“ကောင်လေး... မင်း သေတွင်းကို ကိုယ်တိုင်တူးနေတာပဲ”
စူးဖေ၏ မျက်နှာမှာ ရုတ်တရက် အုံ့မှိုင်းသွားတော့သည်။
သူက လက်ဖျောက်တစ်ချက် တီးလိုက်ရာ ချက်ချင်းပင် ဆံပင်၊ မျက်ခုံးနှင့် မုတ်ဆိတ်များမရှိသော လူတစ်ဦးသည် သူ၏နောက်ကွယ်မှ ပြေးထွက်လာသည်။ ထိုသူမှာ ခြေဗလာဖြင့် ဖြစ်ပြီး အင်္ကျီရင်ဘတ်မှာ ဟလျက် ရှိကာ အရေပြားမှာလည်း ထိတ်လန့်ဖွယ်ရာ ဖြူဖျော့နေသည်။
သူ၏ ကတုံးခေါင်းနှင့် လည်ပင်းတို့တွင် ထူထပ်ရှုပ်ထွေးလှသော အနက်ရောင် လိုင်းများဖြင့် တက်တူးများ ရေးထိုးထားရာ ၎င်းသည် စူးဖေ၏ မွေးရာပါ ဝိညာဉ်အလောင်းဖြစ်ကြောင်း အထင်အရှားပင်။
ရှူး…
စူးဖေ၏ ဝိညာဉ်အလောင်းသည် လုံယီထံသို့ လက်သီးဖြင့် ထိုးနှက်လိုက်ရာ လေထုကို ခွဲထွက်သွားသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒီကောင်လေးတော့ သွားပြီ... စူးဖေရဲ့ ဝိညာဉ်အလောင်းက လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ဝိညာဉ်အလောင်းအဆင့်ကို ချိုးဖောက်ထားတာ။ နှစ်ပေါင်းများစွာ ကျင့်ကြံပြုစုပြီးတဲ့နောက်မှာ အခုဆို သံအလောင်းအဆင့်ရောက်ဖို့တောင် သိပ်မလိုတော့ဘူး”
“မင်းပြောတာမှန်တယ်။ သူ့ရင်ဘတ်က ဇီးပန်းပွင့်အမှတ်အသားကို ကြည့်လိုက်ဦး... တတိယမြောက် ပွင့်ချပ်ကတောင် ပုံပေါ်နေပြီပဲ...”
ဘေးပတ်ဝန်းကျင်မှ လူအများမှာ တစီစီနှင့် ဝေဖန်နေကြသော်လည်း သူတို့၏ အမြင်မှာမူ တစ်ထပ်တည်းကျနေသည် လုံယီသည် စူးဖေ၏ ဝိညာဉ်အလောင်းကို ယှဉ်နိုင်မည်မဟုတ်ဟု အားလုံးက ယုံကြည်နေကြခြင်းပင်။
နောက်ကွယ်တွင် ရှိနေသော ယို့ချင်းယီမှာလည်း မျက်မှောင်ကြုတ်လျက် ဝင်ရောက်ကူညီချင်သော်လည်း တုံ့ဆိုင်းနေမိသည်။
သို့သော် နောက်တစ်ခဏတွင်...
ဘုန်း…
လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ စူးဖေ၏ ဝိညာဉ်အလောင်းသည်လည်း သူ၏ လက်ပါးစေများကဲ့သို့ပင် ကံကြမ္မာဆိုးနှင့် ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။ ၎င်းသည် မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နောက်ထပ် ဝိညာဉ်အလောင်းနှစ်ခုသည် လုံယီထံသို့ ပြေးဝင်လာပြန်သော်လည်း လုံယီသည် တစ်ခုစီကို လက်သီးတစ်ချက်စီဖြင့် အလွယ်တကူပင် နှိမ်နင်းလိုက်သည်။
“ဟား... မယုံနိုင်စရာပဲ”
တစ်စုံတစ်ယောက်က အာမေဍိတ်သံဖြင့် ရေရွတ်လိုက်သည်။
စူးဖေ၏ မျက်နှာမှာလည်း ပျက်ယွင်းသွားသော်လည်း သူသည် လုံးဝ ထိတ်လန့်ခြင်းမရှိဘဲ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“လူသားကမ္ဘာမှာတော့ မင်းရဲ့ ကိုယ်ခံပညာ အစွမ်းအစလေးနဲ့ ခဏတဖြုတ် ဗိုလ်ကျလို့ ရနိုင်တာပေါ့။ ဒါပေမဲ့ ညီငယ်လုံ... မင်း မေ့မသွားနဲ့ဦး။ ဒါက မသေမျိုးဂိုဏ်းကွ”
သူသည် သူ၏ နောက်လိုက်တစ်ဦးဖြစ်သော အာဖေးဘက်သို့ လှည့်ကြည့်ကာ “အာဖေး... သူ့ကို ပညာလေးနည်းနည်း ပြလိုက်စမ်း။ ကိုယ်ခံပညာဆိုတာ ကလေးကစားစရာထက် ဘာမှမပိုဘူးဆိုတာ သူ သိသွားအောင် လုပ်ပေးလိုက်”
"ကောင်းပါပြီ အစ်ကိုစူး"
စူးဖေ ခေါ်လိုက်သောသူမှာ မျောက်မျက်နှာနှင့်တူသော ရယ်စရာကောင်းသည့် ရုပ်ရည်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် လက်ဝါးကို ကျယ်လောင်စွာ တီးလိုက်သည်။
ဒေါင်... ဒေါင်... ဒေါင်
ယခင် ဝိညာဉ်အလောင်းများနှင့် လုံးဝကွဲပြားခြားနားသော အလောင်းတစ်ခုသည် သတ္တုချင်း ရိုက်ခတ်သံများနှင့်အတူ လျှောက်လှမ်းလာသည်။ ဤအလောင်းမှာ သာမန်အလောင်းများထက် သိသိသာသာ ပိုမိုကြီးမားပြီး စစ်တလင်းမှ အစွမ်းထက်သော စစ်သူကြီးတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
၎င်း၏ အရေပြားမှာ ထိတ်လန့်ဖွယ်ရာ ဖြူဖျော့နေခြင်းမျိုးမဟုတ်ဘဲ သတ္တုရောင်တောက်နေသော မီးခိုးရောင်ရင့်ရင့် ဖြစ်သည်။ ၎င်းအပေါ်ရှိ အနက်ရောင်လိုင်းများမှာ ပိုမိုထူထဲပြီး ငြိမ်
သက်မနေဘဲ အဆက်မပြတ် စီးဆင်းနေသကဲ့သို့ပက်။ မျက်လုံးများမှာမူ မည်သည့်ခံစားချက်မျှမပါဘဲ သွေးနီရောင်သန်းနေသော အနက်ရောင်များ ဖြစ်ကြသည်။
“ဒါက သံအလောင်းပဲ အာဖေးက အလောင်းပြုပြင်တဲ့နေရာမှာ ဒီလောက် ပါရမီရှိလိမ့်မယ်လို့ မထင်ထားဘူး။ သူ့ရဲ့ မွေးရာပါ ဝိညာဉ်အလောင်းကို သံအလောင်းအဆင့်အထိတောင် မြှင့်တင်နိုင်နေပြီပဲ”
“လူသားလောကမှာတော့ ကိုယ်ခံပညာရှင်တစ်ယောက်ရဲ့ ခွန်အားက အများဆုံး ပေါင် ၁၀,၀၀၀ ပဲ ရှိတာ အဲ့ဒါထက် ကျော်ရင်တောင် သိပ်မကွာလှဘူး။ ဒါပေမဲ့ ကျင့်ကြံသူတစ်ဦး ပြုပြင်ထားတဲ့ သံအလောင်းကတော့ ရှားပါးပစ္စည်းတွေ အများကြီးနဲ့ ပေါင်းစပ်ထားတာဆိုတော့ သူ့ရဲ့ခွန်အားက ပေါင် ၂၀,၀၀၀ အထိ အေးဆေးရှိသလို ပေါင် ၃၀,၀၀၀ ကျော်တာမျိုးတောင် ရှိတတ်တယ်”
“သံအလောင်းက ဓားမတိုး လှံမတိုးဘူး။ ခွန်အားကလည်း အကန့်အသတ်မရှိဘူး။ လုံယီက ဂိုဏ်းထဲရောက်တာ ရက်ပိုင်းပဲ ရှိသေးတာ။ သူ့ရဲ့ ကိုယ်ခံပညာက ဘယ်လောက်ပဲ ထူးချွန်ပါစေဦးတော့ သံအလောင်းကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
သံအလောင်းက စတင်လှုပ်ရှားလာသည်နှင့်အမျှ လုံယီသည် ၎င်း၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်ဟု မည်သူမျှ မထင်ကြတော့ပေ။ အလောင်းထိန်းချုပ်ခြင်းဂိုဏ်း၏ သမိုင်းတစ်လျှောက်တွင် အဆင့်မြင့် ကိုယ်ခံပညာရှင်များ ဂိုဏ်းထဲသို့ ဝင်ရောက်လာဖူးကြသည်။ သို့သော် တောက်ပပြီး အစွမ်းထက်လှသော မသေမျိုးမှော်အတတ်များရှေ့တွင် သူတို့အားလုံးမှာ မှေးမှိန်သွားခဲ့ကြပြီး မည်သည့်သက်ရောက်မှုမျှ မပြနိုင်ခဲ့ကြပေ။
ကိုယ်ခံပညာမှာ အကန့်အသတ်ရှိသော်လည်း မသေမျိုးမှော်အတတ်များမှာ အကန့်အသတ်မဲ့သည်။ မသေမျိုးလမ်းစဉ်နှင့် နှိုင်းယှဉ်လျှင် ကိုယ်ခံပညာမှာ ခဏတာမျှသာဖြစ်ပြီး ရေရှည်တွင် ယှဉ်နိုင်စွမ်းမရှိပေ။ ဤသံအလောင်းတစ်ခုတည်း၏ ခွန်အားသည်ပင် ကိုယ်ခံပညာရှင်တစ်ဦး တစ်သက်လုံး အပြင်းအထန် ကျင့်ကြံမှ ရရှိနိုင်မည့် ခွန်အားထက် ကျော်လွန်နေသည်။
ရှူး
သံအလောင်းသည် လုံယီထံသို့ သာမန်လက်သီးချက်တစ်ချက်ဖြင့် တိုက်ရိုက်ထိုးလိုက်သည်။ ၎င်း၏ ကြီးမားလှသော စွမ်းအားကြောင့် လက်သီးရှေ့တွင် မြင်သာသော အဖြူရောင် လေစီးကြောင်းတစ်ခု ပေါ်ထွက်လာသည်။
လုံယီသည် အလွယ်တကူပင် ရှုံးနိမ့်သွားတော့မည်ဟု လူတိုင်းက ထင်မှတ်နေကြစဉ်မှာပင်...
ဖြောင်း
နောက်တစ်ခဏတွင်တော့ လူတိုင်းသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးအစုံ ပြူးကျယ်သွားကြသည်။
မည်သူမျှ မတားဆီးနိုင်ဟု ထင်မှတ်ထားသော သံအလောင်းကြီးမှာ ၎င်း၏ မီးခိုးရောင်ရင့်ရင့် လက်သီးဆုပ်ကြီးကို လုံယီက လက်တစ်ဖက်တည်းဖြင့် ဟင်းလင်းပြင်တွင် အသာအယာ ဖမ်းဆီးလိုက်ပြီး တစ်လက်မမျှပင် ရှေ့ဆက်တိုးခွင့် မပေးတော့ပေ။
ထို့နောက် လုံယီသည် သူ၏ ဘယ်ဘက်လက်ဖြင့် သံအလောင်း၏ ပုခုံးကို လျင်မြန်စွာ လှမ်းဆွဲလိုက်ပြီး တင်ပါးကို နိမ့်ချကာ ခါးကို အနည်းငယ် လိမ်လိုက်သည်။ ရုတ်တရက် ဖြစ်ပေါ်လာသော လိမ်အားကြောင့် သံအလောင်းကြီးမှာ မြေပြင်မှ ကြွတက်သွားပြီး ဝိုင်းစက်သော လမ်းကြောင်းအတိုင်း လွင့်ပျံသွားကာ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာဖြင့် ရိုက်ချခြင်း ခံလိုက်ရတော့သည်။
ရိုးရှင်းလှသော ပုခုံးကျော်လွှဲတစ်ချက်ဖြင့်ပင် သံအလောင်းကြီးမှာ အကြီးအကျယ် အထိနာသွားခဲ့ရသည်။ သို့သော် သံအလောင်းမှာ ထိုမျှဖြင့် ရှုံးနိမ့်သွားမည်မဟုတ်ဘဲ လက်မောင်းများဖြင့် အားပြုကာ ပြန်ထရန် ကြိုးစားလိုက်သည်။
၎င်း၏ ဦးခေါင်းမှာ ရွှံ့မြေများထဲသို့ လုံယီ၏ ခြေထောက်ဖြင့် ရက်စက်စွာ ထပ်မံ အနင်းခံလိုက်ရပြန်သည်။ ဦးခေါင်းတစ်ခုလုံး မြေကြီးထဲသို့ နစ်ဝင်သွားပြီး အနည်းဆုံး တစ်ပေခန့် နက်သော ကျင်းတစ်ခု ဖြစ်သွားတော့သည်။
လုံယီ၏ ခြေလှမ်းအောက်တွင် ပတ်ဝန်းကျင် မြေပြင်တစ်ခုလုံးမှာ အနည်းငယ် တုန်ခါသွားသကဲ့သို့ ရှိပြီး သစ်ရွက်များမှာလည်း လေထဲသို့ လွင့်ပျံသွားကြသည်။ သံအလောင်း၏ လက်ခြေများမှာ ထိန်းချုပ်မရဘဲ ယမ်းခါနေသော်လည်း လုံယီက ၎င်း၏ ဦးခေါင်းကို ခြေထောက်ဖြင့် နင်းထားသောကြောင့် အားထုတ်သမျှ အလဟဿဖြစ်ကာ ပြန်မထနိုင်တော့ပေ။
“သူ့ကို လွှတ်လိုက်စမ်း”
သံအလောင်းကို ထိန်းချုပ်ထားသော လူမှာ သူ၏ မွေးရာပါ ဝိညာဉ်အလောင်းကို လုံယီက နှိပ်စက်နေသည်ကို မြင်သောအခါ စိတ်ပူပန်စွာဖြင့် ရှေ့သို့ ပြေးထွက်လာသည်။
ဖြောင်း..
သူသည် ပါးရိုက်ခံလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ဝေဝါးနေသော မျက်လုံးများဖြင့် ကောင်းကင်ကြီးကိုသာ ငေးကြည့်နေမိတော့သည်။ လုံယီ၏ ပုံရိပ်မှာလည်း မူလနေရာမှ ပျောက်ကွယ်သွားပြီး နောက်ထပ် ပါးရိုက်ချက်တစ်ချက်ဖြင့် ပြင်ဆင်ထားခြင်းမရှိသော စူးဖေ ကို မြေပြင်ပေါ်သို့ လှဲချလိုက်ပြန်သည်။
“အခုရော ဘယ်လိုထင်လဲ”
စူးဖေကို အပေါ်မှ ငုံ့ကြည့်ရင်း လုံယီသည် သူ၏ ညာဘက်ခြေထောက်ဖြင့် စူးဖေ၏ ရင်ဘတ်ကို နင်းထားလိုက်သည်။ စူးဖေမှာ သူ၏ခန္ဓာကိုယ်ကို တောင်ကြီးတစ်လုံးက ဖိထားသကဲ့သို့ ခံစားလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
စူးဖေမှာ ဒေါသအလိပ်လိပ် ထွက်လာပြီး သူ၏ တစ်ကိုယ်လုံးမှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ ညာဘက်လက်ဖဝါးတွင် မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ပေါ်ထွက်လာတော့သည်။
သို့သော်လည်း လုံယီသည် သူ၏ ညာဘက်ခြေထောက်ဖြင့် ဖိအားကို အနည်းငယ် ပိုပေးလိုက်သည်။
စူးဖေ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး သူ၏ ရင်ဘတ်မှ နံရိုးများမှာ တစ်ခုလုံး ကြေမွတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်လာသည်။
လုံယီက ထပ်မံမေးမြန်းလိုက်သည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေရသော စူးဖေမှာ အဝတ်အစားများ ဖရိုဖရဲဖြစ်နေပြီး မျက်နှာမှာလည်း အလွန်ပင် ကြည့်မကောင်းတော့ပေ။ သူသည် မှော်အတတ်တစ်ခုကို အသုံးပြုချင်သော်လည်း မည်သူ၏ အရှိန်က ပိုမြန်မလဲဆိုသည်ကိုမူ မလောင်းကြေးမထပ်ရဲပေ။ အကယ်၍ သူသာ အရှုံးပေါ်သွားပါက သူ၏နံရိုးများမှာ ဒုက္ခရောက်ပေလိမ့်မည်။
တပည့်အချင်းချင်း ဒုက္ခပေးမှုကြောင့် လုံယီသည် ဂိုဏ်း၏ ပြင်းထန်သော အပြစ်ပေးမှုကို ခံရမည်ဖြစ်သော်လည်း သု၏ ခန္ဓာကိုယ် ထိခိုက်ပျက်စီးသွားခြင်းမှာမူ သူ၏ နောင်အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်အပေါ် ကြီးမားသော သက်ရောက်မှု ရှိပေလိမ့်မည်။ ကျင့်ကြံခြင်းလောကတွင် ပျံ့နှံ့နေသော စကားတစ်ခွန်းရှိသည်မှာ ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်မှာ မပြည့်စုံခြင်း သို့မဟုတ် ပြင်းထန်သော ဒဏ်ရာရရှိခြင်းမျိုး ရှိခဲ့ပါက နောင်တွင် အခြေခံတည်ဆောက်
ခြင်းအဆင့်သို့ ရောက်ရှိရန် ခဲယဉ်းလှသည်ဟူ၍ပင်။
လုံယီ၏ အေးစက်လှသော အကြည့်များကို မြင်လိုက်ရသောအခါ စူးဖေမှာ လောင်းကြေးမထပ်ရဲတော့ပေ။
“ငါ... ငါ အရှုံးပေးပါတယ်”
သူက အံကြိတ်ကာ နောက်ဆုံးတွင် ပြောလိုက်ရတော့သည်။
“ကောင်းပြီ”
လုံယီသည် စကားအများကြီး မပြောတော့ဘဲ စူးဖေ၏ ရင်ဘတ်ပေါ်မှ ခြေထောက်ကို ဖယ်လိုက်ကာ တောင်ထိပ်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားတော့သည်။ သူ၏ နောက်ကွယ်တွင်မူ စူးဖေကို သူ၏နောက်လိုက်များက ဝိုင်းဝန်းတွဲကူကာ ထူပေးလိုက်ကြသည်။
“တောက်... အရိုင်းအစိုင်းကောင်”
စူးဖေက ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ သွေးစိမ်းရှင်ရှင်နှင့် သလိပ်များကို ထွေးထုတ်လိုက်သည်။
“စိတ်မဆိုးပါနဲ့ အစ်ကိုစူး။ အစ်ကိုစူး ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်ကို ရောက်သွားတဲ့အခါကျရင် အဲ့ဒီလို အရိုင်းအစိုင်းကောင်မျိုးက အနားတောင် အလွယ်တကူ ကပ်နိုင်မှာ မဟုတ်တော့ပါဘူး”
“သူ့ကို အခုလောလောဆယ် ကြွားဝါခွင့် ပေးလိုက်ပါဦး။ သူက အဆင့်နိမ့် ဝိညာဉ်
အမြစ်ရှိတဲ့သူပဲလေ။ နောင်ကျရင် အစ်ကိုစူးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
“အစ်ကိုစူးက သက်တမ်းရှည်ကြာမှုကို ရရှိပြီး လောကကြီးကို အပေါ်စီးကနေ ကြည့်နေတဲ့အချိန်မှာ အဲ့ဒီလူကတော့ အိုမင်းမစွမ်းဖြစ်ပြီး အိပ်ရာထဲ လဲနေလောက်ပြီ။ ဒီလိုလူမျိုးကို ဘာလို့ အဖက်လုပ်နေမှာလဲ”
နောက်လိုက်များစွာက ဝိုင်းဝန်းနှစ်သိမ့်လိုက်ကြရာ ထိုစကားများထဲတွင် လုံယီအပေါ် အထင်သေးမှုများ ပြည့်နှက်နေသဖြင့် စူးဖေ၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
အခြားတစ်ဖက်တွင်မူ လုံယီသည် တောင်ထိပ်သို့ ရောက်ရှိသွားပြီး လွတ်နေသော လိုဏ်ဂူတစ်ခုကို စတင်ရွေးချယ်နေသည်။ တောင်ထိပ်ရှိ လိုဏ်ဂူများမှာ ကျယ်ဝန်းပြီး ဝိညာဉ်စွမ်းအား ကြွယ်ဝလှကာ လုံယီထင်ထားသည်ထက် နေထိုင်သူ ပိုမိုများပြားလှသည်။ တစ်ဦးပြီးတစ်ဦးမှာ စူးဖေနှင့် ယှဉ်နိုင်လောက်သော စွမ်းအားများ ရှိကြပြီး အများစုမှာ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အစောပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခမှာ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး လုံယီ၏ ထူးကဲသော စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ကြသူများမှာလည်း ချီးကျူးစကားများ ပြောကြသည်။
“ဒီညီငယ်ကတော့ မွေးရာပါ နတ်ဘုရားခွန်အား ရှိတာပဲ။ သံအလောင်းကိုတောင် ဖိနှိပ်ထားနိုင်တယ်ဆိုတာ တကယ့်ကို ထင်မှတ်မထားစရာပဲ”
“သူ့ရဲ့ ခွန်အားက စစ်မှန်သော သွေးဂိုဏ်းက ခန္ဓာကိုယ်ကျင့်ကြံသူတွေနဲ့တောင် ယှဉ်နိုင်လောက်တယ်”
လူအချို့မှာ လုံယီကို လာရောက်နှုတ်ဆက်ကြရာ ၎င်းမှာ ခွန်အားကို ထုတ်ဖော်ပြသခြင်း၏ အကျိုးကျေးဇူးပင်။ ထိုပဋိပက္ခဖြစ်ပွားပြီးကတည်းက လုံယီ၏ နာမည်ကျော်ကြားမှုမှာ ပြင်ပစည်းတပည့်များအကြား တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပြီး သူ့ကို လူသန်ကြီးလုံဟူသော အမည်ပြောင်ဖြင့် ခေါ်ဝေါ်လာကြတော့သည်။
***