ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့သည် မူလဝိညာဉ်အဆင့်ကျင့်ကြံသူ၏ နောက်မှ အနီးကပ် လိုက်ပါသွားကြ၏။ သူတို့သုံးဦးသည် ကောင်းကင်ယံတွင် အချိန်မည်မျှကြာအောင် ပျံသန်းနေခဲ့ကြသည်ကို မသိနိုင်ချေ။ နောက်ဆုံးတွင် အရှေ့ဆုံးမှ ပျံသန်းနေသော မူလဝိညာဉ်အဆင့်ကျင့်ကြံသူသည် တဖြည်းဖြည်း အောက်သို့ ဆင်းသက်သွားလေသည်။
အနီးကပ် လိုက်ပါလာသော ချင်းကျောက်၏ လှပသော မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။ "ဒါက..."
သူမ၏ရှေ့တွင် ရှည်လျားသော လှေကားထစ်များ ရှိနေ၏။
ဤလှေကားထစ်များသည် အချိန်ကာလရှည်ကြာစွာ ပွတ်တိုက်ခံထားရသည့်အလား ဖြစ်နေပြီး ၎င်းပေါ်တွင် အရောင်အသွေးစုံလင်သော အကွက်အပြောက်များဖြင့် ဖုံးလွှမ်းနေပေသည်။
၎င်းသည် ပျက်စီးယိုယွင်းနေကြောင်း သိသာထင်ရှားလှ၏။ ၎င်းပေါ်သို့ ခြေချလိုက်ပါက အက်ကွဲကြောင်းများ ဆက်တိုက်ဖြစ်ပေါ်သွားလေမလားဟုပင် လူများကို တွေးတောသွားစေနိုင်သည်။
သို့သော် သေချာစွာ လေ့လာကြည့်မည်ဆိုပါက အပြာရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ဤလှေကားထစ်များပေါ်တွင် အမှန်တကယ် ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ရှိနေသည်ကို တွေ့ရှိရသဖြင့် ပို၍ပင် အံ့အားသင့်သွားစေမည်ဖြစ်သည်။ ဤအငွေ့အသက်ကို လျစ်လျူရှုထားရန် ခက်ခဲလှပေသည်။
"ဒါက ကောင်းကင်ဘုံဆီ သွားတဲ့လှေကားထစ်ပဲ။" ချင်းကျောက်၏ မြင်ကွင်းထဲတွင် မသေမျိုးစံအိမ်မှ မူလဝိညာဉ်အဆင့်ကျင့်ကြံသူ၏ ကျောပြင်တစ်ခုသာ ရှိနေလေသည်။
တစ်ဖက်လူ၏အသံမှာ အနည်းငယ် အိုမင်းနေပုံရပြီး သူက ရှင်းပြလာ၏။ "လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက မသေမျိုးစံအိမ်ရဲ့ ဘိုးဘေးဆရာသခင်ဟာ ကပ်ဘေးနဲ့ တက်လှမ်းခြင်းတွေ ရောက်လာတော့မယ်ဆိုတာကို အာရုံခံမိခဲ့တယ်။ သူက မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ဖို့ တောင်ထိပ်ဆီ ပျံသန်းသွားတဲ့နေရာမှာ သူ့ရဲ့ လွှတ်မြောက်ခြင်းကျင်စဥ်ကို အသုံးမပြုခဲ့ဘူး။"
"အဲဒီအစား သူက မီတာ သိန်းနဲ့ချီမြင့်တဲ့ တောင်ထိပ်ဆီကို သူ့ရဲ့ ခြေထောက်နှစ်ချောင်းကိုပဲ အသုံးပြုပြီး တဖြည်းဖြည်း တက်သွားခဲ့တယ်။ ခြေတစ်လှမ်းလှမ်းတိုင်း ဘိုးဘေးဆရာသခင်ဟာ အချိန်အတိုင်းအတာ တစ်ခုအထိ အသိအမြင်ပွင့်လင်းမှုတွေကို ရရှိခဲ့တယ်။ ဒါက သူရဲ့ မသေမျိုးလမ်းကြောင်းပဲ။"
"နောက်ပိုင်းမှာ မသေမျိုးစံအိမ်က တခြားစီနီယာတွေက ဒီမသေမျိုးလမ်းကြောင်းကို တောင်ထိပ်ဆီ ဦးတည်သွားတဲ့ အပြာရောင်ကျောက် လှေကားထစ်တစ်ခုအဖြစ် တည်ဆောက်ဖို့ လျှို့ဝှက်ကျင့်စဥ်အမျိုးမျိုးကို အသုံးပြုခဲ့ကြတယ်။"
"ဒီလှေကားက နှစ်ပေါင်းတစ်သန်းကျော် သမိုင်းကြောင်းရှိပြီး အမြဲတမ်း အရမ်းကိုထူးခြားနေမှာပဲ။"
မူလဝိညာဉ်အဆင့်ကျင့်ကြံသူသည် ခေတ္တမျှ ရပ်တန့်သွား၏။ သူ သတိပြန်ဝင်လာပြီးနောက် အိုမင်းနေသော မျက်နှာတစ်ခုကို ထုတ်ဖော်ပြသလိုက်လေသည်။
သူ၏ မျက်နှာအမူအရာမှာ သိပ်ပြီး ပြောင်းလဲသွားခြင်း မရှိပေ။ "လွန်ခဲ့တဲ့ နှစ်တစ်သန်းကျော် ကာလတစ်လျှောက်လုံး မသေမျိုးစံအိမ်က ဖိတ်ကြားခဲ့တဲ့ ကောင်းကင်ဘုံရဲ့အချစ်တော်တွေ အားလုံးဟာ ဒီမသေမျိုး တက်လှမ်းခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ကြတယ်။ ဒီလမ်းကြောင်းပေါ်မှာ တည်ထောင်သူ ချန်ရစ်ခဲ့တဲ့ အသိအမြင် ပွင့်လင်းမှုတွေ ရှိနေတာကြောင့် ထိုးထွင်းသိမြင်နိုင်စွမ်းမြင့်မားတဲ့ အဲဒီ ကောင်းကင်ဘုံရဲ့အချစ်တော်တွေအတွက်တော့ ဒါက အသိအမြင်ပွင့်လင်းဖို့ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။"
သူပြောသမျှ အများကြီးကို နားထောင်ပြီးနောက် ချင်းကျောက်သည် အကြမ်းဖျင်း နားလည်သွားခဲ့ပြီး သူမက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "တစ်နည်းပြောရရင် ဒီအပြာရောင်ကျောက်လှေကားထစ်က ထူးခြားတဲ့ ဝိညာဉ်လက်နက်တစ်ခုနဲ့ ညီမျှနေတာပေါ့။ အပေါ်ကို လမ်းလျှောက်တက်သွားရုံနဲ့ လူတွေကို အသိအမြင်ပွင့်လင်းစေဖို့ အခွင့်အရေး ပေးနိုင်တယ်ပေါ့။"
မူလဝိညာဉ်အဆင့် ကျွမ်းကျင်သူ လန့်သွားသော်လည်း သူက ချက်ချင်း ပြန်ဖြေလေသည်။ "မင်းက ဒီလိုမျိုး နှိုင်းယှဉ်သုံးနှုန်းလို့ရပေမဲ့ အဲဒါက ဝိညာဉ်လက်နက်တစ်ခုထက် အများကြီး ပိုပြီးထူးခြားတယ်။ ဘာလို့လဲဆိုတော့ ဒီမသေမျိုးလမ်းကြောင်းပေါ် ခြေချတာက အန္တရာယ်တွေကို ယူဆောင်လာပေးမှာမို့လို့ပဲ။"
သူက သတိပေးလာ၏။ "ကျင့်ကြံခြင်းလောကမှာ လှေကားပေါ်မှာ သေဆုံးသွားခဲ့တဲ့ ကောင်းကင်ဘုံရဲ့ အချစ်တော် ရာဂဏန်းထက်မနည်း ရှိနှင့်ပြီးသားပဲ။ ဘိုးဘေးကြီး ချန်ရစ်ခဲ့တဲ့ အသိအမြင်ပွင့်လင်းမှုဆိုတာ လူတိုင်းနားလည်သဘောပေါက်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။"
"ပိုမြင့်လေ အန္တရာယ် ပိုများလေပဲ။ အကယ်၍ ကောင်းကင်ဘုံရဲ့ အချစ်တော်နှစ်ယောက်အနေနဲ့ မသေမျိုးတက်လှမ်းခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်မှာ တကယ်ပဲ ဆက်ပြီး မခံနိုင်တော့ဘူးဆိုရင် အသံပြုပြီး မင်းတို့နှစ်ယောက်ကို အောက်ဆင်းပေးဖို့ ငါ့ကို တောင်းဆိုနိုင်ပါတယ်။"
"မသေမျိုးတက်လှမ်းခြင်း လမ်းကြောင်းပေါ်မှာ သေဆုံးသွားခဲ့ကြတဲ့ အဲဒီကောင်းကင်ဘုံရဲ့ အချစ်တော်တွေက အရမ်းကို မာနကြီးကြပြီး အကူအညီ မတောင်းချင်ခဲ့ကြလို့ပဲ။"
"အဆုံးမှာတော့... ဟင်း...။"
မူလဝိညာဉ်အဆင့် ကျင့်ကြံသူ စကားမဆုံးမီ သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားလေသည်။ သူ၏ တည်ငြိမ်နေသော မျက်နှာအမူအရာသည် သူ၏ရှေ့ရှိ မြင်ကွင်းကြောင့် ပျက်စီးသွားခဲ့ရ၏။ သူက ကြောင်အမ်းအမ်းဖြင့် ပြောလိုက်သည်။ "မင်း... အခုလေးတင် ခြေချလိုက်တာလား။"
ချင်းကျောက်သည် မသေမျိုးတက်လှမ်းခြင်း လမ်းကြောင်းဟုခေါ်သော နေရာပေါ်သို့ သိချင်စိတ်ဖြင့် ခြေချလိုက်ပြီး ခြေလှမ်းအနည်းငယ် တက်သွားသည်ကို သူ ကြည့်နေခဲ့ရသည်။
ထို့နောက် သူမ ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ "ဒါက တကယ်ကို ထူးခြားတဲ့အရာတစ်ခုခု ရှိနေတာပဲ။ ငါ အဲဒီအပေါ် လမ်းလျှောက်လိုက်တဲ့အခါ ဘယ်ကမှန်းမသိတဲ့ ဖိအားတစ်မျိုးကို ခံစားလိုက်ရတယ်... ဒီဖိအားမျိုးက ခန္ဓာကိုယ်အတွက်တင် မဟုတ်ဘဲ ဝိညာဉ်အတွက်ပါပဲ။"
ထို့နောက် သူမက ချန်ချန်ရွှယ်ကို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဒါကလွဲရင် တခြားအန္တရာယ် ဘာမှမရှိတဲ့ပုံပဲ။"
ချန်ချန်ရွှယ်က သူမ၏ နဖူးပေါ်သို့ လက်ကို ကူကယ်ရာမဲ့စွာ တင်လိုက်လေသည်။ "နင် တကယ်ကို သေရမှာ နည်းနည်းလေးမှ မကြောက်တာပဲ။"
ထို့နောက် မူဝိညာဉ်အဆင့် ကျင့်ကြံသူမှာ ကြောင်အမ်းအမ်း ဖြစ်နေခဲ့လေသည်။
သူမလည်း အပေါ်သို့ လမ်းလျှောက်တက်သွား၏။
သူမ၏ မျက်လုံးများကိုမှိတ်ကာ အချိန်အတန်ကြာ ခံစားကြည့်ပြီးနောက် ချန်ချန်ရွှယ်ကလည်း မှတ်ချက်ချလေသည်။ "တကယ်ပဲ ထူးဆန်းတဲ့ ဖိအားတစ်မျိုး ရှိနေတယ်။ သူက သူ့ရဲ့ ကိုယ်ပိုင် အသိအမြင်ပွင့်လင်းမှုကို တောင်ပေါ်လမ်းကြောင်းတစ်ခုပေါ်မှာ ချန်ရစ်ထားနိုင်ခဲ့ပြီး အဲဒါက နှစ်ပေါင်းများစွာ ကြာတဲ့အထိ မပျောက်ကွယ်သွားဘူး။ ဒီမသေမျိုးစံအိမ်ရဲ့ ဘိုးဘေးကြီးက ဟိုသွေးကြာပန်းတာအိုဆရာထက် အဆပေါင်းများစွာ ပိုပြီးစွမ်းအားကြီးတာပဲ။"
မှတ်ချက်ချနေစဉ်တွင် ချန်ချန်ရွှယ်သည် ထိုသွေးကြာပန်းတာအိုဆရာ၏ အလောင်းကို နှိမ်ချပြောဆိုရန် မမေ့လျော့ခဲ့ချေ။
သူတို့နှစ်ဦးသည် အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ အပေါ်သို့ ဆက်တက်သွားကြလေသည်။ သူတို့နှစ်ဦးစလုံးမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများဖြစ်ကြရာ ဤဖိအားအနည်းငယ်က သူတို့အတွက် ဘာမျှမဟုတ်ပေ။
၎င်းမှာ လုံးဝကို ဘာမျှမဟုတ်ခဲ့ချေ။
သို့သော် သူတို့၏လမ်းလျှောက်နှုန်းမှာ အထူးတလည် မြန်ဆန်နေခြင်း မရှိပေ။ ၎င်းသည် သာမန်လူတစ်ယောက် တောင်တက်သည့် အမြန်နှုန်းလောက်သာ ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မသေမျိုးစံအိမ်၏ ဘိုးဘေး ချန်ရစ်ခဲ့သော ထိုးထွင်းသိမြင်မှုအချို့ကို နားလည်သဘောပေါက်ရန် ကြိုးစားနေကြသောကြောင့်ပင်။
ချန်ချန်ရွှယ်သည် ၅၆၉ ထစ်မြောက် လှေကားထစ်သို့ ရောက်ရှိသွားသောအခါ သူမသည် ရှေ့သို့ ဆက်တက်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်လေသည်။
သူမသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ မျက်နှာမှာ တည်ငြိမ်နေကာ ထူးဆန်းသော အခြေအနေတစ်ခုထဲသို့ ကျဆင်းသွားသည့်အလား ဖြစ်နေ၏။
သူမ၏ဘေးတွင် ရပ်နေသော ချင်းကျောက်မှာ ဆွံ့အသွားရလေသည်။ "သူမက ဒီလောက် မြန်မြန်ကြီး အသိအမြင် ပွင့်လင်းမှုထဲကို ဝင်သွားတာလား။"
"ရှီး" သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အသိအမြင်ပွင့်လင်းမှုတစ်ခုက ကျင့်ကြံသူတစ်ယောက်ကို ဘယ်လောက်တောင် အကျိုးကျေးဇူးတွေ ယူဆောင်လာပေးနိုင်လဲဆိုတာ သူမ ကောင်းကောင်း သိထားပေသည်။
အကယ်၍ ချန်ချန်ရွှယ်သာ ဤမသေမျိုးတက်လှမ်းခြင်း လမ်းကြောင်းဟုခေါ်သော နေရာပေါ်တွင် အသိအမြင် ပွင့်လင်းမှုကို အကြိမ်အနည်းငယ်လောက် ရရှိသွားခဲ့မည်ဆိုလျှင် သူမသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်သွားနိုင်မည်ဖြစ်သည်။
'အဲဒါက ချန်ချန်ရွှယ်က ငါ့ကို နောက်တစ်ကြိမ် ကျော်တက်သွားဦးမယ်လို့ ဆိုလိုနေတာများလား။'
'ဘယ်လိုမှ မဖြစ်နိုင်ဘူး...'
ဒီတစ်ကြိမ် သူမ မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော်ရာမှာ ချင်းကျောက်အနေဖြင့် ချန်ချန်ရွှယ်ကို ကျော်တက်နိုင်ခဲ့ရန် မလွယ်ကူခဲ့ပေ။ ထို့ကြောင့် ချန်ချန်ရွှယ်ကို သူမအား နောက်တစ်ကြိမ် ကျော်တက်ခွင့်ပြု၍ မရနိုင်ချေ။
ထို့ကြောင့် ချင်းကျောက်သည် အသိအမြင် ပွင့်လင်းသည့် အခြေအနေထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားရင်း ပဲ့တင်ထပ်တုံ့ပြန်မှုကို ရှာဖွေရန် အပြင်းအထန် ကြိုးပမ်းလေတော့သည်။
သို့သော် အချည်းနှီးသာ ဖြစ်ခဲ့၏။
သူမ အံကြိတ်လိုက်သည်။ သူမ အပေါ်သို့ ဆက်လက် ရွေ့လျားရန်သာ တတ်နိုင်တော့သည်။ ပိုမြင့်မြင့် တက်သွားလေ အသိအမြင် ပွင့်လင်းဖို့ အခွင့်အရေး ပိုများလေဖြစ်မည်ဟုသာ သူမ မျှော်လင့်နိုင်တော့လေသည်။
အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး...
သုံးရက်ကြာသွားခဲ့သည်။
ချန်ချန်ရွှယ် မျက်လုံးများကို ဖွင့်လိုက်၏။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များသည် ကြီးမားသော အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။ ဤသည်က သူမ၏အငွေ့အသက်ကို လွန်ခဲ့သော သုံးရက်ကထက် များစွာ ကွဲပြားခြားနားသွားစေခဲ့လေသည်။
***