အန်းလွမ်သည် အသက်ရှူမရတော့ဘဲ မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ သူသည် ဤကဲ့သို့သော နာကျင်မှုကို နေ့စဉ်နှင့်အမျှ ခံစားနေရခြင်း ဖြစ်သည်။ လူများသည် တစ်ယောက်နှင့်တစ်ယောက် မွေးဖွားလာပုံချင်း မတူညီကြပေ။ အချို့က ပျော်ရွှင်မှု အပေါင်းနှင့် ပြည့်စုံရန် မွေးဖွားလာကြပြီး အချို့မှာ ဆင်းရဲဒုက္ခခံရန်သာ မွေးဖွားလာကြသည်။ အရာအားလုံးကို ကံကြမ္မာက ပြဋ္ဌာန်းထားပြီးသား ဖြစ်သည်။
သူ၏ အမြင်အာရုံများ ဝေဝါးလာတော့သည်။ အန်းလွမ်၏ လည်ပင်းမှာ လိမ်ဖယ်သွားပြီး သူ့လက်များမှာလည်း အားအင် လျော့ကျသွားသည်။ သူ့သမီးလေးအတွက် ဝယ်လာသော ကိတ်မုန့်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျတော့မည် ဖြစ်သည်။ နူးညံ့လှပသော ဒီဇိုင်းနှင့် ခရင်မ်ဖြင့် ပြုလုပ်ထားသော မင်းသမီးလေးသည် စုတ်ပြတ်သတ်နေသော သူ့ဘဝကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့မည် ဖြစ်သည်။
နောက်ဆုံးတွင် သူ့လက်ချောင်းများ အားလျော့သွားပြီး ကိတ်မုန့်က ပြုတ်ကျသွားခဲ့သည်။ သို့သော်လည်း မာကျောသော ကြမ်းပြင်ပေါ်သို့ ကျမသွားဘဲ ကောင်းမင်က အမိအရ ဖမ်းလိုက်နိုင်သည်။
“သူတို့ပစ္စည်းတွေကို မထိနဲ့”
စီနျန်၏ သတိပေးသံက နောက်ကျသွားပြီ ဖြစ်သည်။ ကောင်းမင်၏ လက်ချောင်းများက ကိတ်မုန့်ဘူးကို ထိတွေ့လိုက်သည်။ ၎င်း၏ အထိအတွေ့မှာ စေးကပ်စိုစွတ်နေပြီး ကိတ်မုန့်နှင့် မတူဘဲ စုတ်ပြဲနေသော လူ့အရေပြားနှင့် ပိုတူနေလေသည်။ သို့သော် သူ ငုံ့ကြည့်လိုက်သောအခါတွင်မူ ၎င်းမှာ ကိတ်မုန့်အစစ်ပင် ဖြစ်နေပြန်သည်။
တားမြစ်နယ်မြေရှုထောင့်ကို ဖွင့်လိုသောစိတ်ကို အတင်းအကျပ် ထိန်းချုပ်ရင်း ကောင်းမင်သည် ကိတ်မုန့်ကို ပွေ့ပိုက်ကာ နေရာတွင် ပြန်ထိုင်လိုက်သည်။
“ကလေး... မင်းကိစ္စ မဟုတ်တာကို ဝင်မပါနဲ့၊ ဒီကောင်က လူကောင်းမဟုတ်ဘူး၊ မင်း သူ့ကို ကူညီလိုက်ရင် သူက မင်းကို ပြန်ကိုက်မယ့်ကောင်မျိုးကွ”
ကျန်းယန်သည် ကောင်းမင်နှင့်အတူ ကလေးတစ်ယောက် ပါလာသည်ကို မြင်သဖြင့် ဒေါသမပေါက်ကွဲတော့ပေ။ သူ အန်းလွမ်ကို လွှတ်ပေးလိုက်ရာ အန်းလွမ်မှာ ကြမ်းပေါ်သို့ လဲကျသွားသည်။
“မင်း ပြဿနာထဲ မပါချင်ရင် ဒီကြွက်စုတ်နဲ့ ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ်”
အန်းလွမ်သည် ကြမ်းပြင်ပေါ်တွင် အမောတကော အသက်ရှူနေရသော်လည်း သူ့လည်ပင်းမှ အနီရောင်အမှတ်အသားမှာ လျင်မြန်စွာ ပျောက်ကွယ်သွား၏။ သူ့ခန္ဓာကိုယ်၏ ပြန်လည် ကုသနိုင်စွမ်းမှာ အလွန်သန်မာလှသည်။
“ဆရာက သူ့ကို အကောင်းဆုံးအရာတွေ ပေးခဲ့တာကို ဒီဆင်းရဲသားရပ်ကွက်က ကြွက်စုတ်က ကျေးဇူးမသိတတ်ဘူး၊ သူက ဆရာကတော်ရဲ့ ပစ္စည်းတွေကို ခိုးတယ်၊ ဂျူနီယာညီလေးကို တားမြစ်နယ်မြေထဲ ခေါ်သွားပြီး ပျောက်ဆုံးသွားအောင် လုပ်တယ်၊ ပြီးတော့ သူ့ကို အစစအရာရာ ဂရုစိုက်ပေးတဲ့ ဆရာ့ကိုလည်း ဆေးရုံရောက်အောင် လုပ်ခဲ့တယ်”
ကျန်းယန်၏ အသံသည် ပို၍ ပို၍ ကြည်လင်ပြတ်သားလာပြီး အန်းလွမ်၏ နှလုံးသားကို ဓားဖြင့် မွှန်းနေသကဲ့သို့ ခံစားရစေသည်။
“ငါ ဘာမှ မခိုးဘူးကွ၊ ဆရာကိုယ်တိုင် ငါ့ကို သွားယူခိုင်းခဲ့တာ၊ အရာအားလုံးက ဆရာ့လက်ချက်တွေပဲ”
“စောက်ပေါစကားတွေမပြောနဲ့”
ကျန်းယန်က အန်းလွမ်၏ ဝမ်းဗိုက်ကို ဆောင့်ကန်လိုက်သည်။ သူ နာကျင်သွားပြီး သူ့ခန္ဓာကိုယ်က ပုစွန်တုပ်ကဲ့သို့ ကွေးညွတ်သွားသည်။
သို့သော် ကျန်းယန်မှာ အားမရသေးဘဲ ဒုတိယအကြိမ် ထပ်ကန်လိုက်ပြန်သည်။
သိုင်းပညာရှင်များ၏ လှုပ်ရှားမှုသည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ ကျန်းယန်၏ ခြေသလုံးက အန်းလွမ်၏ ပါးကို ထိတော့မည့်ဆဲဆဲတွင် အစောပိုင်းက ဘာမှ ပြန်မလုပ်ဘဲ ငြိမ်ခံနေသော အန်းလွမ်သည် ကျန်းယန်၏ ခြေထောက်ကို လက်နှစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်သည်။ သူ၏ လက်ဆစ်များမှ ‘ဂျွတ်’ ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး အရေပြားအောက်တွင် အနက်ရောင် သွေးများ ပြန့်နှံ့သွားသည်။ အန်းလွမ်၏ မျက်လုံးများသည် တဖြည်းဖြည်း ပြောင်းလဲလာပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသော တဒုတ်ဒုတ်မြည်သံများ ထွက်ပေါ်လာသည်။
သူ့ခြေသလုံးကို မြဲမြံစွာ ဆုပ်ကိုင်ခံထားရသဖြင့် ကျန်းယန်က ကန်ချက်ကို အရှိန်ပြောင်းကာ အန်းလွမ်၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဖိနင်းလိုက်သည်။
“ကျေးဇူးကန်းတဲ့ တိရစ္ဆာန်ကောင်”
ဒေါသကို ဖြေဖျောက်ပြီးနောက် ကျန်းယန်သည် သိုင်းသင်တန်းကျောင်းမှ အခြားလူများကို ခေါ်ဆောင်၍ အခြားရထားတွဲများဆီသို့ ထွက်ခွာသွားတော့သည်။ သူသည် အန်းလွမ်နှင့် လေထုတစ်ခုတည်းကို အတူတူ ရှူရှိုက်ရသည်ကိုပင် ရွံရှာနေပုံရသည်။
“ခင်ဗျား တစ်ချိန်လုံး သည်းခံနေခဲ့ပုံရတယ်”
ကောင်းမင်သည် စီနျန်၏ တားဆီးမှုများကို လျစ်လျူရှုကာ အန်းလွမ်ကို ထိုင်ခုံပေါ်သို့ တွဲတင်ပေးလိုက်သည်။
“ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားတဲ့ စွမ်းအားတစ်ခု ရှိနေပုံပဲ၊ ခင်ဗျားက သူတို့ထက် ပိုသန်မာတာ ထင်ရှားနေတာပဲကို ဘာလို့ ပြန်မတိုက်တာလဲ”
“ကျွန်တော်...”
အန်းလွမ်က သူ့ရင်ဘတ်ကို ပွတ်ရင်း နောက်ဆုံးတွင် အနိုင်နိုင်စကားပြောလိုက်နိုင်သည်။
“သူတို့ ပြောတာ မမှားပါဘူး”
“ဒါဆို အဲ့ဒါက ခင်ဗျားအမှားပေါ့”
“မဟုတ်ပါဘူး၊ အဲ့လို မဟုတ်ပါဘူး”
အန်းလွမ်သည် ကိတ်မုန့်ကို ဂရုတစိုက် ပြန်ယူလိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း စကားပြောလာသည်။
“အဲ့ဒါက ဆရာ့အမှားပါ”
“ဘာလား၊ ခင်ဗျားရဲ့ ဆရာက ခင်ဗျားကို ဆင်းရဲသားရပ်ကွက်ကနေ ခေါ်ထုတ်လာပေးတာ မဟုတ်ဘူးလား သူက ခင်ဗျားကို သိုင်းပညာတွေ သင်ပေးခဲ့တာ မဟုတ်ဘူးလား”
ကောင်းမင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
“မဟုတ်ဘူး”
အန်းလွမ်က ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။
“ဆရာက ကျွန်တော့်ကို ဒုတိယအသက်ပေးခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့...”
သူသည် စကားပြောရာတွင် အလွန်ထစ်ငေါ့နေပြီး ယင်းကို မည်သို့ ဖော်ပြရမှန်း မသိသဖြင့် သူ့လက်ဖဝါးများကို ကောင်းမင်၏ ရှေ့တွင် ဖြန့်ပြလိုက်သည်။
ကောင်းမင်သည် တားမြစ်နယ်မြေ ရှုထောင့်မှ ကြည့်လျှင် အန်းလွမ်မှာ မည်သို့ ပုံစံရှိမည်ကို မသိသော်လည်း လက်တွေ့ရှုထောင့်မှကြည့်လျှင်မူ ထိုလက်မှာ အတော်လေး သာမန်အတိုင်းပင် ဖြစ်နေသည်။
“ကျုပ်ကို ဘာပြနေတာလဲ”
“ကျွန်တော့်ဆရာက ပြောတယ်၊ သိုင်းပညာကို နယ်ပယ်ခြောက်ခုခွဲထားတယ်တဲ့၊ လူအများစုက တစ်သက်လုံး ကြိုးစားရင်တောင် ပထမနယ်ပယ်ကို မရောက်နိုင်ကြပေမယ့် ကျွန်တော်ကတော့ ရှားပါးတဲ့သိုင်းပါရမီရှင် တစ်ယောက်ပါတဲ့”
အန်းလွမ်က အနည်းငယ် အားစိုက်လိုက်ရာ သူ့အရေပြားအောက်ရှိ သွေးကွက်များမှာ ပြန့်နှံ့သွားပြီး အရေပြားသည် အနက်ရောင်သန်းသော အနီရောင်အဖြစ် ပြောင်းလဲသွားသည်။
“ဆရာက ကျွန်တော့်ကို ဆင်းရဲသားရပ်ကွက်ထဲမှာ တွေ့ခဲ့တာ၊ အဲ့ဒီတုန်းက ကျွန်တော်က ပိုက်ဆံအိတ်အလွတ်တစ်လုံးကြောင့် တခြားကလေးတွေရဲ့ ဝိုင်းရိုက်တာကို ခံရပြီး သေလုမျောပါး ဖြစ်နေခဲ့တာပေါ့၊ ကျွန်တော့်ကို ကယ်ဖို့အတွက် ဆရာက အနီရောင်သွေးတွေနဲ့ အသားစတွေ ပြည့်နေတဲ့ စည်ပိုင်းကြီးတစ်ခုထဲကို ကျွန်တော့်ကို တွားဝင်ခိုင်းခဲ့တယ်၊ တစ်ရက်နဲ့ တစ်ညကြာအောင် အဲ့ဒီထဲမှာ နေပြီးတဲ့နောက်တော့ သွေးတွေက ကျွန်တော့်ကိုယ်ထဲကို စိမ့်ဝင်သွားပြီး အရေပြားနဲ့ တစ်သားတည်း ဖြစ်သွားခဲ့တယ်၊ ကျွန်တော်ဟာ သိုင်းပညာရဲ့ ပထမနယ်ပယ်ဖြစ်တဲ့ အကြိမ်တစ်ရာသန့်စင်ခြင်း ကြေးနီအရေပြားအဆင့်ကို ရောက်သွားပြီလို့ ဆရာက ပြောခဲ့တယ်”
“သိုင်းပညာလေ့ကျင့်သူတွေက နေ့ရောညပါလေ့ကျင့်ပြီး အသားမာတွေ တက်လာအောင် လုပ်ရတယ်၊ ပြီးရင် အရိုက်ခံရတာတွေ၊ ဆေးရေစိမ်တာတွေကို အဆင့်ဆင့်လုပ်ပြီးမှ ဒီအဆင့်ကို ရောက်တာလေ၊ ကျွန်တော်ကတော့ တစ်ရက်နဲ့ တစ်ညအတွင်းမှာပဲ အဲ့ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တယ်”
“ဆရာက ကျွန်တော့်ကို သိုင်းသင်တန်းကျောင်းကို ခေါ်သွားပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး၊ ကျွန်တော့် တစ်ကိုယ်လုံးကို ပတ်တီးတွေနဲ့ ပတ်ထားပြီး အမှောင်ခန်းထဲမှာ ပိတ်ထားတယ်၊ မျက်စိကိုလည်း စည်းထားတယ်။ ပြီးတော့ နေ့တိုင်း လှုပ်ရှားနေဆဲဖြစ်တဲ့ သက်ရှိသတ္တဝါ တစ်ကောင်ကောင်ကို ကျွေးတယ်”
“အဲ့ဒါ ဘာလဲဆိုတာ ကျွန်တော် မသိဘူး၊ ဆရာက ကျွန်တော့်ကို ဝါးစားခွင့်မပြုဘူး၊ တစ်ခုလုံးကို မျိုချခိုင်းတာ၊ ကျွန်တော် အဲ့ဒီအကြောင်း မေးကြည့်တော့ ဆရာက ဒါတွေက တားမြစ်နယ်မြေက လာတဲ့ အရမ်းအားရှိတဲ့အာဟာရဓာတ်တွေလို့ ပြောတယ်”
“တစ်လအကြာမှာတော့ ကျွန်တော့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲကနေ ထူးဆန်းတဲ့ အသံတွေ ထွက်လာတယ်၊ သားရဲတစ်ကောင် ဟိန်းသံလိုမျိုး ဒါမှမဟုတ် အင်းဆက်တွေ၊ မြွေတွေ တွားသွားတဲ့ အသံမျိုးပေါ့၊ ဆရာက စိတ်လှုပ်ရှားသွားပြီး ‘မင်း အသက်ရှင်ပြီ၊ နောက်ဆုံးတော့ အသက်ရှင်ပြီ’ လို့ အော်ပြောတယ်၊ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဘာဖြစ်တာလဲလို့ မေးတော့ ဆရာက ကျွန်တော်ဟာ သိုင်းပညာရဲ့ ဒုတိယနယ်ပယ်ဖြစ်တဲ့ မိုးခြိမ်းသံချီစုစည်းခြင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ပြောတယ်”
“ကျွန်တော့်ရဲ့ မရီဒျန်တွေ ပွင့်သွားပြီး သွေးနဲ့ ချီစွမ်းအားတွေက မြစ်တစ်စင်းလို စီးဆင်းနေတယ်၊ ကျွန်တော် အားစိုက်လိုက်တိုင်း မိုးခြိမ်းသံလို ထစ်ချုန်းသံတွေ ထွက်လာတယ်”
“အဲ့ဒါက ဆရာ ကျွန်တော့်ကို ရှင်းပြခဲ့တဲ့ ပုံစံပဲ၊ ဒါပေမဲ့ ကျွန်တော် ဘာအားမှ မစိုက်ဘဲနဲ့တောင် အဲ့ဒီအသံတွေက လုံးဝထိန်းချုပ်လို့မရဘဲ သူ့အလိုလို ထွက်နေတာ”
“ဆရာက ကျွန်တော့်ကို ဒုတိယအသက်ပေးခဲ့တဲ့သူဆိုတော့ ကျွန်တော့်မှာ သံသယတွေ အများကြီး ရှိနေပေမယ့် သူ့ရဲ့ ညွှန်ကြားချက်တွေကိုပဲ လိုက်နာခဲ့တယ်”
“နောက်ထပ် တစ်လကြာသွားပြီးတဲ့နောက်မှာ ဆရာက ကျွန်တော့်ကိုယ်ပေါ်က ပတ်တီးတွေကို အကုန်ဖြုတ်ပေးလိုက်တယ်၊ အမှောင်ခန်းထဲကနေ ခေါ်ထုတ်လာပြီး ကျွန်တော့်ကို သိုင်းသင်တန်းကျောင်းက တရားဝင် လက်ခံပေးလိုက်တယ်၊ အဲ့ဒီအချိန်က ကျွန်တော့်ဘဝမှာ အပျော်ဆုံးအချိန်ပါပဲ”
“ကျောင်းက တခြားတပည့်တွေက ကျွန်တော့်ကို ကောင်းကောင်း ဂရုစိုက်ပေးကြတယ်၊ ကျန်းယန်ကတော့ စီနီယာ အစ်ကိုကြီးပေါ့၊ ဆရာက အရမ်းအလုပ်များပေမယ့် ကျွန်တော့်ရဲ့ အခြေခံက အားနည်းမှန်းသိတော့ သိုင်းပညာတွေကို တစ်ဆင့်ချင်း သင်ပေးတယ်၊ မြို့ပြလူနေမှုဘဝနဲ့ အသားကျအောင် ကူညီပေးသလို ဒီက စည်းမျဉ်းစည်းကမ်းတွေကိုလည်း ပြောပြတယ်”
ထိုသို့ပြောရင်း အန်းလွမ်သည် သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ ကျန်းယန်သည် ခုနက သူ့အား မည်သည့် သနားညှာတာမှုမရှိဘဲ တိုက်ခိုက်ခဲ့ခြင်းမှာ သူ့ကို အမှန်တကယ် မုန်းတီးနေကြောင်း သက်သေပြနေသည်။
“ကျွန်တော် သိုင်းသင်တန်းကျောင်းမှာ စားရတဲ့ အစားအစာတွေက တခြားသူတွေနဲ့ မတူဘူး၊ ဆရာက လူတိုင်းအားကျရတဲ့ သူ့ရဲ့ လျှို့ဝှက်အခန်းထဲကို ကျွန်တော့်ကို ဝင်ခွင့်ပြုခဲ့တယ်၊ အဲ့ဒီကို သွားရတိုင်း ကျွန်တော် အမြဲတမ်း စိတ်လှုပ်ရှားရတယ်၊ အဲ့ဒီအခန်းထဲမှာ လူတွေစားလေ့ရှိတဲ့ ပုံမှန်အစားအစာ တစ်ခုမှ မရှိဘူး၊ အကုန်လုံးက အသားတွေ၊ သွေးတွေနဲ့ ဆေးရည်တွေ ရောစပ်ထားတာတွေချည်းပဲ၊ အဲ့ဒီ အစားအစာတွေက ကျွန်တော့်အတွက် ပြင်ဆင်ထားတာ မဟုတ်ဘဲ ကျွန်တော့် ခန္ဓာကိုယ်ထဲက တစ်ခုခုအတွက် ပြင်ဆင်ထားတာလို့ ကျွန်တော် ခံစားရတယ်”
“ဒီလိုနဲ့ တစ်နှစ် ကြာသွားခဲ့တယ်၊ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ပုံမှန်ထက် အများကြီး လျင်လျင်မြန်မြန် ကြီးထွားလာခဲ့တယ်၊ ကျွန်တော့်ရဲ့ စွမ်းရည်တွေ အားလုံးလည်း တိုးတက်လာခဲ့ပေမယ့် ဆရာက ကျွန်တော့်ကို ဘယ်သူနဲ့မှ သိုင်းပြိုင်ခွင့် မပေးခဲ့ဘူး၊ သူက တစ်ယောက်ယောက်က တစ်ခုခုကို သတိထားမိသွားမှာ စိုးရိမ်နေတဲ့အတိုင်းပဲ”
“အဲ့ဒီနှစ် ဆောင်းရာသီမှာတော့ ကျွန်တော့်ရဲ့ သွေးတွေက ပြောင်းလဲလာခဲ့တယ်၊ သွေးတွေက ပိုပြီး ပျစ်လာသလို ပူလည်း ပူလာတယ်၊ အရမ်းအေးတဲ့ ဆောင်းတွင်းမှာတောင် ကျွန်တော်က အင်္ကျီပါးပါးလေး တစ်ထည်တည်းဝတ်ရုံနဲ့တင် လုံလောက်နေပြီ၊ ကျွန်တော့်ရဲ့ သွေးတွေကို ပုလင်းအများကြီးနဲ့ ယူပြီးတဲ့နောက် ဆရာက စိတ်လှုပ်ရှားစွာနဲ့ ကျွန်တော်ဟာ သိုင်းပညာရဲ့ တတိယနယ်ပယ်ဖြစ်တဲ့ ဆူပွက်ပြဒါးသွေးအဆင့်ကို ရောက်သွားပြီလို့ ပြောခဲ့တယ်”
အန်းလွမ်၏ ရှင်းပြချက်ကို ကြားသောအခါ ကောင်းမင်နှင့် စီနျန်တို့ ထိတ်လန့်သွားကြသည်။ ထိုကလေး၏ ဆရာသည် သိုင်းပညာသင်ပေးနေခြင်း မဟုတ်ပေ။သူသည် အန်းလွမ်၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ခု မကောင်းဆိုးဝါးများ ရှင်သန်ကြီးထွားရာ နေရာတစ်ခုအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိသာလှသည်။ အန်းလွမ်၏ နောက်ထပ် စကားလုံးများက သူတို့၏ သံသယကို ပိုမိုခိုင်မာသွားစေသည်။
“ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းက အကန့်အသတ်ကို ရောက်သွားခဲ့ပြီ၊ ဆရာက ကျွန်တော့်ကို အသားတွေ၊ သွေးတွေ ကျွေးတာ ရပ်လိုက်ပြီး တားမြစ်နယ်မြေ အသီးသီးရဲ့ အစွန်းပိုင်းတွေကို ခေါ်သွားခဲ့တယ်၊ အဲ့ဒီမှာ မရှိတဲ့အရာတွေကို ကျွန်တော့်ကို ခံစားခိုင်းတယ်”
“ကျွန်တော် ဘာလုပ်ရမှန်း မသိခဲ့ဘူး၊ သူက ကျွန်တော့်ကို ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့ ပုံပျက်ပန်းပျက် လူသားပုံရိပ်တွေ အများကြီး ပြတယ်၊ ပြီးတော့ အဲ့ဒါတွေကို စိတ်ကူးထဲမှာ ပုံဖော်ခိုင်းတယ်”
***