စစ်ထူဟောင်နန်မြို့ထဲ ၀င်၀င်ချင်းပင် ဝိညာဉ်ကျောက်တုံးအနည်းငယ် အလိမ်ခံလိုက်ရသည်။
ဒါပေါ့ ထိုမျှပမာဏလေးကို သူဂရုပင်မစိုက်ပေ။
သို့သော်လည်း သူ့ကိုမကျေမနပ်ဖြစ်သွားစေသောအချက်မှာ သာမန်လူတစ်ယောက်၏ လှည့်စားခြင်းကို သူခံလိုက်ရ၍ ဖြစ်သည်။
သူကြိတ်၍ သက်ပြင်းချလိုက်ပြီးနောက် ဧည့်ကြိုကောင်တာကို တာ၀န်ယူထားဆဲဖြစ်သော ချွန်းရှောင်ဆီ ရောက်ရှိသွားခဲ့၏။
အဇူရာတိမ်ဂိုဏ်းတပည့်တစ်ယောက်ဖြစ်နေပြီဖြစ်သော်လည်း စစ်ထူဟောင်နန်ကိုေတွ့သည်နှင့် ချွန်းရှောင် အလိုလိုဂါရ၀ပြုလိုက်မိသည်။
“ယဉ်ကျေးနေစရာမလိုပါဘူး” စစ်ထူဟောင်နန်လက်ကာပြ၍ ပြောလိုက်၏။
“နင်အဇူရာတိမ်ဂိုဏ်းထဲ၀င်လိုက်ကြောင်း ငါမင်ယွဲ့ဆီက ကြားထားပြီးပြီ မင်ယွဲ့အနားမှာ နင်ရှိနေတော့ ငါအများကြီးပိုပြီးစိတ်အေးရပါတယ်”
ချွန်းရှောင် ရှက်ရွံ့ဟန်ဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး မေးလိုက်သည်။
“ဒါဆို…ခေါင်းဆောင်စစ်ထူ ဒီမှာတည်းဖို့လာတာလား”
စစ်ထူဟောင်နန် ခေါင်းငြိမ့်ပြလိုက်၏။
“ငါတို့အတွက် ခြံ၀န်း ၂ခုပြင်ပေးထား ကျန်တဲ့သူတွေကတော့ အဆင့်မြင့်အခန်းမှာ နေလိမ့်မယ်”
ခြံ၀န်း ၁ခုက သူ့အတွက်ဖြစ်ပြီး ၁ခုက ဧကရာဇ်စစ်ထူကွမ်းယွမ်အတွက် ဖြစ်ပေသည်။
စာရင်းသွင်းလိုက်ပြီးနောက် စစ်ထူဟောင်နန် ဆက်ပြောလိုက်၏။
“ဒီတစ်ခေါက် ငါကအရှင်မင်းကြီးအဇူရာတိမ်ဂိုဏ်းကို လာလည်တဲ့ကိစ္စအတွက် အဖော်လိုက်လာတာ ဒီလိုကိစ္စမျိုးကိုေရာ နင်ပဲ ကိုင်တွယ်ရတာလား”
“ဟုတ်ပါတယ်” ချွန်းရှောင် ခေါင်းငြိမ့်ပြလိုက်၏။
“ကျွန်မက အချက်အလက်တွေကိုမှတ်တမ်းတင်ထားပြီး ဆရာဦးလေးဆီ ပို့ပေးရတာပါ လတ်တလောတော့ ဂိုဏ်းကိစ္စအားလုံးကို ဆရာဦးလေးကပဲ ကိုင်တွယ်နေပါတယ်”
“ကောင်းပြီ ဒါဆိုကျေးဇူးပြုပြီး သူ့ဆီသတင်းပို့ပေးပါဦး” စစ်ထူဟောင်နန်ပြောပြီးနောက် အစေခံလေးနောက်မှ ခြံ၀န်းဆီလိုက်သွားခဲ့လေသည်။
အခန်းထဲရောက်ပြီးနောက် အခန်းထဲရှိ ပရိဘောဂများက ပြောင်းလဲသွားပြန်မှန်း စစ်ထူဟောင်နန်တွေ့လိုက်ရ၏။ စာအုပ်စင်ပေါ်တွင်ပင် စာအုပ်များ ရှိနေခဲ့သည်။
သူစာအုပ်စင်ပေါ်ရှိ အဇူရာတိမ်သတင်းစာသူသော သတင်းစာနှစ်စောင်ကို သတိထားမိသွားပြီး ကောက်ယူကြည့်လိုက်၏။
သူစိတ်၀င်တစားဖတ်ရှုလိုက်ပြီး မကြာခင်တွင် သတင်းစာထဲက သူ့သမီးကို တွေ့လိုက်ရလေသည်။
စစ်ထူဟောင်နန် ကြက်သေသေသွားခဲ့၏။
အဇူရာတိမ်သတင်းစာသည် တကယ်ကြီး သူ့သမီးပုံကိုထုတ်ဝေခဲ့ခြင်း ပေလော။
သူတို့ကို သူ့သမီးကိုသုံးပြီး အာရုံစိုက်ခံရအောင်လုပ်နေခြင်းပေလော။
သူ့နှလုံးသားထဲ ဒေါသမီးများတောက်လောင်လာခဲ့လေသည်။
သူနောက်သတင်းစာတစ်စောင်ကို အလျင်အမြန်လှန်လိုက်ရာ နောက်ထပ်ခပ်လှလှ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုတစ်ယောက်ကတော့ လန်ကျားအထွတ်အမြတ်မြေမှ ဖြစ်သည်။
ထိုအခိုက်တွင် စစ်ထူဟောင်နန် ရှုပ်ထွေးသွားခဲ့၏။
အဇူရာတိမ်သတင်းစာသည် ဘာလုပ်ဖို့ ကြိုးစားနေခြင်းဖြစ်နိုင်ပါသနည်း။
သူသတင်းစာကိုချလိုက်ပြီးနောက် ချွန်းရှောင်ကို သွားရှာခဲ့လိုက်သည်။ လမ်းတွင် စစ်ထူကွမ်းယွမ်ကလည်း ကောင်တာဆီသို့ အဝေးမှ ချောင်းနေသည်ကို တွေ့လိုက်ရ၏။
စစ်ထူဟောင်နန် သူ့ကိုသံသယဖြင့် တစ်ချက်ကြည့်ရှုလိုက်လေသည်။
အဘယ်ကြောင့် ဂုဏ်သရေရှိ ဧကရာဇ်တစ်ပါးက အခုလိုခိုးကြောင်ခိုးဝှက်လုပ်နေရပါသနည်း။
သူချွန်းရှောင်ဘက်လှည့်ကာ မေးလိုက်၏။
“ဧကရာဇ်က ဘာလိုချင်လို့လဲ”
ချွန်းရှောင် တခဏငေးကြောင်သွားခဲ့ပြီး ဘယ်လိုရှင်းပြရမလဲ မသိခဲ့ပေ။
နောက်ဆုံးတွင် ဤကိစ္စ၌ စစ်ထူဟောင်နန်၏သမီး သူ့အရင်သခင်မလေး လက်ရှိဆရာ ပါ၀င်ပတ်သက်နေသည် မဟုတ်ပါလော။
စစ်ထူဟောင်နန် ဖိအားပေးမနေတော့ပေ။ ထိုကိစ္စက ထိုမျှလည်း အရေးကြီးမနေနိုင်လောက်ပေ။ သူမေးလိုက်၏။
“အဇူရာတိမ်သတင်းစာကို ကျန်းယန်ထုတ်ဝေတာမဟုတ်လား သူကဘာလို့ အထဲမှာ ငါ့သမီးပုံ ထည့်ထားရတာလဲ”
ချွန်းရှောင်အကူအညီမဲ့စွာ ပြုံးပြလိုက်သည်။ တကယ့်အကြောင်းပြချက်ကို သူမည်သို့ ရှင်းပြရပါမည်နည်း။
သူမအမြင်တွင် ဆရာဦးလေးသည် သူမဆရာ၏ပုံရိပ်ကိုသုံးပြီး ငွေရှာနေခြင်းသာ ဖြစ်၏။
တခဏတွေးတောပြီးနောက် သူပြောလိုက်သည်။
“ခေါင်းဆောင်စစ်ထူ ဒုတိယတွဲကိုလည်း ဖတ်ပြီးပြီမဟုတ်လား”
“အင်း”
“သခင်မလေးကုန်းချင်းဟန်လည်း လက်ရှိ အဇူရာတိမ်မြို့ထဲမှာ ရောက်နေပါတယ် သူဆို သူ့ပုံ အဇူရာတိမ်သတင်းစာထဲမှာ ပါခွင့်ရဖို့ စိတ်ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီပြီး သုံးခဲ့တာပါ”
စစ်ထူဟောင်နန် ငေးကြောင်သွားခဲ့၏။
ပုံတစ်ပုံထုတ်ဝေဖို့ စိတ်ဝိညာဉ်ကျောက်တုံးသောင်းချီ လိုသတဲ့လား။
သူကျန်းယန်၏နည်းစနစ်များကြောင့်ကြောင်အသွားခဲ့ရပြန်သည်။ ဒီလိုငွေရှာသည့် နည်းလမ်းကို သူလုံး၀ နားမလည်နိုင်တော့ပေ။
ဘာလို့လဲ အဇူရာတိမ်ဂိုဏ်းကတောင် သတင်းစာထဲပါတဲ့သူတွေကို ငွေပြန်ပေးသင့်သေးတာ မဟုတ်ဘူးလား!
ထိုအခိုက်တွင် ကျန်းယန်သည် စီးပွားရေးနယ်ပယ်တွင် တကယ့်အစစ်အမှန်အမတတစ်ပါးဖြစ်နေမှန်း သူလက်ခံလိုက်ရသည်။
သူအခန်းထဲတိတ်တဆိတ်သာပြန်သွားခဲ့ပြီး အခန်းထဲတွင် ထိုနည်းစနစ်အကြောင်းအတန်ကြာအောင် တွေးနေခဲ့မိသော်လည်း အဖြေမရခဲ့ပေ။
အဇူရာတိမ်ဂိုဏ်းတွင်
တိမ်တောင်အင်ပါယာနှင့်ယွင်ထန့်အင်ပါယာမှ ဧကရာဇ်များရောက်ရှိလာသည့်သတင်းက ကျန်းယန်ဆီ ရောက်ရှိလာခဲ့၏။
တကယ်တော့ အဇူရာတိမ်မြို့ထဲတွင် ဘာဖြစ်နေလဲဆိုတာ ချွန်းရှောင်သတင်းမပို့ခင်ကတည်းက ကျန်းယန် သိရှိနေပြီးသား ဖြစ်သည်။
အရေးကြီးကိစ္စတစ်ခုခုသာမြို့ထဲတွင် ဖြစ်သွားခဲ့လျှင် ချွန်းရှောင်ဆီက သတင်းရောက်လာသည့်အချိန်က အလွန်နောက်ကျသွားနိုင်၏။ ထို့ကြောင့် ကျန်းယန် မြို့အခြေအနေကို မကြာခဏ အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကျန်းယန် စုတ်တံကိုကိုင်ကာ နောက်ခြေလှမ်းများအတွက် အစီအစဉ်များကို စတင်ရေးသားခဲ့၏။
နောက်နေ့မနက်တွင် ကျန်းယန် ဧကရာဇ်နှစ်ပါးကို အဖော်တစ်ယောက်ဆီ ခေါ်လာစေပြီး တောင်ပေါ်တက်လာစေဖို့ အမိန့်ထုတ်လိုကိသည်။
ထိုအခါ တိမ်တောင်အင်ပါယာမှ ဧကရာဇ်လီရှောင်ကျဲက နတ်ဝိညာဉ်အဆင့်ဖြစ်သော မိန်းမစိုးဟုန်ကိုခေါ်လာခဲ့ပြီး ဧကရာဇ်စစ်ထူကွမ်းယွမ်ကတော့ စစ်ထူဟောင်နန်ကို ခေါ်လာခဲ့၏။
တောင်ခြေအရောက်တွင် ဘယ်သူမှ သူတို့ကို ထွက်မကြိုခဲ့ပေ။
ထိုကိစ္စကြောင့် စစ်ထူဟောင်နန်တစ်ယောက်သာ အနည်းငယ်မကျေမနပ်ဖြစ်သွားခဲ့၏။
သူ့အမြင်တွင် စစ်ထူမင်ယွဲ့၏ဖခင်ဖြစ်သောသူ့ကို ဂိုဏ်းကအနည်းငယ်တော့ သူများနဲ့မတူအောင် ဆက်ဆံသင့်ပေသည်။
အဇူရာတိမ်ခန်းမထဲရောက်သောအခါ လီရှောင်ကျဲ ပတ်၀န်းကျင်ကိုပင် ဂရုမစိုက်တော့ဘဲ ကျန်းယန်ကိုမြင်သည်နှင့် လေးလေးစားစား ဂါရ၀ပြုလိုက်၏။
“ဆရာ”
ထိုဂါရ၀ပြုမှုက မိန်းမစိုးဟုန်ကို အံ့အားသင့်သွားစေခဲ့သည်။
ဤဧကရာဇ်သည် ကိစ္စများကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားနိုင်ခဲ့ခြင်း ပေလော။
“ထပါ” ကျန်းယန် ပြုံး၍ ပြောလိုက်၏။
“ဆိုတော့ မင်းဆုတောင်းတွေ ပြည့်သွားပြီပေါ့”
လီရှောင်ကျဲ စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။
“အားလုံးက ဆရာ့ရဲ့လမ်းပြမှုတွေကြောင့်ပါပဲ ဆရာ ကျွန်တော်အခုတော့ တကယ်ကို နားလည်သွားပါပြီ ပလ္လင်ကိုသိမ်းပိုက်ဖို့ အကောင်းဆုံးနည်းလမ်းက အခြားသူတွေကို ကိုယ့်ကိုပလ္လင်ပေါ်တွန်းတင်အောင် လုပ်တဲ့နည်းလမ်းမျိုးပါပဲ ပလ္လင်အတွက် ကိုယ်တိုင်တိုက်ခိုက်နေစရာ မလိုပါဘူး
ပြီးတော့ အခုဆို ခမည်းတော်ဖြစ်ဖြစ် ညီအစ်ကိုတွေဖြစ်ဖြစ် ၀န်ကြီးတွေဖြစ်ဖြစ် တစ်ယောက်ကလေးတောင် ကျွန်တော့်ကို မလေးမစားမလုပ်ဝံ့ကြတော့ဘူး
ဒီတစ်ခေါက် ကျွန်တော်ဆရာ့ဆီက အမိန့်နာခံဖို့ ရောက်လာတာပါ ပြီးတော့ ဆရာ့ဆီကလမ်းညွှန်ချက်တွေ ထပ်ပြီး ခံယူဖို့ရောပေါ့
ကျွန်တော်တို့တိမ်တောင်အင်ပါယာက ဆရာ့ဆီက လမ်းပြမှုကိုလိုအပ်ပါတယ်”
သူမလာခင်တွင် မိန်းမစိုးဟုန်ကလည်း ကျန်းယန်လူမှန်း သိရှိထားခဲ့သည်။
သူ့ခမည်းတော်က မိန်းမစိုးဟုန်ကိုသတိထားဖို့ သူ့ကိုပြောခဲ့၏။ သို့သော် မလိုအပ်ပေ။
သူသည်လည်း ကျန်းယန်လူသာ မဟုတ်ပါလော။
“ဟုတ်ပါပြီ” ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။
ထို့နောက် သူမိန်းမစိုးဟုန်ဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး လီရှောင်ကျဲကို မေးလိုက်သည်။
“မိန်းမစိုးဟုန်ကလည်း ငါ့လူဆိုတာ မင်းသိပြီးပြီမဟုတ်လား”
“သိပါတယ် မိန်းမစိုးဟုန်သာအနားမှာရှိနေရင် ကျွန်တော့်လုံခြုံရေးအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးလေ” လီရှီချင်း ပြုံး၍ ပြောလိုက်၏။
“ကောင်းတယ်” ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် သူစစ်ထူဟောင်နန်နှင့်စစ်ထူကွမ်းယွမ်တို့ဘက်လှည့်ကာ ပြောလိုက်၏။
“ကျွန်ေတာ်ခုနက သူတို့ကိုနှုတ်ဆက်နေရတာနဲ့ ခင်ဗျားတို့ကို လျစ်လျူရှုထားမိသလို ဖြစ်သွားတယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
စစ်ထူဟောင်နန် မိန်းမစိုးဟုန်တို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းယန်ကို မကျေနပ်ဟန်ဖြင့် ပြောလိုက်လေသည်။
“မင်းတို့အဇူရာတိမ်ဂိုဏ်းက သိပ်တော့ မကြင်နာတတ်ဘူးနော်”
ကျန်းယန် အံ့အားသင့်သွားဟန်ဖြင့်
“ဘာလို့ မကြင်နာရတာလဲ”
စစ်ထူဟောင်နန်ခါးသက်သက်ပြုံးလိုက်၏။
“ငါ့သမီးကိုအဇူရာတိမ်ဂိုဏ်းဆီ ပို့ခဲ့တုန်းက သူမင်းဆီက သင်ယူနိုင်ပါစေလို့ ငါမျှော်လင့်ခဲ့တယ်
ဒါပေမယ့် မင်းသင်ကြားမှုတွေက အကျိုးသက်ရောက်မှု ကြီးလွန်းသွားတယ်လေ
သူဒီတစ်ခေါက် ယွင်ထန့်အင်ပါယာကိုပြန်လာတော့ ငါတို့စစ်ထူမိသားစုရဲ့ စီးပွားရေးတွေအားလုံးကို မိုးပြာလကုန်သွယ်သမဂ္ဂထဲ ပေါင်းထည့်သွားတယ်
ငါစစ်ထူဟောင်နန် တစ်ဘ၀လုံးကြိုးစားခဲ့ရသမျှက နောက်ဆုံးတော့ မင်းတို့အဇူရာတိမ်ဂိုဏ်းအတွက် မင်္ဂလာ၀တ်စုံချုပ်ပေးလိုက်သလိုပဲ ဖြစ်သွားတယ်
အဲ့ဒီကျေးဇူးမသိတတ်တဲ့သမီးရင်ထဲမှာ အဇူရာတိမ်ဂိုဏ်းပဲ ရှိတော့တယ် ငါ့ကိုအဖေအဖြစ် မသတ်မှတ်တော့ဘူး”
သူ့ပုံစံက မကျေနပ်ချက်များကို ဖွင့်ဟနေဟန်ပေါက်နေသော်လည်း တကယ်တော့ သူတို့ရပ်တည်ချက်ကို ဖော်ပြနေခြင်းသာ ဖြစ်သည်။
နောက်ဆုံးတွင် တိမ်တောင်အင်ပါယာ၏ ဧကရာဇ်က ကျန်းယန်၏တပည့်ဖြစ်နေသည် မဟုတ်ပါလော။
ထိုအချက်ကိုသုံးပြီး တိမ်တောင်အင်ပါယာက သူတို့ယွင်ထန့်အင်ပါယာကို ဖိနှိပ်လာနိုင်ပေသည်။
ထို့ကြောင့် အဇူရာတိမ်ဂိုဏ်းတွင် သူ့သမီးက အဓိကလူများထဲမှတစ်ယောက်ဖြစ်မှန်း တိမ်တောင်အင်ပါယာကနှစ်ယောက်သိအောင် သူပြောနေခြင်းသာ ဖြစ်၏။
ထိုအကြောင်းသိရှိထားလျှင်တိမ်တောင်အင်ပါယာသည် အနာဂတ်တွင် သူတို့ကို အနိုင်ကျင့်ချင်လျှင်တောင် သေချာဂရုစိုက်ရပေတော့မည်။
***