"ဟူး" ဖူရွှမ်နီ၏ စိတ်အခြေအနေမှာ အလွန်လေးလံနေ၏။ အကယ်၍ သူမ၏ ခန့်မှန်းချက်သာ အမှန်တရားဖြစ်နေမည်ဆိုလျှင် သူမ မည်မျှပင် ကြိုးစားပမ်းစား ကျင့်ကြံစေကာမူ မည်သည့် တိုးတက်မှုမျှ ရှိလာမည်မဟုတ်ဟု ဆိုလိုခြင်းပင်။
သူမအနေဖြင့် သူမ၏ မိစ္ဆာသားရဲ သွေးမျိုးဆက် အချည်အနှောင်များကို ချိုးဖျက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာမတွေ့ခဲ့ပါက သူမ၏ဘဝတစ်လျှောက်လုံးတွင် ဤကျင့်ကြံမှုအဆင့်၌သာ ရှိနေတော့မည်ဖြစ်သည်။
ရင်တွင်း၌ မျှော်လင့်ချက် အရိပ်အယောင် အနည်းငယ် ကျန်ရစ်နေသေးသော ဖူရွှမ်နီသည် ကျင့်ကြံခြင်း သယံဇာတအမြောက်အမြားကို ပြင်ဆင်ကာ တံခါးပိတ်ကျင့်ကြံရန် ရွေးချယ်လိုက်လေသည်။
သို့သော်ငြားလည်း...
နှစ်ဝက်ခန့် တံခါးပိတ်ကျင့်ကြံပြီးနောက်တွင်လည်း ဖူရွှမ်နီ၏ ကျင့်ကြံမှုမှာ အနည်းငယ်မျှပင် တိုးတက်လာခဲ့ခြင်း မရှိချေ။
ဤသည်မှာ သူမ မမြင်ချင်ဆုံး အရာပင်ဖြစ်၏။
ကံမကောင်းစွာဖြင့်... ထိုကဲ့သို့သော အရာမျိုး ဖြစ်ပျက်လာခဲ့လေပြီ။
'အကယ်၍ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲမှာ ငါ့ရဲ့ကျင့်ကြံမှုက အခြေတည်အဆင့် ဆယ်လွှာမှာပဲ အမြဲတမ်းရပ်တန့်နေမယ်ဆိုရင် ဒီမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုရဲ့ အဓိပ္ပာယ်က ဘာလဲ။ လူသူကင်းမဲ့တဲ့ တောင်တန်းတွေမှာ သူတို့ရဲ့ အိမ်တွေကို နောက်ဆုံးတော့ ပြန်လည်တည်ဆောက်နိုင်ခဲ့တဲ့ လူတွေအတွက်လား။'
'တစ်ခါတလေ... ဒါက ငါ့ကို ဆက်ပြီး ရပ်တည်နိုင်အောင် လုပ်ပေးနိုင်တဲ့အတွေးတစ်ခု ဖြစ်နေနိုင်ပေမဲ့ ပြဿနာက လူသူကင်းမဲ့တဲ့တောင်တန်းတွေပေါ်က မြို့တွေဟာ အခုဆိုလမ်းကြောင်းမှန်ပေါ် ရောက်နေပြီလေ။'
'ငါ ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တကယ်တော့ သိပ်ပြီး အရေးမကြီးတော့ဘူး။ ငါမရှိရင်တောင်မှ သူတို့က ပုံမှန်အတိုင်း လည်ပတ်နိုင်စွမ်း ရှိနေကြပြီပဲ။'
ဖူရွှမ်နီသည် ဤသရုပ်ဖော်မှုကို အဆုံးသတ်လိုက်ရန် ရုတ်တရက် ဆန္ဒပေါ်လာခဲ့သည်။
သူမ၏ သွေးမျိုးဆက် အကျပ်အတည်းရှိနေကြောင်းကို သူမ သိရှိသွားချိန်တွင် အရာအားလုံးက ရှင်းလင်းသွားခဲ့၏။
ထိုအရာက သူမ၏စိတ်အခြေအနေကို ထိခိုက်စေခဲ့သည်။ အကယ်၍ သူမ၏စိတ်အခြေအနေသာ မတည်ငြိမ်ခဲ့လျှင် ဖျောက်ဖျက်၍မရနိုင်သော စိတ်နှလုံးမိစ္ဆာတစ်ခု ပေါ်လာနိုင်ချေ အလွန်များပြားလှပေသည်။
ဖူရွှမ်နီသည် သူမကိုယ်သူမ တည်ငြိမ်စေရန် ကြိုးစားလိုက်လေသည်။
"ဒါကို ပြင်ဆင်ဖို့ နည်းလမ်းတစ်ခုခုတော့ ငါရှာရမယ်။" ဖူရွှမ်နီက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ "ငါ့ကိုယ်ငါ အခွင့်အရေးတစ်ခုတော့ ပေးသင့်တယ် မဟုတ်လား။"
...
အခြားတစ်ဖက်တွင်မူ။
မိုးပျံနေသော တောင်ကြီး၏ထိပ်တွင် ရပ်နေနှင့်ပြီးဖြစ်သော ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့သည် ယခုအခါတွင် ပုန်းကွယ်နေသောဂိုဏ်းဟု ခေါ်သည့် နေရာမှ ပေးသော ဧည့်ဝတ်ကျေပွန်မှုများကို လက်ခံရရှိနေကြ၏။
တောင်ထိပ်သည် အမှန်တကယ်ပင် ပုန်းကွယ်နေသော ကျင့်ကြံခြင်းဂိုဏ်းဖြစ်သည့် မသေမျိုးစံအိမ်၏ အခြေစိုက်စခန်းဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
တစ်ဖက်လူသည် သူတို့၏ဘိုးဘေးဆရာသခင် တက်လှမ်းသွားခဲ့သောနေရာတွင် ပုန်းကွယ်နေသော ဂိုဏ်းတစ်ခုကို တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်။
ချန်ချန်ရွှယ်နှင့် ချင်းကျောက်တို့သည် ထိုနေရာတွင် နေထိုင်ခဲ့သည်မှာ နှစ်ဝက်ခန့်ရှိနေပြီဖြစ်သည်။
မသေမျိုးစံအိမ်ရှိ စာကြည့်တိုက်ကို သူတို့အတွက် စည်းကမ်းချက်မရှိဘဲ ဖွင့်လှစ်ပေးထား၏။ စာကြည့်တိုက်အတွင်းတွင် အလွန်ရှေးကျသော ကျင့်ကြံခြင်းပညာရပ်များချည်း ရှိနေပေသည်။
ထိုအထဲတွင် မသေမျိုးစံအိမ်၏ ဘိုးဘေးဆရာသခင် ကျင့်ကြံခဲ့ဖူးသော ကျင့်ကြံခြင်းပညာရပ်များပင် ပါဝင်နေသေးသည်။
ဤနှစ်ဝက်ကာလအတွင်း သူတို့နှစ်ဦးသည် စာကြည့်တိုက်ထဲတွင်ရှိနေခဲ့ပြီး ဘိုးဘေးဆရာသခင်၏ ကျင့်ကြံခြင်းပညာရပ်များကို လေ့လာသင်ယူနေခဲ့ကြသည်။
ချန်ချန်ရွှယ်သည် လေထဲတွင် ပေါ်လောနေသော ရွှေရောင်စာလုံးများဖြင့် ဝန်းရံခံထားရ၏။ သူမသည် မျက်လုံးများကိုမှိတ်ကာ တည်ငြိမ်စွာ အသက်ရှူနေလေသည်။
အလွန်ရိုးရှင်းပြီး အဆင်တန်ဆာကင်းမဲ့သော ကျမ်းစာတစ်အုပ်သည် သူမ၏ခေါင်းပေါ်တွင် တိတ်ဆိတ်စွာ ပေါ်လောနေခဲ့သည်။ စိတ်ကူးယဉ်ဆန်သော အစိမ်းရောင်ကြာပန်းတစ်ပွင့်က ထိုရိုးရှင်းပြီး အဆင်တန်ဆာကင်းမဲ့သော ကျမ်းစာအုပ်ကို ပင့်မထားလေသည်။
သူမ ဤအခြေအနေတွင် မည်မျှကြာအောင် ရှိနေခဲ့သည်ကို သူမ မသိခဲ့ချေ။ ဤကျင့်ကြံခြင်းပညာရပ်သည် သူမ စိတ်ကူးထားသလောက် နားလည်သဘောပေါက်ရန် မလွယ်ကူကြောင်း ရှင်းလင်းနေ၏။
အချိန်များသည် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ အချိန်မည်မျှ ကုန်လွန်သွားခဲ့ပြီကို သူမ မသိခဲ့ချေ။
ချန်ချန်ရွှယ် မျက်လုံးများကို ဖွင့်လိုက်လေသည်။
သူမ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမကို ဝန်းရံထားသော ရှေးဟောင်းရွှေရောင်စာလုံးများသည် ပျောက်ကွယ်သွားခဲ့၏။ သူမ၏ ခေါင်းပေါ်ရှိ အစိမ်းရောင်ကြာပန်းက ပင့်မထားသော ကျမ်းစာအုပ်သည် ဖြည်းညင်းစွာ ကျဆင်းလာပြီး သူမ၏ လက်ဖဝါးထဲသို့ ရောက်ရှိသွားလေသည်။
"ဒါက တကယ်ကို နက်နဲတဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခုပဲ။ မသေမျိုးစံအိမ်ရဲ့ ဘိုးဘေးဆရာသခင်က တကယ်ပဲ မသေမျိုးအဖြစ်ကို တက်လှမ်းသွားခဲ့တာဆိုတာကို ငါ စယုံကြည်လာပြီ။"
ချန်ချန်ရွှယ်ပင်လျှင် မချီးကျူးဘဲ မနေနိုင်ခဲ့ချေ။
သူမ၏ နားလည်သဘောပေါက်နိုင်စွမ်းသည် အလွန် အစွမ်းထက်သည်ဟု သူမ ခံစားခဲ့ရသော်လည်း ဤကျင့်ကြံခြင်းပညာရပ်ကို နားလည်သဘောပေါက်ရန်မှာမူ အလွန်အမင်း ခက်ခဲလှပေသည်။
"ဒါပေမဲ့... ကောင်းကင်ကို ဝါးမြိုမိစ္ဆာကျင့်စဥ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဒါက သိပ်ပြီး အထင်ကြီးစရာ မကောင်းလှဘူးပဲ..."
"ဒီလို မဖြစ်သင့်ဘူးလေ။ ငါ စိတ်ထင်နေလို့များလား။" ချန်ချန်ရွှယ် မျက်မှောင်ကြုတ်သွား၏။
အကယ်၍ မသေမျိုးစံအိမ်၏ ဘိုးဘေးဆရာသခင်သည် ဤကျင့်ကြံခြင်းပညာရပ်ကို အမှန်တကယ် ကျင့်ကြံခဲ့ပြီး ၎င်းကို အမြင့်ဆုံးနှင့် အစွမ်းအထက်ဆုံး အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ကာ ဤကျင့်ကြံခြင်း ပညာရပ်၏ အချည်အနှောင်များကိုပင် ချိုးဖျက်နိုင်ခဲ့မည်ဆိုလျှင် ထိုအခါမှသာ သူသည် တာအိုကို နားလည်သဘောပေါက်ပြီး မသေမျိုးလောကဆီသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
အကယ်၍ သူသည် မသေမျိုးတစ်ဦး ဖြစ်လာခဲ့မည်ဆိုလျှင် ဤကျင့်ကြံခြင်းပညရပ်သည် ကျင့်ကြံခြင်းလောကရှိ အခြားသော ကျင့်ကြံခြင်းပညာရပ်များနှင့် လုံးဝ ကွဲပြားခြားနားနေကြောင်း ဆိုလိုနေပေသည်။
ကျင့်ကြံခြင်းလောကရှိ အခြားသော ကျင့်ကြံခြင်းပညာရပ်များသည် မသေမျိုးကျင့်ကြံခြင်းပညာရပ်များဟူသော စကားလုံးကို ရယူထားသော်လည်း ပြဿနာမှာ လူတစ်ယောက်ကို တာအိုအား နားလည်သဘောပေါက်စေပြီး မသေမျိုးတစ်ဦး ဖြစ်လာစေနိုင်မည့် ကျင့်ကြံခြင်းပညာရပ်မျိုး မရှိခြင်းပင်။
ကျင့်ကြံခြင်းပညာရပ်တိုင်းတွင် ၎င်း၏ ကိုယ်ပိုင်အမြင့်ဆုံး ကန့်သတ်ချက်ရှိကြ၏။ ကျင့်ကြံခြင်းပညာရပ်အများစုမှာ ရွှေအမြုတေအဆင့်အထိသာ ကျင့်ကြံနိုင်ပြီး ၎င်းမှာ ကန့်သတ်ချက်ဖြစ်နေပြီဖြစ်သည်။
မူလဝိညာဉ်အဆင့်အထိ ကျင့်ကြံနိုင်သော ကျင့်ကြံခြင်းပညာရပ်တစ်ခုသည် ကျင့်ကြံခြင်းလောကတွင် သွေးထွက်သံယို မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေရန် လုံလောက်လှပေသည်။
အကယ်၍ လူတစ်ယောက်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အထိ ကျင့်ကြံနိုင်သော ကျင့်ကြံခြင်းပညာရပ်တစ်ခုသာရှိနေမည်ဆိုလျှင် မူလဝိညာဉ်အဆင့်မှ မိစ္ဆာအိုကြီးအချို့ပင် ၎င်းကို လိုချင်တပ်မက်ကြမည် ဖြစ်သည်။
ထို့အပြင် တာအိုကို နားလည်သဘောပေါက်ပြီး ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သည့် ကျင့်ကြံခြင်း ပညာရပ်တစ်ခုဆိုလျှင် ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းနေဦးမည်ဖြစ်သည်။
'ပြဿနာက ဒီကျင့်စဥ်က ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဥ်လောက် မကောင်းဘူးလို့ ငါဆက်တိုက် ခံစားနေရတာပဲ။ ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဥ်ရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် မမီသလိုပဲ... ဒါက စိတ်ထင်နေတာမျိုး မဟုတ်ဘဲ အမှန်တရား ဖြစ်နေသလိုပဲ။'
ဤအရာက သူမ၏နှလုံးသားကို ခုန်မြန်သွားစေပြီး သူမ၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေခဲ့၏။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်က သူမကို ပေးထားသော လျှို့ဝှက်ဆန်းကြယ်သည့် မျက်နှာဖုံးထဲတွင် ဖုံးကွယ်နေသော ကျင့်ကြံခြင်းပညာရပ်။
၎င်းက လူတစ်ယောက်ကို တာအိုအား နားလည်သဘောပေါက်စေပြီး တက်လှမ်းနိုင်စေသည့် ကျင့်ကြံခြင်းပညာရပ်ထက်ပင် အမှန်တကယ် ပို၍ စွမ်းအားကြီးမားနေသည်လား။
'ကောင်းကင်ဝါးမြိုမိစ္ဆာကျင့်စဥ်က ဘယ်လိုအဆင့်ရှိတဲ့ ကျင့်ကြံခြင်း သိုင်းပညာမျိုးလဲ..'
'ဒီလောက် လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့ ကျင့်ကြံခြင်းပညာရပ်ကို ပေါ့ပေါ့ပါးပါး ပေးနိုင်စွမ်းရှိတယ်ဆိုတော့ သရုပ်ဖော်စနစ်ဆိုတာက ဘယ်လိုမျိုး စွမ်းအားကြီးမားတဲ့ တည်ရှိမှုကြီးလဲ..'
'မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ကို ဖန်တီးခဲ့တဲ့သူက မသေမျိုးလောကထဲက မသေမျိုးတစ်ဦးများလား။'
'ဒါမှမဟုတ် သူက မသေမျိုးတစ်ဦးထက်တောင် ပိုပြီး စွမ်းအားကြီးနေမလား။'
သူမ၏ စိတ်ထဲတွင် ပုံကြီးချဲ့ထားသော အတွေးအမြင်များ တစ်ခုပြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ ချန်ချန်ရွှယ်သည် သူမတွေးနေသမျှ အရာများက အနည်းငယ် ရယ်စရာကောင်းလွန်းနေသည်ဟု ခံစားလိုက်ရလေသည်။ ၎င်းက အနည်းငယ် စိတ်ကူးယဉ်ဆန်လွန်းနေသည် မဟုတ်ပါလား။
***