“ဒါတွေက ခင်ဗျားကိုယ်တိုင်အတွက် မဟုတ်ဘူးဆိုတာ သေချာလား၊ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒတွေကြောင့် မဟုတ်ဘူးပေါ့”
“မဟုတ်ပါဘူး”
အန်းလွမ်က ခေါင်းခါလိုက်သည်။
“ကျွန်တော့်ကိုယ်ထဲက ဒီသရဲလိုလို အရာတွေအားလုံးကို မောင်းထုတ်ပစ်ဖို့ပဲ လိုချင်တာပါ၊ အဲ့ဒါမတိုင်ခင်အထိ ကျွန်တော် အိမ်ကိုတောင် မပြန်ရဲဘူး၊ ကျွန်တော် အိပ်ပျော်သွားရင် သူတို့ ထွက်လာပြီး ကျွန်တော့်မိန်းမနဲ့ သမီးကို ဒုက္ခပေးမှာ စိုးလို့ပါ”
အန်းလွမ် စကားပြောပြီးသည်နှင့် သတိပေးချက်မရှိဘဲ ကြက်သီးထဖွယ်ကောင်းသော ဘူတာအချက်ပေးသံ ထွက်ပေါ်လာသည်။
‘ဝမ်ရှန့်ဘူတာသို့ ရောက်ရှိပါပြီ။ ဘယ်ဘက်တံခါး ပွင့်ပါမည်။ ဆင်းမည့် ခရီးသည်များ ကျေးဇူးပြုပြီး ဘယ်ဘက်မှ ဆင်းပေးကြပါ’။
မြေအောက်ရထား လုံးဝမရပ်သေးမီ စီနျန်က ဓမ္မဆရာတစ်ဦးကို တံခါးဝသို့ တွန်းပို့လိုက်သည်။
တံခါးများ ဖြည်းညင်းစွာ ပွင့်လာပြီး ဓမ္မဆရာနှင့် ယိမ်းထိုးနေသော ပုံရိပ်များက ရထားပေါ်က ဆင်းသွားကြသည်။ အပြင်ဘက် ပလက်ဖောင်းပေါ်တွင် ထူးဆန်းသော အရာများစွာ စုပြုံနေလေသည်။ လူများ၊ တိရစ္ဆာန်များနှင့် ကောင်းမင် မမှတ်မိနိုင်သော ထူးထူးဆန်းဆန်း အရာမျိုးစုံပင်။
အကယ်၍ ဤမြေအောက်ရထားက သက်ရှိလူသားတစ်ယောက် ဖြစ်နေမည်ဆိုပါက ပလက်ဖောင်းပေါ်သို့ တက်လာသော ခရီးသည်များသည် သူစားသုံးလိုက်သော ‘အားဆေး’ မျိုးစုံနှင့် တူလှသည်။
ထိုင်ခုံတွင် ထိုင်နေသော အန်းလွမ်မှာမူ ရထားပေါ်တက်လာသော ထူးဆန်းသည့် ခရီးသည်များကို မမြင်နိုင်သည့်အလား သူ့မှတ်ဉာဏ်များထဲတွင်သာ နစ်မြောနေလေသည်။
“ကျွန်တော်က ဆရာ့ရဲ့ အတော်ဆုံး တပည့်ပဲ၊ သိုင်းပညာ စတုတ္ထနယ်ပယ်ကို ရောက်တဲ့ တစ်ဦးတည်းသောသူပေါ့၊ ဝမ်ရှန့်ကလည်း ကျွန်တော့်ကို အလေးထားတယ်၊ မှောင်ခိုဈေးက လျှို့ဝှက်တိုက်ထဲက လိုအပ်တဲ့ ဖြည့်စွက်စာတွေကို ကျွန်တော့်ရဲ့ အောင်မြင်မှုတွေနဲ့ လဲလှယ်ခွင့်ပေးတယ်”
“ကျွန်တော့်ရဲ့ ကျင့်စဉ်တွေ ပိုမြန်လာအောင် ဝမ်ရှန့်ရဲ့ အထက်မြက်ဆုံး ဓားတစ်လက် ဖြစ်လာခဲ့တယ်၊ ပုန်ကန်မှုတွေကို နှိမ်နင်းတယ်၊ အရင်းအမြစ်တွေကို လုယူတယ်၊ ပြီးတော့ အောင်မြင်မှုတွေ အများကြီး သုံးပြီး ကျင့်စဉ်အတွက် အထောက်အကူဖြစ်မယ့် ဆေးဝါးတွေနဲ့ လဲလှယ်ခဲ့တယ်”
“ကျွန်တော့်မှာ ပိုက်ဆံကို စိတ်မဝင်စားဘူး၊ မိန်းမတွေကို စိတ်မဝင်စားဘူး၊ တခြား လောဘတွေလည်း မရှိဘူး၊ ကျွန်တော် ပုံမှန်အတိုင်း ပြန်ဖြစ်ချင်တာပဲ ရှိတယ်၊ ကျွန်တော် အစားတွေ ပိုစားပြီး လူမိုက်တွေကို ပိုသတ်လေလေ ဖြစ်လာတော့ ကျွန်တော့်စိတ်ထဲက မကောင်းတဲ့ အတွေးတွေကလည်း အလျင်အမြန် ပြန့်ကားလာခဲ့တယ်၊ အရာအားလုံးက ထိန်းချုပ်မှု လွတ်ထွက်နေပြီ၊ ဒါပေမဲ့ ကျွန်တော်ကတော့ ဘရိတ်မပါတဲ့ မြေအောက်ရထားကို မောင်းနေရသလိုပဲ၊ ရှေ့ကိုပဲ ဆက်သွားနေခဲ့ရတယ်”
“ဒီလို အရူးအမူးအစာကျွေးမှုအောက်မှာ ကျွန်တော်ဟာ စုဆောင်းမှုတွေ အများကြီးနဲ့အတူ သိုင်းပညာရဲ့ ပဉ္စမနယ်ပယ်ဖြစ်တဲ့ သန့်စင်သန္ဓေသားနှလုံးသားအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တယ်၊ ဆရာ့ပြောစကားအရဆိုရင် ကျွန်တော်ဟာ လူသားတွေရဲ့ အတားအဆီးကို ကျော်ဖြတ်ပြီး သန္ဓေသားရဲ့ လျှို့ဝှက်ချက်ကို နားလည်သွားပြီ၊ မူလနယ်ပယ်ထဲကို ရောက်ပြီး သေမျိုးရေးရာတွေကို ကျော်လွန်သွားပြီပေါ့”
“ဒါပေမဲ့ ကျွန်တော့် အမြင်မှာတော့ ကျွန်တော်စိတ်ကူးခဲ့တဲ့ မကောင်းဆိုးဝါးတွေ အားလုံးက တကယ်ဖြစ်လာကြပြီး ကျွန်တော့်ရဲ့ ခြေလက်တွေ၊ အရိုးတွေထဲမှာ အမြစ်တွယ်နေတဲ့ ခုန်ပေါက်နေတဲ့ နှလုံးသားတွေအဖြစ် စုစည်းသွားကြတာပါပဲ၊ သူတို့က ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာတင် မဟုတ်ဘဲ ခန္ဓာကိုယ်ပိုင်းအရပါ ထိန်းချုပ်ထားကြတာ”
အန်းလွမ် စကားတစ်ခွန်း ပြောလိုက်ချိန်တိုင်း သူ့ခန္ဓာကိုယ်တွင် အလားတူ အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ အန်းလွမ်၏ ခန္ဓာကိုယ်အတွင်းမှ မတူညီသော ကြိမ်နူန်းများဖြင့် ခုန်ပေါက်နေသည့် နှလုံးခုန်သံများကို ကောင်းမင် ကြားနေရသည်။ အမှောင်ထဲတွင် ပုန်းကွယ်နေသော သူ့ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ ပြောင်းလဲနေသည့်အလားပင်။
“ကျွန်တော့်ရဲ့ ဆိုးယုတ်မှုတွေက အဆုံးမရှိ ပြန့်ကားလာခဲ့တယ်၊ ကျွန်တော့်ရဲ့ လှုပ်ရှားမှုတိုင်းက လူတွေရဲ့ စိတ်ထဲက ဆိုးယုတ်မှုတွေနဲ့ တားမြစ်နယ်မြေထဲက ထူးဆန်းတဲ့ စွမ်းအားတွေကို ဆွဲထုတ်နိုင်ခဲ့တယ်၊ ဆရာက ဒါကို ‘ကောင်းကင်နဲ့ မြေကြီးကို ဟန်ချက်ညီစေသော စွမ်းအား’ လို့ ခေါ်ပြီး မူလနယ်ပယ်ကို ရောက်ရင် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ကိုယ့်အတွက် အသုံးချနိုင်တယ်လို့ ပြောတယ်၊ နောက်ဆုံးနယ်ပယ်ကို ကျော်ဖြတ်ပြီးတာနဲ့ ကိုယ်တွင်းပြဿနာတွေကို ဖယ်ရှားနိုင်မယ်၊ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစည်းပြီး နတ်ဘုရားနဲ့ ဆက်သွယ်နိုင်လိမ့်မယ်တဲ့၊ အဲ့ဒီအခါကျရင် ကျွန်တော်ဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီး ပြင်ပဘေးအန္တရာယ်တွေရဲ့ နှောင့်ယှက်မှုကို ခံရတော့မှာ မဟုတ်ဘူးတဲ့”
“တကယ်တော့ ပဉ္စမနယ်ပယ်ကို ရောက်ပြီးတဲ့နောက် ကျွန်တော် ရပ်တန့်လို့မရတော့ဘူး၊ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ နှလုံးသားအသစ်တွေ အဆက်မပြတ် ပေါက်လာပြီး သူတို့က နေ့တိုင်း ‘ဖြည့်စွက်စာ’ အမြောက်အမြား လိုအပ်နေတယ်၊ အဲ့ဒီနှလုံးသားတွေမှာ ကိုယ်ပိုင်အတွေးတွေ ရှိကြပြီး အဆုံးစွန် ဆိုးယုတ်မှုတွေက နှလုံးသားအကုန်လုံး တစ်ခုတည်းအဖြစ် မပေါင်းစည်းမချင်း ကျွန်တော့်ကို ဆက်ပြီး လေ့ကျင့်ဖို့ အတင်းအကျပ် ခိုင်းနေကြတယ်”
“အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ဆရာက တကယ်တော့ သိုင်းပညာကို ဘာမှ နားမလည်ဘူးဆိုတာ ကျွန်တော် သေချာပေါက် သိလိုက်ရတယ်၊ ကျွန်တော့်ဆရာက လူသားတစ်ယောက် ဟုတ်မဟုတ်တောင် မသေချာတော့ဘူး”
“နောက်ဆုံးအဆင့်ကိုတော့ အားဆေးတွေ ဒါမှမဟုတ် ပြင်ပအားတွေနဲ့တင် ကျော်ဖြတ်လို့ မရတော့ဘူး၊ ဆရာနဲ့ ဝမ်ရှန့်ဂိုဏ်းက ‘သိုင်းပညာရှင်ကြီး’ တွေက ကျွန်တော့်ကို အဲ့ဒီအတားအဆီးကို ကျော်ဖြတ်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြတော့တာပေါ့၊ အစားအစာတွေ၊ ဆေးဝါးတွေ၊ တားမြစ်ပစ္စည်းတွေနဲ့ပေါ့၊ ကျွန်တော့်ခန္ဓာကိုယ်ကို အစွမ်းကုန် တွန်းအားပေးတယ်၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ နိူးဆွမှုတွေ ဖြစ်တဲ့ ပြင်းထန်တဲ့ နာကျင်မှု၊ အပျော်ကြူးမှု၊ စိတ်ပျက်အားငယ်မှုနဲ့ သာယာမှုတွေကို လုပ်ပေးကြတယ်၊ ကျွန်တော့်ကို မတူညီတဲ့ တားမြစ်နယ်မြေတွေထဲ ခေါ်သွားပြီး ရူးသွပ်စရာတွေအရာတွေ အကုန်မြင်ခိုင်းပေမယ့် ကျွန်တော်ကတော့ အဲ့ဒီလှုံ့ဆော်မှုကို မရရှိခဲ့ဘူး”
“ဆရာ့ရဲ့ နည်းလမ်းတွေက ပိုပြီး ပြင်းထန်လာခဲ့တယ်၊ ကျွန်တော့်ရဲ့ မှီတွယ်အားကိုးရာက ဇနီးနဲ့ သားသမီးတွေဆိုတာ သူသိတော့ မကြာခဏ သူတို့အပေါ်မှာ သူ့ရဲ့ မုန်းတီးမှုကို ထုတ်ပြလာခဲ့တယ်”
“ဝမ်ရှန့်ကလည်း ကျွန်တော့်ဆရာ့ကို နောက်ကွယ်ကနေ ထောက်ခံနေခဲ့တာပဲ၊ ရက်သတ္တပတ် အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မြို့တော်ကောင်စီခန်းမက ကောင်စီဝင်တစ်ယောက်ဆီကနေ သတိပေးချက်တစ်ခု ကျွန်တော် ရခဲ့တယ်၊ တစ်ယောက်ယောက်က ကျွန်တော့် ဇနီးနဲ့ သမီးလေးကို ဒုက္ခပေးချင်နေတယ်ဆိုတဲ့ သတင်းရထားတယ်၊ အမြန်ဆုံး အိမ်ပြန်ပါဆိုပြီး သူက ပြောခဲ့တယ်”
“ကျွန်တော် စိုးရိမ်တကြီးနဲ့ တခြားသူတွေရဲ့ တားဆီးမှုကို လျစ်လျူရှုပြီး အိမ်ပြန်လာတဲ့အချိန်မှာ ဆရာနဲ့ ဇနီးတို့ စကားပြောနေတာကို အချိန်မီ တွေ့လိုက်ရတယ်”
“အိမ်က သန့်ရှင်းသပ်ရပ်နေပေမယ့် ကျွန်တော့်ဇနီးရဲ့ မျက်နှာမှာတော့ မျက်ရည်တွေနဲ့ ပြည့်နေခဲ့တယ်”
“သူတို့ ဘာတွေ ပြောခဲ့ကြလဲဆိုတာ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ကျွန်တော့်ဇနီးရဲ့ နာကျင်မှုကိုတော့ ကျွန်တော် ခံစားရတယ်၊ သူ ကျွန်တော့်ကို ကြည့်တဲ့ အကြည့်တွေ ပြောင်းလဲသွားတယ်၊ သူ့ခင်ပွန်းကို ဝါးမြိုနေတဲ့ သားရဲတစ်ကောင်ကို ကြည့်နေသလိုမျိုးပဲ”
“အဲ့ဒီအချိန်မှာ ကျွန်တော် အရမ်းကြောက်သွားခဲ့တယ်၊ ဒါပေမဲ့ ဘာကို ကြောက်နေမိလဲဆိုတာတော့ မသိခဲ့ဘူး”
“နောက်ပိုင်းမှာလည်း ကျွန်တော် ထပ်ပြီး အဆင့်မချိုးဖျက်နိုင်ခဲ့ဘူး၊ အားအင်ကုန်ခမ်းသွားတော့ ကျွန်တော် ဝမ်ရှန့် နယ်မြေခံခေါင်းဆောင်ရာထူးကနေ နုတ်ထွက်လိုက်တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေနဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကိုသုံးပြီး သန့်ရှင်းရေးကုမ္ပဏီတစ်ခုက သန့်ရှင်းရေးသမား တချို့ကို ငှားခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ထာဝရနာကျင်အောင် လုပ်ရမယ့်တန်ဖိုးနဲ့ ကျွန်တော့်ရဲ့ စွမ်းအားတွေ အားလုံးကို ယာယီ ပိတ်ဆို့ထားလိုက်တယ်”
“ကျွန်တော် ဆရာနဲ့ ဝမ်ရှန့်ဆီကနေ ဝေးဝေးမှာ နေချင်ခဲ့ပေမယ့် သူတို့က ကျွန်တော့်ကို အလွှတ်မပေးခဲ့ဘူး မြို့တော်ကောင်စီက ကောင်စီဝင်တွေက ကျွန်တော့်ဆီ သတင်းတွေ ပို့ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြသလို ဝမ်ရှန့်ရဲ့ အစီအစဉ်တွေကိုလည်း တားဆီးဖို့ ကြိုးစားကြတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ အရမ်း ကြောက်နေမိတုန်းပဲ၊ အပြင်ထွက်တိုင်း မိသားစုရဲ့ ဘေးကင်းရေးကို စိုးရိမ်နေရတယ်၊ ကျွန်တော် အိမ်ကို အမြန်ဆုံး ပြန်ချင်တယ်၊ အမြန်ဆုံး ပြန်သွားရမယ်”
အန်းလွမ်၏ အသံက ပိုမိုကျယ်လောင်လာပြီး မြေအောက်ရထားသည်လည်း သူ၏ စိတ်ဆန္ဒနှင့်အတူ အရှိန်မြှင့်လာပုံရသည်။ ရထားတွဲအတွင်းရှိ ခရီးသည်များမှာ မသက်မသာ ဖြစ်လာကြသည်။ စီနျန်သည် ဓမ္မဆရာနှင့် ကောင်းမင်၏ လက်မောင်းများကို ပြုတ်မထွက်သွားစေရန် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
“သူ့ကို ထပ်မမေးနဲ့တော့၊ သူ အရာအားလုံးကို တကယ်မှတ်မိသွားရင် ကျွန်တော်တို့ အကြီးအကျယ် ခြောက်ခြားမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်”
စီနျန်က ကောင်းမင်ကို အကူအညီမဲ့စွာ သတိပေးလိုက်သည်။ သူ ဤသို့ ပြောခဲ့သည်မှာ အကြိမ်ကြိမ် ရှိနေပြီဖြစ်သော်လည်း ကောင်းမင်ကမူ ဇာတ်လမ်းကြည့်ရန်အတွက် သူ့အသက်ကိုပင် ရင်းနေပုံရသည်။
မြေအောက်ရထားထဲရှိ ခရီးသည်များက ယိမ်းထိုးနေကြပြီး သူတို့၏ ထူးဆန်းသော ပုံသဏ္ဌာန်များမှာ အတူတကွ ရောနှောသွားကာ စေးကပ်သော အရည်များအဖြစ် ပြောင်းလဲသွားပြီး အန်းလွမ်၏ ခန္ဓာကိုယ်အတွင်းသို့ သွေးများကဲ့သို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားကြသည်။
အန်းလွမ်၏ ခန္ဓာကိုယ်သည် မူလကထက် အဆပေါင်းများစွာ ကြီးထွားလာပြီး သူ၏ ကျောပြင်က မြေအောက်ရထားတွဲတစ်ခုလုံးနှင့် ဆက်စပ်နေပုံ ရသည်။ များစွာသော တစ္ဆေသန္ဓေလောင်းများ သန္ဓေတည်နေသကဲ့သို့ သူ့သွေးကြောဆုံမှတ်များထဲမှ တဒုန်းဒုန်း မြည်နေသော နှလုံးခုန်သံများ ထွက်ပေါ်လာနေသည်။
“အိမ်ပြန်ရမယ်၊ ငါ အိမ်ပြန်ချင်တယ်”
သူ အော်ဟစ်လိုက်သည်။ မြေအောက်ရထားသည် ရူးသွပ်နေသကဲ့သို့ အရှိန်ပြင်းစွာ မောင်းနှင်သွားပြီး စက္ကန့်သုံးဆယ်အကြာတွင် ဘူတာအချက်ပေးသံ ထွက်ပေါ်လာသည်။
‘မြို့တော်ကောင်စီခန်းမဘူတာသို့ ရောက်ရှိပါပြီ။ ဘယ်ဘက်တံခါး ပွင့်ပါမည်။ ဆင်းမည့် ခရီးသည်များ ကျေးဇူးပြုပြီး ဘယ်ဘက်မှ ဆင်းပေးကြပါ’။
အရှိန်ပြင်းပြင်း မောင်းနှင်နေသော မြေအောက်ရထားက နောက်ဆုံးတွင် အရှိန်လျော့သွားသည်။ စီနျန်ကို တင်းတင်းဆုပ်ကိုင်ထားသော ကောင်းမင်သည် သူ့နှလုံးသားမှာ နောက်ဆုံးတွင် ပြန်လည် တည်ငြိမ်သွားသည်ဟု ခံစားလိုက်ရသည်။
“ဒီဘူတာက မြို့တော်ကောင်စီခန်းမပဲ၊ အန်းလွမ်အတွက်တော့ မြို့တော်ကောင်စီခန်းမက သူ့ဘဝရဲ့ နောက်ထပ် အလှည့်အပြောင်းတစ်ခု ဖြစ်ပုံရတယ်”
ပလက်ဖောင်းကို ကြည့်လိုက်သောအခါ အနီရောင်အလင်းက မှောင်မည်းနေသော မျက်နှာပြင်ပေါ်သို့ ဖြတ်သန်းသွားပြီး ခရီးသည်နှစ်ဦးသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့မှာ အရိုးပေါ် အရေတင်ဖြစ်နေသော အရပ်ရှည်ရှည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးနှင့် ထီးတစ်ချောင်းဆောင်းကာ ကျောပိုးအိတ်တစ်လုံး လွယ်ထားသော ကောင်မလေးတစ်ဦးတို့ပင် ဖြစ်သည်။
“ရထားပေါ်က ဆင်းကြစို့”
ယခုတစ်ကြိမ်တွင်မူ စီနျန်သည် ဝန်ထမ်းများကို ဆင်းခိုင်းရုံသာမကဘဲ သူကိုယ်တိုင် ဝန်ထမ်းတစ်ဦး၏ လက်ကိုဆွဲ၍ သူနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။ စီနျန်၏ အမြင်တွင် ကောင်းမင်နှင့် အတူရှိနေခြင်းသည် အလွန်အန္တရာယ်များလှသဖြင့် သူတို့နှင့်ဝေးဝေးတွင် နေရမည်ဖြစ်သည်။
“မင်း ဘယ်သွားမလို့လဲ”
ကောင်းမင်က စီနျန်၏ အင်္ကျီကော်လာကို ဆွဲလိုက်သည်။
“မင်းက ငါ့ရဲ့ မျက်စိနဲ့ နားပဲ၊ ဒီလိုမျိုး လျှောက်သွားနေလို့ မရဘူးလေ”
“လွှတ်စမ်း၊ မင်း လူယုတ်မာ၊ လွှတ်စမ်း”
***