အဇူရာတိမ်ဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီးနောက် တိမ်တောင်အင်ပါယာနှင့်ယွင်ထန့်အင်ပါယာမှ ဧကရာဇ်များ အဇူရာတိမ်မြို့ဆီ လေးလံသောနှလုံးသားများဖြင့် ပြန်လာခဲ့ကြလေသည်။
ထိုအစည်းအဝေးက သူတို့အမြင်များသည် အကန့်အသတ်ရှိနေသေးမှန်း သူတို့ကို ပြသသွားခဲ့၏။
အတိတ်တုန်းကဆိုလျှင် သူတို့ရည်ရွယ်ချက်မှာ သူတို့အသက်သေဆုံးချိန်အထိ အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်ရန်သာ ဖြစ်သည်။
သို့သော် အခုတော့ အင်ပါယာကိုအုပ်ချုပ်နိုင်ရုံဖြင့် အဇူရာတိမ်ကုန်းမြေတိုက်ကြီး၏ ကပ်ဘေးကို မတားဆီးနိုင်မှန်း သူတို့သိရှိသွားခဲ့ကြ၏။ ထို့အပြင် ကုန်းမြေတိုက်ကြီးအလွန်တွင်လည်း အလွန်အစွမ်းထက်သော အခြားကုန်းမြေတိုက်ကြီးများ ရှိနေသေးသည်။
သာမန်လူတစ်ယောက်ဖြစ်သော စစ်ထူကွမ်းယွမ်၏အမြင်များက ယွင်ထန့်အင်ပါယာလေးဆီမှ အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးထိ ကျယ်ပြန့်သွားခဲ့၏။
လီရှောင်ကျဲကတော့ ထိုထက်ပိုပေသည်။ သူ့ရည်ရွယ်ချက် တိုင်းပြည်ကိုအုပ်ချုပ်သော ဧကရာဇ်တစ်ပါးအဖြစ် စိုးစံပြီး အမတလမ်းစဉ်ကို လျှောက်လှမ်းရန်ဖြစ်သည်။
အခုလို သူ့ပထမရည်ရွယ်ချက် ပြည့်၀သွားပြီးချိန်တွင်တော့ ဧကရာဇ်တစ်ပါးဆိုသည်မှာ သာမန်ထက် ပိုများသော မိန်းမများ အခြွေအရံများ ရှိနေခြင်းကလွဲ ဘာမှမဟုတ်မှန်း နားလည်သွားခဲ့၏။
ထိုစည်းစိမ်းများက ကျင့်ကြံသူတစ်ယောက်ရှေ့တွင် ဘာမှဟုတ်မနေပေ။
ယခုပင် သူအဇူရာတိမ်ဂိုဏ်းကို ဦးညွတ်နေရသည် မဟုတ်ပါလော။
အကယ်၍ သူတစ်နေ့နေ့တွင် အမတများကြားထဲ၌ပင် ကောင်းကင်နှင့်မြေပြင်ကိုအုပ်ချုပ်သော မင်းတစ်ပါးဖြစ်လာမှသာ တကယ့် လောက၏အထွတ်အထိပ်သို့ ရောက်ရှိခြင်း ဖြစ်သွားပေလိမ့်မည်။
ထိုအခိုက်တွင် သူ့ကြီးမားလာသော ရည်ရွယ်ချက်များနှင့်အတူ သူ့သေးငယ်လှသော စိတ်ဝိညာဉ်ပင်လယ်ထဲ၌ မှုန်ဝါးနေသော တာအိုမျိုးစေ့လေးတစ်ခု စတင်ပေါ်ပေါက်လာခဲ့လေသည်။
ဧကရာဇ်များကို လိုက်ပို့ပြီးနောက် ကျန်းယန် အဇူရာတိမ်မြို့ အစိုးရရုံးသို့ ရောက်ရှိလာခဲ့၏။ သူ့တွင် ကျန်းကျစ်ချိုးနှင့် ဆွေးနွေးစရာများ ရှိနေသေးသည်။
အဇူရာတိမ်သတင်းစာနောက်တစ်တွဲအတွက် ပြင်ဆင်စရာများ ရှိနေသေးသောကြောင့် သူအရင်ဆုံး အဇူရာတိမ်သတင်းစာရုံးသို့့ သွားခဲ့၏။
သို့သော် သူသတင်းစာရုံးထဲရောက်သောအခါ နောက်ထွက်မည့် သတင်းစာထဲ သူတို့ပုံများ ပါစေရန် တိုးဝှေ့ငြင်းခုန်နေသော အမျိုးသမီးအုပ်ကြီးနှင့် ကြုံလိုက်ရလေသည်။
“စီနီယာအစ်ကိုကြီး နောက်ဆုံးတော့ရောက်လာပြီ” သတင်းစာရုံးကို ဦးစီးနေသော လျူမင် ကယ်တင်ရှင်တစ်ယောက်ကို တွေ့လိုက်ရသလို ၀မ်းသာသွားခဲ့၏။
“အဲ့ဒီလူတွေက ကျွန်တော်တို့ သတင်းစာထဲမှာ အမျိုးသမီးပုံတွေလည်းထည့်ပေးမှန်းသိတော့ သူတို့လည်း ပါချင်ကြောင်း အတင်းပြောနေကြတယ် ကျွန်တော်သူတို့ကို နားချပါသေးတယ် ဒါပေမယ့် မရဘူး သူတို့က နားမထောင်ကြဘူး”
အမျိုးသမီးများ ကျယ်လောင်စွာ ဆန္ဒဖော်ထုတ်နေခဲ့သည်။
“ငါတို့က ဘာလို့မသင့်တော်ရမှာလဲ ငါတို့လည်း မိန်းမတွေပဲလေ ရုပ်လည်းလှကြတာပဲ ဘာလဲနင်တို့က လူလူချင်း အဆင့်အတန်း ခွဲခြားဆက်ဆံနေတာလား”
ကျန်းယန် သူတို့ကိုတစ်ချက်ကြည့်ပြီးနောက် ထိုအမျိုးသမီးများသည် နောက်ခံအနည်းငယ်ရှိကြသော သူများဖြစ်မှန်း သိရှိသွားခဲ့၏။
သူတို့ ရုပ်ရည်ကလက်ခံပေးလို့ရလောက်စရာဖြစ်သော်လည်း အဇူရာတိမ်သတင်းစာတွင် ထည့်ရလောက်အောင်တော့ ဟုတ်မနေခဲ့ပေ။
သူတို့ကို သတင်းစာထဲထည့်လိုက်လျှင် သတင်းစာ၏အဆင့်အတန်းကို နှိမ့်ချမိလိုက်သလို ဖြစ်သွားနိုင်ပေသည်။
သို့သော် ထိုကိစ္စကိုဖြေရှင်းမပေးလျှင်လည်း သူတို့သတင်းစာရုံးက လည်ပတ်၍ရတော့မည် မဟုတ်ပေ။
တခဏတွေးတောပြီးနောက် ကျန်းယန်ပြုံးကာ ပြောလိုက်၏။
“ငါတို့ အဇူရာတိမ်သတင်းစာက အတော်လေးကိုေရွးချယ်ပြီးမှ သတင်းစာထဲထည့်တာ ဆိုတော့ မင်းတို့ရဲ့လက်ရှိပုံစံက ငါတို့လိုအပ်ချက်တွေနဲ့ မကိုက်ညီသေးဘူး”
အမျိုးသမီးများ ပြန်ငြင်းဖို့ပြင်လိုက်ချိန်တွင် သူလက်မြှောက်ကာ ရပ်ဖို့ပြောလိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါပေမယ့် မင်းတို့တောင်းဆိုချက်ကလည်း အကျိုးအကြောင်းသင့်ပါတယ် ဆိုတော့ ငါတို့ဘက်က မင်းတို့ကို မငြင်းနိုင်ဘူး
တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါတို့ကလည်း အသစ်တစ်ခုခုပုံနှိပ်ဖို့ စီစဉ်နေတာလေ မင်းတို့ဆန္ဒရှိရင် အဲ့ဒီအသစ်ပုံနှိပ်မယ့် အထဲမှာ မင်းတို့ပုံတွေထည့်ပေးလို့ရတယ်
အဲ့ဒီ အသစ်ထုတ်ဝေမယ့် သတင်းစာကို ပန်းတစ်ရာပွင့်လန်းခြင်း လို့ခေါ်မယ်
ငါတို့ဘက်က ပုံတစ်ရာစုဆောင်းပြီးတာနဲ့ အဲ့ဒီသတင်းစာကို ထုတ်ဝေမယ် ဘယ်လိုထင်လဲ”
အမျိုးသမီးကျင့်ကြံသူများ ချက်ချင်း ကျေနပ်ကုန်ကြသည်။
အကယ်၍ သူတို့ပုံများကိုသာ ဂိုဏ်းကြီးများကမြင်ပြီး ခန့်အပ်လိုစိတ်ဖြစ်သွားလျှင် သူတို့ကံကြမ္မာများပင် ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလော။
ထိုအကြောင်းတွေးမိသောအခါ သူတို့ အသည်းအသန်သဘောတူလိုက်ကြပြီး ဓာတ်ပုံအရိုက်ခံဖို့ ပြင်ဆင်ကုန်ကြလေသည်။
လျူမင် ကျန်းယန်ကို စိတ်၀င်တစားမေးလိုက်၏။
“စီနီယာအစ်ကိုကြီး ပန်းတစ်ရာပွင့်လန်းခြင်း သတင်းစာထဲမှာ ဘယ်လိုအကြောင်းအရာတွေ ပါမှာလဲ”
ကျန်းယန် လျူမင်ကို သူ့ဘေးဆွဲခေါ်လိုက်ပြီး အသံကိုနှိမ့်၍ ပြောလိုက်သည်။
“သူတို့က သတင်းစာမှာပါချင်တာမဟုတ်လား ဟုတ်ပြီလေ အဲ့တော့ အဇူရာတိမ်သတင်းစာထဲမှာ ထည့်လို့မရတဲ့သူတိုင်းကို ပန်းတစ်ရာပွင့်လန်းခြင်းထဲမှာ ထည့်ပေးလိုက်တာပေါ့
ငါတို့ လူ၁၀၀ပြည့်အောင် စုပြီးတာနဲ့ သူတို့ပုံတွေကိုပေါင်းပြီး စာအုပ်တစ်အုပ်ထုတ်မယ် အဲ့ဒီစာအုပ်ကို ဈေးကြီးကြီးနဲ့ရောင်းမယ်ကွာ
တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီစာအုပ်ထဲက တစ်ယောက်ယောက်ရဲ့ အချက်အလက်တွေကိုလိုချင်လို့ ငါတို့ဆီဆက်သွယ်လာရင် သူ့ဆီက အခကြေးငွေ မြတ်မြတ်ကလေး ထပ်တောင်းမယ်ကွာ နားလည်လား”
လျူမင်မျက်လုံးများတောက်ပသွားခဲ့ပြီး ချက်ချင်းနားလည်သွားခဲ့၏။ သူ့တွင် ထိုအလုပ်မျိုးကို
လုပ်ကိုင်ဖို့ ပါရမီပါလာပုံရပေသည်။
“ပန်းတစ်ရာပွင့်လန်းခြင်း ကိုထုတ်ဝေဖို့ သေချာအချိန်ပေးလိုက်” ကျန်းယန် လေးလေးနက်နက်ဆက်ပြောလိုက်၏။
“ပြီးတော့ အဇူရာတိမ်သတင်းစာ အတွဲ ၃ ကိုထုတ်ဖို့လည်း ပြင်ဆင်
အဓိကထည့်ရမယ့် အကြောင်းအရာက နောက်၆လအကြာ အဇူရာတိမ်ဂိုဏ်းထဲမှာ ပြုလုပ်မယ့် စစ်ရေးပြပွဲအကြောင်းပဲ
၀မ်ပေ့လဲ့နဲ့အခြားသူတွေပြန်လာရင် ငါသူတို့အားလုံးကို စုခိုင်းပြီး စစ်သည် ၁၀၀၀၀ပါတဲ့ ပုံရိုက်ခိုင်းမယ် အဲ့ဒီပုံကို သတင်းစာရဲ့ မျက်နှာဖုံးအဖြစ် သုံး
နောက်ကျောအဖုံးအတွက်ကတော့ မင်းတစ်ယောက်ယောက်ရွေးပြီးပြီလား”
လျူမင် အားရပါးရခေါင်းငြိမ့်ပြလိုက်၏။
“ကျွန်တော်အစကတော့ စိုးရိမ်နေသေးတာ ဒါပေမယ့် အခုတော့ ကိစ္စမရှိတော့ဘူး လန်ကျားအထွတ်အမြတ်မြေက အမျိုးသမီးကျင့်ကြံသူတွေက သူတို့ပုံတွေကို ဒီမှာထားသွားကြတယ်လေ နောက်အတွဲအတော်များများအတွက်ကတော့ ကျွန်တော်တို့ နောက်ဖုံးအကြောင်း စိတ်ပူစရာမလိုတော့ဘူး”
ကျန်းယန် ခေါင်းယမ်းလိုက်လေသည်။
“ဒီတစ်ကြိမ်တော့ မလုပ်နဲ့ဦး သူတို့အစား ငါ့ဆရာနဲ့အစားထိုးလိုက်”
လျူမင် ကြက်သေသေသွားခဲ့သည်။
“ကျွန်တော်တို့က အမျိုးသမီးတွေပဲ အမြဲသုံးမှာ မဟုတ်ဘူးလား”
ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။
“ဒီအတွဲက စစ်ရေးပြပွဲအကြောင်းလေ နူးနူးညံ့ညံ့ကိစ္စလေးတွေ ထည့်လို့ ဘယ်ဖြစ်မလဲ ပုံတွေအားလုံးကို ကြမ်းတမ်းနေတာမျိုးတွေပဲ ထည့်ပေးရမယ်
ငါကိုယ်တိုင်ပုံရိုက်ပြီး မင်းဆီပို့လိုက်မယ် မင်းက အကြောင်းအရာတွေရေးသားတဲ့နေရာမှာပဲ အာရုံစိုက်ထားလိုက်”
အခုအချိန်ထိ အဇူရာတိမ်သတင်းစာ အတွဲတိုင်းကို ကျန်းယန်ကိုယ်တိုင် ကြီးကြပ်နေခြင်း ဖြစ်သည်။ အရေးကြီးသောအကြောင်းအရာများကိုလည်း သူကိုယ်တိုင်သာ ရေးသားနေဆဲ ဖြစ်၏။
လမ်းညွှန်ချက်များ ပေးပြီးနောက် ကျန်းယန် အလျင်အမြန်ပင် အဇူရာတိမ်ဂိုဏ်းဆီ ပြန်လာခဲ့သည်။
“ဆရာ ဓာတ်ပုံရိုက်ဖို့ အချိန်ရောက်ပြီ” ကျန်းယန် သူ့ဆရာကို ဆွဲေခါ်လာပြီး ပြောလိုက်၏။
ချင်းယွင်ကျိ ကြောင်သွားခဲ့သည်။
ဘာဓာတ်ပုံရိုက်ရမှာလဲဟ!
“၀င်္ကပါနယ်မြေထဲ သွားရအောင် ဆရာ့တာအိုနယ်မြေထဲက မိစ္ဆာတွေအကုန်လွှတ်လိုက် ကျွန်တော်တို့က အဇူရာတိမ်မြို့ပျက်ကြီးကို နောက်ခံထားပြီး မိစ္ဆာတွေကို ဖိနှိပ်တဲ့ ဆရာ့အောင်မြင်မှုကို အဓိကထားပြီး ရိုက်ကြမှာ”
ကျန်းယန် စိတ်အားထက်သန်စွာ ပြုံးလိုက်ကာ
“ဆရာ့အောင်မြင်မှုကို တစ်ကမ္ဘာလုံး သိသွားစေရမယ်”
ချင်းယွင်ကျိ အရင်ကမိန့်ခွန်းကိုပြန်တွေးမိသွားပြီး စိတ်မသက်မသာဖြစ်သွားခဲ့၏။ ထိုကိစ္စက သူ့အတွက် ဒုက္ခများသွားစေနိုင်သော ကိစ္စသာဖြစ်သော်လည်း ငြင်းမရမှန်း သူသိနေခဲ့သည်။
ထို့နောက် ကျန်းယန်နောက်သာလိုက်လာခဲ့ပြီး အဇူရာတိမ်မြို့ပျက်ဆီ ရောက်ရှိလာခဲ့၏။
ကျန်းယန် ၏လမ်းညွှန်မှုအောက်တွင် သူဓာတ်ပုံများ စတင်ရိုက်ကူးလေတော့သည်။
“ဆရာလက်ပိုက်ထား ကမ္ဘာကြီးတစ်ခုလုံးကိုလွှမ်းမိုးထားသလို အမူအရာမျိုးလုပ်”
“ဆရာ ဒီကိစ္စက ဂိုဏ်းရှင်သန်ရေးနဲ့ ပတ်သက်နေတာနော် ကျေးဇူးပြုပြီး လေးလေးနက်နက်လုပ်ပါဗျာ ခြေနှစ်လှမ်းလောက်တိုးဦး ရှေ့ကို”
“ဆရာ ဆရာတပည့်တစ်သောင်းကျော်ကို အသတ်မခံရစေချင်ဘူးမလား မြို့ရိုးပေါ်တက်ပြီး ပူဆွေးနေတဲ့ အမူအရာလေးလုပ်ပြ”
ရိုက်ကူးရေးပြီးဆုံးသွားချိန်တွင် ချင်းယွင်ကျိ အလွန်ပင်ပန်းနွမ်းနယ်သွားခဲ့၏။
မိစ္ဆာများကို နှစ်ရာချီအောင်ဖိနှိပ်လာခဲ့ချိန်ကပင် သူအခုလောက် စိတ်မပင်ပန်းဖူးပေ။
***