“ခင်ဗျားမမြင်နိုင်တဲ့ အန္တရာယ်တွေကို ကျွန်တော်မြင်နေရတယ်ဗျ၊ အဲ့ဒါတွေကို ရှောင်ရှားတာက အကောင်းဆုံး ဖြေရှင်းနည်းပဲ၊ ခင်ဗျားသာ နားမထောင်ရင် ခင်ဗျားကို ဒီရထားပေါ်မှာပဲ ထားခဲ့မှာ”
ပုတ်အဲ့အဲ့အနံ့အသက်များက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ အလွန်နီးကပ်နေသဖြင့် ပုန်းရှောင်စရာ နေရာမရှိချေ။ စီနျန်မှာ ကောင်းမင်ကို ဆဲဆို၍သာ သူ့ဒေါသများကို ဖြေဖျောက်နိုင်တော့သည်။ ယခု ရှေ့ဆက်ဘာဖြစ်လာမည်ကို သူလည်း မသိတော့ပေ။
ရထားတံခါးများ ပိတ်သွားပြီး အချက်ပေးသံနှင့်အတူ မြေအောက်ရထားက ပြန်လည် ထွက်ခွာခဲ့သည်။ အန်းလွမ်၏ စိတ်ခံစားချက်မှာ အနည်းငယ် ပြန်လည်တည်ငြိမ်လာပုံရသည်။
ယခုတစ်ကြိမ်တွင် ကောင်းမင်က မည်သည့်မေးခွန်းမျှ မမေးတော့ဘဲ အန်းလွမ်ကသာ နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကို အစပြု၍ ပြောပြလာခဲ့သည်။
“အရာအတော်များများမှာ အဖြေရှိပြီးသားပါ၊ ဒါပေမဲ့ ကျွန်တော်တို့က အားနည်းလွန်းတော့ မျှော်လင့်ချက် သေးသေးလေးကိုပဲ ဆုပ်ကိုင်ထားပြီး ထပ်ခါတလဲလဲ မေးနေမိတာပေါ့”
“ကျွန်တော် ဆေးဘက်ဝင်အစားအစာကို ဆရာ့ဆီ ယူသွားခဲ့တယ်၊ ပြီးတော့ လူရိုးကို ထမင်းဘူးပေါ်မှာ တင်လိုက်တယ်”
“အဲ့ဒီနေ့က မိုးရွာနေတာ၊ ကျွန်တော် ဆရာ့ရှေ့မှာ ဒူးထောက်နေခဲ့တာကို မှတ်မိသေးတယ်၊ သူက ကျွန်တော့်ကို မရေမရာ အဖြေတစ်ခုခု ပေးမလား၊ ဒါမှမဟုတ် ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ယုံကြည်နိုင်အောင် လိမ်ညာပေးမလားလို့ မျှော်လင့်နေခဲ့တာ”
မြေအောက်ရထားက ဥမင်ထဲတွင် အရှိန်ပြင်းပြင်း မောင်းနှင်နေပြီး အချိန်များက ထိုနေ့ဆီသို့ နောက်ပြန် လည်သွားသည့်အလားပင်။ အန်းလွမ်သည် သူ့ဆရာဖြစ်သူ ပြောခဲ့သမျှ စကားလုံးတိုင်းကို မှတ်မိနေပေသည်။
“ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်ဆရာက ဒီတစ်ကြိမ်တော့ မလိမ်ခဲ့ဘူး၊ သူက ပြောတယ်... ကျွန်တော် ငယ်ငယ်လေးကတည်းက ဒီလိုဆေးဘက်ဝင် အစားအစာတွေကို စားလာတာတဲ့၊ ကျွန်တော်တို့ ပထမဆုံး စတွေ့ခဲ့တဲ့ မြင်ကွင်းကို မှတ်မိလားလို့ သူက မေးတယ်၊ ကျွန်တော် ဆင်းရဲသားရပ်ကွက်ထဲမှာ တခြားကလေးတွေရဲ့ ဝိုင်းရိုက်တာကို ခံရပြီး သေလုမျောပါး ဖြစ်နေချိန်မှာ ဆရာက ကျွန်တော့်ကို အသွေးအသားတွေ ပြည့်နေတဲ့ စည်ပိုင်းကြီးထဲကို ပစ်ထည့်ခဲ့တာလေ၊ အဲ့ဒီစည်ထဲက အသွေးအသားတွေက ကျွန်တော့်ကို ဝိုင်းရိုက်ခဲ့တဲ့ ကလေးတွေဆီက ရတာလို့ ဆရာက ပြောတယ်...”
“ကျွန်တော့်မှာ နာကျည်းမှုတွေ ဒါမှမဟုတ် နာကျင်မှုတွေ မရှိသင့်ဘူးတဲ့၊ ကျွန်တော်က သာမန်လူတစ်ယောက် မဟုတ်တော့ဘူးလေ၊ ဒါက သိုင်းပညာရဲ့ အထွတ်အထိပ်ကို တက်လှမ်းဖို့ ပေးဆပ်ရတဲ့ တန်ဖိုးဖြစ်သလို ကျွန်တော့်လို သိုင်းပါရမီရှင်တစ်ယောက်ရဲ့ ကံကြမ္မာပဲလို့ သူက ပြောတယ်”
“ဒီအမှောင်မြို့တော်ကြီးမှာ ထိပ်ဆုံးကို ရောက်ဖို့ဆိုရင် မင်းက ရက်စက်ရမယ်၊ အရာအားလုံးကို စတေးဖို့ အသင့်ပြင်ထားရမယ်တဲ့”
အန်းလွမ်လက်မောင်းပေါ်တွင် ထူထဲသော သွေးကြောကြီးများက ပိုးကောင်များ တွားသွားနေသကဲ့သို့ အရေပြားအောက်မှ ဖောင်းကြွနေသည်။ သူ့လက်ချောင်းများမှာ တဖျစ်ဖျစ်မြည်နေသော်လည်း သူကိုင်ထားသော ကိတ်မုန့်ဘူးမှာမူ ထိခိုက်မှုမရှိဘဲ နဂိုအတိုင်း ရှိနေသည်။သူသည် ခရင်မ်ဖြင့် ပြုလုပ်ထားသော မင်းသမီးလေးကို မထိခိုက်စေလိုပုံ ရသည်။
အနည်းဆုံးတော့ အိမ်နှင့် သူ့သမီးလေးသည် သူ့ကို ခိုင်မြဲစေသော ကျောက်ဆူးများဖြစ်ကြောင်း ကောင်းမင် မြင်တွေ့နေရသည်။
“ပြီးတော့ရော၊ ခင်ဗျား ဘာကို ရွေးချယ်လိုက်လဲ”
ကောင်းမင် စကားပြောပြီးသည်နှင့် စီနျန်က သူ့ကို ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်သည်။ ထိုကလေး၏ မျက်လုံးများမှာ ကောင်းမင်ကို ပါးစပ်ပိတ်ထားရန်နှင့် အန်းလွမ်ကို ထပ်မဆွရန် တောင်းပန်နေသည့်အလားပင်။
စီနျန်၏ အမြင်တွင် ကောင်းမင်မှာ လူသားဗုံးတစ်လုံးဖြစ်သည်။ သူသည် ဦးနှောက်မရှိသော၊ ကိုယ့်အသက်ကို ဂရုမစိုက်သော၊ ခေါင်းမာပြီး သန့်စင်သော စိတ္တဇအရူးတစ်ယောက်သာ ဖြစ်သည်။
“ဆရာက ပြောတယ်... သိုင်းပညာကို လိုက်စားတဲ့နေရာမှာ စိတ်တစ်ခုတည်း ရှိရမယ်တဲ့၊ ဒါပေမဲ့ ကျွန်တော့်စိတ်ကတော့ ရှုပ်ထွေးနေခဲ့တယ်၊ သူက သူ့အတွက် အလုပ်တစ်ခု လုပ်ပေးဖို့ ပြောတယ်၊ အဲ့ဒါ ပြီးသွားရင်တော့ အမှန်တရားအားလုံးကို ပြောပြမယ်တဲ့၊ အဲ့ဒီအခါကျရင် ကျွန်တော် ဆက်နေမလား၊ ထွက်သွားမလားကို ကျွန်တော့်စိတ်ကြိုက် ဆုံးဖြတ်နိုင်တယ်လို့ ပြောတယ်”
အန်းလွမ်၏ အရေပြားအောက်မှ သွေးကြောများက ပုံမှန်အတိုင်း ပြန်ဖြစ်မလာချေ။ ၎င်းတို့သည် သူ စကားပြောနေစဉ်အတွင်း မိခင်ဆီမှ တွားထွက်ရန် ကြိုးစားနေသော ပိုးကောင်များကဲ့သို့ လှုပ်ရှားနေပြီး ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေသည်၊
“အဲ့ဒါက ဘာလဲ”
“သိုင်းသင်တန်းကျောင်း ရှိတဲ့လမ်းက ဝမ်ရှန့်ဂိုဏ်းဂိုဏ်းရဲ့ ဩဇာအောက်မှာ ရှိတာ၊ ကျွန်တော့်ရဲ့ ညီအစ်ကိုတချို့ကလည်း ဝမ်ရှန့်ကို ဝင်ကြလိမ့်မယ်၊ အဲ့ဒီအချိန်မှာ ခရိုင် ၃ က ဂိုဏ်းသစ်တစ်ခုက ဝမ်ရှန့်ဂိုဏ်းကို ရန်စပြီး သူတို့ပစ္စည်းတွေကို ခိုးသွားတယ်တဲ့၊ ဒီကိစ္စကို တာဝန်ယူရတဲ့ ခေါင်းဆောင်က အဲ့ဒီဂိုဏ်းကို ပညာပေးဖို့ လူတွေကို စုစည်းခဲ့တယ်”
အန်းလွမ်၏ မျက်နှာပေါ်တွင် အသက်ဓာတ်အမူအရာများ ပို၍ ပို၍ နည်းပါးလာပြီး သူ့ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း အေးစက်လာခဲ့သည်။
“အစပိုင်းမှာတော့ ဒါက မခက်ခဲဘူးလို့ထင်ပြီး ကျွန်တော် သဘောတူခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့်ညီအစ်ကိုတွေနဲ့အတူ ခရိုင် ၃ ကို ရောက်သွားတဲ့အခါ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရတယ်၊ စုံစမ်းကြည့်တော့ သူတို့က ဝမ်ရှန့်ဆီက ဘာမှ မခိုးခဲ့ဘူးတဲ့၊ တကယ်တော့ ဝမ်ရှန့်ဂိုဏ်းချုပ်က လူသတ်ပြီး ပစ္စည်းလုခဲ့တာ၊ သူတို့မှာ အဲ့ဒီသက်သေတွေ ရှိနေပြီး မြို့တော်ကောင်စီဆီ အပ်ဖို့ ပြင်နေကြတာ”
“ကိစ္စတွေ ဖော်ထုတ်မသွားခံရအောင်လို့ ဂိုဏ်းချုပ်က အရင်ဆုံး လက်ဦးမှုယူပြီး ဝမ်ရှန့်ဂိုဏ်းရဲ့ အရှိန်အဝါကို သုံးပြီး အဲ့ဒီဂိုဏ်းသစ်ကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တာပဲ”
“ကျွန်တော်တို့ သူတို့နယ်မြေထဲကို ညဘက် ဝင်သွားခဲ့ကြတယ်၊ သူတို့က မခွဲခြားဘဲ သတ်ဖြတ်ကြတယ်၊ မိန်းမနဲ့ ကလေးတွေကို ဆေးတွေ ထိုးကြတယ်... အဲ့ဒါက တကယ်ကို လူမဆန်တဲ့ လုပ်ရပ်ပဲ”
“ပင်မတပ်ဖွဲ့က သူတို့နယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာအထိ အလွယ်တကူ ဝင်သွားနိုင်ခဲ့တယ်၊ ကျွန်တော်တို့ ဂိုဏ်းခေါင်းဆောင်နဲ့ သူ့မိသားစုကို ရှာနေတုန်းမှာပဲ အရပ်မျက်နှာ အနှံ့အပြားကနေ အော်ဟစ်သံတွေနဲ့ သေနတ်သံတွေ ထွက်ပေါ်လာတယ်၊ အဲ့ဒီဂိုဏ်းခေါင်းဆောင်က တကယ်ကို တိရစ္ဆာန်ပဲ၊ သူက အပြစ်မဲ့တဲ့ အရပ်သားတွေကို ငါးစာအဖြစ်သုံးပြီး သူနဲ့ သူ့လူတွေကတော့ အပြင်ဘက်မှာ ချောင်းမြောင်းနေခဲ့တာ”
“ကျွန်တော်တို့ နောက်ဆုတ်ခဲ့ရပြီး နောက်ဆုံးမှာ အဆောက်အအုံဟောင်းတစ်ခုထဲမှာ ပိတ်မိသွားတယ်”
“ကျွန်တော့်ရဲ့ ဒဏ်ရာတွေက ပိုများလာတယ်၊ သေလုမျောပါး အခြေအနေကိုလည်း အကြိမ်ကြိမ် ကြုံခဲ့ရတယ်၊ နောက်ဆုံးမှာတော့ ကျွန်တော် အားအင်ကုန်ခမ်းသွားခဲ့တယ်”
“ဓားတွေက ကျွန်တော့်နှလုံးသားကို ထိုးဖောက်နေတယ်၊ မီးတွေက ကျွန်တော့်ခန္ဓာကိုယ်ကို လောင်ကျွမ်းနေတယ်၊ ကျွန်တော် အဲ့ဒီမှာ မသေချင်ဘူး၊ အသက်ရှင်ချင်တဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့် ကျွန်တော့်ကိုယ်ထဲမှာ ထူးဆန်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာတယ်...”
အန်းလွမ် စကားပြောနေစဉ် ရထားတွဲအတွင်းရှိ အပူချိန်က ရုတ်တရက် ကျဆင်းသွား၏။ ကောင်းမင်သည် အရပ်မျက်နှာအသီးသီးမှ စေးကပ်သော လက်များက သူ့အင်္ကျီကို ဆွဲကိုင်နေသကဲ့သို့ ခံစားလိုက်ရသည်။
“ကျွန်တော့်ဆရာက ကျွန်တော့်ကို စိတ်ကူးထဲမှာ ပုံဖော်ခိုင်းခဲ့တဲ့ ထူးဆန်းပြီး ပုံပျက်ပန်းပျက် မကောင်းဆိုးဝါးတွေက ကျွန်တော့်ရဲ့ ဒဏ်ရာတွေထဲကနေ ထွက်လာကြတယ်၊ သူတို့က အမှောင်ထုထဲမှာ ပျော်ဝင်သွားပြီး ရန်သူတွေရဲ့ အရိပ်ထဲကနေ လှုပ်ရှားကြတယ်၊ တစ်ကောင်ချင်းစီက ရွံစရာကောင်းပြီး တွန့်လိမ်နေကြတယ်၊ အေးစက်တဲ့ဆိုးယုတ်မှုတွေလည်း ပြည့်နေကြတယ်”
“ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အိုးတစ်လုံးလိုပဲ၊ သူတို့ကမှ တကယ့်သခင်အစစ်တွေပေါ့”
“သွေးတွေ ပန်းထွက်ကုန်တယ်၊ အော်ဟစ်သံတွေက ကျွန်တော့်နားထဲကို စူးဝင်လာတယ်၊ လူသေတွေရဲ့ လက်ချောင်းတွေက ကျွန်တော့်ကိုယ်ပေါ်ကို တွားတက်လာတယ်၊ ကျွန်တော် အဲ့ဒါတွေကို ဘယ်လိုမှ မတားနိုင်ခဲ့ဘူး”
ဤနေရာတွင် ကောင်းမင်၏ မသက်မသာဖြစ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူမျက်တောင်ခတ်လိုက်ပြီး သူ့မျက်လုံးများမှတစ်ဆင့် တားမြစ်နယ်မြေကို လှမ်းကြည့်လိုက်သည်။
သွေးစွန်းနေသော ရထားတွဲအတွင်းရှိ ဝေဝါးနေသော အနက်ရောင်ပုံရိပ်များမှာ အန်းလွမ် သတ်ဖြတ်ခဲ့သော ဂိုဏ်းသားများပင် ဖြစ်သည်။ သူတို့၏ ခြေလက်များမှာ လိမ်ကျစ်နေကြသည်။ အသားများလည်း ခွာချခံထားရပြီး မျက်နှာများမှာ ရှုပ်ပွနေသော သွေးအိုင်ကြီးသာ ဖြစ်နေသည်။ ကြောက်စရာအကောင်းဆုံးမှာ သူတို့သည် အန်းလွမ်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်နေကြခြင်း ဖြစ်သည်။
“ဒီလောကကြီးကို ကြည့်စမ်းပါဦး၊ တစ်ယောက်ထက်တစ်ယောက် ပိုပြီး ညစ်ညမ်းနေကြတာပဲ”
ရုတ်တရက် လီဆန်းစီ၏ ပုံရိပ်က ကောင်းမင်၏ မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ သူသည် အလောင်းများကြားတွင် ရောနှောနေပြီး သူ့အရိပ်က ရထားပြတင်းပေါက်တွင် ရောင်ပြန်ဟပ်နေသည်။ သူ၏ လေသံနှင့် လှုပ်ရှားမှုများက ကောင်းမင်နှင့် ပိုတူညီလာနေသည်။
သူ ပုံမှန်ရှုထောင့်သို့ လျင်မြန်စွာ ပြန်ပြောင်းလိုက်သည်။ မြေအောက်ရထားအတွင်းတွင် ပုံရိပ်များ လှုပ်ရှားနေပြီး အနီရောင်မီးများက လက်ခနဲ လက်ခနဲ ဖြစ်နေကြသည်။
“ရန်သူဖြစ်ဖြစ်၊ မိတ်ဆွေဖြစ်ဖြစ် အားလုံးက ပစ်မှတ်တွေပဲ၊ မိုးလင်းတဲ့အခါမှာတော့ အဲ့ဒီဂိုဏ်းရဲ့ နယ်မြေထဲမှာ ကျွန်တော်တစ်ယောက်တည်းပဲ အသက်ရှင် ကျန်ရစ်တော့တယ်”
“ဝမ်ရှန့်ဂိုဏ်းနဲ့ မြို့တော်ကောင်စီက အကူအညီတွေက နောက်ကျပြီးမှ ရောက်လာကြတယ်၊ သူတို့အားလုံးက ခရိုင် ၃ က ဂိုဏ်းသစ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာကို မြင်တွေ့ခဲ့ကြရတယ်၊ ဝမ်ရှန့်နဲ့အတူ ပါလာတဲ့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ချက်ချင်း ကာကွယ်ပေးပြီး ဆေးကုသဖို့အတွက် ဝမ်ရှန့်ဆေးရုံကို ခေါ်သွားခဲ့တယ်”
“ကျွန်တော့်ဆရာနဲ့ ကျွန်တော့်ဇနီးတို့ ပထမဆုံးအကြိမ် ဆုံကြတာပဲ၊ ပြီးတော့ သူတို့ အကြီးအကျယ် စကားများခဲ့ကြတယ်”
“ကျွန်တော့်ခန္ဓာကိုယ်က ဒဏ်ရာတွေကတော့ ဖြည်းဖြည်းချင်း သက်သာလာခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝိညာဉ်နဲ့ စိတ်ဓာတ်ပိုင်းမှာတော့ ပြဿနာအကြီးကြီးတွေ ဖြစ်လာခဲ့ပြီ၊ ကျွန်တော် စိတ်ကူးခဲ့တဲ့ ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတွေက ကျွန်တော့်စိတ်ထဲမှာ ကျန်နေခဲ့ပြီး သေသွားတဲ့သူတွေအားလုံးနဲ့ ကျွန်တော့်နှလုံးသားထဲမှာ နေနေကြတော့တာပဲ”
“နေ့ခင်းဘက်မှာတော့ ကျွန်တော် ပုံမှန်အတိုင်း နေနိုင်သေးတယ်၊ ဒါပေမဲ့ အိပ်ပျော်သွားရင်တော့ သူတို့ ပေါ်လာပြီး ကျွန်တော့် ခန္ဓာကိုယ်ကို ဆိုးယုတ်တဲ့ နည်းလမ်းတွေနဲ့ သိမ်းပိုက်ကြတယ်”
“ဆေးရုံကဆင်းပြီးရင် ဆရာ့ဆီကနေ လုံးဝထွက်သွားဖို့၊ အလုပ်ကြမ်းတွေပဲ လုပ်ပြီး ဇနီးနဲ့အတူ ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ အစက စီစဉ်ထားခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်ဟာ အခု သိုင်းသင်တန်းကျောင်းကနေ လုံးဝ ထွက်လို့မရတော့ဘူးဆိုတာ မမျှော်လင့်ဘဲ သိလိုက်ရတယ်၊ ကျွန်တော့်ကို ပုံမှန်လူတစ်ယောက် ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာတစ်ယောက်ပဲ သိတယ်၊ သူက ကျွန်တော့်ကို ဆက်လေ့ကျင့်ဖို့ ပြောတယ်၊ သိုင်းပညာရဲ့ ဆဋ္ဌမနယ်ပယ်ကို ရောက်သွားတဲ့အခါကျရင် ပုံရိပ်ယောင်အာရုံတွေကို ဖယ်ရှားနိုင်ပြီး ကိုယ့်ပုံစံအစစ်၊ တကယ့် နတ်ဘုရားအစစ်အဆင့်ကို ရောက်နိုင်မယ်လို့ သူက ပြောတယ်”
“ကျွန်တော် သိုင်းပညာကို ပိုပြင်းပြင်းထန်ထန် လေ့ကျင့်လာခဲ့တယ်၊ အဲ့ဒါက အရင်းအမြစ်တွေကို ပိုပြီး သုံးစွဲလာရတယ်၊ သိုင်းသင်တန်းကျောင်းက အဲ့ဒါတွေကို မထောက်ပံ့နိုင်တော့လို့ ဆရာ့ရဲ့ အစီအစဉ်နဲ့ပဲ ကျွန်တော် ဝမ်ရှန့်ဂိုဏ်းကို ဝင်ခဲ့တယ်၊ အဲ့ဒီအချိန်မှာ နယ်မြေခံခေါင်းဆောင်ရာထူး တစ်နေရာ လစ်လပ်နေတာနဲ့ ပိုက်ဆံနဲ့ အရင်းအမြစ်တွေ ပိုရဖို့အတွက် ကျွန်တော် ဝမ်ရှန့်အတွက် ကြိုးစားခဲ့တယ်၊ အောင်မြင်မှုတွေ စုဆောင်းပြီး နယ်မြေခံခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ခဲ့တယ်”
အန်းလွမ် ထိုသို့ပြောနေစဉ် ကြွားဝါနေခြင်းမျိုး လုံးဝမရှိဘဲ သူ့လေသံတွင် နာကျင်မှုများသာ ပြည့်နှက်နေလေသည်။
***