အဇူရာတိမ်သတင်းစာ အတွဲ၃ကလည်း အလင်းအလျင်ဖြင့် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြန်သည်။
သတင်းစာထဲက ချင်းယွင်ကျိနှင့်အင်တာဗျူးအပိုင်းကို ဖတ်ပြီး ဂိုဏ်းကြီးများမှ အကြီးအကဲများ အေးစက်စက် လှောင်ပြောင်လိုက်ကြ၏။
မိစ္ဆာတွေကို ဖိနှိပ်တာတဲ့လား ဟာသပဲ။
အဇူရာတိမ်ဂိုဏ်း၏ လက်ရှိအခြေအနေကို သူတို့အားလုံးသိကြသောကြောင့် မိစ္ဆာများကိုဖိနှိပ်သည်ဟူသော စကားမျိုးကို သူတို့ မယုံကြပေ။ ထို့အပြင် သူတို့မျက်လုံးထဲတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်က အခုလိုလုပ်ရပ်များလုပ်ခြင်းသည် အရှက်မဲ့လွန်းရာ ကျပေသည်။
သို့သော် ကျန်းယန်၏ပစ်မှတ်ကလည်း ဂိုဏ်းတစ်ဂိုဏ်း၏ အထက်လူကြီးများ မဟုတ်ပေ။ အဆင့်နိမ့်နှင့်အလယ်အဆင့် ဂိုဏ်းသားများကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်။
သူသည် မိစ္ဆာသတ်သူရဲကောင်းတစ်ယောက်ဖန်တီးနေခြင်းသာ ဖြစ်၏။
အဇူရာတိမ်ဂိုဏ်းသည် မိစ္ဆာများကြောင့် ကျဆင်းသွားခဲ့ရပြီး နောက်ဆုံးတွင် ချင်းယွင်ကျိက မိစ္ဆာများကိုဖိနှိပ်ရင်း ဂိုဏ်းကို အောင်မြင်အောင် ပြန်လုပ်နိုင်ခဲ့သည်။ ထိုဇာတ်လမ်းက တကယ့်အောချစရာ သူရဲကောင်းဇာတ်လမ်းမျိုးပင်။
လူတိုင်းက သူရဲကောင်းတစ်ယောက်လိုချင်နေခြင်းဖြစ်ပြီး အခု ထိုသူရဲကောင်းက ပေါ်လာခဲ့ချေပြီ။
အကြီးအကဲများကတော့ သတင်းစာ၏ မျက်နှာဖုံးကိုသာ စိတ်၀င်စားနေခဲ့ကြသည်။
၀မ်လင်းဂိုဏ်းတွင် ကျိုးရွှမ်ရှန်း မျက်နှာဖုံးက ပုံကိုကြည့်နေရင်း ပိုပိုဒေါသထွက်လာခဲ့၏။
သောင်းနှင့်ချီသောတပည့်များက သေနတ်များကို ကိုင်ဆောင်ကာ စစ်ပုံကျကျဖြင့် နေရာယူထားခဲ့ကြသည်။ ထိုအင်အားမျိုးက သူ့ကိုတောင် သတိထားမိသွားစေခဲ့၏။
အဇူရာတိမ်ဂိုဏ်းတွင် တပည့်မည်မျှတောင်ရှိနေပါသနည်း။
ထိုအရာက ဂိုဏ်းတိုင်းသိချင်နေကြသော မေးခွန်းသာဖြစ်သည်။
အတန်ကြာအောင်တွေးတောပြီးနောက် နောက်ဆုံးတွင် ကျိုးရွှမ်ရှန်း အခြားသူများကို ပြောလိုက်၏။
“ငါတို့ ကျိန်းသေပေါက် အဇူရာတိမ်ဂိုဏ်းစစ်ရေးပြပွဲကို သွားရမယ် သူတို့မဖိတ်ရင်တောင် နည်းလမ်းရှာပြီး သွားကြည့်ရမယ် သူတို့မှာ အင်အားဘယ်လောက်ပိုင်ဆိုင်ထားလဲ ဆိုတာ ငါတို့သိဖို့လိုတယ်
ပြီးတော့ တပည့်တွေအရေအတွက်များများလက်ခံမယ့် ကိစ္စကိုလည်း တွေးထားဖို့လိုတယ် မဟုတ်ရင် ငါတို့တွေ အနာဂတ်မှာအဇူရာတိမ်ဂိုဏ်းနဲ့ ဘယ်လိုယှဉ်နိုင်တော့မှာလဲ”
ကျိုးကျွင်းရှန် အမြန်၀င်ပြောလိုက်၏။
“ဂိုဏ်းချုပ် အဲ့လောက်လိုလို့လား သူတို့က သာမန်လူသာသာပဲကို ဘယ်လောက်များများအသုံးမ၀င်ပါဘူး ကျွန်တော်တစ်ချက်လောက် ရိုက်လိုက်ရုံနဲ့ အဲ့လိုလူ တစ်သိန်းလောက်ကို သတ်ပစ်နိုင်တယ်”
ကျိုးရွှမ်ရှန်းအသံက ပိုပြီးလေးနက်လာခဲ့သည်။
“အခြေခံတည်ဆောက်ခြင်းတပည့် တစ်သိန်းဆိုရင်ေတာ့ မင်းရှင်းပစ်နိုင်မှာပါ ဒါပေမယ့် ရွှေအမြုတေအဆင့် ၁သိန်းဆိုရင်ရော ပြီးတော့ သူတို့ကိုင်ထားတဲ့ မှော်ရတနာတွေကရော
မှော်ရတနာကိုင်ဆောင်ထားတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ထောင်က တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို ခြိမ်းခြောက်နိုင်တယ် ရွှေအမြုတေအဆင့်သာဆို ပိုပြီးတောင် ကြောက်စရာကောင်းနေလိမ့်မယ်”
ကျိုးကျွင်းရှန် တွေးမိပြီး ကြက်သီးပင်ထသွားခဲ့သည်။ အရေအတွက်ကလည်း အထင်သေးစရာတော့ မဟုတ်ပေ။
အခန်းထဲမှလူများ အသီးသီးခေါင်းငြိမ့်လိုက်ကြ၏။ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ပြောလိုက်သည်။
“ဂိုဏ်းချုပ် ကျွန်တော်ဂိုဏ်းဂိတ်တံခါးကိုကျယ်ကျယ်ဖွင့်ထားပြီး တပည့် တစ်သိန်းလက်ခံဖို့ အမိန့်ထုတ်ထားလိုက်ပါမယ်”
“တတ်နိုင်သမျှ မြန်မြန်လုပ်” ကျိုးရွှမ်ရှန်း လောလိုက်၏။
“ဆိုတော့ အဇူရာတိမ်ဂိုဏ်းက ငါတို့နဲ့အရေအတွက်လာပြိုင်ချင်တာလား တစ်သိန်းနဲ့မလောက်ရင် နှစ်သိန်းခန့်မယ် မင်းတို့ ငါတို့နဲ့ယှဉ်နိုင်မလား ကြည့်ရသေးတာပေါ့”
တစ်ချိန်တည်းမှာပင် လန်ကျားအထွတ်အမြတ်မြေမှ အကြီးအကဲများလည်း သတင်းစာအဖုံးကိုကြည့်ကာ မျက်နှာပျက်နေခဲ့ကြသည်။
ထိုမျှစည်းကမ်းသေ၀ပ်သော စစ်တပ်ကြီးက ကြောက်စရာကောင်း၏။
တုရှန် သက်ပြင်းချလိုက်လေသည်။
“ကျွန်ဝောာ်တို့လန်ကျားအထွတ်အမြတ်မြေလည်း ဂိုဏ်းသားတွေထပ်ခန့်ဖို့ စီစဉ်ရမယ် မဟုတ်ရင် အနာဂတ်မှာ အဇူရာတိမ်ဂိုဏ်းက ဂိုဏ်းသားတစ်သောင်းခေါ်လာပြီး လာတိုက်ရင် ဘယ်လိုခုခံရတော့မှာလဲ”
သူတော်စင်သခင်လည်းမျက်မှောင်ကြုံ့ကာ တိတ်ဆိတ်နေခဲ့၏။ သူ့သားကို စိတ်ဓာတ်ပျက်ဆီးသွားအောင်လုပ်ခဲ့သော ကျန်းယန်၏နည်းစနစ်များကို သူဂရုတစိုက်လေ့လာကြည့်နေခဲ့သည်။
ကျန်းယန်သည် မြေခွေးတစ်ကောင်လိုပင် ကောက်ကျစ်လှပြီး သူ့လှုပ်ရှားမှုကလည်း ခန့်မှန်းရခက်၏။
သူသည် ဝံပုလွေတစ်ကောင်လိုလည်း အသံတိတ်လှုပ်ရှားတတ်ပြီး သူ့ထောင်ချောက်ထဲ မိသွားပြီဟု သိလိုက်ချိန်တွင် ရုန်းထွက်ဖို့ နောက်ကျသွားတတ်ပေသည်။
သူ့သားက အကောင်းဆုံးဥပမာပင်။
ဤစစ်ရေးပြပွဲတွင်ရော ဖုံးကွယ်ထားသည့် အကြံအစည်တစ်ခုခု ရှိနေခြင်းပေလော။
သူတော်စင်သခင် စဉ်းစားမရခဲ့ပေ။ သို့သော် သူတို့ဒီတိုင်းကြီး သူချပေးသည့် လမ်းအတိုင်းမလျှောက်သင့်ဘူးဆိုတာကိုတော့ သူသိနေခဲ့၏။
“သူတော်စင်သခင် ကျွန်တော်အခုပဲ အမိန့်ထုတ်ပြီး ဂိုဏ်းသားတွေပိုခန်အပ်လိုက်ရမလား” ကျားရှန် မေးလိုက်သည်။
“ဒါမှမဟုတ် ကျွန်တော်တို့မှာ အစီအစဉ်တစ်ခုခုရှိလား”
သူတော်စင်သခင်အသာအယာပြုံးလိုက်၏။
“ငါတို့တွေ အလောတကြီးမလုပ်သင့်သေးဘူးလို့ ငါခံစားနေရတယ်”
“ဒါပေမယ့် ကျွန်တော်တို့နှောင့်နှေးနေရင် အားလုံး နောက်ကျသွားလိမ့်မယ်” တုရှန် ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက တပည့်သောင်းချီခေါ်ပြီး လေ့ကျင့်ပေးနေပြီ ကျွန်တော်တို့သာ အခုမလှုပ်ရှားရင် သူတို့နောက်မှာ ပြတ်ကျန်ခဲ့လိမ့်မယ်”
“အင်း မင်းတို့အဆင်ပြေမယ်ထင်သလိုသာ လုပ်ပါတော့” သူတော်စင်သခင် သက်ပြင်းချလိုက်၏။ သူ့တွင် ထိုအစီအစဉ်ကိုကန့်ကွက်ဖို့ အကြောင်းပြချက်ရေရေရာရာ ရှိမနေခဲ့ပေ။
ထို့ကြောင့် လန်ကျားအထွတ်အမြတ်မြေလည်း ဂိတ်ကိုကျယ်ကျယ်ဖွင့်ကာ တပည့်အသစ်များ ခေါ်ယူလေတော့သည်။
ထိပ်တန်းဂိုဏ်းကြီးဖြစ်သောကြောင့် ဂိတ်ဖွင့်လိုက်သည်နှင့် တပည့်များက တရဟော ၀င်ရောက်လာခဲ့ကြ၏။
လန်ကျားအထွတ်အမြတ်မြေ၏ ကနဦးရည်မှန်းချက်မှာ ဂိုဏ်းသား ၅၀၀၀၀ ခေါ်ယူရန် ဖြစ်သည်။
မကြာခင်တွင် ရှို့ယိဘုရားကျောင်းကလည်း ဂိုဏ်းသားသစ်များခေါ်ယူခဲ့ပြီး သူတို့ရည်မှန်းထားတာကတော့ ဂိုဏ်းသား ၁သိန်း ဖြစ်၏။
ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့ကလည်း ထိုလမ်းအတိုင်းလိုက်ကာ ဂိုဏ်းသား ၁သိန်းစီ ခေါ်ယူခဲ့ကြလေသည်။
……..
သူတို့ပင် မသိလိုက်ဘဲ ဂိုဏ်းကြီးများကြားဂိုဏ်းသားသစ်ခေါ်ယူခြင်းက အပြိုင်အဆိုင်တစ်ခုလို ဖြစ်လာခဲ့၏။
တကယ်တော့ ကျန်းယန်သည် ထိုဂိုဏ်းသားများကိုခေါ်ယူရာတွင် အရင်ဆုံးဦးနှောက်ဆေးပြီးမှ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ။ထို့ကြောင့်သူ့ဂိုဏ်းသားများသည် ဂိုဏ်းအပေါ် အလွန်သစ္စာရှိပြီး စိတ်ရောကိုယ်ပါ ဂိုဏ်းအတွက် ပေးဆပ်ထားကြသူများ ဖြစ်လာကြ၏။
ဂိုဏ်းကြီးများလို တွေ့ကရာ လျှောက်ခေါ်နေခြင်း မဟုတ်ပေ။
ထို့အပြင် ထိုတပည့်များအတွက်ကျင့်ကြံခြင်းအရင်းအမြစ်များ ထောက်ပံ့ပေးရန်ကလည်း လိုနေသေးသည်။
တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပဲ ထောက်ပံ့လျှင်တောင် တစ်လကြာလျှင် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကုန်ကျပေလိမ့်မည်။
ထိုတပည့်များက အပြည့်အ၀သစ္စာမရှိလျှင် ဂိုဏ်းတွင်းပဋိပက္ခများက ပေါ်ပေါက်လာနိုင်သေး၏။
ဂိုဏ်းကြီးများက ထိုတပည့်များကို အဇူရာတိမ်ဂိုဏ်းနှင့်ပြိုင်ဆိုင်ရန် ခေါ်ခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းထဲရောက်သည်နှင့် သူတို့ကို စစ်သားများကဲ့သို့ စစ်လေ့ကျင့်ရေးများလုပ်လေတော့၏။
“ငါက ကျင့်ကြံဖို့လာတာကို မင်းတို့ကစစ်သားလို လာလေ့ကျင့်ပေးနေတယ် လာနောက်နေတာလား”
မရေတွက်နိုင်သောဂိုဏ်းများ ဖရိုဖရဲဖြစ်ကုန်ကြလေသည်။
နှစ်လအတွင်းဂိုဏ်းတိုင်းအခက်အခဲကြီးများကို ရင်ဆိုင်လာရ၏။
လန်ကျားအထွတ်အမြတ်မြေတွင် သူတော်စင်သခင်ရှူပ်ထွေးနေသော အခြေအနေများကိုကြည့်ကာ နားလည်သွားခဲ့သည်။
ဆိုတော့ ဒါက ကျန်းယန်လိုချင်တာလား!
ထိုကောင်စုတ်လေးက နောက်ရော ဘာလုပ်ပါဦးမည်နည်း။
တစ်နာရီခန့်တွေးတောပြီးသည်အထိ သူအဖြေမရှာနိုင်ခဲ့ပေ။
“ဟူးးး စစ်ရေးပြပွဲပြီးတဲ့အချိန်ထိစောင့်ပြီး အခြေအနေတွေတိုးတက်လာမလားပဲ စောင့်ကြည့်ကြတာပေါ့” သူတော်စင်သခင် ခါးသက်သက်ပြုံးကာ ရေရွတ်လိုက်၏။
သူသည် ကျော်ကြားသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်ပေသည်။ အဘယ်ကြောင့် ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်၏ အစီအစဉ်များကို အလုပ်ရှုပ်ခံပြီး လိုက်ခန့်မှန်းနေရပါသနည်း။
ကမ္ဘာကြီးက ဘယ်တုန်းက အခုလိုပြောင်းလဲသွားပါသနည်း။
သန့်စင်သောကျင့်ကြံခြင်းကရော ဘယ်တုန်းက အခုလိုဖြစ်သွားရပါသနည်း။
……
***