မြေအောက်ရထားတံခါးများ ပိတ်တော့မည့်ဆဲဆဲတွင် ဓမ္မဆရာမှာ အခြားရွေးချယ်စရာမရှိဘဲ အရင်ဆုံး ဆင်းသွားခဲ့ရသည်။ ကောင်းမင်က စီနျန်ကို ပြန်ဆွဲလိုက်ပြီး သူ့ဘေးတွင်ပင် ထိုင်ခိုင်းထားလိုက်သည်။
“မင်း... ခွေးမသား”
ပလက်ဖောင်းပေါ်ရှိ အနီရောင်မီးလင်းလာပြီး အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ကောင်မလေးကို ဦးဆောင်ကာ ရထားပေါ်သို့ တက်လာခဲ့သည်။ သူတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရထားတွဲအတွင်းရှိ ပုပ်အဲ့အဲ့ အနံ့ဆိုးများ ပျောက်ကွယ်သွား၏။ထိုနေရာတွင် ပန်းရနံ့များနှင့် အားနည်းသော ပိုးသတ်ဆေးနံ့များ အစားထိုးဝင်ရောက်လာသည်။
ဘူတာအချက်ပေးသံမှာလည်း ထူးဆန်းမနေတော့ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အလင်းရောင် အားနည်းနေသည်ကလွဲ၍ သာမန် မြေအောက်ရထားတွဲတစ်ခုနှင့် တူလာလေသည်။
“ဖေဖေ”
ကောင်မလေးသည် ရထားပေါ်တက်လာပြီးနောက် တစ်ခုခုကို မြင်သွားသည့်အလား အန်းလွမ် ထိုင်နေသော နေရာဆီသို့ ပြေးသွားသည်။ သူမသည် အလွန်ပျော်ရွှင်နေပြီး အံ့သြဝမ်းသာနေသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
“သမီး... သမီးတို့ အိမ်က ထွက်လာတာလား၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
အန်းလွမ်သည် အစောပိုင်းက ရူးသွပ်နေသူနှင့် လုံးဝမတူတော့ဘဲ ရွှေရောင်ဂိုးလ်ဒင်း ခွေးလေးတစ်ကောင်ကဲ့သို့ ယဉ်ပါးသွား၏။ သူ့ လေသံတွင်လည်း အံ့သြမှုနှင့် ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေလေသည်။
“မသွားနဲ့”
အမျိုးသမီးက သမီးဖြစ်သူကို အပြေးတားဆီးလိုက်ပြီး လက်တစ်ဖက်ဖြင့် ကာကွယ်ထားရင်း အန်းလွမ်ကို ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ကြည့်လိုက်သည်။
လက်နှစ်ဖက်ကို ဖြန့်၍ ကြိုဆိုရန် ပြင်နေသော အန်းလွမ်မှာ ထိုနေရာတွင်ပင် မှင်တက်သွားသည်။ သူ၏ ဇနီးဖြစ်သူသည် အဘယ်ကြောင့် ဤသို့လုပ်သည်ကို သူနားမလည်ချေ။ ကိတ်မုန့်ဘူးကို ကိုင်ထားသော သူ့လက်သည်လည်း လေထဲတွင် အနေခက်သွားသည်။
“ရှင်ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ရှင့်ဆရာက ကျွန်မကို အကုန်ပြောပြပြီးပြီ”
နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ထားသည့် ထိုအမျိုးသမီးက အေးစက်ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။
“မင်း... ငါ့ကို ထားခဲ့ချင်နေတာလား”
အန်းလွမ်က သူ့လက်များကို ဖြည်းညင်းစွာ အောက်ချလိုက်သည်။
အမျိုးသမီးက ခေါင်းခါပြသည်။
“ဒါဆို ဘာလို့ အိမ်က ထွက်လာတာလဲ၊ အပြင်မှာ အန္တရာယ်များတယ်လို့ ငါပြောထားတယ် မဟုတ်လား”
အန်းလွမ်၏ အသံက ကျယ်လောင်လာ၏။ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သည့် အတွေ့အကြုံများက သူ့ခန္ဓာကိုယ်ထဲတွင် စိမ့်ဝင်နေသဖြင့် သူ့စကားလုံးများသည် သားကောင်ကို ဟိန်းဟောက်နေသော ကျားကြီးတစ်ကောင်နှင့် တူလှသည်။
“ကလေးကို မခြောက်ပါနဲ့”
ထိုအမျိုးသမီးမှာ အန်းလွမ်အပေါ် အလွန်စိတ်ပျက်နေပုံရပြီး သူမ၏လေသံက သူစိမ်းတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ အေးစက်နေသည်။
“ရှင့်ကို ဝမ်ရှန့်ကနေထွက်ဖို့ ကျွန်မ အမြဲပြောခဲ့တယ်၊ ဒါပေမဲ့ ရှင် ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူး၊ သူတို့က အန္တရာယ်များတယ်၊ လူသားတွေကို ဝါးမြိုနေတဲ့ ဝဲဂယက်ကြီးပဲ၊ တစ်ခါ ပိတ်မိသွားရင် ပြန်တက်လာလို့ မရတော့ဘူး”
“ငါသိတယ်၊ ငါနားလည်တယ်၊ ဒါကြောင့်ပဲ ငါ အခု အိမ်ပြန်လာတာပေါ့”
“ဝမ်ရှန့်က ကျွန်မတို့ကို နေ့တိုင်းစောင့်ကြည့်ဖို့ လူလွှတ်ထားတာကို ရှင်သိရဲ့လား၊ ရှင့်ဆရာက ရှင့်သမီးကို ဆေးအဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားတာကိုရော ရှင်သိရဲ့လား”
ထိုအမျိုးသမီးက သူမ၏ စိတ်ခံစားချက်များကို ဖိနှိပ်လိုက်သည်။
“ရှင် ဘာမှမသိပါဘူး၊ ရှင်က အမှောင်ထဲမှာ ပိတ်မိနေပြီး သိုင်းပညာလို့ခေါ်တဲ့ ဘယ်တော့မှ အဆုံးမရှိနိုင်တဲ့ လမ်းမှားနောက်ကိုပဲ လိုက်နေတာ၊ အဲ့ဒါက ရှင့်ကို မကောင်းဆိုးဝါးတစ်ကောင်အဖြစ်ပဲ ပြောင်းလဲသွားစေမှာ”
“ငါက ပဉ္စမအဆင့်ကို ကျင့်ကြံပြီးပြီ၊ နတ်ဘုရားနယ်ပယ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ၊ ဒီမြို့ကြီးမှာ ငါမင်းကို ကောင်းကောင်း ကာကွယ်ပေးနိုင်တယ်၊ ဘယ်သူမှ မင်းကို လက်ဖျားနဲ့တောင် မတို့ရဲစေရဘူး”
သမီးဖြစ်သူကို မြင်လိုက်ရသဖြင့် တည်ငြိမ်သွားသော အန်းလွမ်၏ စိတ်ခံစားချက်များက ထပ်မံ လှုပ်ခတ်လာပြန်သည်။
“ဟုတ်တယ်၊ ရှင်က အခုထိ အဲ့ဒီ နောက်ဆုံးခြေလှမ်းကိုပဲ စိတ်ရောက်နေတုန်းပဲ”
ထိုအမျိုးသမီးက ခါးသီးစွာ ပြုံးလိုက်သည်။
“မိသားစုက ရှင့်အတွက် အရေးအကြီးဆုံးလို့ ကျွန်မ အမြဲတမ်း ထင်ခဲ့တာ၊ အဲ့ဒီတုန်းက ရှင့်ကို ကယ်ဖို့ ဆေးရုံမှာ နေ့ရောညပါ ကျွန်မစောင့်ကြည့်ပေးခဲ့တယ်၊ နောက်ပိုင်း ရှင့်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာတော့လည်း ကျွန်မနဲ့ ကလေးတွေက ရှင့်ကို ပြုစုစောင့်ရှောက်ဖို့ ရှင့်ဘေးမှာ အမြဲရှိနေပေးခဲ့တယ်၊ ကျွန်မတို့ ဒါတွေလုပ်ခဲ့တာက ရှင့်ကို နတ်ဘုရားတစ်ပါး ဖြစ်လာအောင် ကူညီဖို့ မဟုတ်ဘူး၊ ရှင့်ကို ခင်ပွန်းကောင်းတစ်ယောက်၊ သမီးလေးအားကိုးရတဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်စေချင်လို့ပဲ၊ အခုတော့ ဘာဖြစ်လာလဲ၊ ရှင်က ကျွန်မတို့ကို အသုံးချနေတာပဲ၊ ရှင့်ရဲ့ လမ်းကြောင်းအမှားမှာ ရှင့်ကိုယ်ရှင် မပျောက်ဆုံးသွားအောင် မိသားစုကို ကျောက်ဆူးအဖြစ်ပဲ အသုံးချနေတာ”
ခရက်။
ဘေးတွဲမှ လက်ကိုင်တန်းတစ်ခု ကြေမွသွားပြီး သာမန်ခရီးသွားများနှင့် တူသော လူလေးဦးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။ သူတို့၏ လက်မောင်းများ ကျိုးပဲ့သွားပြီး အင်္ကျီအောက်တွင် ဝှက်ထားသော နားထောင်သည့် ကိရိယာများမှာလည်း ပေါ်ထွက်လာသည်။
“အန်းလွမ်... မင်းကတော့ တကယ့်အမှိုက်ကောင်ပဲ”
သိုင်းသင်တန်းကျောင်းမှ စီနီယာတပည့်ကျန်းယန်သည် အဝေးက ရထားတွဲမှနေ၍ ကျန်တပည့်များကို ဦးဆောင်ကာ ရောက်ရှိလာသည်။ ခုနက ထိုလူလေးဦးကို ရိုက်နှက်လိုက်သူမှာ သူတို့ပင် ဖြစ်သည်။
“ဒါတွေက မြို့တော်ကောင်စီက ဝန်ထမ်းတွေပဲ၊ ဒီကောင်တွေက မင်းကို စောင့်ကြည့်နေတာ ကြာပြီ၊ မင်းရဲ့ စွမ်းအားကို မျက်စိကျနေတဲ့ မြေခွေးတွေပေါ့”
သူက ထိုဝန်ထမ်းများ၏ လက်မောင်းများကို နင်းချလိုက်ရာ အရိုးကျိုးသံများ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ ကျန်းယန်သည် အန်းလွမ်ကို အလွန်အမင်း စိတ်ပျက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မင်းရဲ့ ရှေ့မှာရှိတဲ့ ဒီမိန်းမ အပါအဝင်ပေါ့၊ မင်း အချစ်ဆုံးလို့ ပြောနေတဲ့ ဒီမိန်းမက တကယ်တော့ မြို့တော်ကောင်စီက ဆေးရုံမှာ ကြိုထည့်ထားတဲ့သူပဲ၊ သူတို့က မင်းရဲ့ ဝါသနာတွေကို စုံစမ်းပြီး မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ရှာခဲ့တာ၊ မင်းက အချစ်ကို တွေ့ပြီလို့ ထင်နေတာလား၊ အဲ့ဒါက သူတို့ရဲ့ သေသေချာချာ ခင်းကျင်းထားတဲ့ ပရိယာယ်ပဲကွ”
ကျန်းယန်သည် အန်းလွမ် ဇနီး၏မျက်နှာဖုံးကို တိုက်ရိုက် ခွာချလိုက်သည်။
“ဆရာက သူ့ကို ခြိမ်းခြောက်ခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ အဲ့ဒါက သူ မင်းကို ဒုက္ခမပေးအောင်၊ မင်းသမီးလေးကို နာကျင်အောင်မလုပ်ဖို့ တားဆီးဖို့အတွက်ပဲ”
“ရှင်က ခြိမ်းခြောက်တာကိုတောင် ဒီလောက် မြင့်မြတ်သလို ပြောထွက်သေးတယ်လား”
ထိုအမျိုးသမီးက ကျန်းယန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“သူ့ကို ကယ်ခဲ့တာ ကျွန်မပါ၊ ရှင့်တို့ကတော့ သူ့ကို ချောက်ထဲ တွန်းပို့နေတဲ့သူတွေပဲ၊ သိုင်းသင်တန်းကျောင်းနဲ့ ဝမ်ရှန့်က တစ်ဂိုဏ်းတည်းပဲ၊ ရှင့်တို့က သူ့ကို လူတစ်ယောက်လို ဘယ်တုန်းကမှ မဆက်ဆံခဲ့ဘူး”
“ဟာသတွေ ပြောမနေနဲ့၊ အန်းလွမ်မှာသာ ထူးခြားတဲ့ ပါရမီမရှိဘူးဆိုရင် ဆရာ့ရဲ့ လေ့ကျင့်ပေးမှုအောက်မှာ သိုင်းအဆင့်တွေကို မကျော်ဖြတ်နိုင်ဘူးဆိုရင် မြို့တော်ကောင်စီက သူ့ကို အဖက်လုပ်ပါ့မလား၊ သူ့ကို ‘ကယ်’ ဖို့ မင်းကို လွှတ်ပါ့မလား”
ကျန်းယန်၏ လက်မောင်းကြွက်သားများ ဖောင်းကြွလာ၏။
“မင်းတို့က သူ့ကို မပိုင်ဆိုင်နိုင်ရင် ဖျက်ဆီးပစ်မယ်ဆိုတာ မြို့တော်ကောင်စီရဲ့ အကျင့်ပဲ မဟုတ်လား”
“ရှင့်တို့က လူသားတွေကို ကျွေးမွေးပြီး တားမြစ်နယ်မြေက စွမ်းအားတွေကို ခိုးယူနေတာပဲ၊ ရှင့်တို့မှာ လူစိတ် ရှိသေးရဲ့လား”
ထိုအမျိုးသမီးက အံကြိတ်ကာ ပြောလိုက်သည်။ သူမသည် အန်းလွမ်အပေါ်တွင် ရှုပ်ထွေးသော ခံစားချက် ရှိသော်လည်း သူ၏ ညီအစ်ကိုများအပေါ်တွင်မူ ရွံရှာမှုနှင့် ဒေါသသာ ရှိသည်။
“မြို့တော်ကောင်စီက တရားမျှတမှုဆိုတဲ့ အလံကိုလွှင့်ထူပြီး ယုတ်မာတာတွေ လုပ်ရတာကို သဘောကျတာပဲ၊ ခရိုင် ၁၃ မှာ တားမြစ်ဆေးဝါးတွေ ထုတ်လုပ်ပြီး လူသားတွေအပေါ် စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တာ မဟုတ်လား”
ကျန်းယန်က ဝန်ထမ်းတစ်ဦး၏ လက်ကောက်ဝတ်ကို နင်းခြေလိုက်ပြီး အန်းလွမ် ရှိရာတွဲထဲသို့ ဝင်လာကာ အန်းလွမ်ကို ကြည့်လိုက်သည်။
“ဆရာ့ရဲ့ လုပ်ရပ်တချို့က ပြင်းထန်တာမှန်ပေမယ့် သူက မင်းမိသားစုကို ဒုက္ခပေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး၊ သူက မြို့တော်ကောင်စီက မင်းအပေါ် ဩဇာလွှမ်းမိုးသွားမှာကိုပဲ စိုးရိမ်ခဲ့တာ၊ ဒါကြောင့် ဒီမိန်းမရဲ့ အထောက်အထားကို သိနေတာတောင် ဆရာက ဘာမှ မလုပ်ခဲ့ဘူး၊ သူ့ကို အိမ်မှာပဲနေပြီး မင်းအတွက် ကျောက်ဆူးအဖြစ်ပဲ ရှိနေစေချင်ခဲ့တာ”
ကောင်းမင်၏ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ခံထားရသော စီနျန်က အတင်းရုန်းကန်လိုက်သည်။ သူသည် နားပိတ်ထားရန် ကြိုးစားနေသော်လည်း မအောင်မြင်ပေ။
“ဒီတားမြစ်နယ်မြေထဲမှာ ခင်ဗျားကြားရသမျှ အရာအားလုံးက ပုံပျက်နေတဲ့ စွမ်းအားတွေ ဖြစ်လာလိမ့်မယ်၊ ခင်ဗျား ပိုနားလည်လေလေ လွတ်မြောက်ဖို့ ပိုခက်လေလေပဲ”
စီနျန်က မော့ကြည့်လိုက်သည်။ ကောင်းမင်မှာမူ ဇာတ်လမ်းကို စိတ်ဝင်တစား ကြည့်နေပုံရပြီး အန်းလွမ်၏ ဘေးတွင် ထိုင်နေလေသည်။ ယိမ်းထိုးနေသော ပုံပျက်နေသည့် အမြစ်များက သူ့ဆီသို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
“ကျွန်တော်တို့ နောက်ဘူတာမှာ အတူတူဆင်းကြမယ်၊ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး၊ ထွက်သွားဖို့ ပြင်ရမယ်”
ကောင်းမင်က စီနျန်ကို လျစ်လျူရှုထားသည်။ သူသည် နောက်ဆုံး၌ အန်းလွမ်ဘဝတွင် ဖြစ်ပျက်ခဲ့သည်များ နားလည်သွားခဲ့ချေပြီ။ သူ၏ ဇနီးသည် မြို့တော်ကောင်စီက ကြိုတင် စီစဉ်ထားသူ ဖြစ်နေသလို ကျန်းယန်မှာလည်း အထွတ်အထိပ်သို့ ရောက်နေသော ဝမ်ရှန့်ဂိုဏ်းကို ကိုယ်စားပြုနေပြီး ထိုအင်အားစုနှစ်ခုမှာ အားပြိုင်နေကြခြင်း ဖြစ်သည်။ အန်းလွမ်သည် မမျှော်လင့်ဘဲ သူတို့နှစ်ဖွဲ့ကြားရှိ အားပြိုင်မှု၏ အချက်အချာ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
သိုင်းပညာ၏ ကန့်သတ်ချက်များကို လိုက်စားသော သူ၏ဆရာမှာ အန်းလွမ်၏ အသက်ကို ကယ်တင်ခဲ့သော်လည်း သူ့ကို ငယ်စဉ်ကတည်းက ‘လူသား’ များ ကျွေးကာ မကောင်းဆိုးဝါးတစ်ကောင်လို ပျိုးထောင်ပေးခဲ့သည်။
သူ၏ ဇနီးသည်လည်း မရိုးသားသော ရည်ရွယ်ချက်များဖြင့် အန်းလွမ်ဆီသို့ ချဉ်းကပ်ခဲ့သူဖြစ်ပြီး လုံးဝ လူကောင်းတစ်ယောက် မဟုတ်ပေ။
ဝမ်ရှန့်ဂိုဏ်းက အန်းလွမ်ကို အစွမ်းကုန် ထောက်ပံ့ခဲ့ခြင်းမှာလည်း သူ့အား အထက်မြက်ဆုံး လက်နက်တစ်ခုအဖြစ် ပုံသွင်းရန်အတွက်သာ ဖြစ်သည်။
မြို့တော်ကောင်စီကလည်း အန်းလွမ် ကြီးပြင်းလာသောအခါ အသီးအပွင့်ကို ရိတ်သိမ်းရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဝင်ရောက် နှောင့်ယှက်ခဲ့ခြင်းဖြစ်သည်။ အရာအားလုံးက ပရိယာယ်များသာ။
အန်းလွမ်၏ ဘဝတစ်ခုလုံးတွင် သူ့သမီးလေးတစ်ယောက်သာလျှင် အမှန်တကယ် အပြစ်ကင်းစင်ပြီး သူမ၏အချစ်မှာလည်း လုံးဝ သန့်စင်ခဲ့သည်။
***