ချန်ချန်းရွှယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "စီနီယာက အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့တာတောင် ဘာမှဝင်မတားခဲ့ဘဲနဲ့ အခုမှလာပြီး ဒီလိုစကားတွေ ပြောနေတာက နည်းနည်းယုတ္တိမတန်ဘူးလို့ မထင်ဘူးလား။ ဒါမှမဟုတ်... စီနီယာက မသေမျိုးတက်လှမ်းခြင်းလမ်းကြောင်းပေါ်ကို မဝင်ရောက်နိုင်လို့များလား။"
"ဟင်" ချင်းကျောက် အံ့အားသင့်သွားရသည်။ သူမက ချန်ချန်ရွှယ်ကို ကြည့်ကာ အံ့သြတကြီး မေးလိုက်၏။ "အဲဒါက မဖြစ်နိုင်ဘူး မဟုတ်လား။ အစတုန်းက ဒီစီနီယာက ငါတို့ ဆက်ပြီး တောင့်မခံနိုင်တော့ရင် သူ့ဆီမှာ အကူအညီတောင်းလို့ရတယ်လို့ ပြောခဲ့တယ်လေ။"
ချန်ချန်ရွှယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလေသည်။ "သူ ပြောလိုက်ရုံနဲ့တင် နင်က ယုံလိုက်တာလား။"
"ရှီး.." ချင်းကျောက်၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ "သူက ဘယ်လိုလုပ် ဒီလိုမျိုး လိမ်ပြောနိုင်ရတာလဲ။ ဒါပေမဲ့ သူ အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့တယ်လို့ နင်ပဲ ပြောခဲ့တာမဟုတ်ဘူးလား။ အဲဒါက မမှန်နိုင်ဘူးလေ။ အကယ်၍ သူ ဝင်မလာနိုင်ရင်တောင်မှ အသံပေးပြီး တားလို့ရသေးတာပဲ။"
ချန်ချန်ရွှယ်က ပြောလေသည်။ "အကယ်၍ သူက အသံပေးပြီး တားတဲ့အချိန်မှာ ငါတို့က ရပ်မသွားဘူးဆိုရင်၊ ပြီးတော့ သူကလည်း ငါတို့ကို ဝင်မတားနိုင်ဘူးဆိုရင် သူ ဝင်စွက်ဖက်လို့ မရဘူးဆိုတဲ့ အမှန်တရားက ပေါ်သွားမှာပေါ့။"
"အခု သူက ဒီအချိန်ရောက်မှ တမင်သက်သက် ပေါ်လာတာ။ သူ နောက်ကျသွားသလိုမျိုး ဟန်ဆောင်နေတာ သေချာတယ်။"
ထိုသို့ပြောပြီးနောက် ချန်ချန်ရွှယ်သည် သူမ၏ခေါင်းကို မော့လိုက်သည်။ သူမ၏ မျက်လုံးများသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသည့်အလားပင်။
သူမက မေးလိုက်၏။ "စီနီယာ၊ ဂျူနီယာရဲ့ ခွဲခြမ်းစိတ်ဖြာမှုက မှန်ကန်သင့်တယ် မဟုတ်လား။"
မူလဝိညာဉ်အဆင့်ကျင့်ကြံသူသည် အသက်ရှူကြိမ် အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့သည်။
"မဟာဝေမင်းဆက် သမိုင်းတစ်လျှောက်မှာ ပထမဆုံး အမျိုးသမီးအိမ်ရှေ့မင်းသမီးဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်တာပဲ။" ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သူက အာမေဍိတ်သံဖြင့် ပြောလာသည်။ "ငါ မင်းတို့ကို တကယ်ပဲ လိမ်ပြောခဲ့တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ မင်းတို့ကို ခြိမ်းခြောက်မှုတစ်ခုပေးဖို့နဲ့ မင်းတို့ရဲ့ ဘယ်ကိစ္စကိုမဆို ဒီအဘိုးကြီးက ဝင်စွက်ဖက်နိုင်တယ်ဆိုတာကို သိစေချင်လို့ပဲ။ ဒါမှ မင်းတို့တွေ မသေမျိုးတက်လှမ်းခြင်း လမ်းကြောင်းပေါ်မှာ ကြီးမားတဲ့ ပဋိပက္ခတွေ မဖြစ်ကြမှာလေ။"
"ဘာလို့လဲဆိုတော့ မင်းတို့ ပဋိပက္ခဖြစ်တဲ့အခါ ပထမဆုံး တွေးမိမှာက... ဒီအဘိုးကြီး ဝင်ပါမလား၊ မပါဘူးလား ဆိုတာပဲလေ။ မင်းတို့မှာ အဲဒီလို အတွေးမျိုး ရှိနေတဲ့အခါ မင်းတို့ရဲ့ ပဋိပက္ခတွေက အခြေခံအားဖြင့် ပြေလည်သွားလိမ့်မယ်။"
"ဒါပေမဲ့... အိမ်ရှေ့မင်းသမီးက ဒီအရာအားလုံးကို ထိုးထွင်းမြင်နိုင်လိမ့်မယ်လို့ ဒီအဘိုးကြီး မမျှော်လင့်ထားခဲ့ဘူး။ ဒါ့အပြင် မင်းတို့နှစ်ယောက် တိုက်ခိုက်တဲ့အခါမှာလည်း ဘာကိုမှ ထည့်မတွက်ဘဲ ဒီလောက်တောင် ပြတ်သားနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"
"ဘာပဲဖြစ်ဖြစ် မင်းတို့ သတ်ပစ်လိုက်တဲ့ ကောင်းကင်ဘုံရဲ့ အချစ်တော် ဆုန့်တင့်ကျဲက သူ မတိုက်ခိုက်ခင်မှာ အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့ရတာ။ သူက မင်းတို့နဲ့ အရမ်းကို ခြားနားလွန်းပါတယ်။"
"ကျင့်ကြံခြင်းလောကထဲက ကောင်းကင်ဘုံရဲ့ အချစ်တော်တွေကို ငါ လမ်းညွှန်ပေးလာတာ နှစ်ပေါင်း ၂,၀၀၀ ရှိပြီ။ ငါဆုံတွေ့ခဲ့ဖူးတဲ့ ကောင်းကင်ဘုံရဲ့ အချစ်တော်တွေ အားလုံးထဲမှာ..."
"မင်းတစ်ယောက်တည်းကပဲ ငါ့ရဲ့ လှည့်ကွက်ကို ထိုးထွင်းမြင်နိုင်ခဲ့တာ။"
မူလဝိညာဉ်အဆင့် ကျင့်ကြံသူက ခေတ္တရပ်သွားပြီး ဆက်ပြောလိုက်သည်။ "အကယ်၍ မင်းတို့ မသေမျိုးတက်လှမ်းခြင်း လမ်းကြောင်းပေါ်မှာ တခြား ကောင်းကင်ဘုံရဲ့ အချစ်တော်တွေနဲ့ ဆုံတွေ့ခဲ့ရင် သူတို့ကို အသက်ရှင်ခွင့် ပေးနိုင်မလား။"
ချန်ချန်ရွှယ်က ပြန်ဖြေလိုက်၏။ "အဲဒါက သူတို့ ဘယ်လိုရွေးချယ်မှုမျိုး လုပ်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။"
မူလဝိညာဉ်အဆင့် ကျင့်ကြံသူသည် တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
[အသက် ၁၇၉ နှစ်၊ ဆုန့်တင့်ကျဲဟု အမည်ရသော ကောင်းကင်ဘုံ၏ အချစ်တော်တစ်ဦးကို သတ်ဖြတ်ခဲ့သည်မှာ တစ်နှစ်တိတိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မသေမျိုးလမ်းကြောင်းပေါ်တွင် ပိုမြင့်လာလေ ပို၍ခက်ခဲပြီး နှေးကွေးလာလေဖြစ်သည်။ သူတို့၏ စိတ်ဆန္ဒကို စမ်းသပ်နေသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းပိုးထားရကြောင်း ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့ ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။]
[ထိုနှစ်မှာပင် အဝေးရှိ မဟာယန်မြို့မှ ဖူရွှမ်နီသည်လည်း သူမ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကို အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့လေပြီ]
[ဖူရွှမ်နီသည် အခြေတည်အဆင့် ဆယ်လွှာသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်]
[အသက် ၁၈၀ နှစ်၊ ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့သည် နောက်ဆုံးတွင် တောင်ထိပ်သို့ ရောက်ရှိသွားကြပြီး မသေမျိုးတက်လှမ်းခြင်းလမ်းကြောင်းပေါ်မှ ထွက်ခွာလာခဲ့ကြလေပြီ။ သူတို့ ထွက်လာသည့်အချိန်မှာပင် ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့ နှစ်ဦးစလုံးသည် အသိအမြင် ပွင့်လင်းသည့် အခြေအနေထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။]
[အသက် ၁၈၁ နှစ်၊ သူတို့နှစ်ဦးသည် တစ်နှစ်တိတိတိုင်အောင် အသိအမြင် ပွင့်လင်းသည့် အခြေအနေထဲတွင် ရှိနေခဲ့ကြသည်။]
[ချန်ချန်ရွှယ်သည် ရွှေအမြုတေအဆင့် ခြောက်လွှာသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်]
[ချင်းကျောက်သည်လည်း ရွှေအမြုတေအဆင့် ခြောက်လွှာသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်]
အခြားတစ်ဖက်တွင်မူ။
မဟာဝေမင်းဆက်၊ လူသူကင်းမဲ့သော တောင်တန်း၊ မဟာယန်မြို့။
ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့ ရွှေအမြုတေအဆင့် ခြောက်လွှာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဖူရွှမ်နီ မသိခဲ့ချေ။ ဤအချိန်တွင် သူမ၏ ကျင့်ကြံမှုများ ရပ်တန့်သွားသည်ကို ခံစားလိုက်ရပြီး နက်ရှိုင်းသော အတွေးများထဲသို့ မကျဆင်းဘဲ မနေနိုင်ခဲ့ပေ။
ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် သူမသည် အခြေတည်အဆင့် ဆယ်လွှာတွင်သာ ရှိနေသေးသောကြောင့် သူမ၏ ကျင့်ကြံမှုများ ရပ်တန့်မသွားသင့်ချေ။
သို့သော် ဤအချိန်ကာလအတွင်း မည်သို့ပင်ဖြစ်စေကာမူ သူမသည် သူမ၏ကျင့်ကြံမှုကို ထပ်မံတိုးတက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
သူမသည် အကျပ်အတည်းတစ်ခုသို့ ရောက်ရှိသွားသည့်အလားပင်။
ဖူရွှမ်နီသည် အလွန်အရေးကြီးသော စကားစုတစ်ခုကို တွေးမိသွားခဲ့သည် — သွေးမျိုးဆက် အကျပ်အတည်း။
မိစ္ဆာသားရဲများတွင် မတူညီသော သွေးမျိုးဆက်များ ရှိကြ၏။ မိစ္ဆာသားရဲတစ်ကောင်၏ သွေးမျိုးဆက်အဆင့် ပိုမြင့်လေ သူတို့၏ကျင့်ကြံခြင်း အမြန်နှုန်းက ပိုမြန်ဆန်လေဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်း အမြင့်ဆုံးကန့်သတ်ချက်မှာလည်း ပို၍ မြင့်မားလေဖြစ်သည်။
နိမ့်ကျသော သွေးမျိုးဆက်ရှိသည့် မိစ္ဆာသားရဲများသည် သူမကဲ့သို့ပင် ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ နှေးကွေးပြီး သူတို့ ကျင့်ကြံခြင်း၏ အမြင့်ဆုံးကန့်သတ်ချက်မှာလည်း အလွန် နိမ့်ကျလှပေသည်။
'ငါက ငါ့သွေးမျိုးဆက်ရဲ့ အမြင့်ဆုံးကန့်သတ်ချက်ကို ရောက်သွားတာလား။'
ဖူရွှမ်နီက တီးတိုးရေရွတ်လိုက်သည်။ "လမင်းကျီးကန်း မိစ္ဆာသားရဲမျိုးနွယ်စုရဲ့ ကန့်သတ်ချက်က အခြေတည်အဆင့် ဆယ်လွှာလား။"
"..."
***