“ဒါရိုက်တာလီ... အခုကစပြီး ရှင့်ရဲ့ နေ့စဉ်ဘဝကို ကျွန်မပဲ ဂရုစိုက်ပေးပါ့မယ်၊ မိခင်တစ်ယောက်လိုမျိုးပေါ့”
စီထုံသည် ကြောင်လေးတစ်ကောင်ကဲ့သို့ နာခံတတ်သော်လည်း ကျန်နှစ်ယောက်မှာမူ လုံးဝကွဲပြားကြသည်။ ကိုယ်တော်ကြီး၏ ကြင်နာလှသော အကြည့်များက ကောင်းမင်အား အမြဲတစေ စူးစမ်းစစ်ဆေးနေတတ်သည်။ ကောင်လေးမှာမူ ကောင်းမင်အား မျက်လုံးချင်းပင် မဆုံဘဲ တစ်ချိန်လုံး သမ်းဝေနေကာ နိုးလာမည့်ပုံပင် မရှိပေ။
“ဘယ်လိုထူးဆန်းတဲ့ ဥပမာလဲ”
ကောင်းမင်သည် ကရုဏာဖောင်ဒေးရှင်းကို အသုံးချလိုခဲ့ခြင်း ဖြစ်သည်။ သူသည် အစပိုင်းတွင် ပြင်ပကမ္ဘာကြီးက ပြောကြသည့်အတိုင်း ကရုဏာဖောင်ဒေးရှင်း၌ ကိုယ်ပိုင်စွမ်းအား မရှိဟု ထင်ခဲ့မိသည်။ သို့သော် ပိုမိုနီးကပ်စွာ ထိတွေ့လာရသည့်အခါတွင်မူ သူတို့သည် အရာရာတိုင်းကို အလွန်လျှို့ဝှက်စွာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိလိုက်ရသည်။
ရုံးခန်းထဲမှ ထွက်လာပြီးနောက် ကောင်းမင်သည် ခရိုင် ၂ ရှိ အခြားဘုရားကျောင်းများဆီသို့ သုတ်ခြေတင်လိုက်သည်။
ကောင်စီဝင်စီမေသည် ကောင်းမင်အား ကူညီရန် ဆန္ဒရှိပေသည်။ သူမသည် မီဒီယာများမှတစ်ဆင့် ကြေညာပေးခြင်း၊ ယုံကြည်သူများကို စည်းရုံးပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအများအပြားကို ခေါ်ဆောင်သွားခွင့်ပြုခြင်းတို့ဖြင့် ကောင်းမင်အား ကူညီပေးခဲ့သည်။
ကရုဏာဖောင်ဒေးရှင်းသည် ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ ထားရှိခွင့်မရှိသော်လည်း ဆရာဝန်များအတွက်မူ ကန့်သတ်ချက် မရှိပေ။ ကောင်းမင်သည် ဤနေရာတွင် ဆရာဝန်မျိုးစုံကို တွေ့ရသည်။ နာမည်ကြီးဆေးရုံများတွင် အလုပ်လုပ်ခဲ့ဖူးသော ခွဲစိတ်ဆရာဝန်များ၊ ကျိန်စာများနှင့် တားမြစ်ပစ္စည်းများကို ပေါင်းစပ်၍ ကုသပေးသော ပယောဂဆရာဝန်များ၊ လူသားစမ်းသပ်မှုများ ပြုလုပ်နေသော အရူးများ စသဖြင့် ဖြစ်သည်။သူ့ရည်မှန်းချက် အောင်မြင်သွားသဖြင့် ကောင်းမင်သည် ယာဉ်တန်းနှင့်အတူ လိုက်ပါကာ ခရိုင် ၃ဆီသို့ ဦးတည်လိုက်တော့သည်။
စုစုပေါင်း ယာဉ်ကိုးစီး ပါဝင်သော်လည်း လေးစီးသာ လူစီးဘတ်စ်ကားများ ဖြစ်သည်။ ကျန်ငါးစီးသည် ကရုဏာဖောင်ဒေးရှင်း၏ ကရုဏာတရားကို ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးတင်ဆက်ရန် ကောင်စီဝင်စီမေ ငှားရမ်းထားသော မီဒီယာယာဉ်များ ဖြစ်ကြသည်။
ကောင်စီဝင်စီမေ ကိုယ်တိုင်မူကား ဘုရားကျောင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။ စီထုံက သူမ၏ ဝတ်ရုံနှင့် မျက်နှာဖုံးကို ဝတ်ဆင်၍ သူမကိုယ်စား အသက်စွန့်၍ ဟန်ဆောင်နေခြင်း ဖြစ်သည်။
ခရိုင် ၃ သို့ မရောက်သေးမီမှာပင် ကောင်းမင်သည် ကရုဏာဖောင်ဒေးရှင်း၏ အခွင့်ထူးများကို စတင်ခံစားနေရပြီ ဖြစ်သည်။ သန့်ရှင်းရေးကုမ္ပဏီသည် အန္တရာယ်ရှိသော ညစ်ညမ်းမှုအရင်းအမြစ်တစ်ခု လွတ်မြောက်သွားခြင်းကြောင့် ကင်းလှည့်အဖွဲ့များနှင့် လမ်းပိတ်ဆို့မှုများကို ပြုလုပ်ထား၏။ အကယ်၍ ကောင်းမင် တစ်ကိုယ်တည်း ကားမောင်းထွက်လာခဲ့ပါက ကျိန်းသေပေါက် စစ်ဆေးမေးမြန်းခံရမည် ဖြစ်သည်။ သို့သော်လည်း ကရုဏာအဖွဲ့နှင့် ရောနှောလိုက်ပါလာသဖြင့် စီရှန့်က လက်တစ်ချက်ဝေ့ယမ်းပြလိုက်ရုံနှင့်ပင် သန့်ရှင်းရေးသမားများက လမ်းဖွင့်ပေးလိုက်ကြသည်။
“အာဏာဆိုတာ တကယ် အသုံးဝင်တာပဲ”
ကောင်းမင်က မျက်နှာကို ဖုံးကွယ်ထားရင်း ကိုယ်တော်ကြီးဘေးတွင် ထိုင်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒါက အာဏာက ပေးတာမဟုတ်ဘူး၊ ယုံကြည်ခြင်းက ပေးတာပါ”
ကြင်နာတတ်သော မျက်နှာရှိသည့် ထိုလူက ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။
“ငါက ဒီအချိန်အထိ အသက်ရှည်ခဲ့တာဆိုတော့ လူမျိုးစုံကို တွေ့ဖူးပြီးပြီ၊ ငါ့ကိုယ်ပေါ်က တက်တူးတွေကို ကြည့်လိုက်၊ ဒီညစ်ပတ်တဲ့ ပုံရိပ်တစ်ခုစီတိုင်းက ငါဝင်ခဲ့ဖူးတဲ့ ဂိုဏ်းတွေကို ကိုယ်စားပြုတယ်၊ တချို့ဂိုဏ်းတွေ ပျက်စီးသွားပေမယ့် ငါကတော့ အခုထိ ကောင်းကောင်းမွန်မွန် အသက်ရှင်နေတုန်းပဲ၊ ဘာလို့လဲဆိုတာ မင်းသိလား”
“ခင်ဗျားက ပိုမြန်မြန် ထွက်ပြေးနိုင်လို့ ဖြစ်မယ်”
ကောင်းမင်က ခြေချိတ်ထိုင်လိုက်သည်။ ပတ်ဝန်းကျင်မှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေပြီး ကားတွဲတစ်ခုလုံးသည် အသံပိတ်တိတ်မုဒ် လုပ်ထားသကဲ့သို့ ရှိနေလေသည်။
“ဘာလို့လဲဆိုတော့ အလင်းရောင် ရှိနေသေးတယ်၊ အဲ့ဒီအလင်းက ဒီမြို့ကြီးပေါ်ကို တစ်နေ့ကျရင် ကျရောက်လာလိမ့်မယ်လို့ ငါအခိုင်အမာ ယုံကြည်ထားလို့ပဲ၊ ယုံကြည်ချက်ရှိလို့သာ အလောင်းပုံတွေကြားထဲကနေ အကြိမ်ကြိမ် ပြန်တွားထွက်လာနိုင်ခဲ့တာ”
အသက် ၁၂၀ ရှိပြီဖြစ်သော လူအိုကြီးက ကောင်းမင်အား အတော်လေး စိတ်ဆိုးသွားသဖြင့် စကားများကို အမြန်ပြောလိုက်သည်။
“တော်စမ်းပါ ကိုယ့်လူရာ ... ဒီကားထဲမှာ ခင်ဗျားကို ကိုယ်အင်္ဂါ အစားထိုးကုသပေးခဲ့တဲ့ ဆရာဝန်တောင် ပါချင် ပါနေမှာ၊ သုံးမီတာအကွာကတောင် ခင်ဗျားဆီက ထွက်နေတဲ့ သွေးညှီနံ့တွေ ရနေတုန်းပဲ”
ကောင်းမင် စကားပြောပြီးနောက် ဆရာဝန်အချို့က ချက်ချင်း မျက်နှာလွှဲလိုက်ကြသည်။ သူတို့သည် ပွဲကြည့်ပရိသတ်အဖြစ်သာ နေလိုကြပြီး မီးဟုန်းဟုန်းတောက်နေသော ပြဿနာများကြားထဲ ဝင်မပါလိုကြပေ။
“ငါလုပ်သမျှ အရာအားလုံးက အလင်းရောင် အမြန်ဆုံးရောက်လာဖို့ပဲ”
ကိုယ်တော်ကြီး စီရှန့်က တိတ်ဆိတ်သွားပြီး စိတ်တည်ငြိမ်စေရန် ဆုတောင်းနေတော့သည်။ မျက်လုံးသုံးလုံးပါသော ကောင်လေး စီနျန်ကမူ ပြင်ပကမ္ဘာကြီးကို ဂရုမစိုက်ဘဲ ကားပေါ်တက်ကတည်းက အိပ်ပျော်နေခဲ့သည်။
အရုဏ်ဦး၏ ပထမဆုံး အလင်းတန်းများက မြေပြင်ပေါ်သို့ ကျရောက်လာ၏။ ခရိုင် ၃ မှ မီးများသည် ငြိမ်းမသွားဘဲ ပို၍ပင် ပြင်းထန်စွာ တောက်လောင်နေလေသည်။
အဆောက်အအုံများ ပြိုကျနေပြီး မြေပြင်ပေါ်တွင် ပေါက်ကွဲမှုဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ လူနာအလောင်းများ၊ ပြတ်တောက်နေသော ကိုယ်လက်အင်္ဂါများ၊ ဝက်လူသားများနှင့် ကြွက်လူသားများ၊ ဒဏ်ရာဗရပွနှင့် အနက်ရောင် မိုးကာအင်္ကျီများ၊ ဆေးပုလင်းမျိုးစုံ။ ခရိုင် ၃ တစ်ခုလုံးမှာ ငရဲခန်းတစ်ခုကဲ့သို့ပင်။
“နှိုင်းယှဉ်ကြည့်ရင် စေတန်တောင် ရှက်သွားလိမ့်မယ်၊ ငရဲပြည်က နှိပ်စက်မှုတွေတောင် လူတွေ ဖန်တီးထားတဲ့ နှိပ်စက်မှုလောက် များမှာမဟုတ်ဘူး”
ကောင်းမင်နှင့် သူ့အဖွဲ့သည် မီဒီယာယာဉ်နှင့်အတူ ခရိုင် ၃ ၏ သတ်ဖြတ်ပွဲ မြင်ကွင်းတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်ကြတော့သည်။
ထိုအချိန်တွင် တိုက်ပွဲများက ရပ်တန့်မသွားသေးဘဲ ခရိုင် ၄ သို့ပင် ကူးစက်သွားပြီဖြစ်သည်။
ညရဲတပ်ဖွဲ့သည် ညဘက်တွင် ညရဲကျင့်ဝတ်စာအုပ်မှပေးထားသော အထူးစွမ်းအားများကို အသုံးပြုနိုင်သဖြင့် အမှောင်ထုအနက်ရှိုင်းဆုံးအချိန်တွင် ကျူချွမ်းအဖွဲ့နှင့် ဝမ်ရှန့်ဂိုဏ်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် အခြေအနေက ပြောင်းလဲသွားခဲ့ရသည်။
ကားရေဒီယိုမှ မြို့တော်ကောင်စီခန်းမ၏ သတင်းများကို ထုတ်လွှင့်နေပြီး ဖရိုဖရဲဖြစ်မှုအားလုံးမှာ ညရဲတပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု အပြစ်ပုံချနေကြသည်။ မြို့တော်ကောင်စီခန်းမ တည်ရှိရာ ခရိုင် ၁၃ သည် ညရဲတပ်ဖွဲ့အား စာရိတ္တပိုင်းဆိုင်ရာ ရှုတ်ချမှုများတွင် ဦးဆောင်နေပြီး ခရိုင်အားလုံးမှ ညရဲတပ်ဖွဲ့ဝင်များကို ဖယ်ရှားပစ်ရန် တိုက်တွန်းနေသည်။
ပြည်သူများထံ ထုတ်လွှင့်သော သတင်းအချက်အလက်များသည် စိစစ်ပြီးမှ ရွေးချယ်ဖော်ပြခြင်း ဖြစ်သည်။ အမှန်တကယ်တွင် အခြားခရိုင်များရှိ ဂိုဏ်းများသည်လည်း ညရဲတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီ ဖြစ်သည်။
“ညရဲတပ်ဖွဲ့ဝင်တွေက လူယုတ်မာတွေပဲ၊ မြို့တော်ကောင်စီကလည်း အတူတူပဲ၊ အပြောင်းအလဲတစ်ခုတော့ လိုနေပြီ”
ကိုယ်တော်ကြီး၏ ကရုဏာအပြည့်ရှိသော အသံမှာ ဩဇာညောင်းလှသလို အပြုံးလည်း ကင်းမဲ့နေသည်။
“ခင်ဗျားရဲ့ အတွေးအခေါ်ကတော့ ချီးကျူးစရာပါပဲ”
ကောင်းမင်သည် ယာဉ်တန်းကို တားမြစ်နယ်မြေ၏ အစွန်အဖျားသို့ ဦးဆောင်လာခဲ့သည်။ တစ်ညအတွင်းမှာပင် ဆေးဝါးစက်ရုံဟောင်း၏ ပတ်ဝန်းကျင်မှာ သိသိသာသာ ပြောင်းလဲသွားပြီး အသက်ရှင်ကျန်ရစ်သူများ စုဝေးသည့် တစ်ခုတည်းသောနေရာ ဖြစ်လာလေသည်။ ဒုက္ခသည်များက ယာယီတဲများ ဆောက်လုပ်ထားကြပြီး ပစ္စည်းအမျိုးမျိုးကို လက်နက်အဖြစ် အသုံးပြုနေကြသည်။
ဆေးဝါးစက်ရုံ၏ လမ်းမကြီးပေါ်တွင် များစွာသော မကောင်းဆိုးဝါးအလောင်းများကို တွေ့ရသည်။ အတိဒုက္ခရောက်နေသော ဤ ‘သိုးငယ်များ’ သည် သူတို့၏ တုံးနေသော ဦးချိုများကို နာကျင်စွာ သွေးထားကြပုံရသည်။
“လူတွေ ဒီလောက်တောင် များတာလား”
ကိုယ်တော်ကြီး စီရှန့်က ကောင်းမင်ကို လျစ်လျူရှုလိုက်ပြီး ဆရာဝန်များကို ကားပေါ်မှဆင်းရန် အမိန့်ပေးလိုက်သည်။ သူသည် ဒဏ်ရာရသူများကို အလျင်အမြန်ကုသပေးရန် ခိုင်းစေလိုက်သည်။
ကင်မရာယာဉ်အချို့၏ ရိုက်ကူးမှုအောက်တွင် စီရှန့်သည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ကုသပေးနိုင်သော ကရုဏာဖောင်ဒေးရှင်း၏ စွမ်းအားကို ကျွမ်းကျင်စွာ ပြသနေလေသည်။ သူသည် ဒဏ်ရာရသူများကို ဆေးဝါးများ တိုက်ကျွေးပြီး လူအုပ်ကြားထဲတွင် ဟောပြောမှုများ ပြုလုပ်တော့သည်။
ကောင်းမင်က သူ့ကို စိတ်ကြိုက်လုပ်ခွင့်ပေးလိုက်သည်။ ထိုလူများ ဟန်ဆောင်ကောင်းနေစဉ်အတွင်း သူ ကျားယိုကျစ်ကို ရှာတွေ့လိုက်သည်။
“ဒါရိုက်တာလီ... ခင်ဗျားက တကယ်တော့ တစ်ခုခုပဲဗျ၊ စစ်ကူတွေ သွားခေါ်တာကို စောစောက ပြောပါလား”
“ပိုင်ဟောက် ပြန်ရောက်ပြီလား”
ကောင်းမင်က အသံတိုးလိုက်သည်။
“တကယ်လို့ မပြန်လာသေးရင် သူ့ကို အလောတကြီး မလုပ်ဖို့ ပြောလိုက်ဦး”
“ကျွန်တော် ခင်ဗျားကို အစီရင်ခံတော့မလို့ပဲ၊ အဲ့ဒီအဘိုးကြီးက တကယ် စကားတည်တယ်၊ သူက တားမြစ်နယ်မြေရဲ့ မြောက်ဘက် မြစ်ကမ်းနားမှာ စောင့်နေပြီ”
“သူ့ကို ငါ့ဆီ တိုက်ရိုက်ဆက်သွယ်ဖို့ ပြောလိုက်”
ကောင်းမင်က ကျားယိုကျစ်ကို ဖုန်းနံပါတ်တစ်ခု ပေးပြီး လှည့်ထွက်လာခဲ့သည်။
သူ ဒုက္ခသည်များဆီသို့ ပြန်ရောက်သည့်အခါ သူ့ဘောင်းဘီစကို ဆွဲနေသည်ကို ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်ရာ စီနျန်တစ်ယောက် နောက်ဆုံးတွင် နိုးလာပုံရသည်။
သူက မျက်လုံးကို ပွတ်ရင်းနှင့် ပေါ့ပေါ့ပါးပါး မေးသည်။
“သူက မြောက်ဘက်မြစ်ကမ်းနားမှာ စောင့်နေပြီလေ၊ ခင်ဗျား သူ့ကို သွားမတွေ့ဘူးလား”
“မင်း အကုန်ကြားလိုက်တာလား”
ကောင်းမင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သတ်ဖြတ်လိုစိတ်များ ချက်ချင်း ထွက်ပေါ်လာသည်။ ဒီကလေးက အတော်လေး ထူးဆန်းလှသည်။
“ကျွန်တော် နားထောင်နေတာ မဟုတ်ပါဘူး၊ ကျွန်တော့်စိတ်ထဲက ကမ္ဘာကြီးက ခင်ဗျားတို့နဲ့ မတူဘူး၊ ဒါက တားမြစ်နယ်မြေက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ အမြင်အာရုံပဲ”
စီနျန်၏ သေးငယ်သော လက်ကလေးက ပွယောင်းလှသော ဓမ္မဆရာဝတ်ရုံထဲသို့ နှိုက်လိုက်သည်။
“ကောင်းပြီ... ကျွန်တော် ခင်ဗျားရဲ့ မေးခွန်းတစ်ခုကို ဖြေပြီးပြီ၊ အခု ခင်ဗျားအလှည့်ပဲ၊ ပိုင်ဟောက်ဆိုတာ ဘယ်သူလဲ”
“မင်းအမေလေ”
ကောင်းမင်က ကောင်လေးကို ဖမ်းဆွဲလိုက်သည်။ သူ့အမူအရာက အေးစက်နေပြီး ရက်စက်တော့မည့်ဟန် ရှိသည်။
“ပြဿနာ လာမရှာနဲ့၊ မင်းတို့အားလုံး ကောင်စီဝင်စီမေက ငါ့ဆီ လွှဲပေးထားတဲ့ လက်အောက်ငယ်သားတွေပဲနော်”
“လက်အောက်ငယ်သားလား၊ ဟားဟားဟား”
“ကြွက်စုတ်လေး... မင်းမှာ တားမြစ်နယ်မြေက မကောင်းဆိုးဝါးကောင်ရဲ့ အမြင်အာရုံ ရှိတယ်မလား”
ကောင်းမင်က စိတ်ဆိုးဟန်ဆောင်နေသော်လည်း အမှန်တကယ် သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ပြောစမ်း... မင်း ငါ့ကို မြင်တာ ဘယ်လိုမျိုးလဲ”
“ခင်ဗျားကိုလား”
ကောင်လေးက ကောင်းမင်ကို ခဏမျှ စိုက်ကြည့်လိုက်သည်။
“ပုပ်သိုးနေတဲ့ အသားစတွေကို စုပြီးချုပ်ထားတဲ့ အစိုင်အခဲကြီးတစ်ခုပဲ၊ တကယ်ကို သနားစရာ သတ္တဝါပဲ”
***