ချန်ချန်ရွှယ်သည် ချင်းကျောက်၏ လက်ထဲတွင်လည်း တစ်ထပ်တည်းတူညီသော မက်မွန်သစ်သား အဆောင်လက်ဖွဲ့တစ်ခု ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် နောက်တစ်ခဏတွင် သူမ ရုတ်တရက် သဘောပေါက်သွားရသည်။ သူမပင် ဤကဲ့သို့သော အဆောင်လက်ဖွဲ့မျိုးရရှိခဲ့သေးရာ ချင်းကျောက် မရရှိနိုင်စရာ အကြောင်းမရှိချေ။
ဘာပဲဖြစ်ဖြစ် ဤကျင့်ကြံခြင်းသရုပ်ဖော်စနစ်တွင် ချင်းကျောက်က သူမထက် ပို၍ စွမ်းအားကြီးမားနေသည် မဟုတ်ပါလား။
သူမသည်လည်း အသက်အရမ်းမကြီးသေးသဖြင့် မသေမျိုးစံအိမ်မှ လူများ၏ ဖိတ်ကြားခြင်းကို ခံရသည်မှာ ပုံမှန်သာဖြစ်၏။
အကယ်၍ ချင်းကျောက်သာ ဖိတ်ကြားမခံရလျှင် ထိုအရာကမှ ပုံမှန်မဟုတ်ဖြစ်နေပေလိမ့်မည်။
"နင့်ကို ဒီအဆောင်လက်ဖွဲ့ပေးသွားတဲ့လူက ပြန်သွားပြီလား။" ချန်ချန်ရွှယ်က ချင်းကျောက်၏ မေးခွန်းကို မဖြေဘဲ သူမကိုယ်တိုင်ကသာ မေးခွန်းတစ်ခုကို လှည့်၍ မေးလိုက်သည်။
ချင်းကျောက်က အမှန်အတိုင်း ဖြေလေသည်။ "သူက ငါ့ကို အဆောင်လက်ဖွဲ့ပေးပြီးတော့ မထွက်သွားခင် အဓိပ္ပာယ်မရှိတဲ့ စကားတွေ အများကြီးပြောသွားတယ်။"
ဤအချိန်တွင် ချင်းကျောက်၏ မျက်နှာအမူအရာမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ "အဲဒီလူက ငါ့ကို ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ရှားပါးတဲ့ ပါရမီရှင်တဲ့၊ တာအိုကို နားလည်သဘောပေါက်ပြီး တက်လှမ်းနိုင်မယ့် အလားအလာရှိတယ်တဲ့။ မသေမျိုးလမ်းကြောင်းပေါ် ခြေချနိုင်မယ့် နေရာတစ်ခုဆီသွားဖို့ ဒီအဆောင်လက်ဖွဲ့ကို အသုံးပြုပါလို့ ပြောသွားတယ်။"
ထိုသို့ပြောပြီးနောက် သူမ၏မျက်နှာပေါ်ရှိ အနည်းငယ် စိတ်လှုပ်ရှားနေမှုများက ပြင်းပြသော စိတ်ဝင်စားမှုအဖြစ်သို့ ပြောင်းလဲသွား၏။ "နင်လည်း အဲဒီလူနဲ့ တွေ့ခဲ့တာလား။ သူက နင့်ကိုရော အဲဒီလိုပဲ ပြောသွားတာလား။"
ချန်ချန်ရွှယ်က ခေါင်းခါပြလိုက်သည်။ "ငါ သူ့ကို မတွေ့ခဲ့ဘူး၊ ဒါပေမဲ့ ငါ့ခမည်းတော်က သူ့ကိုတွေ့ခဲ့ပြီး သူ့အတွက် ညစာစားပွဲကို လဝက်တိတိ ကိုယ်တိုင်စီစဉ်ပြီး ဧည့်ခံခဲ့တယ်။"
"ငါ့လက်ထဲက အဆောင်လက်ဖွဲ့ကို ငါ့ခမည်းတော်က ပေးတာ။ ခမည်းတော်က အဲဒါကို မသေမျိုးစံအိမ်က လူတစ်ယောက်က ငါ့အတွက် ပေးသွားတာလို့ ပြောတယ်။"
"ခမည်းတော်က မသေမျိုးစံအိမ်နဲ့ ပတ်သက်တဲ့ ကိစ္စတချို့ကိုလည်း ငါ့ကို ပြောပြသေးတယ်။"
"အော်... ဒီလိုကိုး။" ချင်းကျောက် ရုတ်တရက် သဘောပေါက်သွားလေသည်။ ထို့နောက် သူမက ရုတ်တရက် ရယ်မောလိုက်၏။ "ငါက ပိုပြီး အဆင့်အတန်းရှိတဲ့ပုံပဲ။ သူ့ကို ငါ့ဆီ ကိုယ်တိုင် လာရှာခိုင်းရတာဆိုတော့လေ။ ဟီးဟီး။"
ချန်ချန်ရွှယ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ သူမသာ ချင်းကျောက်ကို အခွင့်အရေး အနည်းငယ်လောက် ပေးလိုက်ပါက ဤကောင်မလေးသည် အချိန်အတော်ကြာသည်အထိ ကြွားဝါနေလိမ့်မည်ကို သူမ သဘောပေါက်လိုက်လေသည်။
အချိန်ခဏမျှ ကြွားလုံးထုတ်ပြီးနောက် ချင်းကျောက်က သိချင်စိတ်ဖြင့် မေးလိုက်၏။ "ဒါဆို နင် သွားကြည့်ဖို့ စမ်းကြည့်ချင်လား။"
ချန်ချန်ရွှယ် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။ "ငါ တုံ့ဆိုင်းနေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတယ်လို့ ငါ ဆက်တိုက် ခံစားနေရတယ်။"
ချန်ချန်ရွှယ်က မေးလိုက်၏။ "စီနီယာချင်၊ ပုန်းကွယ်နေတဲ့ဂိုဏ်းဖြစ်တဲ့ မသေမျိုးစံအိမ်နဲ့ ပတ်သက်ပြီး ရှင် တစ်ခုခု သိထားတာများ ရှိလား။"
သူမက ချင်းကျောက်ကို မေးနေခြင်းမဟုတ်ဘဲ ချင်းကျောက်၏ အဘွားအိုကိုမေးနေခြင်းဖြစ်သည်။
အဘွားအို၏အသံက ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ "ငါက ပုန်းကွယ်နေတဲ့ ဂိုဏ်းတွေအကြောင်း နည်းနည်းပါးပါးကြားဖူးပေမဲ့ ဒီဂိုဏ်းနဲ့ တစ်ခါမှ အဆက်အသွယ် မလုပ်ခဲ့ဖူးသလို တက်လှမ်းသွားခဲ့တယ်ဆိုတဲ့ သူတို့ရဲ့ဘိုးဘေးဆရာသခင် အကြောင်းကိုလည်း တစ်ခါမှ မကြားဖူးဘူး။"
ဤအဖြေကို ကြားပြီးနောက် ချန်ချန်ရွှယ် ဆွံ့အသွားခဲ့ရသည်။
ယခင်အချိန်က အဘွားအိုသည်လည်း လူများကြားထဲမှ နဂါးနှင့် ဖီးနစ်ငှက်ဖြစ်ခဲ့ပြီး ကောင်းကင်ဘုံ၏ အချစ်တော်တစ်ဦး ဖြစ်ခဲ့သည်မဟုတ်ပါလား။
သို့တိုင်အောင် သူမသည် မသေမျိုးစံအိမ်မှ လူများနှင့် တစ်ခါမှ အဆက်အသွယ် မလုပ်ခဲ့ဖူးချေ။
'သူမ ငယ်ရွယ်စဉ်တုန်းက သူမရဲ့ကျင့်ကြံခြင်း အခြေခံအုတ်မြစ်က လုံလောက်တဲ့အထိ ထူးချွန်ပြောင်မြောက်မှု မရှိခဲ့လို့များလား။'
'ဒါမှမဟုတ် မသေမျိုးစံအိမ်က လူတွေက သူမကို မသိခဲ့ကြလို့လည်း ဖြစ်နိုင်တာပဲ မဟုတ်လား။'
ဘာပဲဖြစ်ဖြစ် ပုန်းကွယ်နေသောဂိုဏ်းများမှ ကျင့်ကြံသူများသည် အလွန်ထူးခြားသည်ဟု ကြားရသော်လည်း အမှန်တကယ်တွင်မူ သူတို့သည် သာမန်ကျင့်ကြံသူများနှင့် သိပ်ပြီး ကွာခြားမှု မရှိကြပေ။
သူတို့သည် အရာအားလုံးကို ထိုးထွင်းမြင်နိုင်စွမ်း မရှိသည်မှာ သေချာလှ၏။
သူတို့သည် ကျင့်ကြံခြင်းလောကရှိ ပါရမီရှင်များအားလုံး၏အမည်များကိုလည်း စုဆောင်းနိုင်မည် မဟုတ်ချေ။
သူတို့သည် ဒဏ္ဍာရီလာမသေမျိုးများကဲ့သို့ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို သူတို့၏နတ်ဘုရားအသိစိတ်များဖြင့် လွှမ်းခြုံထားနိုင်မည် မဟုတ်ပေ။
အလွန်အမင်း နှိမ့်ချနေထိုင်တတ်သော ကောင်းကင်ဘုံ၏အချစ်တော်အချို့ကို မသေမျိုးစံအိမ်မှ လူများက ချန်လှပ်ထားခဲ့မိရန် အလွန်ဖြစ်နိုင်ချေရှိပေသည်။
နှိုင်းယှဉ်ကြည့်လျှင် ဤနှိမ့်ချစွာ နေထိုင်တတ်သော ကောင်းကင်ဘုံ၏ အချစ်တော်များသည် ကျင့်ကြံခြင်း ပါရမီအခံနှင့် စွမ်းရည်ပိုင်းတွင် မည်သူ့ထက်မျှ နိမ့်ကျနေခြင်းမရှိသော်လည်း သူတို့သည် နှိမ့်ချလွန်းပြီး ထင်ရှားသော ဂုဏ်သတင်းမရှိသောကြောင့်သာ ဖြစ်သည်။
ရလဒ်အနေဖြင့် သူတို့သည် အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။
အတွေးများ သူမ၏စိတ်ထဲ အချိန်အတန်ကြာ ဖြတ်ပြေးသွားပြီးနောက် ချန်ချန်ရွှယ်က သိချင်စိတ်ဖြင့် မေးလိုက်၏။ "စီနီယာ၊ ယခင်အချိန်တုန်းက ရှင်က အရမ်းနှိမ့်ချပြီး နေခဲ့တာလား။"
အဘွားအိုသည် ခေတ္တမျှ ပြန်လည်စဉ်းစားလိုက်ပြီး သူမ၏လေသံတွင် အတိတ်ကို လွမ်းဆွတ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။ "ငါ ငယ်ငယ်တုန်းကပေါ့။ ရှီး... ငါက တကယ်ကို အရမ်း နှိမ့်ချပြီး နေခဲ့တာ။ ငါ မူလဝိညာဉ်အဆင့်ကို ထိုးဖောက်သွားခဲ့တုန်းကတောင် ဂိုဏ်းက ငါ့ရဲ့ဂိုဏ်းတူမောင်နှမတွေ မသိခဲ့ကြဘူး။"
"ငါ့ရဲ့ ကျင့်ကြံမှုအခြေခံက သူတို့ထက် ကျော်လွန်သွားတာကြာပြီဆိုတာကို သူတို့ ပထမဆုံး သိသွားခဲ့ကြတဲ့အချိန်က နှစ်ဘယ်လောက်တောင် ကြာခဲ့ပြီလဲဆိုတာ ငါ မသိတော့ဘူး။ ဒါပေမဲ့ ငါ့ဂိုဏ်းတူမောင်နှမတွေရဲ့ မျက်နှာပေါ်က အမူအရာတွေကိုတော့ အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။"
မျှော်လင့်ထားသည့်အတိုင်းပင်။
ဤစီနီယာချင်သည် ယခင်အချိန်က အလွန်အမင်း နှိမ့်ချလွန်းခဲ့သည်။ သူမသည် ရှေးဟောင်းပုန်းကွယ်ကျင့်ကြံခြင်း ဂိုဏ်းများနှင့် အဆက်အသွယ်ပြုလုပ်ရန် အခွင့်အရေး မရခဲ့သောကြောင့် သူမထံမှ မည်သည့် သတင်းအချက်အလက်ကိုမျှ ရရှိရန် နည်းလမ်းမရှိချေ။
"ကောင်မလေး၊ မင်းက ဒါကို ထောင်ချောက်တစ်ခု ဒါမှမဟုတ် ပူးပေါင်းကြံစည်မှုတစ်ခုခုလို့များ စိုးရိမ်နေတာလား။" အဘွားအိုက ရုတ်တရက် မေးလိုက်လေသည်။
သူမက ချန်ချန်းရွှယ်ကို မေးခွန်းထုတ်နေခြင်း ဖြစ်သည်။
ချန်ချန်ရွှယ်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူမက သူမ၏ စိုးရိမ်ပူပန်မှုများကိုလည်း ထုတ်ဖော်ပြောဆိုလေသည်။ "အနှစ် ၃၀၀မှာ တစ်ကြိမ် မသေမျိုးစံအိမ်က တောင်ပေါ်ကနေ ဆင်းလာပြီး ကျင့်ကြံခြင်းလောကထဲက ကောင်းကင်ဘုံရဲ့အချစ်တော် ဆယ်ယောက်ကို ဖိတ်ကြားတယ်။ ပြီးတော့ အဲဒီ ကောင်းကင်ဘုံရဲ့ အချစ်တော်တွေကို မသေမျိုးအဖြစ်တက်လှမ်းခြင်းလမ်းကြောင်းထဲကို လမ်းညွှန်ပေးမယ်လို့ ကတိပေးထားတယ်။"
"မေးခွန်းထုတ်စရာက... ဒီနှစ်တွေတစ်လျှောက်လုံး မသေမျိုးစံအိမ်ထဲကနေ ထွက်လာပြီး ကျင့်ကြံခြင်းလောကထဲမှာ တောက်ပနေတဲ့ ကောင်းကင်ဘုံရဲ့ အချစ်တော်တွေအကြောင်း ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ။"
"မသေမျိုးစံအိမ်ရဲ့ ဖိတ်ကြားတာကို ခံခဲ့ရတဲ့ ကောင်းကင်ဘုံရဲ့အချစ်တော်တွေ အားလုံးက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး လောကကြီးရဲ့ကိစ္စတွေကို ဂရုမစိုက်တဲ့သူတွေချည်း ဖြစ်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား။"
ဤစကားကို ကြားပြီးနောက် အဘွားအိုသည်လည်း နက်ရှိုင်းသော အတွေးများထဲသို့ ကျဆင်းသွားလေသည်။ "မင်းပြောတာလည်း အဓိပ္ပာယ်ရှိတယ်။ ပြီးတော့ ငါကိုယ်တိုင်လည်း မသေမျိုးစံအိမ်ဆိုတဲ့ နေရာကနေ ထွက်လာတဲ့ ပါရမီရှင်တွေအကြောင်း တစ်ခါမှ မကြားဖူးဘူးဆိုတာကို သတိရသွားစေတယ်။"
သူတို့နှစ်ဦးသည် ဤနေရာတွင် ချင်းကျောက်ကို လုံးဝ လျစ်လျူရှုထားသည့်အလား အချင်းချင်း စကားပြောနေကြ၏။
ချင်းကျောက်က ကြားဖြတ်၍ မပြောဘဲ မနေနိုင်တော့ချေ။ "အဆောင်လက်ဖွဲ့က ညွှန်ပြနေတဲ့နေရာကို ဝင်သွားပြီးတာနဲ့ ပြန်ထွက်လို့မရတော့မှာကို နင်က စိုးရိမ်နေတာ မဟုတ်လား။ အဲဒီလောက်ထိတော့ မဆိုးရွားလောက်ပါဘူး ဟုတ်တယ်မလား။ အကယ်၍ သူတို့က တကယ်ပဲ ဒီလိုကိစ္စမျိုးကို လုပ်ခဲ့မယ်ဆိုရင် ဒီနှစ်တွေ အများကြီးအတွင်းမှာ ဖော်ထုတ်မခံရဘဲ နေပါ့မလား။"
"သူ့ကိုယ်သူ မသေမျိုးစံအိမ်ကလို့ ပြောတဲ့ကောင်က မဟာဝေမင်းဆက်ရဲ့ ဧကရာဇ်နန်းတော်ကို ပေါ်ပေါ်ထင်ထင်ကြီးလာခဲ့တာဆိုတာကို နင် သိထားရမယ်နော်။ ဒီကိစ္စက တော်တော်လေး ပွင့်လင်းမြင်သာပြီး ရိုးသားတယ်လို့တောင် ယူဆလို့ရတယ်။"
***