သူတော်စင်သခင် တခဏတာေတွးတောပြီးနောက် အခြားအကြီးအကဲများကို ပြောလိုက်၏။
“အားလုံးပဲ အဇူရာတိမ်ဂိုဏ်းက ပြန်လာတဲ့လူငယ်လေးတွေဆီမှာလည်း အဇူရာတိမ်သတင်းစာတွေ ရှိနေလောက်သေးတယ်”
သူသူ့သားဆီက သတင်းစာကိုပြန်မယူခဲ့ပေ။
နောက်ဆုံးတွင် သူသည် ကုန်းရှို့ပင်းကို အဇူရာတိမ်ဂိုဏ်းဆီ မင်္ဂလာကိစ္စအတွက် လွှတ်လိုက်ခြင်း မဟုတ်ပါလော။
အခုလို သူ့သားကစစ်ထူမင်ယွဲ့ကိုကြိုက်နှစ်သက်နေခြင်းက ကောင်းသော အရာသာ ဖြစ်သည်။
သူသည်လည်း ငယ်ရာကကြီးလာသူသာ။
သူ့သားဆီက သတင်းစာကိုပြန်ယူ၍ မရမှတော့ အခြားတပည့်များ၏ သတင်းများကို ယူရပေလိမ့်မည်။
အကြီးအကဲများ တခဏကြောင်သွားပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ပျံထွက်သွားကြပြီး သတင်းစာများနှင့်အတူ ပြန်ရာက်လာခဲ့ကြ၏။
အကြီးအကဲများ ခေါင်းကိုယမ်းကာ သက်ပြင်းချနေခဲ့ကြသည်။ သူတို့ ထိုသတင်းစာကိုသွားယူစဉ်က သူတို့တပည့်များသည် သူတို့အသက်ကိုလာယူေနသလို အသည်းအသန် ငြင်းဆန်နေခဲ့ကြ၏။
ပြန်ပေးပါမည်ဟု ကတိပေးလိုက်မှသာ နောက်ဆုံးတွင် ထိုကောင်စုတ်လေးများက ပေးခဲ့ကြခြင်း ဖြစ်သည်။
အကြီးအကဲများ အလွန်ဒေါသထွက်နေခဲ့ကြ၏။
ဘယ်တုန်းက သူတို့၏လိမ္မာလှသောတပည့်လေးများက အခုလို ဖြစ်သွားပါသနည်း။
သို့သော် အခုအချိန်က ထိုကဲ့သို့သောအသေးအဖွဲ့ကိစ္စလေးများကို ဂရုစိုက်ရမည့်အချိန် မဟုတ်ပေ။ အဇူရာတိမ်ပြတိုက်အကြောင်း ဂရုစိုက်ရမည့် အချိန်သာ ဖြစ်သည်။
“သူတို့က တကယ်ကြီး အဇူရာမဟာတိမ်၀င်္ကပါကိုဖွင့်မှာလား” တုရှန် မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ငါတို့အထဲ၀င်ပြီး တစ်ချက်လောက်ကြည့်ခွင့်ရခဲ့ရင် ၀င်္ကပါရဲ့အားနည်းချက်ကို ဖော်ထုတ်နိုင်လောက်တယ်”
“သူတို့က မိစ္ဆာတွေကိုတောင် ပြသဦးမှာတဲ့….အဲ့တာကြောင့် သူတို့ကြား အတွင်းရေးပဋိပက္ခတွေ ဖြစ်လာနိုင်တယ် မဟုတ်လား”
သူတော်စင်သခင် အဇူရာတိမ်သတင်းစာ အတွဲ ၁ ကိုေသချာဖတ်နေရင်း နောက်ဆုံးတွင် နောက်ဆုံးစာကြောင်းကို သတိထားမိသွားခဲ့သည်။
“အားလုံးပဲ ဒီစာကြောင်းကိုသေချာကြည့် သတ်မှတ်အခြေအနေတွေနဲ့ ပြည့်မှီတဲ့သူတွေပဲ အဇူရာတိမ်ပြတိုက်ကို ၀င်ခွင့်ရှိမှာ
ဆိုတော့ အဲ့ဒီအခြေအနေတွေဆိုတာ ဘာတွေဖြစ်လောက်မလဲ”
လူတိုင်းကြောင်အသွားခဲ့ကြ၏။ သေချာဖတ်ပြီးနောက် သူတို့လည်း ထိုနောက်ဆုံးစာကြောင်းက သံသယ၀င်စရာကောင်းနေမှန်း သတိထားမိသွားခဲ့ကြသည်။
တစ်နည်းအားဖြင့်ဆိုသော် အဇူရာတိမ်ပြတိုက်ထဲသို့ လူတိုင်း၀င်ခွင့်ရမည် မဟုတ်ပေ။
ဒါဆို ထိုသတင်းစာ၏နောက်ကွယ်တွင် ပုန်းကွယ်နေသော အခြားအဓိပ္ပာယ်တစ်ခု ရှိနေခြင်းပေလော။
ဆရာကြီးတစ်စု အဇူရာတိမ်သတင်းစာကို နောက်တစ်ကြိမ် သေချာဖတ်နေခဲ့ကြပြန်သည်။
သူတော်စင်သခင် အကူအညီမဲ့စွာပြုံးလိုက်ကာ ပြောလိုက်၏။
“ကြည့်ရတာ ငါတို့တွေ အဇူရာတိမ်မြို့ကို လူတွေပို့ရဦးမယ်ထင်တယ်…အဇူရာတိမ်မြို့ပျက်ထဲ ၀င်နိုင်ဖို့ ဘာအခြေအနေတွေလိုအပ်လဲဆိုတာ ငါတို့ သိရဖို့လိုတယ်
ဘာပဲဖြစ်ဖြစ် အဇူရာတိမ်မြို့ထဲမှာ ငါတို့လူခံတွေလည်း ရှိနေပြီပဲ နောက်တစ်သုတ်ရောက်သွားရင် သူတို့ချင်းဆက်သွယ်ခိုင်းလိုက်လို့ ရတာပဲ
ပြီးတော့ ဒီတစ်ခေါက်ငွေပိုပေးလိုက် ကုန်ကျစရိတ်ကို ဂိုဏ်းက ပြန်ပေးမယ်”
အဇူရာတိမ်မြို့ထဲ ၀င်သွားသည်နှင့် ငွေကရေလိုစီးတတ်မှန်း သူသိရှိနေခဲ့ချေပြီ။
အခြားအကြီးအကဲများလည်း ခေါင်းငြိမ့်ပြလိုက်ကြပြီး စီစဉ်ရန် တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားခဲ့ကြလေသည်။
ကုန်းရှို့ပင်းနှင့်အခြားသူများကတော့ အဇူရာတိမ်မြို့နှင့်ပတ်သက်ပြီး စိတ်ဒဏ်ရာရနေပြီဖြစ်သောကြောင့် ပြန်မသွားချင်ကြတော့ပေ။
အဇူရာတိမ်မြို့ကိုလွှတ်ဖို့ လူတစ်စုစီစဉ်ပြီးချိန်တွင် သူတော်စင်သခင်သူတို့ကို သေချာမှာနေခဲ့၏။
“အဇူရာတိမ်မြို့ထဲရောက်ရင် ဧည့်လမ်းညွှန်တွေကို သတိထား သူတို့က မင်းတို့ဆီကငွေတွေကိုသဲ့ယူပြီး ဈေး၀ယ်ထွက်ဖို့ အကြံပေးကြလိမ့်မယ်…
ဆိုတော့ မင်းတို့ရောက်ပြီးရင် ယာယီနေထိုင်ခွင့် ချက်ချင်းသွားလျှောက် ပြီးရင် ကုန်းချင်းဟန်နဲ့အခြားသူတွေကို ဆက်သွယ်ပြီး အတူတူဆောင်ရွက်ကြ”
ထို့နောက် လန်ကျားအထွတ်အမြတ်မြေမှအဖွဲ့ထွက်ခွာသွားခဲ့လေသည်။
အဖွဲ့ထဲမှလူများကတော့ ပိုက်ဆံအိတ်လေးများကို ခပ်တင်းတင်းဆုပ်ကိုင်ပြီးသာ ပျံသန်းနေခဲ့ကြ၏။
ကုန်ကျစရိတ်ကိုဂိုဏ်းကပြန်ပေးမည်ဟု ဆိုသော်လည်း သူတို့သာ အများကြီးသုံးပြီး တာ၀န်ကိုလည်းအောင်မြင်အောင် မလုပ်နိုင်ခဲ့လျှင် ဂိုဏ်းထဲတွင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့ အဇူရာတိမ်မြို့ဆီရောက်သောအခါ မြို့ပြင်တွင် မြို့ထဲ၀င်ဖို့ တန်းစီနေသော လူတန်းကြီးကိုေတွ့လိုက်ရသည်။
လန်ကျားအထွတ်အမြတ်မြေမှ တပည့်များ မျက်မှောင်ကြုံ့သွားခဲ့ကြ၏။
အဘယ်ကြောင့် အဇူရာတိမ်မြို့တွင် အဝင်အထွက်လုပ်နေသူ ထိုမျှများနေရပါသနည်း။
သူတို့နတ်အာရုံကိုသုံးပြီး ပတ်၀န်းကျင်ကိုစစ်ဆေးကြည့်လိုက်ပြီးမှ နောက်ဆုံးတွင် အခြေအနေကို နားလည်သွားခဲ့လေသည်။
ဤနေ့သည် တိမ်တောင်အင်ပါယာမှ ဧကရာဇ်ဂိုဏ်းဆီရောက်ရှိလာသော နေ့သာ ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယွင်ထန့်အင်ပါယာမှ ဧကရာဇ်လည်း ရောက်ရှိနေခဲ့သည်။
ဧကရာဇ်နှစ်ပါးသည် အခြွေအရံအသင်းအပင်းများနှင့်အတူ မြို့ပြင်တွင် နေထိုင်ခွင့်ရရှိရန် စောင့်ဆိုင်းနေခဲ့ကြ၏။
အဇူရာတိမ်မြို့အ၀င်၀တွင် တိမ်တောင်အင်ပါယာဧကရာဇ် လီရှောင်ကျဲ တိတ်ဆိတ်စွာ ရပ်စောင့်နေပြီး သူ့ဘေးတွင် မိန်းမစိုးဟုန်ရှိနေကာ သူ့နောက်တွင်တော့ အခြွေအရံအသင်းအပင်းများ ရှိနေခဲ့သည်။
သူ့ရှေ့က အဇူရာတိမ်မြို့ကိုကြည့်နေရင်း လီရှောင်ကျဲ အိပ်မက်မက်နေသလို ခံစားနေခဲ့ရ၏။
သူပထမဆုံးအကြိမ် ဤနေရာသို့ရောက်ခဲ့စဉ်က အကျဉ်းသားအဖြစ် ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။
သို့သော် ထိုအဖြစ်ကို ကံကောင်းခြင်းဟု သူခံစားခဲ့ရသည်။ သူသာ ကျန်းယန်ဆီမှ သင်ပြပေးမှုကို မရရှိလျှင် အခုလို အချိန်တိုအတွင်း ဧကရာဇ်ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
သူ့ကိုယ်သူသာ အားကိုးနေလျှင် နှစ်အနည်းငယ်လေးအတွင်း ပလ္လင်ကိုသိမ်းပိုက်လိုက်နိုင်လိမ့်မည် မဟုတ်ပေ။
ပိုအရေးကြီးသောအချက်မှာ သူအခုလို သိမ်းပိုက်ခဲ့သောအချိန်မှာပင် သူ့ညီအစ်ကိုများက သူ့အပေါ် မုန်းတီးမနေခဲ့ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်လည်း သူအဇူရာတိမ်ဂိုဏ်းဆီ ကျန်းယန်ဆီက သင်ကြားမှုခံယူဖို့ ရောက်ရှိလာခဲ့ပြန်ချေပြီ။
အချိန်ခဏကြာပြီးနောက် တိမ်တောင်အင်ပါယာအဖွဲ့ နေထိုင်ခွင့်ရရှ်ိသွားခဲ့ပြီး မြို့ထဲသို့ ၀င်သွားခဲ့ကြ၏။
နောက်အလှည့်က ယွင်ထန့်အင်ပါယာအလှည့် ဖြစ်သည်။
ယွင်ထန့်အင်ပါယာကို အဓိကဦးဆောင်လာသူမှာ စစ်ထူဟောင်နန်ဖြစ်ပြီး သူ့ဘေးတွင်တော့ ဧည့်အကြီးအကဲများ ရှိနေခဲ့သည်။
ယွင်ထန့်အင်ပါယာတွင် ဧကရာဇ်ဖြစ်သော စစ်ထူကွမ်းယွမ်က ထိုမျှအာဏာမရှိပေ။
နေထိုင်ခွင့်ရရှိရန် စောင့်ဆိုင်းနေစဉ် စစ်ထူဟောင်နန် သူ့ရှေ့ကအဇူရာတိမ်မြို့ကြီးကို အကဲခတ်နေခဲ့၏။
အဇူရာတိမ်မြို့ပြောင်းလဲသွားပုံက မြန်ဆန်လွန်းလှသည်ဟု သူခံစားနေခဲ့ရသည်။
နှစ်အနည်းငယ်အတွင်း အဇူရာတိမ်မြို့သည် အရင်ထက်အဆပေါင်းများစွာ ပိုမိုကြီးမားသွားခဲ့၏။
အချိန်အတန်ကြာအောင် တန်းစီပြီးနောက် စစ်ထူဟောင်နန်တို့လည်း နေထိုင်ခွင့်ရရှိသွားခဲ့ပြီး မြို့ထဲသို့ ၀င်သွားခဲ့ကြသည်။
သူတို့မြို့ထဲရောက်သည်နှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက် သူတို့နားချဉ်းကပ်လာခဲ့ပြီး နွေးထွေးစွာပြုံး၍ မေးလိုက်၏။
“အဝေးကလာတဲ့ ဂုဏ်သရေရှ်ိဧည့်သည်တော်တို့ရှင့် ဒါက ဧည့်သည်တော်တို့ရဲ့ ပထမဆုံးအကြိမ် အဇူရာတိမ်မြို့ကို ရောက်ဖူးခြင်းလား”
သူမ၏စိတ်အားထက်သန်နေမှုကြောင့် စစ်ထူဟောင်နန်ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဒါက ငါ့ရဲ့ဒုတိယအကြိမ်ပါ အဇူရာတိမ်မြို့က အတော်လေးပြောင်းလဲသွားတာပဲ”
အမျိုးသမီးပြုံး၍ ခေါင်းငြိမ့်လိုက်ကာ
“ဟုတ်ပါတယ် အများကြီးပြောင်းလဲသွားပြီ ပြီးတော့ စည်းမျဉ်းတွေကိုလည်း ပြောင်းလဲလိုက်ပြီလေ အဇူရာတိမ်မြို့မှာ ၀န်ဆောင်မှုအသစ်တွေလည်း ရှိလာပြီ ကျွန်မ ဧည့်သည်တော်တို့ကို အဲ့ဒီ၀န်ဆောင်မှုအသစ်တွေနဲ့ မိတ်ဆက်ပေးရမလားရှင့်”
“ကျေးဇူးအများကြီးတင်ပါတယ်” စစ်ထူဟောင်နန်ပြောလိုက်ကာ သူလည်း ဘာတွေပြောင်းလဲသွားလဲဆိုတာ သိချင်နေခဲ့သည်။
အမျိုးသမီး စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး
“ဒါဆို လမ်းလျှောက်ရင်းစကားပြောကြတာပေါ့ ဒီမှာဧည့်သည်တော်နဲ့ရင်းနှီးတဲ့ စားသောက်ဆိုင်တစ်ခုခုများရှိလား ရှေ့ကလမ်းက ဒီမြို့ရဲ့ နာမည်ကျော်အစားအသောက်လမ်းလေ ဧည့်သည်တော်စားချင်တာရှိရင် ကျွန်မခေါ်သွားပေးလို့ရတယ်”
စစ်ထူဟောင်နန်တို့သည် အဇူရာတိမ်ဧည့်ဂေဟာတွင်နေမည်မှန်း ကြားသောအခါ အမျိုးသမီး၏အပြုံးက ပိုပြီး တောက်ပသွားခဲ့၏။
“ဒါက မိုးပြာလကုန်သွယ်သမဂ္ဂလေ ဒီမှာဆိုရင်ရောင်းတဲ့ပစ္စည်းတွေက အရမ်းဈေးချိုတယ် ဧည့်သည်တော်တို့လိုချင်ရင် အဖွဲ့၀င်ကဒ်ပြားရအောင် လျှောက်လို့ရတယ်” သူမ မိုးပြာလကုန်သွယ်သမဂ္ဂ အဆောက်အအုံကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။
စစ်ထူဟောင်နန် ခပ်ဟဟရယ်မောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါတို့က မိုးပြာလကုန်သွယ်သမဂ္ဂရဲ့ အဖွဲ့၀င်ဖြစ်နေပြီးသားပါ”
အမျိုးသမီးအပြုံးကတောင့်တင်းသွားသော်လည်း ချက်ချင်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားပြီး သူ့တို့ကို အဇူရာတိမ်ဧည့်ဂေဟာဆီ ဆက်လက်လမ်းပြနေခဲ့သည်။
“ကျွန်မ၀န်ဆောင်မှုနဲ့ပတ်သက်ပြီး ကျေနပ်ပါသလား ဧည့်သည်တော်တို့” သူမပြုံး၍ မေးလိုက်၏။
စစ်ထူဟောင်နန် အကြိမ်ကြိမ်ခေါင်းငြိမ့်ပြလိုက်မိသည်။ သူမည်သို့ မကျေနပ်ဘဲ နေပါမည်နည်း။
“အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် ၀န်ဆောင်မှုအတွက်က စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၅၇တုံး ကျသင့်ပါတယ်ရှင့်” အမျိုးသမီးလက်ဝါးဖြန့်ကာ ပြုံး၍ ပြောလိုက်၏။
စစ်ထူဟောင်နန် ကြောင်အသွားခဲ့သည်။
သို့သော် သူသည် စီးပွားရေးသမားဖြစ်သောကြောင့် မကြာခင်တွင် နားလည်သွားခဲ့၏။ သူစိတ်ဝိညာဉ်ကျောက်တုံး ၅၇တုံးထုတ်ပေးပြီးနောက် ပြုံး၍မေးလိုက်သည်။
“မင်းကအတော်လေးစိတ်၀င်စားစရာကောင်းတာပဲ မင်းကတကယ်ပဲ ဘယ်သူလဲဆိုတာ သိပါရစေ”
သူမသည် တကယ်ကြီး သူ့အိတ်ထဲကငွေကို နှိုက်ယူသွားနိုင်ခဲ့၏။
“ကျွန်မက ဧည့်လမ်းညွှန်တစ်ယောက်ပါ အထူးသဖြင့် ဧည့်သည့်တွေကို မြို့အကြောင်းရှင်းပြဖို့နဲ့ လမ်းညွှန်ပေးဖို့ ၀န်ဆောင်မှုပေးတဲ့သူပါ ကျွန်မက လွန်ခဲ့တဲ့ ၂ရက်ကမှ မြို့ထဲမှာ အများကြီးမရှိတဲ့ ရွှေတံဆိပ်ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် ရာထူးတိုးခံထားရတာလေ” အမျိုးသမီး ဂုဏ်ယူစွာ ပြောလိုက်သည်။
ထို့နောက် သူမလှည့်ထွက်သွားခဲ့ပြီးနောက် အဝေးမှ သူမအသံက ပျံ့လွင့်လာခဲ့၏။
“ကျွန်မနာမည်က လီချွေဟွား ပါ အလုပ်သနားနံပါတ် ၂၈၉ နောက်တစ်ကြိမ်မြို့ထဲရောက်ဖြစ်ရင်လည်း ကျွန်မကို လာရှာလို့ရတယ်နော်”
စစ်ထူဟောင်နန် ထွက်ခွာသွားသော သူမပုံရိပ်ကိုကြည့်နေရင်း ဘာစကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပေ။
***