“ခင်ဗျား သဘောတူတယ်ပေါ့”
ကောင်စီဝင်စီမေအနေဖြင့် အချိန်အတော်ကြာ တုံ့ဆိုင်းနေလိမ့်မည်ဟု ကောင်းမင် ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။ သူသည် အပြင်ကမ္ဘာမှ လာသူတစ်ဦးဖြစ်၍ ဤနေရာမှာ အမှောင်ယဇ်ပလ္လင်၏ ကမ္ဘာတစ်ခုမျှသာဖြစ်ကြောင်း သိသော်လည်း ကောင်စီဝင်စီမေ၏ အမြင်တွင်မူ ဤမြို့ကြီးသည် အသက်ရှင်လှုပ်ရှားနေကြသော ပြည်သူများနေထိုင်ရာ မြို့တစ်မြို့ ဖြစ်သည်။
“ဘာလို့ သဘောမတူရမှာလဲ၊ ဒီမြို့ကြီးက အမှောင်ထုထဲမှာ နစ်မွန်းနေပြီး အတွင်းပိုင်းကလည်း လုံးဝ ပုပ်သိုးနေပြီ၊ အရာအားလုံးကို ဖြိုချဖျက်ဆီးပစ်မှပဲ ကမ္ဘာသစ်တစ်ခုကို တည်ဆောက်နိုင်မှာ”
ကောင်စီဝင်စီမေ၏ စကားလုံးများသည် နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်သန့်စင်သောအသံ ထွက်ပေါ်နေသော်လည်း ဆိုလိုရင်းမှာ ရက်စက်ပြီး အေးစက်လွန်းလှသည်။
“ဒီကိစ္စက ကရုဏာဖောင်ဒေးရှင်းရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်၊ တားမြစ်နယ်မြေအသီးသီးရဲ့ အချက်အလက်တွေပေးဖို့၊ လူအင်အား စီစဉ်ပေးဖို့နဲ့ ဓမ္မဆရာစီနျန်ရဲ့ အကူအညီလည်း လိုပါလိမ့်မယ်၊ သူ့မျက်လုံးတွေက ကျုပ်တို့ကို တားမြစ်နယ်မြေထဲမှာ လမ်းပြပေးနိုင်ပါလိမ့်မယ်”
“လုပ်စရာရှိတာသာ ဆက်လုပ်ပါ၊ ဒါပေမဲ့ မှတ်ထားရမှာက တစ်ခုခု ပေါက်ကြားသွားတာနဲ့ ကရုဏာဖောင်ဒေးရှင်းက မင်းကို စွန့်ပစ်လိမ့်မယ်”
“နားလည်ပါပြီ၊ အလင်းရောင် ယူဆောင်လာဖို့အတွက် အပြစ်အားလုံးကို ငါပဲ ခေါင်းခံပြီး နတ်ဆိုးတစ်ကောင်အဖြစ် သရုပ်ဆောင်ပါ့မယ်”
ကောင်းမင်သည် အခြေအနေကို နားလည်သဖြင့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။
ဖုန်းချပြီးနောက် ကောင်းမင်သည် ကောင်စီဝင်စီမေ၏ ညွှန်ကြားချက်ယူ၍ စီနျန်နှင့် အခြားသူများကို သွားရှာဖွေလိုက်သည်။
ကောင်းမင်၏ ရှင်းပြချက်ကို ကြားသောအခါ စီနျန်နှင့် စီထုံတို့က ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိသော်လည်း ကိုယ်တော်ကြီး စီရှန့်ကမူ အပြင်းအထန် ကန့်ကွက်တော့သည်။
ကောင်းမင်က သူ့ကို အရေးမလုပ်ဘဲ ပြဿနာရှိလျှင် ကောင်စီဝင်စီမေထံ သွားပြောရန်သာ ပြောခဲ့ပြီး စီနျန်ကို ခေါ်ကာ ထွက်ခွာလာခဲ့သည်။
“ခရိုင် ၃ က ရှုပ်ထွေးနေပြီးသားဆိုတော့ ဒီမှာရှိတဲ့ တားမြစ်နယ်မြေတွေကို ဖျက်ဆီးဖို့ မလိုတော့ဘူး၊ ငါတို့ရဲ့ အဓိကပစ်မှတ်တွေက တောင်ဘုရင်ရှိတဲ့ ခရိုင် ၁ နဲ့ မြို့တော်ကောင်စီခန်းမရှိတဲ့ ခရိုင် ၁၃ ပဲ”
ကောင်းမင်က စီနျန်ကို ဂျုံမှုန့်အိတ်တစ်အိတ် သယ်လာသကဲ့သို့ ဂုတ်မှ ဆွဲခေါ်လာသည်။
“ငါတို့ ညရဲတပ်ဖွဲ့ဝင်တွေအဖြစ် ဟန်ဆောင်ပြီး တားမြစ်နယ်မြေတွေကို ပေါက်ကွဲအောင် လုပ်ကြမယ်၊ ဒါဆိုရင် လူတွေက ကရုဏာဖောင်ဒေးရှင်းကို သံသယဝင်မှာ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ အမြင်မှာတော့ ကရုဏာဖောင်ဒေးရှင်းက ကြင်နာသနားတတ်တဲ့ ပြယုဂ်တစ်ခုပဲလေ”
“ခရိုင် ၁၃ ကိုတော့ မေ့လိုက်ပါ၊ အဲ့ဒီမှာရှိတဲ့ တားမြစ်နယ်မြေက လုံခြုံရေးအရမ်းတင်းကျပ်လို့ ကျွန်တော်တို့ လုံးဝဝင်လို့ရမှာ မဟုတ်ဘူး၊ တခြားခရိုင်တွေကတော့ အဆင်ပြေတယ်၊ ဘယ်သူမှ တားမြစ်နယ်မြေတွေကို ဂရုမစိုက်ကြဘူး”
စီနျန်၏ မျက်လုံးထဲတွင် အကောင်းအဆိုးဟူ၍ မရှိဘဲ ကောင်စီဝင်စီမေ ခိုင်းသည်ကိုသာ လုပ်ဆောင်သူ ဖြစ်သည်။
“ဒါဆို ခရိုင် ၁ ကနေပဲ စကြတာပေါ့”
လူနည်းလေလေ ပစ်မှတ်သေးလေလေဖြစ်ပြီး ရှာဖွေတွေ့ရှိခံရဖို့လည်း ခက်ခဲလေဖြစ်သဖြင့် ကောင်းမင်သည် စီနျန်ကိုသာ ခေါ်ဆောင်သွားခဲ့သည်။
...
ခရိုင် ၁ သည် တစ်ချိန်က အမှောင်မြို့တော်တစ်ခုလုံးတွင် အစည်ကားဆုံး နေရာဖြစ်ခဲ့သည်။ အင်အားအကြီးဆုံး ဂိုဏ်းဖြစ်သော ဝမ်ရှန့်မှာ ထိုနေရာတွင် အခြေစိုက်ပြီး မြို့တစ်မြို့လုံးတွင် ဂိုဏ်းခွဲပေါင်း ၃၆ ခုနှင့် စီးပွားရေးလုပ်ငန်းများစွာ ရှိသည်။ ဆေးရည်များမှ လက်နက်များအထိ အမြတ်အစွန်းများသော မည်သည့်လုပ်ငန်းတွင်မဆို သူတို့ ပါဝင်ပတ်သက်ကြသည်။ သူတို့တွင် ငွေနှင့် လူအင်အား အပြည့်အဝ ရှိသဖြင့် အခြားဂိုဏ်းများကို အသက်ရှူကျပ်စေခဲ့သည်။
အခြားဂိုဏ်းများသည် တစ်ဦးချင်းတိုက်ခိုက်ရာတွင် ဝမ်ရှန့်ကို မယှဉ်နိုင်ကြပေ။ ဂိုဏ်းများ ပေါင်းတိုက်လျှင်ပင် သူတို့က ဂရုမစိုက်ကြပေ။ ထိုအချိန်က အခြားဂိုဏ်းများအားလုံး တညီတညွတ်တည်း ပေါင်းစည်းနိုင်မှသာ ဝမ်ရှန့်ဂိုဏ်းကို ဖျက်ဆီးနိုင်မည့် အလားအလာ ရှိခဲ့သည်။
ဝမ်ရှန့်ဂိုဏ်းကို အန်တုနိုင်ရန် အခြားဂိုဏ်းများသည် မြို့တော်ကောင်စီကို ထောက်ခံရန် ဖိအားပေးခံခဲ့ရပြီး ဖရိုဖရဲဖြစ်မှုများကြားတွင် အမှောင်ထု၏ အမိန့်တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြသည်။
ဂိုဏ်းအများစုသည် သူတို့၏ အားနည်းမှုကြောင့် ပျက်စီးသွားကြသော်လည်း ဝမ်ရှန့်ဂိုဏ်းမှာမူ အင်အားကြီးလွန်းသောကြောင့် အတွင်းပိုင်း ပြဿနာများ ပေါ်ပေါက်လာရသည်။ မြို့တော်ကောင်စီ၏ သွေးထိုးမှုနှင့် လျှို့ဝှက်ထောက်ပံ့မှုများကြောင့် မူလက ဂိုဏ်းခွဲခေါင်းဆောင်တစ်ဦးမျှသာ ဖြစ်သော တောင်ဘုရင်သည် ထင်ရှားကျော်ကြားလာခဲ့သည်။ သူသည် ထိပ်တိုက်ရင်ဆိုင်မှုများတွင် နယ်မြေခံခေါင်းဆောင် အများအပြားကို အနိုင်ယူခဲ့ပြီး နောက်ဆုံးတွင် ဝမ်ရှန့်ဂိုဏ်း၏ ခေါင်းဆောင်ဟောင်းကို တရားမျှတစွာ အနိုင်ယူနိုင်ခဲ့သည်။
ထို့ကြောင့် ဝမ်ရှန့်မှာ နှစ်ခြမ်းကွဲသွားခဲ့ရသည်။ အချို့သော ဂိုဏ်းခွဲခေါင်းဆောင်များသည် ဂိုဏ်းခေါင်းဆောင်၏ သားသမီးများကို ခရိုင် ၃ သို့ ပို့ဆောင်ပေးခဲ့ကြပြီး အခြားကျန်သူများမှာမူ တောင်ဘုရင်နှင့်အတူ နေရစ်ခဲ့ကြသည်။
တောင်ဘုရင် အလွန်အင်အားကြီးလာရသည့် အထူးအကြောင်းအရင်းကို ဘယ်သူမှ အတိအကျ မသိသော်လည်း ဝမ်ရှန့်ဂိုဏ်းအတွင်း၌ ကောလာဟလတစ်ခု ပျံ့နှံ့နေသည်။ ၎င်းမှာ မြို့တော်ကောင်စီ၏ အကူအညီဖြင့် တောင်ဘုရင်သည် ခရိုင် ၁ ရှိ တားမြစ်နယ်မြေဖြစ်သော ‘နောက်ဆုံးဘူတာ’သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်သည် တားမြစ်နယ်မြေအတွင်း သေဆုံးသွားခဲ့ပြီး အခြားအရာတစ်ခုအဖြစ် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုကြသည်။
“ရောက်ပြီ”
စီနျန်က တည်ငြိမ်စွာ ပြောရင်း သူ၏ ဓမ္မဆရာဝတ်ရုံကို မတင်လိုက်သည်။
“အရင်က ဒီမြို့မှာ မြေအောက်ရထားလမ်း ရှိခဲ့ဖူးတယ်၊ ခရိုင် ၁ မှာ နောက်ဆုံးဘူတာ ရှိခဲ့တာ၊ နောက်ပိုင်း မြေအောက်ထဲမှာ တစ်ခုခုဖြစ်သွားလို့ မြေအောက်ရထားလမ်း နှစ်ကြောင်းလုံးကို အပြီးပိတ်လိုက်ရတယ်”
ကောင်းမင် ခေါင်းမော့ကြည့်လိုက်သည်။ မြေအောက်ရထားဘူတာ အဝင်ဝမှာ ထူးဆန်းစွာ တည်ဆောက်ထားပြီး ကြီးမားသော အနီရောင်တံခါးကြီးတစ်ခုနှင့် တူနေလေသည်။ ဓာတ်လှေကားများ ပျက်နေသည်မှာ ကြာပြီဖြစ်ပြီး အောက်သို့ ဆင်းသွားသော လှေကားထစ်များသည် နေရောင်ခြည် လုံးဝမရောက်နိုင်သော နေရာသို့ ဦးတည်လျက်ရှိသည်။
ဘူတာရုံအတွင်းမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေ၏။ မည်သည့်အကာအကွယ်မှ မရှိဘဲ ‘မဝင်ရ’ ဟု ရေးသားထားသော သံချေးတက်နေသည့် သံဆိုင်းဘုတ်ဟောင်းတစ်ခုသာ အထီးကျန်စွာ ရှိနေခဲ့သည်။
“ဂိုဏ်းအများစုက တားမြစ်နယ်မြေတွေကို သေသေချာချာ မစောင့်ကြည့်ကြဘူး၊ ဒီနေရာမှာ ရစရာ ဘာမှမရှိလို့ပဲ”
စီနျန်၏ ဓမ္မဆရာဝတ်ရုံမှာ မြေပြင်ပေါ်တွင် တရွတ်တိုက် ပါလာလေသည်။ သူသည် အသက်မကြီးသေးသော်လည်း မကြောက်ရွံ့တတ်ပုံရသည်။
“ကြွက်စုတ်လေး... တားမြစ်နယ်မြေထဲ ရောက်ရင် ငါမင်းကို သတ်ပစ်မှာ မစိုးရိမ်ဘူးလား”
ကောင်းမင်၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်ဟန် ပေါ်နေလေသည်။ သူ့ဘေးတွင် ခရိုင် ၁မှ ကရုဏာဘုရားကျောင်း၏ အဓိကအဖွဲ့ဝင်လေးဦး ရှိနေသည်။
ကောင်းမင်၏ အစီအစဉ်ကို ကူညီရန်အတွက် ကရုဏာဘုရားကျောင်းသည် လျှို့ဝှက်အင်အားစုများကိုလည်း စေလွှတ်ထားပေးသည်။ ထိုဓမ္မဆရာလေးဦးလုံးတွင် လက်နက်များနှင့် အထူးပြုလုပ်ထားသော ဖောက်ခွဲရေးပစ္စည်းများကို တပ်ဆင်ထားကြသည်။
“တားမြစ်နယ်မြေ အပြင်ဘက်မှာဆိုရင် ဖြစ်နိုင်ပေမယ့် အတွင်းထဲရောက်သွားရင်တော့ ခင်ဗျားက ကျွန်တော့်လက်ထဲက အရုပ်လေးလို ဖြစ်နေမှာပဲ”
စီနျန်က သူ၏ လက်သေးသေးလေးကို ဝှေ့ယမ်းလိုက်သည်။
“ကျွန်တော်သွားတဲ့ လမ်းအတိုင်း လိုက်ခဲ့၊ ကျွန်တော်နဲ့ သုံးမီတာထက် ပိုမဝေးစေနဲ့”
အဖွဲ့က လှေကားထစ်များအတိုင်း ဆင်းလာကြသည်။ သူတို့နောက်ကွယ်မှ နေရောင်ခြည်က ပိုပိုပြီး ဝေးကွာသွား၏။ သူတို့၏ ပုံရိပ်များကို အရိပ်များက လုံးဝဝါးမြိုသွားသောအခါ ကောင်းမင်၏ နှလုံးသည် တစ်ခုခု ပေါက်ထွက်လာတော့မည့်အတိုင်း တဒိတ်ဒိတ် ခုန်ပေါက်လာတော့သည်။
စီနျန်သည် ရှေ့သို့သာ အာရုံစိုက်နေသဖြင့် ကောင်းမင်၏ ပုံမှန်မဟုတ်မှုကို သတိမပြုမိသေးပေ။
“လက်မှတ်ဖြတ်တဲ့ ဂိတ်ကို ကျော်ပြီးရင် အောက်ဆင်းရမယ့် နောက်ထပ်လှေကားထစ်တွေ ရှိတယ်၊ ခင်ဗျားတို့ လှေကားအတိုင်းပဲ ဆင်းရမယ်၊ ဘာပဲဖြစ်ဖြစ် ပျက်နေတဲ့ စက်လှေကားပေါ်ကိုတော့ မတက်နဲ့”
စီနျန်က ခပ်တိုးတိုး သတိပေးလိုက်သည်။
စီနျန်သည် ခြောက်ခြားဖွယ်ရာ တစ်ခုခုကို မြင်တွေ့ခဲ့၍သာ ဤသို့ပြောခြင်းဖြစ်ကြောင်း ကောင်းမင် သိလိုက်သည်။
လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ ပျက်စီးနေပြီဖြစ်သည်။ အဖွဲ့သားများသည် ဖောက်ခွဲရေးပစ္စည်းများကို ကျောပိုး၍ တံခါးဘောင်ပေါ်မှ အချက်ပေးသံများကို ဂရုမစိုက်ဘဲ ဖြတ်ကျော်ဝင်ရောက်လာကြသည်။
“မလှုပ်နဲ့”
ရှေ့ဆုံးမှ လျှောက်နေသော စီနျန်သည် လက်မှတ်ရောင်းစက်ရှေ့တွင် ရပ်တန့်လိုက်သည်။ ၎င်းသည် တစ်မီတာကျော်ကျော်ခန့်သာ မြင့်သဖြင့် အလွယ်တကူ ကျော်တက်နိုင်သော်လည်း စီနျန်ကမူ အလွန် စိုးရိမ်နေပုံရသည်။
“တားမြစ်နယ်မြေက ရှေ့မှာပဲ၊ ဒါက ပထမဆုံး စစ်ဆေးရေးဂိတ်ပဲ၊ ကျွန်တော်တို့ ဘယ်လိုဝင်မလဲဆိုတာက ကျွန်တော်တို့ ဘာနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်”
“ဒီမှာ ဒီအတိုင်း ရပ်နေလို့ မဖြစ်ဘူးနော်၊ ငါ့ကိုယ်ပေါ်မှာ အပြင်းစားချိန်ကိုက်ဗုံး တပ်ထားတာ”
ကောင်းမင်က ပေါက်ကွဲစရာတစ်ခုခုကို ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“လက်မှတ်ရောင်းစက်ကို သွားကြည့်လိုက်ပါ ၊ လက်မှတ်တွေ ကျန်သေးလားလို့”
စီနျန်က အတင်းခိုင်းနေသဖြင့် အဖွဲ့သားများလည်း မတတ်သာဘဲ လုပ်ဆောင်လိုက်ကြသည်။ သို့သော် ဘာမှ ရှာမတွေ့ခဲ့ပေ။
“တခြားနည်း မရှိတော့ဘူး၊ စွန့်စားကြည့်ရမှာပဲ”
စီနျန်သည် စက္ကူစုတ်တစ်ခုကို ကောက်ယူ၍ လက်မှတ်အရွယ်အစားအတိုင်း ညှပ်ချလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ပူး၍ ဆုတောင်းလိုက်သည်။ သူ့နဖူးပေါ်တွင် ချွေးစက်များ စီးကျလာလေသည်။ သာမန်လူများ၏ အမြင်တွင် ထိုစက္ကူစုတ်မှာ စက္ကူစုတ်ပင် ဖြစ်သော်လည်း ကောင်းမင် မျက်တောင်ခတ်လိုက်သည့်အချိန်၌ စက္ကူပေါ်တွင် ထူးဆန်းသော ပုံစံကွက်များ ပေါ်လာသည်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။
ကောင်းမင် ထိုပုံစံကွက်များကို အာရုံစိုက်ကာ မှတ်သားရန် ကြိုးစားနေစဉ် ထိုပုံစံကွက်များက ရုတ်တရက် လီဆန်းစီ၏ မျက်နှာအဖြစ် ပြောင်းလဲသွား၏။ သူ လန့်နိုးသွားပြီး သူကိုယ်တိုင် မသိလိုက်ဘဲ တားမြစ်နယ်မြေရှုထောင့်ကို ဖွင့်မိသွားကြောင်း သတိပြုလိုက်မိသည်။
“ငါ တမင်ဖွင့်ခဲ့တာ မဟုတ်ဘူး၊ တားမြစ်နယ်မြေထဲ ရောက်ပြီးနောက်ပိုင်း ငါ့အတွင်းပိုင်းက တစ်ခုခုက ပိုနိုးကြားလာတာပဲ”
ကောင်းမင်သည် သူရူးသွပ်သွားမည်ကို စိုးရိမ်နေမိသည်။ လီဆန်းစီသည် သူပတ်ဝန်းကျင်၏ နေရာတိုင်းတွင် ပေါ်လာနေပြီး တစ်ကမ္ဘာလုံးမှာ ဧရာမမှန်ချပ်ကြီးတစ်ခုကဲ့သို့ ဖြစ်လာကာ သူ့ကိုယ်သူပင် ပြန်မှတ်မိတော့မည်မဟုတ်ကြောင်း သူ တွေးနေမိသည်။
“တခြားသူတွေရဲ့ လက်ကို ကိုင်ထားပြီး ကျွန်တော့်နောက်က လိုက်ခဲ့”
စီနျန်သည် စက္ကူစုတ်ကို လက်မှတ်ဂိတ်ထဲသို့ ထိုးထည့်လိုက်ရာ ဂိတ်က ချက်ချင်းပင် မျိုချလိုက်သည်။
“မြန်မြန်”
အဖွဲ့သားများက ဂိတ်ကို အမြန်ဖြတ်ကျော်လိုက်ကြသည်။ လက်မှတ်ရောင်းစက်၏ အတွင်းဘက်မှ လှမ်းကြည့်လိုက်သောအခါ မြေအောက်ရထားဘူတာတစ်ခုလုံးသည် မည်သည့်အလင်းရောင်မှ မရှိတော့ဘဲ ပိန်းပိတ်အောင် အမှောင်အတိ ကျနေတော့သည်။
***