သူတော်စင်သခင်သူ့သားကိုကြည့်ရင်း လေးကန်စွာသက်ပြင်းချလိုက်မိ၏။
သူသည် သူ့သားကို ရှို့ပင်း ဟူသောနာမည်ပေးခဲ့ရခြင်းမှာ တစ်နေ့နေ့တွင် သူ့သားသည် အမတလမ်းစဉ်အထွတ်အထိပ်ကိုရောက်ရှိပြီး မိသားစုကိုအုပ်ချုပ်ကာ ကမ္ဘာကြီးကိုအမိန့်ပေးနိုင်ဖို့ မျှော်လင့်ထား၍ ဖြစ်သည်။ သူသည် သူ့သားကို ငယ်ငယ်လေးကတည်းက အကောင်းဆုံးဟူသော အရေးအမြစ်များပေးကာ ပြုစုပျိုးထောင်ပေးခဲ့ပြီး အကောင်းဆုံးလူတစ်ယောက် ဖြစ်လာစေခဲ့၏။
သို့သော်လည်း အခုတော့ ကျန်းယန်၏လှည့်စားမှုအောက်တွင် သူ့သား၏စိတ်ဓာတ်သည် ပျက်ဆီးသွားခဲ့ချေပြီ။
သူတော်စင်သခင် လက်ကိုဝေ့ယမ်းကာ သူ့သားစိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။
“မင်းရန်သူကိုအနိုင်ယူနိုင်ဖို့ အရင်ဆုံး မင်းသူ့ကိုကောင်းကောင်းနားလည်ထားဖို့ လိုတယ် မင်းရဲ့အမြဲအကောင်းဆုံးတွေပဲ ဖြစ်ချင်တဲ့စိတ်က အခုတော့ အားနည်းချက်တစ်ခုဖြစ်လာနေပြီ ငါမင်းကို ပြန်ပြီး ယုံကြည်မှုရှိလာစေချင်တယ် ကျန်းယန် ဘယ်လိုလုပ်နေလဲဆိုတာကို သင်ယူစေချင်တယ် မဟုတ်ရင် မင်းဘ၀ပျက်ဆီးသွားလိမ့်မယ်”
သူသာဂရုမစိုက်ဘဲ ပစ်ထားလိုက်လျှင် သူ့သားသည် မကြာခင်တွင် ကျန်းယန်ဟူသောအရိပ်မည်းကြီး၏ လွှမ်းမိုးခြင်းကို ခံရတော့မည်ဖြစ်မှန်း သူသိရှိနေခဲ့၏။
သူ့အဖေ၏ လမ်းမှန်စွမ်းအားလွှမ်းမိုးမှုအောက်တွင် ကုန်းရှို့ပင်း စိတ်ပြန်လည်ကြည်လင်လာခဲ့ပြီး အလိုလို ခေါင်းငြိမ့်လိုက်မိသည်။
“အဖေ ကျွန်တော်ကြိုးစားသင်ယူပါ့မယ်”
“သွားကျင့်ကြံတော့ မင်းစိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့ လိုနေတယ်” သူတော်စင်သခင်လက်ဟန်ပြ၍ ပြောလိုက်၏။
သူ့သားကိုလိုက်ပို့ပြီးနောက် သူတော်စင်သခင် ခြောက်ကပ်ကပ်ပြုံးလိုက်လေသည်။
“ဒီကလေးကတော့…ငါ့သားကိုဒီလောက်ဖြစ်သွားအောင် တွန်းအားပေးနိုင်တဲ့သူက ဘယ်လိုလူလဲဆိုတာ ငါသိချင်မိတယ်”
သူ့အကြည့်က အဇူရာတိမ်ဂိုဏ်းဘက်ဆီရောက်ရှိသွားခဲ့ပြီး အတွေးနွံနစ်သွားခဲ့၏။
အဇူရာတိမ်ဂိုဏ်းတွင်
မြောက်ပိုင်းကိုရှင်းလင်းပြီးသွားသော တပည့် ၁၀၀၀၀က များစွာသော အရင်းအမြစ်များနှင့်အတူ ပြန်ရောက်လာခဲ့လေသည်။
“စိတ်ဝိညာဉ်လက်နက်တစ်ခု စိတ်ဝိညာဉ်ကျောက်တုံး ၁.၇ ဘီလီယံ ပြီးဝောာ့ ရတနာအချို့နဲ့ သိုလှောင်လက်စွပ်ပါ” လျန့်ယိ ပြုံး၍တင်ပြလိုက်၏။
“ဒါတွေအားလုံးကို နတ်ဝိညာဉ်အဆင့်တစ်ယောက်ဆီက ရခဲ့တာပါ”
ကျန်းချန်းရှန်လည်း လေးလေးနက်နက်ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး အဲ့ဒီလူတွေက သာမန်လေလွင့်ကျင့်ကြံသူတွေမဟုတ်ဘဲ ဂိုဏ်းကြီးတစ်ခုခုက ရောက်လာတဲ့သူတွေလို့ ကျွန်တော်တို ့ သံသယရှိတယ် သူတို့က အဇူရာတိမ်ဂိုဏ်းကို အကောက်ကြံဖို့ ကြိုးစားနေကြတုန်းပဲ မရပ်ကြသေးဘူး”
ကျန်းယန် အသာအယာခေါင်းငြိမ့်ပြလိုက်၏။
“အချိန်တိုအတွင်းတော့ သူတို့နဲ့ ငြိမ်းချမ်းရေးရဖို့က မဖြစ်နိုင်ဘူး ငါတို့ဂိုဏ်းက လေးစားခံရလောက်အောင် ကြောက်စရာမကောင်းသေးဘူး မိစ္ဆာတွေ မွန်းစတားတွေ အားလုံးက ပုံရိပ်ယောင်တွေချည်းပဲ သူတို့က ငါတို့ကိုတကယ်မကြောက်ကြသေးဘူး ငါတို့မှာ တကယ့်စစ်မှန်တဲ့ စွမ်းအားရှိလာတဲ့အခါမှသာ ငါတို့ကို ကြောက်ကောင်းကြောက်လာကြလိမ့်မယ် အဲ့ဒီလိုဖြစ်ဖို့က ငါတို့အားလုံး ကြိုးစားကြဖို့ လိုတယ်”
၀မ်ပေ့လဲ့ ရယ်မောလိုက်သည်။
“ကျွန်တော်ကတော့ အဲ့ဒီလူတွေနဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး စီနီယာအစ်ကိုကြီးပဲလုပ်နိုင်မှာ အဲ့တာကြောင့် စီနီယာအစ်ကိုကြီးနောက်ပဲ လိုက်ဝောာ့မယ်”
ကျန်းချန်းရှန် ၀မ်ပေ့လဲ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းယန်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။
“ကျွန်တော်တို့ နောက်အစီအစဉ်က ဘာလဲ စီနီယာအစ်ကိုကြီး”
ကျန်းယန်သူတို့ကို ထိုင်ခိုင်းလိုက်ပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီး မြေပုံကိုဖွင့်လိုက်ကာ
“လက်နက်သန့်စင်သူတွေရဲ့ ကြိုးစားမှုကြောင့် ငါတို့မှာ သေနတ် အလက် ၁၀၀၀၀၀ ထပ်ရှိလာပြီ အဲ့တာတွေကိုယူသွားပြီး မင်းတို့လူတွေကိုလေ့ကျင့်ပေးလိုက်ကြ တပည့်တစ်သောင်းရဲ့ တာ၀န်တွေကို အရှိန်မြှင့်ဖို့လိုတယ် လက်နက်တပ်ဆင်ပြီးတာနဲ့ မင်းတို့တွေ ကိုယ့်တာ၀န်ကိုယ်လုပ်ဖို့ ချက်ချင်းထွက်ခွာကြပါ
အဇူရာတိမ်မြို့ကို စောင့်ရှောက်ဖို့ လူလိုသေးတော့ ငါမင်းတို့အဖွဲ့တွေထဲကနေ တစ်ဖွဲ့ကို လူ၅၀၀စီ ခေါ်ထားလိုက်မယ် ပြီးမှ သူတို့ကို နောက်ထပ်တာ၀န်တွေပေးမယ်”
“ပြဿနာမရှိပါဘူး အကောင်းဆုံးတွေကိုပဲ ရွေးထုတ်ပေးလိုက်ပါ့မယ် စီနီယာအစ်ကိုကြီး” ၀မ်ပေ့လဲ့ ပြတ်ပြတ်သားသား ပြောလိုက်၏။
“ကျွန်ဝောာ်/ကျွန်မ တို့မှာလည်း ပြဿနာမရှိပါဘူး” ကျန်းချန်းရှန်နှင့်လျန့်ယိတို့လည်း တစ်ပြိုင်တည်း ပြောလိုက်ကြလေသည်။
ကျန်းယန် လက်ကာပြလိုက်၏။
“အထူးစစ်သည်တွေရွေးပေးဖို့ မလိုပါဘူး သာမန်စစ်သည်တွေဆို ရပါပြီ အရေးကြီးတာက လုပ်နိုင်စွမ်းပဲ ပြီးပြည့်စုံနေစရာမလိုဘူး သေချာနားထောင်ကြ ငါတို့ဂိုဏ်းမှာ နောက်လာမယ့် လအနည်းငယ်အတွင်း စစ်ရေးပြပွဲလုပ်မယ် အဲ့ဒီကိစ္စက အရေးကြီးတယ်
ငါမင်းတို့ကို စစ်သည်တွေကိုဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာ သင်ပေးလိုက်မယ် မင်းတို့စစ်သည်တွေကို အဲ့လိုပြန်လေ့ကျင့်ပေး စက်တင်ဘာ ၉ရက်မတိုင်ခင်တော့ ဂိုဏ်းကို စစ်ရေးပြပွဲအတွက်ပြင်ဆင်ဖို့ ပြန်လာရမယ်”
လျန့်ယိနှင့်အခြားသူများ လေးလေးနက်နက်ခေါင်းငြိမ့်လိုက်ကြ၏။
ထို့နောက် ကျန်းယန် ခေါင်းဆောင်သုံးယောက်အား သူတို့တပ်သားများကိုစုခိုင်းလိုက်ပြီး အားလုံးပါ၀င်သော ဓာတ်ပုံတစ်ပုံရိုက်ခဲ့သည်။ ထို့နောက် သေနတ်အသစ် အလက် ၁၀၀၀၀ အား ဂိုဏ်းသားများဆီ ဝေငှပေးခဲ့၏။ အားလုံးပြီးစီးသွားသောအခါ အဖွဲ့တစ်ဖွဲ့ချင်းစီသည် ကျန်းယန်ဆီသို့ စစ်သည် ၅၀၀ဆီ အပ်နှံကာ ထွက်ခွာသွားခဲ့ကြသည်။
ကျန်းယန် လက်ကျန်စစ်သည် ၅၀၀ကိုကြည့်ကာ ပြုံးလိုက်၏။
“မင်းတို့အားလုံးက အဖွဲ့ကြီး ၃ဖွဲ့က မဟုတ်ကြတော့ဘူး မင်းတို့မှာ အခု ပိုအရေးကြီးတဲ့တာ၀န်ရှိနေပြီ အဇူရာတိမ်မြို့ကိုချဲ့ထွင်နေပြီဆိုတော့ မြို့အုပ်ချုပ်ရေးအဖွဲ့က မြိုတစ်မြို့လုံးကို မအုပ်ချုပ်နိုင်တော့ဘူး အဲ့တာကြောင့် ငါကမင်းတို့ကို အဇူရာတိမ်မြို့ကို စောင့်ရှောက်ဖို့ တာ၀န်ပေးမယ်”
“မင်းတို့တာ၀န်က အမိန့်တွေကိုနာခံပြီး မြို့လုံခြုံရေးကို တာ၀န်ယူပေးဖို့ပဲ ငါကိုယ်တိုင်မင်းတို့ကို ကြီးကြပ်မယ် ငါကအလုပ်ရှုပ်တတ်တော့ မင်းတို့ကိုကြီးကြပ်ဖို့ ကျန်းကျစ်ချိုးကိုလည်း လက်ထောက်ခေါင်းဆောင် ခန့်ထားမယ်”
တပည့် ၁၅၀၀ စိတ်လှုပ်ရှားကုန်ကြ၏။ အခုလို စီနီယာအစ်ကိုကြီးလက်အောက်တွင် တိုက်ရိုက်တာ၀န်ထမ်းဆောင်ရပြီး အရေးကြီးသော တာ၀န်များပေးအပ်ခံရလိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပေ။
ကျန်းယန် အမူအရာလေးနက်သွားခဲ့သည်။
“မင်းတို့အတွက် ပထမဆုံးအမိန့်က အဇူရာတိမ်မြို့တွင်းကို စည်းကမ်းနဲ့အညီ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားနိုင်ဖို့ပဲ မြို့ပြင်တော့ မပါဘူး
မြို့ရဲ့အဓိကနေရာတွေကို အာရုံပိုစိုက်ထားရမယ် ဥပမာ အဇူရာတိမ်မြို့အုပ်ချုပ်ရေးရုံးလိုနေရာမျိုး ပြီးတော့ အဇူရာတိမ်ပြတိုက် ငါတို့ရဲ့သမိုင်းကြောင်းတွေရှိနေတဲ့နေရာကို ကျူးကျော်ခံလို့ မဖြစ်ဘူး ပြီးတော့ အဇူရာတိမ်ဧည့်ဂေဟာ အဲ့ဒီနေရာမှာ အရေးကြီးဧည့်သည်တွေရှိလို့ ပြဿနာတွေဖြစ်လာနိုင်တယ် သေချာဂရုစိုက်ကြပါ
မင်းတို့မှာ မြို့ထဲကလမ်းတွေ အဆောက်အအုံတွေ ဗျူဟာကျနေရာတွေ ခံစစ်ပြင်ရမယ့်နေရာတွေကိုမြေပုံဆွဲဖို့ ၃ရက်အချိန်ရမယ် ပြီးရင် ငါ့ဆီသတင်းပို့ကြ”
“ဟုတ်ကဲ့ပါ” တပည့် ၁၅၀၀ ပြတ်ပြတ်သားသား အော်ပြောလိုက်ကြသည်။
ထို့နောက် ချင်းယွင်ကျိ ကျန်းယန်ဘေးတွင် ပေါ်လာခဲ့ပြီး သူ့အမူအရာက လေးနက်နေခဲ့၏။
“ဘာလို့ညီ၂ကို အဇူရာတိမ်မြို့ကို ဦးစီးဖို့ မလွှတ်လိုက်တာလဲ သူလည်း တာအိုပေါင်းစည်းခြင်းအဆင့်ရောက်တော့မှာပဲလေ အဆင်ပြေမှာပါ သိပ်မစိုးရိမ်ပါနဲ့ မင်းကျင့်ကြံခြင်းအတွက်လည်း အချိန်ပေးပါဦး”
ကျန်းယန်ပြုံးလိုက်သည်။
“ဆရာ ကိစ္စတိုင်းကို ဆရာပဲလိုက်ကိုင်တွယ်နေရင် ဘယ်မှာ ကျင့်ကြံဖို့အချိန်ရှိတော့မှာလဲ ဆရာသန်မာလာမှသာ ဂိုဏ်းက သန်မာလာမှာ ပြီးတော့ ဂိုဏ်းသားတွေခန့်အပ်တယ်ဆိုတာကလည်း တာ၀န်တွေ ပေးအပ်ချင်လို့ပဲ မဟုတ်လား ဒါက သူတို့လမ်းစဉ် သူတို့တာ၀န်ယူရမယ့် အရာပါပဲ
ကျွန်တော့်အတွက်ကတော့….စစ်ရေးပြပွဲမပြီးခင်အထိ ကျွန်တော့်မှာ ကျင့်ကြံဖို့အချိန်ရှ်ိလာမှာ မဟုတ်ဘူး ပြီးမှသာ ကျင့်ကြံခြင်းမှာ အာရုံစိုက်နိုင်လိမ့်မယ်”
ထို့နောက် သူသူ့ဆရာအား စစ်ရေးပြပွဲအကြောင်း အသေးစိတ်ရှင်းပြခဲ့၏။ ထိုစစ်ရေးပြပွဲပြီးသွားလျှင် ဂိုဏ်းကြီးများအားလုံးသည် စစ်တပ်တစ်ခုတည်ဆောက်ဖို့ အားကုန်သုံး ကြိုးစားကြတော့မည်ဖြစ်ပြီး ထိုသို့ဖြစ်သွားလျှင် သူတို့ဂိုဏ်းကိုလာရှုပ်ဖို့ အချိန်ပိုနည်းသွားပေလိမ့်မည်။
စစ်တပ်တည်ဆောက်ရာတွင်လည်း ဂိုဏ်းကြီးတိုင်းသည် ရှိသမျှအရင်းအမြစ်အားလုံးသုံး၍ တည်ဆောက်ကြမှာ သေချာ၏။ နဂိုကမှ အဇူရာတိမ်ဂိုဏ်းကို လျော်ကြေးပေးထားရ၍ စီးပွားရေးအခြေယိုင်နေသော ဂိုဏ်းကြီးများသည် ထိုအခြေအနေသို့ ရောက်လာလျှင် ပိုပြီးယိုင်နဲ့သွားကြကာ ဂိုဏ်းတွင်းပဋိပက္ခများပင် ဖြစ်လာနိုင်၏။ ထိုအရာက ကျန်းယန် လိုချင်သောအရာဖြစ်ပြီး ရန်သူကိုတိုက်ရိုက်ရင်မဆိုင်ဘဲ တိုက်ခိုက်သော ဗျူဟာတစ်ခုလည်း ဖြစ်သည်။
***