“ကျွန်တော် အဲ့ဒီနည်းလမ်းကို လုံးဝ နားမလည်ခဲ့ဘူး၊ ဆရာက တဖြည်းဖြည်းနဲ့ စိတ်မရှည်ဖြစ်လာပြီး သူ့ကိုယ်သူ နာကျင်အောင် စလုပ်တော့တာပဲ၊ သူက ကျွန်တော့်ကို အိပ်ခွင့်တောင်မပေးတော့ဘဲ တားမြစ်နယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာတွေအထိ သွားဖို့ အတင်းအကျပ် ခိုင်းတော့တာပဲ”
“ခုနစ်ရက်နဲ့ ခုနစ်ညတိုင်အောင် ကျွန်တော့်ရဲ့ ဝိညာဉ်နဲ့ ခန္ဓာကိုယ်ဟာ သီးခြားစီ ဖြစ်သွားသလို ခံစားခဲ့ရတယ်၊ ကျွန်တော့်မျက်လုံးတွေက ထူးဆန်းတဲ့ မြင်ကွင်းတွေကို မြင်လာရတယ်၊ မြို့ကြီးမှာ အပေါက်ကြီးတွေ ရှိနေပြီး အဲ့ဒီအပြင်ဘက်မှာတော့ တွန့်လိမ်နေတဲ့ အမြစ်တွေနဲ့ အဆုံးမရှိတဲ့ အမှောင်ထုကြီး ရှိနေသလိုမျိုးပေါ့”
“သူ ကျွန်တော့်ကို စိတ်ကူးထဲမှာ ပုံဖော်ခိုင်းတဲ့ ကြောက်စရာကောင်းတဲ့ အရာတွေက ကျွန်တော့် ပတ်ဝန်းကျင်မှာ တကယ်ကြီးပေါ်လာခဲ့တယ်၊ ကျွန်တော် သူတို့ကို ထိလို့မရပေမယ့် သူတို့က ကျွန်တော့်ကို အမြဲတမ်း စောင့်ကြည့်နေသလိုမျိုး၊ ကျွန်တော့်ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ကျွန်တော့်ရဲ့ အရာအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေသလိုမျိုး အမြဲတမ်း ခံစားနေခဲ့ရတယ်”
“နောက်ပိုင်းမှာ ကျွန်တော် တားမြစ်နယ်မြေထဲမှာ သတိလစ်သွားခဲ့တယ်၊ ကျွန်တော် ပြန်နိုးလာတော့ သိုင်းသင်တန်းကျောင်းကို ရောက်နေခဲ့ပြီ၊ ဆရာ့က လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်၊ အဲ့ဒါက ကျွန်တော့်ကို ကယ်ရင်းနဲ့ ဖြစ်သွားတာလို့ ဆရာက ပြောတယ်”
“ကျောင်းက တပည့်တွေ အားလုံးက ဆရာ့ကို အင်မတန် ရိုသေလေးစားကြတယ်၊ တချို့က ဆရာ့အနေနဲ့ ကျွန်တော့်အတွက် ဒီလောက်အထိ လုပ်ပေးစရာမလိုဘူးလို့ ထင်ကြပေမယ့် ဆရာကိုယ်တိုင်ကတော့ အရမ်းပျော်နေခဲ့တယ်၊ ကျွန်တော်ဟာ သိုင်းပညာရဲ့ စတုတ္ထနယ်ပယ်ဖြစ်တဲ့ စိတ်အာရုံလည်ပတ်ခြင်း အဆင့်ကို ရောက်သွားပြီလို့ သူပြောခဲ့တယ်၊ အဲ့ဒီအဆင့်က အတွင်းအား၊ စိတ်ဆန္ဒနဲ့ ခန္ဓာကိုယ်တို့ဟာ အပြည့်အဝ တစ်သားတည်းဖြစ်ပြီး ဟန်ချက်ညီညီနဲ့ အဟန့်အတားမရှိဘဲ အသက်စွမ်းအားတွေ အဆုံးမရှိဖြစ်ပေါ်နေတဲ့ အဆင့်တဲ့”
“ဆရာက ကျွန်တော့်ကို သေသေချာချာ ဂရုစိုက်ပေးခဲ့တယ်လို့ လူတိုင်း ထင်ကြပြီး ကျွန်တော့်မှာ ကျေးဇူးကြွေးရှိတယ်လို့ ယူဆကြတယ်၊ ဒါပေမဲ့ ဒါက ကျွန်တော် လိုချင်တဲ့ အရာမဟုတ်ဘူး၊ ကျွန်တော်လည်း ဆရာ့ကျေးဇူးကို ပြန်ဆပ်ချင်ပါတယ်၊ ဒါပေမဲ့ ဒီလိုနည်းလမ်းနဲ့တော့ လုံးဝ မဟုတ်ဘူး”
“တားမြစ်နယ်မြေကနေ ပြန်လာပြီးနောက်ပိုင်း ကျွန်တော့်ရဲ့ စိတ်အခြေအနေက ပိုပြီး မတည်မငြိမ် ဖြစ်လာခဲ့တယ်၊ သာမန်လူတွေ မမြင်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ အရာမျိုးစုံကို ကျွန်တော် မြင်နေရတယ်၊ သူတို့က ကျွန်တော့်ကိုပဲ စိုက်ကြည့်နေကြတယ်၊ ကျွန်တော် ထမင်းစားချိန်ပဲဖြစ်ဖြစ်၊ အိပ်ချိန်ပဲဖြစ်ဖြစ်၊ မျက်စိမှိတ်လိုက်တာနဲ့ သူတို့က ကျွန်တော့်ဆီ ချဉ်းကပ်လာပြီး ကျွန်တော့်ကိုယ်ထဲကို တိုးဝင်လာတော့မယ့်အတိုင်း ခံစားနေရတယ်”
အန်းလွမ်သည် ထိုအကြောင်းကို အလွန်အမင်း နာကျင်စွာဖြင့် ပြောပြနေခြင်းဖြစ်သည်။
“သိုင်းသင်တန်းကျောင်းမှာ စတုတ္ထနယ်ပယ်ကိုရောက်တာ ကျွန်တော် တစ်ယောက်ပဲ ရှိတယ်၊ တခြားတပည့်တွေက ကြွက်သားနဲ့ အရိုးတွေကိုပဲ လေ့ကျင့်နေကြတုန်းဆိုတော့ ကျွန်တော်က လူတိုင်းရဲ့ မျှော်လင့်ချက် ဖြစ်နေတာပေါ့၊ ကျွန်တော် သူတို့ကို စိတ်မပျက်စေချင်ဘူး၊ ဒါပေမဲ့ ဒီအရာက တကယ်ကို မှားယွင်းနေပြီ၊ အဲ့ဒါက ကြောက်စရာကောင်းပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုအထိ ဖြစ်လာခဲ့ပြီ၊ ခင်ဗျား နားလည်လား”
အန်းလွမ်သည် ကျောင်းမနေခဲ့ဖူးသဖြင့် သူ၏ ခံစားချက်ကို မည်သို့ ဖော်ပြရမည်မှန်း မသိဘဲ ဖြစ်နေလေသည်။
“ကျွန်တော့်ရဲ့ စိတ်အခြေအနေက ပိုပြီး မတည်မငြိမ် ဖြစ်လာတယ်၊ ကျွန်တော်ဟာ ကျွန်တော်နဲ့မတူအောင် ပြောင်းလဲလာခဲ့တယ်၊ တခြားလူတွေကို မထိခိုက်မိစေဖို့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီး နာကျင်အောင် လုပ်ခဲ့တယ်၊ တစ်ခါက သွေးထွက်တာ အရမ်းများသွားလို့ ဆေးရုံတက်ရတယ်၊ အဲ့ဒီမှာပဲ အခု ကျွန်တော့်ရဲ့ ဇနီးနဲ့ တွေ့ခဲ့တာ”
“သူက အင်မတန်ခေါင်းမာတဲ့ ဆရာဝန်မလေး တစ်ယောက်ပေါ့၊ ကျွန်တော် ဆေးကုသပြီးတော့ ဆေးရုံက ဆင်းချင်ပေမယ့် သူက လုံးဝ ခွင့်မပြုဘူး၊ ကျွန်တော့်ရဲ့ ရောဂါအစစ်က ခန္ဓာကိုယ်က ဒဏ်ရာတွေ မဟုတ်ဘဲ စိတ်ထဲမှာ ရှိနေတာလို့ သူပြောတယ်၊ ကျွန်တော်ဟာ မူလပတ်ဝန်းကျင်ကနေ ထွက်ခွာပြီး ရက်ရှည်အနားယူဖို့ လိုတယ်လို့ သူက ပြောတယ်”
“သိုင်းသင်တန်းကျောင်းက ကျွန်တော့်ကို လေ့ကျင့်ခန်း ပြန်လုပ်ဖို့ လာခေါ်ပေမယ့် ဆရာဝန်မလေးကတော့ ကျွန်တော့်ကို လုံးဝ အလွှတ်မပေးခဲ့ဘူး၊ နောက်ဆုံးတော့ ဆရာက ကျွန်တော့်စိတ်ကြိုက် ရွေးချယ်ခိုင်းခဲ့တယ်”
အန်းလွမ်သည် ထိုနေ့ကို ပြန်လည် အမှတ်ရနေသည့်အလား သူ့လက်ကို တဖြည်းဖြည်း ချလိုက်သည်။
“ခင်ဗျားက ဆရာဝန်မလေးကိုပဲ ရွေးခဲ့တာပေါ့”
“ဟုတ်တယ်... သူ့ဘေးမှာရှိနေရင် ကျွန်တော် အရမ်းလုံခြုံတယ်လို့ ခံစားရတယ်”
အန်းလွမ်၏ အသံက တည်ငြိမ်လာသည်။
“တစ်နှစ်အကြာမှာတော့ ကျွန်တော် အဲ့ဒီဆရာဝန်မလေးနဲ့ လက်ထပ်ခဲ့တယ်၊ ဆရာကတော့ ကျွန်တော့်အပေါ် အရမ်းစိတ်ပျက်သွားခဲ့တယ်၊ သူက ကျွန်တော့်ကို သူ့အမိန့်တွေ လိုက်နာဖို့ အတင်းအကျပ် မခိုင်းတော့ပေမယ့် ကျွန်တော့်ရဲ့ သိုင်းပညာကို လျစ်လျူမရှုဖို့ပဲ မျှော်လင့်ခဲ့တယ်၊ ကျွန်တော် နေ့တိုင်း သိုင်းသင်တန်းကျောင်းကို သွားရတယ်၊ ပြီးတော့ နေ့လယ်စာကိုလည်း သူပြင်ပေးတဲ့ ဆေးဘက်ဝင် အစားအစာဖြစ်တဲ့ ‘ကျားအရိုးစွပ်ပြုတ်’ ကိုပဲ စားရတယ်”
“သိုင်းသင်တန်းကျောင်းက ကျွန်တော့်ဘဝအပြောင်းအလဲရဲ့ အစပဲလေ၊ အဲ့ဒီမှာ ကျွန်တော် ကြီးပြင်းခဲ့တဲ့ အမှတ်တရတွေ ရှိတယ်၊ ပြီးတော့ ညီအစ်ကိုတွေ အများကြီးကလည်း ကျွန်တော့်ကို ကူညီဂရုစိုက်ခဲ့ကြတာဆိုတော့ ကျွန်တော် သဘောတူခဲ့တယ်”
“တကယ့် အပြောင်းအလဲကတော့ ကျွန်တော့်သမီးလေး မွေးလာပြီးတဲ့နောက်မှာ ဖြစ်ခဲ့တာပဲ၊ ကျွန်တော့် သမီးလေး ကစားရင်းနဲ့ ဒဏ်ရာရသွားတဲ့နေ့က ကျွန်တော် အိမ်ကို အလုပ်နားပြီး ပြန်လာခဲ့တယ်၊ ဆရာပြင်ပေးတဲ့ ဆေးဘက်ဝင် အစားအစာကို စားဖို့တောင် အချိန်မရခဲ့လို့ အိမ်ကိုပဲ ပါဆယ် ထည့်လာခဲ့တယ်”
“သမီးလေးကို ဂရုတစိုက် ပြုစုပေးပြီးတော့ ဒီနေ့အတွက် ဆေးဘက်ဝင် အစားအစာကို စားဖို့လုပ်တော့ ကျွန်တော့်ဇနီးက ထမင်းဘူးဘေးမှာ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ထိုင်နေတာကို တွေ့လိုက်ရတယ်၊ သူက ညှပ်လေးတစ်ခုကို သုံးပြီး အဲ့ဒီထဲက ထူးဆန်းတဲ့ ပုံသဏ္ဌာန်ရှိတဲ့ အရိုးတစ်ခုကို ဖယ်ထုတ်နေတယ်”
“အဲ့ဒီအရိုးက သိပ်နူးမနေသေးတော့ မူလပုံသဏ္ဌာန်အတိုင်း ကျန်နေသေးတာ၊ ကျွန်တော့်ဇနီးက စာအုပ်ထဲက အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အဲ့ဒါကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့တယ်၊ နောက်ဆုံးတော့ သူက ဘာမှမပြောဘဲ အဲ့ဒီအရိုးနဲ့ စာအုပ်ကို ကျွန်တော့်ရှေ့မှာပဲ ချပေးခဲ့တယ်”
အန်းလွမ်သည် ဆက်မပြောနိုင်တော့ပေ။ မြေအောက်ရထားသည် အထူးလမ်းပိုင်းတစ်ခုထဲသို့ ဝင်ရောက်လာပုံရပြီး ပို၍ ပို၍ ပြင်းထန်စွာ လှုပ်ယမ်းလာသည်။ ရထားတွဲအတွင်းရှိ အနီရောင်မီးမှာလည်း စူးရှတောက်ပလာခဲ့သည်။
အန်းလွမ်သည် လက်ကို မြှောက်၍ ဦးစွာ သူ့လည်စိကို ထိလိုက်သည်။ ပြီးနောက် သူ့လက်မနှင့် လက်ညှိုးကို သုံးကာ ‘ညှပ်’ သည့် ပုံစံမျိုး လုပ်ပြလိုက်သည်။
“လူသားတွေမှာ တခြားတိရစ္ဆာန်တွေနဲ့ မတူတဲ့ ထူးခြားတဲ့ အရိုးတစ်ခု ရှိတယ်၊ အဲ့ဒါကို လျှာအောက်အရိုးလို့ ခေါ်တယ်၊ အဲ့ဒါက မေးရိုးနဲ့ လည်ချောင်းကြားမှာရှိတဲ့ လျှာကို ထောက်မပေးထားသလို လျှာကြွက်သားတွေအတွက် ချိတ်ဆက်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်၊ အဲ့ဒီအရိုးက တခြားဘယ်အရိုးနဲ့မှ မဆက်သွယ်ဘဲ မေးရိုးရဲ့ ဘေးတစ်ဖက်တစ်ချက်က အရွတ်တွေနဲ့ပဲ တွယ်ကပ်ထားတာ”
“ကျွန်တော့်ဇနီးရဲ့ စာအုပ်ထဲမှာတော့ ဒီထူးခြားချက်ဟာ လူသားတွေကို စကားပြောဆိုရာမှာ ပိုပြီး အဆင်ပြေစေဖို့အတွက် ဖြစ်တယ်လို့ ရေးထားတယ်၊ ဒါကြောင့် လျှာအောက်အရိုးကို စကားပြောအရိုးလို့လည်း ခေါ်ကြတယ်၊ လူသားမဟုတ်တဲ့ နို့တိုက်သတ္တဝါတွေမှာတော့ လျှာအောက်အရိုးက တခြားအရိုးတွေနဲ့ ဆက်နေတာဆိုတော့ အဲ့ဒီနှစ်ခုက မတူဘူး”
ကောင်းမင်သည် သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ ဘာမှ ပြန်မပြောခဲ့ပေ။ မြေအောက်ရထားသည် ပြင်းထန်စွာ လှုပ်ယမ်းနေသဖြင့် လူတိုင်းမှာ ခြေလှမ်းများ မတည်ငြိမ်နိုင်ဘဲ ဖြစ်နေကြသည်။
“ဆရာ့ရဲ့ ကျားအရိုးစွပ်ပြုတ်ထဲမှာ အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ လျှာအောက်အရိုးတစ်ခု ပါနေတာ”
အန်းလွမ်သည် အန်ထုတ်ပစ်ချင်သော်လည်း ဘာမှ အန်ထွက်မလာပေ။ ကျားအရိုးစွပ်ပြုတ်တဲ့လား။ အဲ့ဒီ ဆေးဘက်ဝင် အစားအစာထဲက အရာတွေက ကျားအရိုးတွေ လုံးဝမဟုတ်ခဲ့ဘူး။
“ဆရာက ကျွန်တော့်ကို အစကတည်းက လိမ်ညာနေခဲ့တာပဲ၊ ကျွန်တော်ကတော့ သူ့ကို ယုံကြည်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ဖိအားပေးနေခဲ့တာပေါ့၊ ကျွန်တော့်ကို ဆင်းရဲသားရပ်ကွက်ကနေ ခေါ်ထုတ်လာပေးတဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် ကျွန်တော်ဟာ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားဖို့တောင် ဆန္ဒရှိခဲ့တယ်”
“ဒါပေမဲ့ အခုတော့ အခြေအနေက မတူတော့ဘူး၊ ကျွန်တော့်မှာ ဇနီးနဲ့ သားသမီး ရှိနေပြီ၊ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး၊ ကျွန်တော် အိမ်ပြန်ရမယ်၊ ကျွန်တော် မဖြစ်မနေ ပြန်သွားရမယ်”
အန်းလွမ် စကားတစ်ခွန်း ပြောလိုက်တိုင်း ရထားမှာ ပို၍ မတည်မငြိမ် ဖြစ်လာသည်။ သူသည် သူ၏ ဘဝလမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဟု ခံစားနေရပြီး သူ၏ နောက်ထပ် ရွေးချယ်မှုက လူအများအပြား၏ ကံကြမ္မာအပေါ် သက်ရောက်မှု ရှိသွားတော့မည် ဖြစ်သည်။
“သူတို့နဲ့ စကားမပြောနဲ့၊ သူတို့နဲ့ စကားမပြောနဲ့လို့ ဘယ်နှစ်ခါ ပြောရမလဲ၊ တကယ်တော့ အကြီးမားဆုံး အန္တရာယ်က ခင်ဗျားပဲ၊ လီဆန်းစီ”
စီနျန်သည် အလွန် ဒေါသထွက်နေလေသည်။
“တခြားသူတွေရဲ့ ကံကြမ္မာထဲမှာ ဝင်မပါနဲ့၊ ကျွန်တော်တို့က ဒီအတိုင်း ဖြတ်သွားရုံပဲ”
အနီရောင်အလင်းမှာ စူးရှလာပြီး ရထားက ထိန်းချုပ်မှု လွတ်တော့မည့် ဆဲဆဲတွင် ကြက်သီးထဖွယ် ဘူတာအချက်ပေးသံက ရုတ်တရက် ထပ်မံ ထွက်ပေါ်လာသည်။
‘ကျားအရိုးစွပ်ပြုတ်ဘူတာသို့ ရောက်ရှိပါပြီ။ ဘယ်ဘက်တံခါး ပွင့်ပါမည်။ ဆင်းမည့် ခရီးသည်များ ကျေးဇူးပြုပြီး ဘယ်ဘက်မှ ဆင်းပေးကြပါ’။
မြေအောက်ရထားမှာ အရှိန်လျော့သွားသဖြင့် အဖွဲ့သားများ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
“ဟုကော် (ကျားပါးစပ်) ဘူတာ၊ ကျားအရိုးစွပ်ပြုတ်ဘူတာ၊ ဒီဘူတာနာမည်တွေက အန်းလွမ်ရဲ့ ဘဝမှာ အရေးကြီးတဲ့ အလှည့်အပြောင်းတွေလား”
ရထားရပ်သွားသောအခါ ကောင်းမင် ပလက်ဖောင်းကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်တွင် ပုပ်သိုးနေသော ပုံရိပ်များစွာ ပြည့်နှက်နေသည်ကို သူတွေ့လိုက်ရသည်။
ရထားတံခါးများ ဖြည်းညင်းစွာ ပွင့်လာပြီး လက်ခနဲဖြစ်နေသော အနီရောင်အလင်းအောက်တွင် ပုပ်သိုးနေသော ပုံရိပ်များသည် ရထားပေါ်သို့ တိုးဝှေ့ တက်လာကြသည်။
သူတို့သည် အရေအတွက် အလွန်များပြားလှပြီး အခြားတွဲခန်းများဆီသို့ မသွားကြဘဲ အန်းလွမ်နှင့် ကျန်ရှိနေသော လူသားအနည်းငယ်ကို ဝိုင်းရံလိုက်ကြသည်။
“ခင်ဗျား ဒီဘူတာမှာ ဆင်းလိုက်တော့၊ အမိန့်ရတာနဲ့ ဗုံးကို ချက်ချင်း ဖောက်ခွဲလိုက်”
စီနျန်သည် ဓမ္မဆရာတစ်ဦး၏ အင်္ကျီစကို ဆွဲလိုက်သည်။ ထိုသူက နားလည်သွားပြီး ရထားပေါ်သို့ တိုးဝင်လာသော လူအုပ်ကြီးကို တွန်းတိုက်ကာ တစ်ဦးတည်း ဆင်းသွားခဲ့သည်။
“သူ ပလက်ဖောင်းပေါ်မှာ တစ်ယောက်တည်း အဆင်ပြေပါ့မလား”
ကောင်းမင်က အနည်းငယ် စိုးရိမ်စွာ မေးလိုက်သည်။
“ကျွန်တော်ပြောတာကို နားထောင်ပြီး ခင်ဗျားနဲ့ ဝေးဝေးမှာ နေသရွေ့တော့ သူ လုံးဝသေမှာမဟုတ်ဘူး”
စီနျန်သည် အဖြူရောင်ဝတ်ရုံကြီးကို ခြုံ၍ မြေအောက်ရထား ထိုင်ခုံပေါ်တွင် ကွေးကွေးလေး ဖြစ်နေသဖြင့် ကြီးမားလှသော ယုန်ဖြူတစ်ကောင်နှင့် တူနေခဲ့သည်။
“ကြွက်စုတ်လေး... မင်းက တော်တော် စိတ်ပုတ်တာပဲ”
ကောင်းမင်သည် စီနျန်နှင့် စကားများနေရန် အချိန်မရှိပေ။ သူသည် အန်းလွမ်ကိုသာ အပြည့်အဝ စိတ်ဝင်စားနေမိသည်။ အန်းလွမ်၏ ဘဝသည် လီဆန်းစီနှင့် နှိုင်းယှဉ်၍ ရနိုင်ပြီး နှစ်ဦးစလုံးမှာ အမှောင်ထု၏ ရွေးချယ်ခြင်းကို ခံထားရသူများ ဖြစ်ကြသည်။
“ဒီမြို့ကြီးထဲ နေထိုင်တဲ့သူတွေမှာ ဒီလောက်အထိ ပြည့်စုံတဲ့ ဘဝအတွေ့အကြုံတွေ ရှိနေတာပဲ”
***