကာ လိုဏ်ဂူထဲသို့ လျှောက်သွားတော့သည်။ တစ်ဖက်လူ၏ အဓိပ္ပာယ်မရှိသော စကားများကို သူ ဆက်လက်နားမထောင်လိုတော့ပေ။ စူးယွီသည် လုံယီကို တားဆီးရန် နောက်က လိုက်လာခဲ့သည်။
ဒုန်း... ဒုန်း... ဒုန်း
ဖြူဖျော့သော အသားအရေရှိပြီး အရပ်ရှည်သည့် လုံအာသည် လိုဏ်ဂူအဝင်ဝမှ အလျင်အမြန် ထွက်ပေါ်လာပြီး စူးယွီ၏ လမ်းကို ပိတ်ဆို့လိုက်သည်။ ပယင်းရောင်နှင့် သွေးနီရောင် ရောယှက်နေသော မျက်ဝန်းအစုံဖြင့် မည်သည့်ခံစားချက်မျှမပါဘဲ တစ်ဖက်လူကို စိုက်ကြည့်နေတော့သည်။
စူးယွီသည် လူသားနှင့်မတူတော့သည်မှာ ထင်ရှားလှသော လုံအာကို ကြည့်ကာ နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ်များ ပေါ်လာသည်။ ဤအချိန်ရောက်မှသာ လုံယီနှင့် သူသည် ကမ္ဘာနှစ်ခုမှ လူသားများ ဖြစ်သွားပြီဆိုသည်ကို သူ သဘောပေါက်သွားတော့သည်။
“တောက်... မြစ်တစ်ဖက်မှာ အနှစ်သုံးဆယ်၊ နောက်တစ်ဖက်မှာ အနှစ်သုံးဆယ်ပဲ... မင်း စောင့်နေလိုက်”
စူးယွီသည် မကျေမနပ်ဖြစ်ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သော်လည်း သူ၏ လေသံထဲတွင် မုန်းတီးမှုများမှာ အထင်းသားပင်။
သူဖြစ်ချင်သလို ဖြစ်မလာနိုင်တော့မှန်း သိသွားသဖြင့် တောင်ခြေသို့သာ ပြန်သွားရတော့သည်။ ထိုသူ၏ ကျောပြင်ကို ကြည့်ရင်း လုံယီသည် ညဘက်တွင် သူ့ကို ဒုက္ခပေးရမလားဟု စဉ်းစားနေမိသည်။
စူးယွီ၏ အသံမှာ တိုးလှသော်လည်း လုံယီ၏ ထူးကဲသော အကြားအာရုံမှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ အတိုင်းသား ကြားလိုက်ရသည်။ သူသည် တစ်နေ့တွင် လယ်သမားနှင့် မြွေပုံပြင်ထဲကလို အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထားလိုက်ပါတော့... ဒါက မထိုက်တန်ဘူး။
ဂိုဏ်း၏ စည်းကမ်းချက်အရ တပည့်အချင်းချင်း အကျိုးမဲ့အောင် မပြုလုပ်ရဘဲ ချိုးဖောက်ပါက ဂိုဏ်းမှ ထုတ်ပယ်ခံရမည်ဖြစ်သည်။ စူးယွီကို ဒုက္ခပေးလျှင် ဂိုဏ်းမှ ပညာရှင်များ သိသွားမလားဆိုသည်ကို လုံယီ မသေချာပေ။ ထို့ကြောင့် သူသည် ထိုအတွေးကို လက်လွှတ်လိုက်သည်။
“အဲ့ဒီလူက စိတ်ဓာတ်မကောင်းဘူး”
ယို့ချင်းယီသည် လုံယီ၏ ဘေးသို့ ရောက်လာပြီး မှတ်ချက်ပေးလိုက်သည်။
သူမ၏ လိုဏ်ဂူမှာ လုံယီ၏ ဘေးနားမှာပင် ရှိသဖြင့် ဖြစ်ပျက်သမျှကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ယို့ချင်းယီ၏ နောက်ကွယ်တွင် ပုံရိပ်တစ်ခုသည် ထောက်... ထောက်ဟု အသံမြည်ကာ ထော့နဲ့ထော့နဲ့ဖြင့် လိုက်ပါလာသည်။
ဆံပင်နှင့် မုတ်ဆိတ်မပါဘဲ မျက်ခုံးနှစ်ခုကို ရေးဆွဲထားကာ မျက်လုံးများကို တင်းတင်းစိထားပြီး အရေပြားမှာ ဖြူဖျော့နေသည်။ ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်မှာ အနည်းငယ် မို့မောက်နေသော ထိုအရာမှာ သူမ၏ အမျိုးသမီးအလောင်းပင်။
“မင်းရဲ့ မွေးရာပါ ဝိညာဉ်အလောင်းက လမ်းလျှောက်အလောင်းအဆင့်ကို ရောက်သွားပြီလား”
လုံယီက အံ့သြတကြီး မေးလိုက်သည်။
တပည့်သစ်များကို အစပိုင်းတွင် မလှုပ်ရှားနိုင်သော ကိုယ့်၏ သခင်ကသာ သယ်ယူပို့ဆောင်ပေးရသော မြက်ခြောက်အလောင်းများကိုသာ ခွဲဝေပေးထားခြင်း ဖြစ်သည်။
မြက်ခြောက်အလောင်းအဆင့်ပြီးနောက် အလောင်းထိန်းချုပ်သူ၏ ညွှန်ကြားမှုအောက်တွင် လမ်းလျှောက်နိုင်သော အဆင့်ကို လမ်းလျှောက်အလောင်းဟု ခေါ်ကြသည်။
အကယ်၍ လမ်းလျှောက်အလောင်းသည် ရိုးရှင်းသော အသိဉာဏ်များ ဖွံ့ဖြိုးလာပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လှုပ်ရှားလာနိုင်ပါက ဝိညာဉ်အလောင်းဖြစ်လာတော့သည်။ ထို့နောက်တွင်မူ သံအလောင်း၊ ကြေးအလောင်း၊ ငွေအလောင်း စသည်ဖြင့် အဆင့်ဆင့် ကွဲပြားသော အသွင်ပြောင်းလဲမှုများ ရှိကြသည်။
ယို့ချင်းယီ ပထမဆုံးရတဲ့ အလောင်းက မြက်ခြောက်အလောင်း အဆင့်ပဲ ရှိတာလေ။ ဒါပေမဲ့ ရက်နည်းနည်းလေးအတွင်းမှာတင် လမ်းလျှောက်အလောင်းအဆင့်အထိ ရောက်သွားလိမ့်
မယ်လို့ ဘယ်သူက ထင်မှာလဲ။
“ညီအစ်ကိုလုံနဲ့ မတူတာကတော့ ကျွန်မရဲ့ မွေးရာပါ ဝိညာဉ်အလောင်းက အစကတည်းက ဝိညာဉ်အလောင်းအဆင့်ပါပဲ”
ယို့ချင်းယီက အေးစက်စွာ ပြန်လည်ဖြေကြားသည်။
“ပြီးခဲ့တဲ့အကြိမ်က ညီမလေးယို့က ကျွန်တော့်အတွက် ဝိညာဉ်ဆင့်ကဲပန်းရှာပေးခဲ့တာကို အခုထိ သေသေချာချာ ကျေးဇူးမတင်ရသေးဘူး...”
“ညီအစ်ကိုလုံက ကျွန်မအသက်ကို ကယ်ခဲ့တာပဲ။ ဒါက ကျွန်မရဲ့ တာဝန်ပါ”
လုံယီ စကားမဆုံးခင်မှာပင် ယို့ချင်းယီက ဤစကားကို ဖြတ်ပြောကာ သူမ၏ နေရာသို့ ပြန်သွားတော့သည်။ သူမသည် လုံယီနှင့် ဆက်လက်စကားပြောရမည်ကို ကြောက်ရွံ့သဖြင့် ထွက်ပြေးသွားသည့်အလားပင်။
“ငါက အဲ့လောက်တောင် ရှက်ဖို့ကောင်းနေလို့လား”
လုံယီမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
သူသည် တောင်ထိပ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး လိုဏ်ဂူပြောင်းရန် စိတ်ကူးမိသွားသည်။ အမှန်အတိုင်းပြောရလျှင် တောင်ပေါ်ရှိ လိုဏ်ဂူအားလုံးမှာ ဂိုဏ်း၏ ပိုင်ဆိုင်မှုများသာ ဖြစ်သည်။ အစောပိုင်းကမူ ထိုမြက်ဝါးနေသော လူငယ်က လိုဏ်ဂူများကို လက်ဝါးကြီးအုပ်ထားသဖြင့် စိတ်ကြိုက်မနေနိုင်ခဲ့ပေ။
တောင်ထိပ်နှင့် နီးကပ်လေလေ ဝိညာဉ်စွမ်းအားများ ပိုမိုကြွယ်ဝလေလေ ဖြစ်သည်။ သူ၏ ဝိညာဉ်အမြစ်ကန့်သတ်ချက်ကြောင့် တောင်ထိပ်တွင် နေထိုင်ခြင်းက သူ၏ကျင့်ကြံမှုကို သိသိသာသာ မြန်ဆန်စေမည်မဟုတ်သော်လည်း ကျင့်ကြံရမည့်အချိန်ကို လျှော့ချပေးနိုင်သဖြင့် စွမ်းအင်မှတ်စုဆောင်းရန် အချိန်ပိုထွက်လာမည်ဖြစ်သည်။
နောက်ရက်အနည်းငယ်နေရင် လိုဏ်ဂူပြောင်းရမယ်ဟု လုံယီ တွေးလိုက်သည်။
သူသည် ယနေ့ အကြီးအကဲဟယ် ပေးလိုက်သော ဆေးပုလင်းကို ထုတ်ယူကာ သစ်သားဆို့ကို ဖွင့်ပြီး အဖြူရောင်ဆေးလုံးလေးတစ်လုံးကို လောင်းချလိုက်သည်။ ဆေးလုံးမှ သင်းပျံ့သော ရနံ့တစ်ခု ထွက်ပေါ်နေပြီး လုံယီသည် ၎င်းကို ပါးစပ်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်ရာ သူ၏ မျက်လုံးများ ဝင်းလက်သွားတော့သည်။
ချီစုပ်ယူဆေးပြားသည် သန့်စင်သော ဝိညာဉ်စွမ်းအား အမြောက်အမြားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်။ ထူးကဲယင်ကျင့်စဉ်လည်ပတ်မှုက သူ၏ ခန္ဓာကိုယ်အတွင်း မဖွံ့ဖြိုးသေးသော ယင်သွေးကြောအစိတ်အပိုင်းအချို့ကို ပွင့်သွားစေရန် ကူညီပေးခဲ့သည်။
ကျင့်ကြံသူ၏ နယ်ပယ်မှာလည်း ပြောင်းလဲသွားခဲ့သည်။
[ချီသန့်စင်ခြင်း အဆင့် ၀ (၂၆/၆၀၀) → ချီသန့်စင်ခြင်း အဆင့် ၀ (၂၈/၆၀၀)]
ဆေးတစ်လုံးက နှစ်ရက်စာ အပြင်းအထန် ကျင့်ကြံတာနဲ့ ညီမျှတာပဲ။
လုံယီသည် ဂိုဏ်းတူတပည့်များ၏ ရှင်းပြချက်ကို မတွေးဘဲ မနေနိုင်တော့ပေ။
***