“ခရိုင် ၃ ဆေးဝါးစက်ရုံ တားမြစ်နယ်မြေ ဖြစ်သွားရတာက ကျူချွမ်းအဖွဲ့က အပြစ်မဲ့တဲ့ ကလေးအမြောက်အမြားကို သတ်ဖြတ်ခဲ့လို့ နောက်ဆုံးမှာ ယွီဟွေးဆိုတဲ့ ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်ပေါ်လာခဲ့တာပဲ၊ ဒီ နောက်ဆုံးဘူတာကရော ဘာလို့ တားမြစ်နယ်မြေ ဖြစ်သွားရတာလဲ ငါသိချင်မိတယ်”
ကောင်းမင်သည် ယင်းကို သူ့စိတ်ထဲတွင်သာ တွေးရဲသည်။ အချို့ အကြောင်းအရာများသည် အသံထွက်ပြောမိပါက မစင်ကြယ်သောအရာများကို ဆွဲဆောင်မိလိမ့်မည်ဖြစ်ကြောင်း သူသိပေသည်။
ဤမြို့ကြီး၏ တားမြစ်နယ်မြေတိုင်းရှိ အရာအားလုံးသည် ယွီဟွေးကဲ့သို့ ဖော်ရွေကြမည်မဟုတ်ကြောင်း သူသိသည်။ မြေအောက် ရေနုတ်မြောင်းကွန်ရက်အတွင်းရှိ နက်ရှိုင်းသော အမှောင်ထုကဲ့သို့ အခြားမည်သည့်အရာထက်မဆို ပိုမိုသန့်စင်သော ဆိုးယုတ်မှုများလည်း ရှိနေတတ်သည်။
“စက်လှေကားပေါ် မတက်ကြနဲ့နော်”
စီနျန်က ရှေ့မှ ဆက်လက် လျှောက်လှမ်းနေသည်။ တားမြစ်နယ်မြေထဲတွင် သူသည် အိပ်ချင်စိတ်များ မရှိတော့ပေ။ သူ၏ မျက်သူငယ်အိမ်သုံးခုသည် တစ်ခုနှင့်တစ်ခု ထပ်တူနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အမှောင်ထုမှာ သူ့အပေါ် သက်ရောက်ခြင်း မရှိတော့ချေ။
အဖွဲ့သားများသည် လှေကားထစ်များအတိုင်း ဆင်းလာကြသည်။သူတို့သည် အောက်ခြေကို မြင်နေရသော်လည်း ဆယ်မိနစ်ခန့် အကြိမ်ကြိမ် ဆင်းလာပြီးသည့်တိုင် ထွက်ပေါက်ကို ရှာမတွေ့သေးပေ။
“မလောနဲ့၊ ဟိုဟိုဒီဒီ မသွားနဲ့၊ နောက်ကလိုက်၊ တစ်လှမ်းချင်းစီပဲ လျှောက်”
စီနျန်၏ အသံမှာ အလွန်တိုးညှင်းလှသည်။ သူသည် လှေကားထစ်များပေါ် လျှောက်နေရခြင်း မဟုတ်ဘဲ ငါးမန်းတစ်ကောင်၏ ထက်မြက်သော သွားများပေါ်တွင် နင်းနေရသကဲ့သို့ ခြေလှမ်းတိုင်းကို ဂရုတစိုက် လှမ်းနေသည်။
ချောမွေ့နေသော လှေကားထစ်များပေါ်တွင် ရေကွက်များနှင့် အမှိုက်များ တဖြည်းဖြည်း ပေါ်ထွက်လာ၏။ တစ်ခဏချင်းမှာပင် အဓိကအဖွဲ့ဝင်များ ကိုင်ဆောင်ထားသော မီးထွန်းကိရိယာများ အားလုံး ငြိမ်းသွားတော့သည်။
အမှောင်ထုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားချိန်တွင် ကောင်မင်နှင့် အဖွဲ့သားများသည် အဆောက်အအုံအတွင်းမှ ထွက်လာနိုင်ခဲ့ပြီး မြေအောက်ရထား ပလက်ဖောင်းသို့ ရောက်ရှိသွားကြသည်။
“စီနျန်... ငါတို့ ဘာမှ မမြင်ရတော့ဘူး၊ နောက်ထပ် ဘာဆက်လုပ်ရမလဲ”
ကောင်းမင်သည် ထိုကောင်စုတ်လေး သူ့ကို စွန့်ပစ်မသွားစေရန် လက်ကို တင်းတင်းဆွဲထားလိုက်သည်။
“နောက်ဆုံးဘူတာ တားမြစ်နယ်မြေက ခရိုင် ၁ တင်မကဘူး၊ တစ်မြို့လုံးမှာပါ အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေတွေထဲက တစ်ခုပဲ၊ မြေအောက်ရထားလမ်း နှစ်ခုနဲ့ မပြီးသေးတဲ့ လမ်းကြောင်း သုံးခုက မြေအောက်နေရာအနှံ့မှာ ရှိနေတာ၊ ဒီနေရာမှာ ဗုံးဖောက်လိုက်ရုံနဲ့တော့ သိပ်ထိရောက်မှာမဟုတ်ဘူး၊ အများဆုံးမှ ဖရိုဖရဲဖြစ်သွားရုံပဲ ရှိမယ်”
စီနျန်၏ မျက်လုံးများသည် အမှောင်ထုနှင့် လုံးဝ ပေါင်းစည်းသွားသကဲ့သို့ ဖြစ်နေပြီး တားမြစ်နယ်မြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။
“ဒီတားမြစ်နယ်မြေက အရမ်းအန္တရာယ်များသလို အရမ်းလည်း ကျယ်တယ်၊ မြို့တော်ကောင်စီက ဒါကို အပိုင်းငါးပိုင်း ခွဲထားပြီး နည်းလမ်းအမျိုးမျိုးနဲ့ တည်ငြိမ်အောင် ထိန်းထားတာ၊ ကျွန်တော်တို့ လုပ်ရမှာက မြို့တော်ကောင်စီရဲ့ အစီအမံတွေကို ဖျက်ဆီးပြီး ဒီမြို့ကြီးရဲ့ မြေအောက်အနက်ဆုံးမှာ မြုပ်နှံထားတဲ့ နာကျည်းမှုတွေကို ဆွဲထုတ်ဖို့ပဲ”
“ကြွက်စုတ်လေး... မင်းက မကောင်းတာလုပ်တဲ့နေရာမှာ ကျွမ်းကျင်လှချည်လား”
စီနျန်က အခြားကရုဏာဖောင်ဒေးရှင်း အဖွဲ့ဝင်များကို ဘာကြောင့် ခေါ်လာရသလဲဆိုသည်ကို ကောင်းမင် အခုမှ နားလည်သွားတော့သည်။
“ခင်ဗျားတို့ ရထားစီးပြီး မတူညီတဲ့ ဘူတာတွေကို သွားရမယ်၊ ပြီးရင် ဖောက်ခွဲရေးပစ္စည်းတွေကို တစ်ပြိုင်တည်း ဖောက်ခွဲရမယ်”
စီနျန်သည် သူ၏ ဓမ္မဆရာဝတ်ရုံမှ အဝတ်ဖြူစအချို့ကို ဆွဲဖြဲကာ ကောင်းမင်နှင့် အခြားသူများကို ပေးလိုက်သည်။
“ရော့ ဒီမှာ... အဲ့ဒီအဝတ်စတွေက အနီရောင်ပြောင်းသွားပြီး သွေးညှီနံ့တွေ ပြင်းပြင်းထန်ထန် ထွက်လာပြီဆိုရင် ခင်ဗျားတို့ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲလို့ရပြီ”
အခြား ကရုဏာဖောင်ဒေးရှင်း အဓိကအဖွဲ့ဝင်များက တုံ့ဆိုင်းခြင်းမရှိ သဘောတူကြသော်လည်း ကောင်းမင်ကမူ တုံ့ဆိုင်းနေလေသည်။
“ဒါဆို ငါတို့ ဘယ်လို ပြန်ထွက်ကြမလဲ”
“ကျွန်တော် နည်းလမ်းတစ်ခုခု စဉ်းစားလိုက်ပါ့မယ်”
စီနျန်၏ လေသံမှာ ဝတ်ကျေတန်းကျေသာ ဖြစ်သည်။သူသည် သူတို့ကို အသက်ရှင်လျက် ပြန်ခေါ်ထုတ်ရန် အစီအစဉ် မရှိသည့်အတိုင်းပင်။
“နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်၊ ဘူတာက စွန့်ပစ်ခံထားရတာ ဒီလောက်ကြာနေပြီကို ရထားတွေ လာဦးမှာလား”
“ခင်ဗျားက စိတ်ရှုပ်စရာပဲ”
စီနျန် စိတ်အနှောက်အယှက်ဖြစ်လာသည်။
“တားမြစ်နယ်မြေရဲ့ ရှုထောင့်နဲ့ တကယ့်မြို့တော်ရဲ့ ရှုထောင့်က မတူဘူး၊ ခင်ဗျားမြင်ရတာလည်း ကွဲပြားလိမ့်မယ်၊ ကျွန်တော်တို့မြင်ရတာက စွန့်ပစ်မြေအောက်ရထားတစ်စင်း ဖြတ်သွားတာ ဖြစ်နိုင်ပေမယ့် တားမြစ်နယ်မြေ ရှုထောင့်ကနေကြည့်ရင် အဲ့ဒါက မီတာတစ်ရာကျော် ရှည်တဲ့ ကင်းခြေများတစ်ကောင် ဒါမှမဟုတ် ပိုကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်နေလိမ့်မယ်”
“နားလည်ပြီ၊ ဒါဆို အခု ဘာလုပ်ကြမလဲ”
“တားမြစ်နယ်မြေရဲ့ အပြောင်းအလဲကို စောင့်ရမယ်၊ ကျွန်တော်လည်း ဒီကို ပထမဆုံး ရောက်ဖူးတာဆိုတော့ ဘာမှ ထပ်မမေးနဲ့တော့”
စီနျန်သည် ဖိအားအများအပြား ခံစားနေရသည်။ သူသည် တားမြစ်နယ်မြေ အပြင်ဘက်တွင် ရှိနေစဉ်ကနှင့် လုံးဝကွဲပြားစွာ ပြုမူနေသည်။ သူ၏ မျက်သူငယ်အိမ်များ တုန်ယင်သွားပြီး တစ်စုံတစ်ခု ချဉ်းကပ်လာသည်ကို ဝေဝါးစွာ ခံစားလိုက်ရသည်။
“ ‘အပြောင်းအလဲ’ ဆိုတာ ဘာကို ပြောတာလဲ”
ကောင်းမင်သည် တားမြစ်နယ်မြေရှုထောင့်ကို ဖွင့်လိုသောစိတ်ကို အတင်းအကျပ် ထိန်းချုပ်၍ နောက်ဆုံးမေးခွန်းတစ်ခုကို မေးလိုက်သည်။
“မမေးနဲ့”
“ခင်ဗျားတို့လည်း ရထားစီးဖို့ လာကြတာလား၊ ဘယ်ကို သွားကြမလို့လဲ”
ထူးဆန်းသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
“မမေးနဲ့လို့ ကျွန်တော်ပြောထားတယ်လေ၊ ခင်ဗျား...”
စီနျန်က ထိုအသံထွက်လာရာဘက်သို့ လှည့်ပြောလိုက်သော်လည်း သူ့စကားများက တဖြည်းဖြည်း တိုးဝင်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသော ပလက်ဖောင်းပေါ်တွင် ပုံရိပ်ခုနစ်ခု လှုပ်ရှားနေလေသည်။ လူခြောက်ယောက်သာ ဝင်လာခဲ့ခြင်း ဖြစ်သော်လည်း ယခုတွင် လူတစ်ယောက် ပိုနေသည်။
နောက်ထပ် လူတစ်ယောက် ရှိနေခြင်းဖြစ်သည်။
ပလက်ဖောင်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ ကရုဏာဖောင်ဒေးရှင်း အဓိကအဖွဲ့ဝင်များမှာ သူတို့၏ လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြသည်။ သူတို့ ဘာမှ မမြင်ရပေ။ အဝေးမှ သူစိမ်းတစ်ယောက်၏ အသံကိုသာ ကြားနေရသည်။
“ကလေးလည်း ပါတာလား၊ ခင်ဗျားတို့ ဘုရားကျောင်းအဖွဲ့ဝင်တွေက ပုံမှန် စုဝေးပွဲတွေ ရှိကြတာလား”
ထိုအသံရှင်က သူကိုယ်သူ ဟာသပြောလိုက်သည်ဟု ထင်နေပုံရသည်။ ဘယ်သူမှ ပြန်မဖြေသည်ကို မြင်သောအခါ သူက အိုးတိုးအန်းတန်းဖြင့် နှစ်ချက်ခန့် ရယ်လိုက်ပြီးမှ ရိုးသားစွာ ပြောလိုက်သည်။
“စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော်က လွန်သွားတယ်၊ လမ်းလေးပဲ မေးချင်လို့ပါ”
“ခင်ဗျား ဘယ်သွားမလို့လဲ”
စီနျန်၏ အသံက ခံစားချက်မပါဘဲ စက်ရုပ်တစ်ရုပ်ကဲ့သို့ ထွက်ပေါ်လာသည်။
“အိမ်ပြန်မလို့ပါ၊ ကျွန်တော်က အန်းရွှမ်းရပ်ကွက်မှာ နေတာလေ၊ အရင်က အလုပ်ဆင်းရင် ဒီရထားကိုပဲ စီးပြီး ပြန်နေကျဗျ၊ ဒါပေမဲ့ ဒီနေ့မှ ဘာဖြစ်လို့ မြေအောက်ရထားဘူတာတွေ အကုန် ပိတ်ထားတာလဲ မသိဘူး၊ ကျွန်တော် လုံးဝ ထွက်လို့ မရတော့ဘူး”
အဖွဲ့သားများက ကူညီရန် စိတ်ကူးမရှိသည်ကို မြင်သောအခါ ထိုသူစိမ်းက အကူညီမဲ့သွားသည်။
“ကျွန်တော် ခင်ဗျားတို့ကို ညာနေတာ မဟုတ်ပါဘူး၊ ကျွန်တော့်နာမည်က အန်းလွမ်ပါ၊ မှတ်ပုံတင်နံပါတ်က **၅၈၉၁၊ ကျွန်တော်က သိုင်းသင်တန်းကျောင်းတစ်ခုမှာ အချိန်ပိုင်းလေ့ကျင့်ရေးဆရာအဖြစ် အလုပ်လုပ်တာပါ၊ ဒီအိတ်ထဲမှာက မိသားစုအတွက် ဝယ်လာတဲ့ ငါးနဲ့ ကိတ်မုန့်တွေ ပါပါတယ်”
‘ကိတ်မုန့်’ ဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် ကောင်းမင် မသိစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ သူသည် အခြား အိပ်မက်သရဲတစ်ကောင်၏ အငွေ့အသက်ကို ဝေဝါးစွာ ခံစားရလိုက်သည်။
“ခင်ဗျား မိသားစုထဲက တစ်ယောက်ယောက် မွေးနေ့ရှိလို့လား”
“ဟုတ်ကဲ့... ကျွန်တော့် သမီးလေး မွေးနေ့ပါ၊ သူ့နာမည်က အန်းမုန့်တဲ့”
ထိုလူက တစ်စုံတစ်ခုကို ကမ်းပေးလိုက်ပုံရသည်။
“ဒါက သူ့ဓာတ်ပုံလေးပါ၊ ချစ်စရာ မကောင်းဘူးလား”
“သူ ကိုင်ထားတာကို မထိနဲ့”
စီနျန်က ရုတ်တရက် အော်ဟစ်လိုက်သည်။ ကောင်းမင်နှင့် ဖြတ်သွားဖြတ်လာ အန်းလွမ်တို့သည် လန့်ဖျတ်သွားပြီး ငြိမ်သက်သွားကြသည်။
“ကျွန်တော်တို့လည်း လမ်းပျောက်နေတဲ့ ခရီးသည်တွေပဲ၊ ခင်ဗျားကို မကူညီနိုင်ဘူး၊ ဘူတာရုံ ဝန်ထမ်းတစ်ယောက်ယောက်ကို သွားရှာလိုက်ပါ”
“ကောင်းပါပြီ”
ထိုလူက အနည်းငယ် စိတ်ပျက်သွားပုံရသည်။ သူသည် သူကိုင်ထားသော အရာကို ပြန်သိမ်းလိုက်ပြီး ကောင်းမင်တို့နှင့် ဝေးရာသို့ ထွက်ခွာသွား၏။
သူ ထွက်သွားပြီး သိပ်မကြာမီတွင် ဥမင်လိုဏ်ခေါင်းအတွင်းမှ ဂျုံးဂျုံးဂျက်ဂျက် အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုသူစိမ်းရပ်နေခဲ့သော နေရာ၏ အပေါ်ဘက်တွင် အနီရောင် အချက်ပြမီးလေး လင်းလာပြီး ရထားသံလမ်းများ တုန်ခါလာကာ ပလက်ဖောင်းမှာလည်း အနည်းငယ် လှုပ်ယမ်းလာတော့သည်။ ဖုန်မှုန့်များနှင့် မြေမှုန့်များက အဖွဲ့ပေါ်သို့ ကျဆင်းလာသော်လည်း သူတို့မှာ တစ်ဦးကိုတစ်ဦး ကပ်လျက်ရပ်ကာ ဥမင်လိုဏ်ခေါင်းအတွင်းသို့ စိုက်ကြည့်နေကြသည်။
အမှောင်ထုထဲတွင် ကြီးမားလှသော အရာတစ်ခုသည် သူတို့ဆီသို့ လျင်မြန်စွာ တွားသွား ချဉ်းကပ်လာနေသည်။
...
ခရိုင် ၃ အစွန်အဖျားရှိ အိမ်တစ်အိမ်အတွင်းတွင် ပရိဘောဂများနှင့် ကုလားထိုင်များကို ထောင့်တစ်ခုသို့ တွန်းပို့ထားသည်။ မြေကွက်လပ်၏ အလယ်ဗဟိုတွင် မမှတ်မိနိုင်တော့လောက်အောင် နှိပ်စက်ခံထားရသော ညရဲတစ်ဦးကို ချည်နှောင်ထား၏။ ပတ်ဝန်းကျင်တွင် သွေးစွန်းနေသော နှိပ်စက်ရေးကိရိယာများနှင့် စုတ်ပြဲနေသော ယူနီဖောင်းများ ပြန့်ကျဲနေလေသည်။
ကြေးဝါမျက်နှာဖုံးကို ဝတ်ဆင်ထားသော တောင်ဘုရင်သည် ထိုညရဲရှေ့တွင် ရပ်နေပြီး ဇီးကွက်တံဆိပ်ပါသော ပုခုံးတံဆိပ်ကို ကိုင်တွယ် ကစားနေလေသည်။
“ပြောစမ်း... ပုခုံးတံဆိပ်ပါတဲ့ တခြား ညရဲတွေရဲ့ နာမည်အရင်းနဲ့ ရုပ်တွေက ဘယ်လိုလဲ၊ ဒါဆို သူတို့ သိပ်မခံစားရတော့ဘူးပေါ့”
“ဟားဟားဟား... မင်းက မြို့တော်ကောင်စီရဲ့ ခွေးတစ်ကောင်လုပ်ရတာကို စွဲလမ်းနေပြီလား ၊ တကယ်ကို စက်ဆုပ်စရာပဲ”
ညရဲတပ်ဖွဲ့ဝင်သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။ ရှုံ့တွနေသော သူ့မျက်နှာသည် ရက်စက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ငါ့မေးခွန်းကို ဖြေစမ်း”
တောင်ဘုရင်ထံမှ ကြောက်မက်ဖွယ်ကောင်းပြီး လူသားထက် သာလွန်သော ဖိအားများ ထွက်ပေါ်လာ၏။ ညစောင့်တပ်ဖွဲ့ဝင်၏ ဒဏ်ရာများ ပြန်ပွင့်လာပြီး သွေးများ ပန်းထွက်လာတော့သည်။
“မင်းကို ဖြေရမယ်၊ မင်းကိုယ်မင်း ဘယ်သူများ ထင်နေလဲ၊ မင်းကိုယ်မင်း တကယ်ကြီး တောင်ဘုရင်လို့ ထင်နေတာလား”
ညရဲတပ်ဖွဲ့ဝင်၏ ပါးစပ်မှ သွေးများ စီးကျနေပြီး သူ့မျက်လုံးများသည် ဖိအားဒဏ်ကြောင့် သွေးကြောများ ထောင်ထတဲ့အထိ ပြူးထွက်နေသည်။
“မင်းက သိုင်းသင်တန်းကျောင်းမှာ ဈေးအပေါဆုံး အထိုးခံအိတ်တစ်လုံးထက် မပိုပါဘူးကွာ၊ ကိုယ့်မိန်းမနဲ့ သမီးကို သတ်ခဲ့တဲ့ ငကြောင်ကောင်၊ ကောင်စီဝင်တွေ မွေးထားတဲ့ အောက်တန်းစား ခွေးတစ်ကောင်ပဲ၊ ငါပြောတာ မှန်တယ်မလား... အန်းလွမ်”
***