ညရဲတပ်ဖွဲ့ဝင် ပြောလိုက်သော နာမည်သည် တောင်ဘုရင်အတွက် လုံးဝအထိမခံနိုင်သော တားမြစ်ချက်တစ်ခု ဖြစ်နေပုံရသည်။ သူ့လက်က ညရဲ၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်ရာ လက်ချောင်းငါးချောင်းက သံညှပ်ကြီးများကဲ့သို့ အရေပြားထဲသို့ နစ်ဝင်သွား၏။
တောင်ဘုရင်၏ လည်ပင်းပေါ်တွင် ထူးဆန်းသော အနက်ရောင်လိုင်းများ တိုးထွက်လာသည်။ ကြေးဝါမျက်နှာဖုံးအောက်မှ သူ့မျက်လုံးများထဲတွင် ဆိုးယုတ်မှုများ ချက်ချင်း ပြည့်နှက်သွားသည်။
“အန်းလွမ်... ငါတို့ ညရဲတပ်ဖွဲ့က သေသေချာချာ စုံစမ်းပြီးပြီ၊ အဲ့ဒီနေ့က မင်းကိုယ်တိုင်ပဲ မင်းမိန်းမနဲ့ မင်းသမီးကို သတ်ခဲ့တာ၊ ဘယ်လူမိုက်ရဲ့ တိုက်ခိုက်မှုမှ မရှိခဲ့ဘူး၊ အဲ့ဒါတွေက ဝမ်ရှန့်ဂိုဏ်းကို ဝင်ဖို့အတွက် မင်းဖန်တီးခဲ့တဲ့ ဆင်ခြေတွေပဲ၊ မင်းက ပိုမြင့်တဲ့နေရာကို တက်လှမ်းဖို့ဆိုရင် ဘာမဆို လုပ်မယ့်သူပဲ၊ မင်းက အသက်ရှင်ဖို့အတွက် ကိုယ့်မိသားစု အလောင်းကိုတောင် ပြန်စားမယ့် ခွေးရူးတစ်ကောင်ပဲ”
“ဖောင်း”
အိမ်နံရံပေါ်တွင် အသားစများနှင့် သွေးများ ပန်းထွက်သွား၏။ ခေါင်းမပါသော အလောင်းတစ်ခုက တဖြည်းဖြည်း လဲပြိုကျသွားသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ညရဲတပ်ဖွဲ့ဝင်၏ ယူနီဖောင်းကို ဝတ်ဆင်ထားသော တောင်ဘုရင်သည် သွေးများကို နင်းဖြတ်၍ အိမ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူ့နောက်သို့ အချိန်အတော်ကြာ လိုက်ပါခဲ့သော လက်အောက်ငယ်သားတစ်ဦးက အပြင်ဘက်တွင် ရိုသေစွာ စောင့်ဆိုင်းနေသည်။
“အနီးအနားမှာ တခြားညီအစ်ကိုတွေ ရှိသေးလား”
တောင်ဘုရင်က သူ့လက်ပေါ်မှ သွေးများကို သုတ်ရင်း မေးလိုက်သည်။
“မရှိပါဘူး၊ စစ်ဆေးမေးမြန်းမှု မတိုင်ခင်ကတည်းက သူတို့ကို အဝေးမှာ စောင့်ခိုင်းထားပါတယ်”
“လုပ်တာ ကောင်းတယ်”
တောင်ဘုရင်က သူ၏ ပစ္စတိုကို ထုတ်ယူလိုက်သည်။ နောက်တစ်စက္ကန့်တွင် ထိုလူ၏ ဦးခေါင်းကို ပစ်ချလိုက်တော့သည်။
ကြောင်တောင်တောင် အမူအရာနှင့်အတူ တောင်ဘုရင်သည် အပြင်ဘက်သို့ အရှိန်ပြင်းပြင်း ပြေးထွက်လာသည်။
“အဲ့ဒီ ညရဲက ငါ့ကို စိတ်ရှုပ်အောင် တမင်လုပ်တာ၊ ငါက တောင်ဘုရင်ပဲ၊ ငါက ဝမ်ရှန့်ဂိုဏ်းရဲ့ တောင်ဘုရင်ပဲ”
...
အေးစက်သော လေကြမ်းများ တိုက်ခတ်နေသည်မှာ လူတိုင်းကို ပလက်ဖောင်းပေါ်မှ လွင့်စဉ်သွားအောင် လုပ်နေသည့်အလားပင်။ သူတို့သည် အနိုင်နိုင် မတ်တတ်ရပ်နေကြရပြီး ဥမင်လိုဏ်ခေါင်းအတွင်းမှ “တဂျိန်းဂျိန်း” မြည်သံကို နားစွင့်နေကြသည်။ အနံ့ဆိုးများမှာ ပိုမိုပြင်းထန်လာပြီး လေထုထဲတွင် သွေးညှီနံ့များ ရောပါလာသည်။
“အဲ့ဒါ လာနေပြီ”
စီနျန်က မြေအောက်ရထား လာနေသည်ဟု မပြောဘဲ ထိုအရာလာနေပြီဟုသာ ရောထွေးပြောလိုက်သည်။
အနီရောင် အချက်ပြမီးများသည် ကြက်သွေးရောင် မျက်လုံးနှစ်လုံးနှင့် တူလှသည်။ ထိုထူးဆန်းသော အနီရောင်အလင်းအောက်တွင် တားမြစ်နယ်မြေရှုထောင့် မဖွင့်ထားသော ကောင်းမင်သည် ရထားတစ်စင်း ဆိုက်ရောက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းသည် သူ့ဘေးတွင် အတိအကျ ရပ်တန့်သွား၏။၎င်းဘော်ဒီတစ်ခုလုံးကို သံပြားများဖြင့် ပတ်ထားသည်။ အတွင်းပိုင်းသည် ဗလာဖြစ်နေပြီး ထိုင်ခုံများတွင် မည်သူမျှ မရှိချေ။ ချိတ်ဆွဲထားသော လက်ကိုင်ကွင်းများသာ ဟိုဟိုဒီဒီ ယိမ်းခါနေလေသည်။
“ငါတို့ ဒီရထားကို စီးရမှာလား၊ ဒါက ရထားတစ်စင်းတောင် ဟုတ်ရဲ့လား”
ကောင်းမင် အတွင်းပိုင်းကို အကဲခတ်နေစဉ် ရှေ့မှန်ပြတင်းပေါက်၌ လီဆန်းစီ၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလူသည် အတွင်းထဲသို့ ရောက်နှင့်နေပြီဖြစ်ပြီး ကောင်းမင်အား ခေါင်းစောင်း၍ ပြုံးပြနေလေသည်။ ပုံမှန်အတိုင်းရှိနေသော မြေအောက်ရထားသည် ချက်ချင်း ပုံပျက်သွားတော့သည်။ ရထားတွဲအတွင်းရှိ အရာများမှာ လျင်မြန်စွာ ပြောင်းလဲသွားကြသည်။ ကောင်းမင်သည် မြေအောက်တွင် နေထိုင်ကြပြီး နေရောင်ခြည်ကို မခံနိုင်သော၊ လူသားများ၏ သွေးကို စုပ်ယူပြီး မကောင်းဆိုးဝါးများအဖြစ် ကြီးထွားလာကြသော ထူးဆန်းသည့် သတ္တဝါများစွာကို မြင်တွေ့လိုက်ရသည်။
သူ မျက်တောင်ခတ်လိုက်သောအခါ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွား၏။ ကောင်းမင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ တားမြစ်နယ်မြေရှုထောင့်က မတော်တဆ ထပ်ပွင့်သွားခြင်း ဖြစ်သည်။ လီဆန်းစီ၏ ပေါ်ထွက်လာမှုများက ပိုမိုများပြားလာပြီး သူ့အပေါ်ထိန်းချုပ်နိုင်စွမ်းမှာလည်း အားနည်းလာနေသည်။
“ရထားပေါ်တက်ကြ၊ ဆင်းရမယ့် ဘူတာကို ပြောမယ်၊ အဝတ်နီစကို ဝတ်ထားဖို့ မမေ့နဲ့၊ အဲ့ဒါက ဗုံးဖောက်ခွဲဖို့ သင်္ကေတပဲ”
ရထားတံခါးများမှာ အရာအားလုံးကို ဝါးမြိုမည့် ပါးစပ်ကြီးတစ်ခုကဲ့သို့ ဖြည်းညင်းစွာ ပွင့်ဟလာသည်။ စီနျန်က ရှေ့ဆုံးမှ ဝင်သွားပြီး ကောင်းမင်နှင့် အခြားသူများ လိုက်ပါသွားကြသည်။ သူ့ကိုယ်သူ အန်းလွမ်ဟု ခေါ်သော ထိုသူစိမ်းမှာလည်း ဤဘူတာမှပင် ရထားပေါ် တက်လိုက်လာ၏။
“ဘယ်သွားကြမလို့လဲ၊ ခင်ဗျားတို့လည်း အိမ်ပြန်ကြမလို့လား”
အန်းလွမ်သည် တစ်ယောက်ယောက်နှင့် စကားမပြောရသည်မှာ အတော်ကြာပြီဖြစ်ပုံရသည်။ ကောင်းမင်က အေးစက်စွာ ဆက်ဆံသော်လည်း သူသည် ဘေးကင်းသော အကွာအဝေးတစ်ခုမှနေ၍ သူတို့နှင့် တစ်တွဲတည်းတွင်သာ ဆက်နေနေခဲ့သည်။
ဘယ်သူမှ ပြန်မဖြေသည်ကို မြင်သောအခါ သူက သူ့ဘာသာ စကားပြန်ပြောနေပြန်သည်။
“ကျွန်တော် မြေအောက်ရထား စီးရတာကို သိပ်မကြိုက်ဘူးဗျ၊ ဒီတွဲလေးထဲမှာ ပိတ်မိနေတိုင်း မြေပြိုမှာကို စိုးရိမ်မိတယ်၊ မြေကြီးတွေ၊ ကျောက်ခဲတွေ အပေါ်ကနေ ပြိုကျလာပြီး ခရီးသည်တွေကို မြေမြှုပ်ပစ်မှာကိုပေါ့၊ ဒါမှမဟုတ် ဒီမှောင်မည်းနေတဲ့ ဥမင်ထဲမှာ ရထားတိုက်မှု ဖြစ်ပြီး အမှောင်ထဲမှာ သေမယ့်အချိန်ကိုစောင့်ရင်း အော်ဟစ်နေရမှာကို စိုးရိမ်မိတယ်”
“ခင်ဗျား မကြိုက်ရင် မစီးနဲ့ပေါ့”
ကောင်းမင် မနေနိုင်ဘဲ ပြောလိုက်မိသည်။ လီဆန်းစီနှင့် ပေါင်းစည်းပြီးနောက် သူ့စကားလုံးများမှာလည်း ထက်မြက်လာကြောင်း သူသတိပြုမိသည်။
“ဘဝဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့ရတာမှ မဟုတ်ပဲလေ”
အန်းလွမ်က တိုးတိုးလေး ရယ်လိုက်သည်။ သူသည် ကောင်းမင်ကို ရယ်နေခြင်းလား၊ သူ့ကိုယ်သူ ရယ်နေခြင်းလားဆိုသည်ကို မသေချာပေ။
ကောင်းမင်၏ အကြည့်ကို သတိပြုမိပုံရသဖြင့် အန်းလွမ်က ရောင်ကိုင်းနေသော သူ့ပါးကို ဖုံးကွယ်ရင်း ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူသည် အနည်းငယ် ရှက်ရွံ့နေပုံရသည်။
“ဒါက လေ့ကျင့်ခန်းလုပ်ရင်း ဖြစ်တာပါဗျာ၊ ကျွန်တော်က ရန်ဖြစ်ရတာကို ကြိုက်တဲ့ လူဆိုးမျိုး မဟုတ်ပါဘူး၊ တကယ်တော့ ကျွန်တော်က အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့သူပဲ၊ ဝမ်းစာရှာဖို့အတွက်ပဲ တိုက်ခိုက်နေရတာပါ”
“ခင်ဗျားက အရိုက်ခံပြီး ပိုက်ဆံရှာနေတာလို့ ပြောချင်တာ မဟုတ်လား”
ကောင်းမင်သည် စီနျန်၏ သတိပေးသော အကြည့်ကို လျစ်လျူရှုကာ အန်းလွမ်နှင့် ဆက်လက် စကားပြောနေလိုက်သည်။
“ဟားဟားဟား... ခင်ဗျားက တော်တော် စကားတတ်တာပဲ”
အန်းလွမ်၏ ရယ်သံတွင် ရှက်ရွံ့မှုနှင့် ခါးသီးမှုများ ပါဝင်နေခဲ့သည်။ သူသည် ကိတ်မုန့်နှင့် ငါးပါသော အိတ်ကို ဂရုတစိုက် ကိုင်ကာ ထိုင်ခုံတွင် တပ္ပလင်ခွေ၍ ထိုင်ချလိုက်သည်။
“မြေအောက်ရထားပေါ်က ဘယ်သူနဲ့မှ စကားထပ်မပြောနဲ့တော့၊ ခင်ဗျားလည်း သူတို့နဲ့ တစ်သားတည်း ဖြစ်သွားပြီး ဒီမှာပဲ ထာဝရ ကျန်ရစ်ခဲ့လိမ့်မယ်”
စီနျန်က ကောင်းမင်ဆီ လျှောက်လာပြီး အန်းလွမ်ကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။
“ခင်ဗျား တကယ် အိမ်ပြန်ချင်ရင် အမြန်ဆုံး ဆင်းလိုက်တာ ကောင်းမယ်၊ ဒီမြေအောက်ရထားက မြေအောက်အနက်ကြီးထဲကို သွားနေတာ၊ ခင်ဗျားစီးလေလေ အိမ်နဲ့ ပိုဝေးလေလေပဲ ဖြစ်မှာ”
“မြေအောက်ထဲကို သွားတယ်လား၊ ဒီကလေးပြောတာကို ငါနားမလည်ဘူး”
“ဒါက မြေအောက်ရထား မဟုတ်ဘူး၊ ဒါက ခင်ဗျားရဲ့၊ ကျွန်တော့်ရဲ့၊ လူတိုင်းရဲ့ စုတ်ပြတ်သတ်နေတဲ့ ဘဝပဲ”
စီနျန်သည် သူ့သွားများကို တင်းတင်းစေ့ထားရင်း တားမြစ်နယ်မြေ ၁ ၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်။
“အမှောင်ထု ဖုံးလွှမ်းနေတဲ့ ဒီမြို့ကြီးက အမှောင်ထုဆီကိုပဲ ဦးတည်သွားနေတဲ့ ဒီရထားကြီးပဲ၊ မြို့ထဲက လူတိုင်းက ဒီရထားပေါ်က ခရီးသည်တွေပဲ၊ ဒီပေါ်ကို ခြေချလိုက်ပြီဆိုတာနဲ့ ခင်ဗျားလည်း အမှောင်ထုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတဲ့အထိ အောက်ကို ဆွဲချခံရလိမ့်မယ်”
“ဒီကလေး ဘာတွေ လျှောက်ပြောနေတာလဲ”
အန်းလွမ်က သူ့ကို ကလေးအရူးလေးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။ သူသည် စီနျန်၏ စကားများကို လုံးဝအရေးမစိုက်ပေ။
“သူ့ကို ဂရုမစိုက်ပါနဲ့၊ ဒီကလေးက ကျုပ်ရဲ့ သွေးဝေးတဲ့ ဆွေမျိုးတစ်ယောက်ရဲ့ ကလေးပါ၊ သူက စိတ်သိပ်မမှန်ဘူး”
ကောင်းမင်က စီနျန်ကို မချီကာ သူ့ဘေးတွင် ချထားလိုက်သည်။
“ခင်ဗျား အလုပ်သွားရင် အမြဲတမ်း ဒီရထားပဲ စီးတာလား၊ ခင်ဗျားက ဘယ်ဘူတာမှာ နေတာလဲ”
“အင်း...”
အန်းလွမ် မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်တော် ဟုကော်လမ်းကနေ တက်စီးတာပဲ မှတ်မိတော့တယ်၊ ဒီဘူတာကနေဆို အိမ်ကို မြေအောက်ရထားနဲ့ ပြန်လို့ရတယ်...”
လက်ကိုင်ကွင်းများ ယိမ်းခါသွားပြီး ရထားတွဲအတွင်းရှိ စခရင်တွင် အနီရောင်မီးများ လက်ခနဲ ဖြစ်သွားသည်။ အရှိန်ပြင်းစွာ မောင်းနှင်နေသော ရထားမှာ ရုတ်တရက် အရှိန်လျော့သွား၏။ အေးစက်စက် အသံတစ်ခုက ပုရွက်ဆိတ်များကဲ့သို့ လူတိုင်း၏ နားထဲသို့ တွားဝင်လာခဲ့သည်။
‘ဟုကော်ဘူတာသို့ ရောက်ရှိပါပြီ။ ဘယ်ဘက်တံခါး ပွင့်ပါမည်။ ဆင်းမည့် ခရီးသည်များ ကျေးဇူးပြုပြီး ဘယ်ဘက်မှ ဆင်းပေးကြပါ’။
စက္ကန့်အနည်းငယ်အကြာတွင် ရထားသည် မရင်းနှီးသော ပလက်ဖောင်းတစ်ခု၌ ရပ်တန့်သွားသည်။ ထိုနေရာမှာလည်း အမှောင်တိ ကျနေပြီး အနီရောင် အချက်ပြမီးအချို့သာ လင်းလက်နေသည်။
သို့သော် ယခင်ဘူတာနှင့် နှိုင်းယှဉ်ပါက ဤဘူတာတွင် ခရီးသည်အမြောက်အမြား ရှိနေလေသည်။
ယိမ်းထိုးနေသော ပုံရိပ်များက ရထားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသည်။ အချို့က ထောင့်စွန်းများသို့ သွားကြသည်၊ အချို့က ထိုင်ခုံများတွင် ပေါ့ပေါ့ပါးပါး ထိုင်ကြပြီး၊ အချို့မှာမူ လူရှုပ်သော နေရာများကို ရှောင်ကာ ရထားနောက်တွဲများဆီသို့ အပြေးအလွှား သွားနေကြသည်။
“ဒါ အန်းလွမ် မဟုတ်လား၊ မင်းအရိုက်ခံရလို့ အိမ်ကို စောစောပြန်သွားပြီလို့ ငါကြားထားတာ၊ ဘာလို့ မြေအောက်ရထားပေါ်မှာ ရှိနေသေးတာလဲ”
အသံအသစ်တစ်ခု ထွက်ပေါ်လာသည်။ ကောင်းမင်သည် ထိုလူကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၎င်းသည် သာမန်လူထက် များစွာပိုမိုမြင့်မားသော ပုံရိပ်တစ်ခု ဖြစ်သည်။
ပုံမှန်အားဖြင့် ဖော်ရွေတတ်ပြီး သူစိမ်းများနှင့် အချိန်အတော်ကြာ စကားပြောတတ်သော အန်းလွမ်မှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
“ဒါ မင်းသမီးလေးအတွက် ဝယ်လာတဲ့ ကိတ်မုန့်လား၊ မင်းက မိသားစုကို တော်တော် ဂရုစိုက်တာပဲကွ၊ ဒါပေမဲ့ ဒီပိုက်ဆံတွေကို မင်းဘယ်လိုရှာခဲ့လဲဆိုတာ သူတို့သိကြရဲ့လားလို့ ငါစဉ်းစားမိတယ်”
“ကျန်းယန်... မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိရင် ငါ့ဆီပဲ လာခဲ့စမ်းပါ”
အန်းလွမ် မတ်တတ်ထရပ်လိုက်သည်။
“ငါ့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက် ရှိမှာလဲ၊ မင်းအင်္ကျီကို ချွတ်လိုက်လို့ မင်းကိုယ်ပေါ်မှာ လူသေတွေရဲ့ လက်ချောင်းတွေ တွားသွားနေတာတွေ့ရင် မင်းမိန်းမ လန့်သေသွားမလားလို့ ငါ သိချင်ရုံတင်ပါ”
ကျန်းယန်နောက်တွင် လူအချို့ လိုက်ပါလာပုံရပြီး အားလုံးမှာ အန်းလွမ်ကို အထင်အမြင်သေးစွာ ကြည့်နေကြသည်။
“ဆင်းရဲသားရပ်ကွက်က နံစော်နေတဲ့ ကြွက်စုတ်ကောင်... မြို့တော်က မင်းတို့အတွက် မဟုတ်ဘူးကွ၊ မင်းရဲ့ ဆရာကလည်း အကြီးအကျယ် နေမကောင်းဖြစ်နေပြီ၊ ဘယ်သူမှ မင်းအတွက် ရှေ့ထွက်ပြောပေးတော့မှာ မဟုတ်ဘူးကွ”
ကျန်းယန်၏ လက်မောင်းက အန်းလွမ်၏ ဦးခေါင်းကို ညှပ်ထားလိုက်သည်။
“မင်း အရိုက်ခံရပြီး မသေချင်ရင် အမြီးလေးကုပ်ပြီး ဆင်းရဲသားရပ်ကွက်ကိုပဲ ပြန်သွားလိုက်စမ်း”
***