မိုးပြာလကုန်သွယ်သမဂ္ဂနှင့် ယွင်ထန့်ကုန်သွယ်သမဂ္ဂတို့ ပေါင်းလိုက်သောသတင်းကြောင့် ကျန်းယန် အံ့အားသင့်သွားခဲ့သည်။ ထိုသတင်းက ယွင်ထန့်အင်ပါယာထဲရှိ မိုးပြာလကုန်သွယ်သမဂ္ဂ၏ နယ်ချဲ့မှုပြီးဆုံးသွားပြီဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
စစ်ထူဟောင်နန်သည် သူ့မိသားစုစီးပွားရေး ပျောက်ဆုံးသွားခြင်းကိုသာ ပြောနေခြင်းမဟုတ်ဘဲ သူ့သမီးပုံကို အဇူရာတိမ်သတင်းစာထဲ ပုံနှိပ်ခဲ့သည့် ကိစ္စကိုလည်း မကျေနပ်ကြောင်း ပြောဆိုနေခဲ့၏။
ကျန်းယန် သူ့အား ထိုပုံနှိပ်ခဲ့သည့် ကိစ္စက သတင်းစာ၏လွှမ်းမိုးမှုကို တိုးတက်စေရန်ဖြစ်ကြောင်း အကြမ်းဖျင်းရှင်းပြခဲ့ပြီးနောက် လေးလေးနက်နက်ပြောလိုက်သည်။
“အဇူရာတိမ်သတင်းစာကိစ္စက ပေါ့ပေါ့တန်တန်သဘောထားရမယ့် ကိစ္စတော့ မဟုတ်ဘူး အဇူရာတိမ်သတင်းစာကိုတတ်နိုင်သမျှမြန်မြန် အခြားကုန်းမြေတိုက်ကြီးတွေဆီပါ ပြန့်သွားအောင် လုပ်ရမယ် ဘာလို့လဲဆိုတော့ အဓိကကပ်ဘေးကြီးတစ်ခုက နှစ်၂၀အတွင်း ကျရောက်လာတော့မှာ မလို့ဘဲ”
အဇူရာတိမ်ကုန်းမြေတိုက်ကြီးသည် အခက်အခဲတစ်ခုခုကို ကြိုးစားရုန်းကန်ပြီး ကျော်ဖြတ်ခဲ့နိုင်သော်လည်း နောက်ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ဖို့ကတော့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို စုစည်းထားဖို့ လိုကြောင်းပါ ပြောပြလိုက်၏။
လီရှောင်ကျဲ ချက်ချင်းဆိုသလို သူတို့တိမ်တောင်အင်ပါယာက အဇူရာတိမ်ဂိုဏ်းနှင့်အပြည့်အ၀ ပူးပေါင်းမည့်အကြောင်း ထုတ်ပြောခဲ့သည်။
ထို့နောက် ကျန်းယန် သူတို့အား ရှင်းလင်းသည့် လမ်းညွှန်ချက်တစ်ခု ပေးခဲ့၏။
“ပထမအချက်အနေနဲ့ အင်ပါယာတွေက လူဦးရေကိုတည်ငြိမ်အောင် ထိန်းထားရမယ် လူဦးရေလုံး၀ ကျဆင်းစေလို့မဖြစ်ဘူး ဘာလို့လဲဆိုတော့ လူတွေက ကျွန်တော်တို့ ကုန်းမြေတိုက်ကြီးရဲ့ အခြေခံအကျဆုံး အုတ်မြစ်ဖြစ်နေလို့ပဲ
ဒုတိယအချက်အနေနဲ့ကတော့ ကျွန်တော်တို့တွေ မိုးပြာလကုန်သွယ်သမဂ္ဂကို အင်တိုက်အားတိုက် ထောက်ပံ့ကြရမယ် ကျွန်တော်တို့ ရည်ရွယ်ချက်က ချမ်းသာအောင်လုပ်ဖို့ မဟုတ်ဘူး ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ဈေးပေါပေါနဲ့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးဆီ ဖြန့်ဝေနိုင်ပြီး လူတိုင်းကျင့်ကြံနိုင်ကြဖို့ပဲ
ဒါပေမယ့် ဒီကိစ္စက အင်ပါယာထဲက အင်အားကြီးမိသားစုကြီးတွေနဲ့ ကုန်သွယ်သမဂ္ဂတွေကို ခြိမ်းခြောက်မိသလို ဖြစ်သွားမှာပဲ
သူတို့ကိုတော့ အင်ပါယာကပဲကိုင်တွယ်ပေးရမယ်”
ထိုဧကရာဇ်များ မကိုင်တွယ်နိုင်လျှင်တော့ ကျန်းယန်ကိုယ်တိုင်ပဲ ထိုပြဿနာကို ၀င်ကိုင်တွယ်ရပေလိမ့်မည်။
ထိုအကြောင်းကြားသောအခါ ဧကရာဇ်များ လေးနက်သွားခဲ့ကြသည်။ ထိုသို့ ပြုလုပ်လိုက်လျှင် အတွင်းရေးပဋိပက္ခများကို ရှောင်လွှဲလို့ မရနိုင်တော့မှန်း သူတို့သိကြ၏။
သူ့တွင် အားကောင်းသောစစ်တပ်ရှိနေလျှင်တောင် ထိုမိသားစုကြီးများအားလုံးကို ရင်ဆိုင်ဖို့ကခက်ခဲနေသေးမှန်း လီရှောင်ကျဲ ၀န်ခံရပေလိမ့်မည်။
ထိုမိသားစုကြီးများသည် အင်ပါယာတစ်ခုလည်ပတ်ရာတွင် အရေးပါသောကဏ္ဍက ပါ၀င်နေသော အင်အားစုများဖြစ်မှန်း စစ်ထူကွမ်းယွမ် ပြန်ပြောခဲ့သည်။
ကျန်းယန် အသာအယာပြုံးကာ သူ့ကိုအဖြေပြန်ပေးခဲ့၏။
“တကယ်လို့ သူတို့ကိုအင်အားသုံးပြီး မဖြေရှင်းနိုင်ဘူးဆိုရင် ခင်ဗျားတို့မှာ လုံလောက်တဲ့အင်အားရှိမနေလို့ပဲ”
သူ့ဤဗျူဟာတွင် ဂိုဏ်း၏ကျင့်ကြံခြင်းစစ်တပ်သုံးခုက အရေးပါသော အခန်းကဏ္ဍက ပါ၀င်နေပေလိမ့်မည်။
ထို့နောက် ကျန်းယန် သူ့အစီအစဉ်ကို ဆက်ပြောပြခဲ့သည်။
“၀တ်စုံပြာအဖွဲ့က တိမ်တောင်အင်ပါယာမှာ တပ်စွဲထားလိမ့်မယ် ၀တ်စုံနီအဖွဲ့ကတော့ ယွင်ထန့်အင်ပါယာမှာပေါ့ အဲ့ဒီ အင်အားစုနှစ်ခုနဲ့ဆိုရင် ခင်ဗျားတို့တွေကို ခုခံတဲ့ ဘယ်အင်အားစုကိုမဆို အပြတ်ရှင်းပစ်နိုင်လိမ့်မယ်”
သူ့ရည်ရွယ်ချက်က ရှင်းလင်း၏။ ငါးနှစ်အတွင်း အင်ပါယာနှစ်ခုစလုံးတွင် တည်ငြိမ်နေစေရန်သာ ဖြစ်သည်။ ထို့ကြောင့် သူ့အမိန့်ကိုမနာခံသော ဘယ်အင်အားစုကိုမှ သူချမ်းသာပေတော့မည် မဟုတ်ပေ။
သာမန်အခြေအနေတွင်ဆိုလျှင်တော့ သူအချိန်ယူပြင်ဆင်မည် ဖြစ်သော်လည်း အခုလို အချိန်အကန့်အသတ်ရှိနေသောအခါမျိုးတွင် အားသုံး၍ ရှင်းပစ်ခြင်းထက် ဘယ်ဗျူဟာကမှ ပိုမကောင်းနိုင်ပေ။
သူ့ချဉ်းကပ်ပုံက ရက်တော့ရက်စက်လွန်းနေပေလိမ့်မည်။
မြို့သခင်က ခုခံရင် မြို့သခင်ကိုသတ်
မိသားစုတစ်ခုကခုခံရင် မိသားစုတစ်ခုလုံးကို အမြစ်ဖြုတ်
၀န်ကြီးတွေက ခုခံရင် ၀န်ကြီးတွေအားလုံးကို ရှင်းပစ်!
ထိုအရာက သူ့ရိုးရှင်းကာ ထိရောက်သော ဗျူဟာသာ ဖြစ်သည်။
ဧကရာဇ်များအနေနှင့်လည်း ဘာကိုမှ စိတ်ပူစရာမလိုပေ။ သူတို့နောက်တွင် အဇူရာတိမ်ဂိုဏ်းက စစ်အင်အားကို အပြည့်အ၀ ထောက်ပံ့ပေးထားပေလိမ့်မည်သာ။
ထို့နောက် ကျန်းယန် သူတို့အား ထိုအစီအစဉ်အတိုင်း လိုက်လုပ်ဖို့ ယုံကြည်ချက်ရှိသလားဟု တိုက်ရိုက်သာ မေးခဲ့၏။ မရှိခဲ့လျှင် အခုထုတ်ပြောနိုင်ပေသည်။ အခုအချိန်တွင် လက်ခံပြီး ပြန်သွားခဲ့လျှင်တော့ နောက်ဖြစ်လာမည့် ကိစ္စများသည် သူတို့တာ၀န်ဖြစ်သွားပေတော့မည်။
လူတိုင်း ကျောချမ်းသွားခဲ့ကြ၏။ ကျန်းယန် စကားလုံးများမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းဆန္ဒသည် ပြင်းထန်လွန်းနေခဲ့သည်။
စစ်ထူဟောင်နန်လည်း တုန်လှုပ်နေခဲ့၏။ နောက်ဆုံးတွင်တော့ သူ့သမီးပြောခဲ့သည့် မိသားစုဖျက်ဆီးခံလိုက်ရလိမ့်မည်ဟူသော စကားက လျှော့ပြောထားခြင်းမှန်း သူနားလည်သွားခဲ့သည်။ သူ့ရှေ့က လူသည် မိသားစုကို ဖျက်ဆီးရုံဖျက်ဆီးမည် မဟုတ်ပေ။ အမြစ်ပြုတ်သုတ်သင်မည့် လူမျိုးဖြစ်၏။ ထို့ကြောင့် သူပြန်ရောက်သည်နှင့် ကျန်းယန်အမိန့်အတိုင်း မလွဲမသွေလိုက်နာဖို့သာ ဆုံးဖြတ်လိုက်သည်။
လီရှောင်ကျဲလည်း ထိုအစီအစဉ်ကိုအကောင်အထည်ဖော်ပါမည်ဟု လက်ခံလိုက်၏။
ထို့နောက် ကျန်းယန် သူတို့တစ်ဦးချင်းစီအား တိကျသော တာ၀န်များပေးအပ်လိုက်လေသည်။
“မိန်းမစိုးဟုန်က ဧကရာဇ်ကို ကာကွယ်ပေးပြီး ၀တ်စုံပြာဖွဲ့လိုတာတွေကို ဆောင်ရွက်ပေးလိုက်”
ကျန်းယန် သူ့သစ္စာရှိမှုနှင့်စွမ်းဆောင်ရည်တိုးတက်စေရန်အတွက် စိတ်ဝိညာဉ်လက်နက်တစ်ခုကိုပါ အပ်နှင်းပေးခဲ့၏။
ထို့အတူ စစ်ထူမိသားစုကိုလည်း အဆင့် ၉ စိတ်ဝိညာဉ်ရတနာတစ်ခုပေးအပ်ခဲ့ပြီး ၀တ်စုံနီအဖွဲ့လိုအပ်တိုင်း အသင့်ရှိနေပေးဖို့ မှာကြားခဲ့သည်။
ကျန်းယန်အားလုံးကို သတိပေးချက်ရော အကျိုးအမြတ်ရော ပေးပြီးနောက် သူ့စီစဉ်ပေးမှုက ပြီးဆုံးသွားခဲ့၏။
အားလုံးပြီးဆုံးသွားပြီးနောက် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က အင်အားစုအားလုံး နှစ်စဉ် မတ်လ ၃ ရက်နေ့နှင့် စက်တင်ဘာလ ၉ရက်နေ့တို့တွင် လုပ်ငန်းစဉ်များအကြောင်း သတင်းပို့ရမည်ဟု ထုတ်ပြန်လိုက်သည်။
မတ်လ ၃ရက်နေ့က ပြီးဆုံးသွားပြီဖြစ်သောကြောင့် နောက်တစ်ကြိမ် အစည်းအဝေးသည် စက်တင်ဘာ ၉ ရက်နေ့ ဖြစ်ပေလိမ့်မည်။
ထိုအစည်းအဝေးမတိုင်ခင်၌ ဂိုဏ်းထဲတွင် စစ်ရေးပြပွဲတစ်ခု ကျင်းပရန်လည်း လိုအပ်နေသေး၏။
သူ့တွင်လုပ်စရာများက များပြားလွန်းလှလေသည်။
***