“အန်းလွမ်... ရှင်ကိုယ်တိုင် ရွေးချယ်ပါ၊ ဝမ်ရှန့်ဂိုဏ်းကနေ ထွက်ပြီး ကျွန်မနဲ့ ကျွန်မတို့သမီးလေးနဲ့အတူ အိမ်ပြန်လိုက်မလား၊ ဒါမှမဟုတ် လူလည်းမကျ သရဲလည်းမကျတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်အောင် သူတို့အတင်းအကျပ် ခိုင်းတာကိုပဲ ဆက်ပြီးလက်ခံနေမလား”
“ဒီမိန်းမစကားကို နားမယောင်နဲ့၊ သူက မြို့တော်ကောင်စီက လွှတ်လိုက်တဲ့သူပဲ၊ မင်းတို့ကြားမှာ ဖြစ်ခဲ့သမျှ အရာအားလုံးက ကြိုတင်ရေးသားထားတဲ့ ဇာတ်ညွှန်းတွေပဲ”
ကျန်းယန်နှင့် ထိုအမျိုးသမီး၏ အသံများက ရထားတွဲ၏ ဝဲယာတစ်ဖက်တစ်ချက်စီမှ ထွက်ပေါ်လာကြသည်။ အန်းလွမ်မှာ အလယ်တွင် ထိုင်နေခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်သည် ပို၍ပို၍ ပြင်းထန်စွာ တုန်ယင်လာကာ မြေအောက်ရထားကိုပါ သက်ရောက်မှု ရှိလာစေသည်။
ရထားတွဲအတွင်းရှိ အရိုးများသည် တစ်ခုနှင့်တစ်ခု တိုက်မိနေပြီး ရထားမှာ ဥမင်အတွင်းရှိ တစ်စုံတစ်ခုနှင့် ပွတ်တိုက်နေသကဲ့သို့ ဖြစ်နေသည်။ စေးကပ်သော အရည်များက ရထားတွဲအတွင်းသို့ စိမ့်ဝင်လာသည်။ ကောင်းမင်မှာ တားမြစ်နယ်မြေရှုထောင့်ကို မဖွင့်ထားသဖြင့် ထိုအရာက မည်သည့်အရာဖြစ်သည်ကို မသိချေ။ သူ့ဘေးမှ စီနျန်မှာမူ အော်ဟစ်လိုက်ပြီး ကောင်းမင်၏ အင်္ကျီအောက်သို့ တိုးဝင်ပုန်းအောင်းလိုက်သည်။
“မမေးပါနဲ့လို့ ပြောသားပဲ၊ သူ့ကို မဆွပါနဲ့လို့ ပြောနေတာကို ခင်ဗျားက နားမထောင်ဘူး၊ သွားပြီ... အကုန်သွားပြီ... ညစ်ညမ်းတဲ့သွေးတွေ စိမ့်ဝင်လာတော့မယ်!”
“ညစ်ညမ်းတဲ့သွေးဆိုတာ ဘာလဲ”
“ဒီလိုအချိန်မျိုးတောင် ခင်ဗျားက သိချင်နေတုန်းလား”
စီနျန်၏ မျက်နှာက ဖြူလျော်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူသည် ကလေးအရွယ်သာ ရှိသေးသည် မဟုတ်ပါလား။ သူက ဒေါသတကြီး အော်ဟစ်ပြီးနောက် အမြန်ဆုံး ရှင်းပြပေးလိုက်သည်။
“ဒါက တားမြစ်နယ်မြေထဲက သေဆုံးသွားလူတွေဆီက စုစည်းနေတဲ့ အဆိပ်တွေ၊ ပုပ်သိုးနေတဲ့ မှတ်ဉာဏ်တွေပဲ၊ အတိုချုပ်ပြောရရင် အနာကျင်ရဆုံး အရာပဲ”
“ဒါဆို အခု အန်းလွမ်က အနာကျင်ဆုံး အခြေအနေကို ရောက်နေတာပေါ့၊ သူက တားမြစ်နယ်မြေ ၁ ရဲ့ သခင်လား၊ ဒါပေမဲ့ ဒီလူ့အခြေအနေက ယွီဟွေးနဲ့ လုံးဝမတူဘူး၊ သူက အတိတ်ထဲမှာ နစ်မြောနေပြီး ပြန်ထွက်မလာနိုင်သလိုပဲ”
ကောင်းမင် မော့ကြည့်လိုက်ရာ ညစ်ညမ်းသော သွေးတစ်စက်က သူ့ကိုယ်ပေါ်သို့ တည့်တည့် ကျလာသည်။ယင်းက အချိန်အတော်ကြာ ကြိုတင်စီစဉ်ထားသည့်အလား အလွန် ရုတ်တရက် ဆန်လှသည်။
သူ့အရေပြားပေါ်တွင် ဒဏ်ရာတစ်ခု ကွဲအက်သွားပြီး သွေးကြောငယ်လေးများက ထိုညစ်ပတ်သော သွေးထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ရူးသွပ်ကြမ်းတမ်းသော အတွေးများစွာက ကောင်းမင်စိတ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။ သူ့ဦးခေါင်းထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ တဝီဝီအသံများနှင့်အတူ သူ့အသိစိတ်က ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရပြီး ခန္ဓာကိုယ်က ရှေ့သို့ မှောက်ကျသွားခဲ့သည်။
ကျန်းယန်နှင့် ထိုအမျိုးသမီးတို့၏ အားပြိုင်မှုမှာ အဆုံးအဖြတ်ပေးရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ အန်းလွမ်က ရွေးချယ်မှု မပြုလုပ်သေးမီမှာပင် ကောင်းမင်က မြေပြင်ပေါ်တွင် လဲကျနေပြီ ဖြစ်သည်။
“အရမ်း နာကျင်နေတာလား”
ညစ်ညမ်းသော သွေးကို လီဆန်းစီ၏ ခန္ဓာကိုယ်က မစုပ်ယူနိုင်ချေ။ သူ၏ စိတ်စွမ်းအားဖြင့်သာ ထိုသွေးများကို ဖြည်းဖြည်းချင်း ချေဖျက်နိုင်သည်။ ပြဿနာမှာ သွေးများက ရထားအမိုးပေါ်မှ တစက်စက် ကျဆင်းနေပြီး ပို၍ပို၍ များလာခြင်းပင်။ ဤအတိုင်း ဆက်သွားနေပါက ပုန်းစရာ နေရာရှိတော့မည် မဟုတ်ပေ။
“ငါ မင်းကို တကယ်သတ်ပစ်ချင်လိုက်တာ၊ ဒီနေရာမှာ ရှိသမျှ အရာအားလုံးက တားမြစ်နယ်မြေ သခင်က အသားတွေ၊ မှတ်ဉာဏ်တွေနဲ့ နာကျင်မှုတွေကို သုံးပြီး ဖန်တီးထားတာပဲ၊ ဒီခရီးသည်တွေ အားလုံးက အန်းလွမ်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာတာ၊ သူတို့က ဒီအရူးရဲ့ မှတ်ဉာဏ် အစိတ်အပိုင်းတွေပဲ၊ မင်း သူ့စကားတွေကို နားထောင်လေလေ သူ ဖန်တီးလိုက်တဲ့ အရာတွေက ပိုများလာလေလေပဲ”
စီနျန်က သူ့ဝတ်ရုံဖြင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ထားရင်း ထိုင်ခုံပေါ်တွင် မတ်တတ်ထရပ်သည်။
“ဘာလို့ ဘူတာကို မရောက်သေးတာလဲ၊ ဘာလို့ မရောက်သေးတာလဲ”
“အန်းလွမ်... ရောက်တော့မယ်၊ ကျွန်မတို့နဲ့ လိုက်ခဲ့ပါ”
ထိုအမျိုးသမီးက ကောင်းမင်၏အလောင်းနှင့် တုန်ယင်နေသော စီနျန်ကို လျစ်လျူရှုထားသည်။ သူမသည် အန်းလွမ်ကိုသာ စိုက်ကြည့်ပြီး တောင်းပန်နေလေသည်။
“ဒီမြို့ကြီဂက ဝမ်ရှန့်တစ်ခုတည်း စိုးမိုးနေတဲ့ နေရာမဟုတ်ပါဘူး၊ ကျွန်မတို့မှာ သွားစရာ တခြားလမ်းတွေ ရှိပါသေးတယ်၊ ရှင့်သမီးလေးကို မကောင်းဆိုးဝါးအဖေတစ်ယောက် ရှိစေချင်နေတာလား”
“ငါနဲ့ ငါ့ဆရာသာ မင်းသမီးလေးကို မကာကွယ်ပေးထားရင် သူက မြို့တော်ကောင်စီခန်းမကို ရောက်သွားပြီး မင်းကို ခြိမ်းခြောက်ဖို့ ဓားစာခံအဖြစ် အသုံးချခံရတာ ကြာလှပြီ”
ကျန်းယန်က အေးစက်စွာ ပြုံးလိုက်သည်။
သူတို့နှစ်ဦးမှာ အပြင်းအထန် ငြင်းခုံနေကြရာ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ကြီးမားသော အပြောင်းအလဲများကို သတိမပြုမိကြသလိုပင်။ သူတို့က သေဆုံးသွားမည့်သူများ မဟုတ်ဘဲ အန်းလွမ်၏ စိတ်ထဲမှ ကွဲပြားနေသော အသံနှစ်ခုသာ ဖြစ်နေသည့်အလားပင်။
စခရင်ပေါ်တွင် အန္တရာယ်ရှိသော အနီရောင်မီးများ လက်ခနဲ ဖြစ်သွားသည်။ မြေအောက်ရထားမှာ ပြင်းထန်စွာ လှုပ်ယမ်းသွားပြီး ကောင်းမင်သည်လည်း သွေးများနှင့် အညစ်အကြေးများ ပိုမို ညစ်ထေးလာသည်။ သူ၏ မျက်နှာအမူအရာမှာလည်း အန်းလွမ်နှင့်အတူ လိုက်၍ ပုံပျက်လာကာ အန်းလွမ်၏ ဝါးမြိုခြင်းကို တဖြည်းဖြည်း ခံနေရသည်။
“နင်... နင် အဆင်ပြေရဲ့လား”
ကောင်းမင်သည် သူ့နဖူးပေါ်တွင် အေးစက်သော အထိအတွေ့တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ အားယူ၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ အန်းလွမ်၏သမီးလေးက သူ့ရှေ့တွင် ဒူးထောက်ထိုင်နေပြီး လက်ကိုင်ပုဝါလေးတစ်ခုဖြင့် သူ့နဖူးပေါ်မှ သွေးများနှင့် အညစ်အကြေးများကို သုတ်ပေးနေသည်ကို မြင်လိုက်ရသည်။
အနီရောင်မီးက လက်ခနဲဖြစ်သွားပြီး ထိုမိန်းကလေး၏ မျက်နှာတွင် မျက်နှာလက္ခဏာများ မရှိသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ကောင်းမင်သည် အလိုအလျောက်ပင် တားမြစ်အာရုံရှုထောင့်သို့ ပြောင်းလဲကြည့်လိုက်သည်။ အထူးဆန်းဆုံး မြင်ကွင်းက ပေါ်ထွက်လာတော့သည်။အန်းလွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ခြေလက်များသည် ရထားတွဲနှင့် ဆက်သွယ်နေပြီး ထိုမိန်းကလေးငယ်မှလွဲ၍ ကျန်ခရီးသည်တိုင်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နေကြသည်။
“ထူးဆန်းတယ်... ဒီကောင်မလေးက ငါတို့နဲ့ မတူဘူး၊ သူက ဆိုးယုတ်မှုတွေနဲ့ မစွန်းထင်းနေဘူး”
လီဆန်းစီ၏ မျက်နှာက ရထားပြတင်းပေါက်တွင် ပေါ်ထွက်လာ၏။ ကောင်းမင်၏ တားမြစ်အာရုံ ရှုထောင့်တွင် ပြတင်းပေါက်မှ ထင်ဟပ်နေသော ခရီးသည်တိုင်း၏ ပုံရိပ်များမှာ လီဆန်းစီအဖြစ် ပြောင်းလဲသွားသည်။ သူတို့က ထိုမိန်းကလေးကို ဖမ်းဆွဲရန် လက်လှမ်းလိုက်ကြသည်။
“ငါတို့ သူ့ကို ဖျက်ဆီးပစ်ရမယ်၊ နည်းလမ်းမျိုးစုံသုံးပြီး သူ့ကို ယုတ်ညံ့သွားအောင် လုပ်ရမယ်”
“ထွက်သွားစမ်း”
ကောင်းမင်က ရထားပြတင်းပေါက်မှ ထွက်လာသော လီဆန်းစီ၏ လက်မောင်းကို ထိုးချလိုက်သည်။
ပုံမှန်ရှုထောင့်သို့ ပြန်ရောက်လာသောအခါ သူသည် စီနျန်ဘေးရှိ လက်ကိုင်တန်းကို အားကုန်သုံး၍ ထိုးနှက်လိုက်ခြင်းဖြစ်သည်။ လက်ကိုင်တန်းက အနည်းငယ် ကွေးညွတ်သွားလေသည်။
ပြင်းထန်သော အသံကြီးကြောင့် စီနျန်မှာ လန့်ဖျန့်သွားပြီး သူ၏ မျက်စိသူငယ်အိမ် သုံးခုလုံး တုန်ယင်သွားကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
“မင်း ငါ့ကို ဒီလောက်ထိ ဒုက္ခပေးထားပြီးတော့၊ ငါက မင်းကို စကားနည်းနည်း ပြောမိတာကို မင်းက... မင်းက...”
သူ့ဘေးမှ ဓမ္မဆရာက စီနျန်ကို အမြန်ပွေ့ချီလိုက်သည်။ အန်းလွမ်၏ ဇနီးနှင့် ကျန်းယန်တို့လည်း ကောင်းမင်ကို လှမ်းကြည့်လိုက်ကြသည်။ သူက ဇာတ်ရှိန်ကို ဝင်ဖြတ်လိုက်သကဲ့သို့ ဖြစ်သွားခြင်းဖြစ်သည်။
“ဘယ်ဘက်ကိုပဲရွေးရွေး အဲ့ဒါက သေလမ်းပဲ၊ ဝမ်ရှန့်ဂိုဏ်းကလည်း ပျက်စီးသွားပြီ၊ ပြီးတော့ ငါလည်း အန်းလွမ်အကြောင်း တစ်ခါမှ မကြားဖူးဘူး၊ အဲ့ဒါက မင်းမြို့တော်ကောင်စီကို ရွေးခဲ့လို့ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဲ့ဒါက မှန်ကန်တဲ့ ရွေးချယ်မှုသာဆိုရင် မင်းဘာလို့ တားမြစ်နယ်မြေထဲမှာ ဒီလို နာကျင်မှုတွေနဲ့ ကျန်နေရစ်ခဲ့ရတာလဲ”
ကောင်းမင်သည် သွေးများမှလာသော နာကျင်မှုကို အောင့်အည်းရင်း၊ မြေအောက်ရထားပေါ်တွင် သေဆုံးသွားသော မြို့သူမြို့သားများ၏ စိတ်ပျက်အားငယ်မှုကို ခံစားရင်း အံကြိတ်ကာ အော်ဟစ်လိုက်သည်။
“မင်းက သေသွားပြီ၊ ဒါပေမဲ့ မင်းသမီးလေးကတော့ ဒီမှာ ရှိနေသေးတယ်၊ သူ့ကို မင်းရဲ့ နာကျင်စရာကောင်းပြီး ပုပ်သိုးနေတဲ့ မှတ်ဉာဏ်တွေထဲမှာ ဆက်မရှင်သန်ခိုင်းပါနဲ့တော့”
ကောင်းမင်သည် သရဲများနှင့် ပတ်သက်၍ အတွေ့အကြုံ များပြားလှသူ ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ အကြံပေးမှုတွင်လည်း သူ၏ ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုများ ရှိသည်။ အန်းလွမ်၏ အတွေ့အကြုံကို နားလည်ပြီးနောက် သူသည် ပစ်မှတ်ထားသော ‘ကုသမှု’ ကို စတင် ပြင်ဆင်လိုက်သည်။ ကံမကောင်းသည်မှာ ဤအမှောင်ယဇ်ပလ္လင် တားမြစ်နယ်မြေရှိ သရဲများက အနည်းငယ် ထူးခြားနေခြင်းပင်။
အန်းလွမ်သည် ကောင်းမင်၏ စကားကို လျစ်လျူရှု၍ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူပြုလုပ်ခဲ့သော ရွေးချယ်မှုမျိုးကိုပင် ထပ်မံ လုပ်ဆောင်နေပုံရသည်။
ထိုင်ခုံတွင် ကပ်နေသော သူ့ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လာပြီး ကြီးမားသော အရိပ်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ အန်းလွမ်သည် သူ့ဇနီးနှင့် ကျန်းယန်တို့အကြားတွင် မတ်တတ်ရပ်လိုက်သည်။
“စီနီယာအစ်ကို... ကျွန်တော် ငယ်ငယ်တုန်းက ဆရာမရှိတဲ့အချိန်မှာ အစ်ကိုပဲ ကျွန်တော့်ကို သင်ကြားပေးခဲ့တာပါ၊ အစ်ကို့ရဲ့ ကျေးဇူးကို ကျွန်တော် အမြဲမှတ်မိနေပါတယ်၊ ဒါကြောင့် အခု အစ်ကို ကျွန်တော့်ကို ဘယ်လောက်ပဲရိုက်ရိုက်၊ ဘယ်လောက်ပဲဆဲဆဲ ကျွန်တော် ပြန်တိုက်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဘူး”
“မင်း ဘာပြောချင်နေတာလဲ”
“ကျွန်တော့်ကိုယ်ထဲက ဒီပုံပျက်နေတဲ့ နှလုံးသားတွေကို ကျွန်တော် မထိန်းချုပ်နိုင်တော့ဘူး၊ သူတို့က ကျွန်တော့်ကို အမြဲတိုက်စားနေပြီး နာကျင်မှုတွေနဲ့အတူ ရူးသွပ်သွားအောင် လုပ်နေကြတာ၊ ကျွန်တော် သိုင်းပညာကို ထပ်မလေ့ကျင့်ချင်တော့ဘူး၊ ကျွန်တော် ထိန်းချုပ်မှု မလွတ်ခင် ကျွန်တော့်ဘဝကို အဆုံးသတ်လိုက်ပါတော့မယ်၊ ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်တွေကို မိသားစုနဲ့အတူ ကုန်ဆုံးပြီး သာမန်လူတစ်ယောက်အဖြစ်ပဲ နေသွားချင်ပါတယ်”
အန်းလွမ်သည် သူ၏ စိတ်ရင်းအမှန်ကို ပြောပြလိုက်သည်။
“မင်းက ဝမ်ရှန့်ရဲ့ အထက်မြက်ဆုံး ဓားတစ်လက်ပဲ၊ ဒီလောက် တန်ဖိုးတွေအများကြီး ပေးဆပ်ခဲ့ပြီးမှ အခုလက်လျှော့ချင်နေတာလား”
ကျန်းယန်၏ မျက်လုံးများတွင် ဒေါသများ တောက်လောင်နေသည်။
“မြို့တော်ကောင်စီက ဒီမိန်းမကြောင့်လား၊ သူတို့လုပ်သမျှက ဝမ်ရှန့်ရဲ့ အင်အားကို လျော့နည်းသွားအောင် လုပ်ဖို့ပဲ၊ သူ့မျက်နှာကို သေချာကြည့်စမ်း၊ မင်းက အသက်ရှင်ဖို့တောင် မပြင်ဆင်တော့တာကို သူက မင်းကို မတားခဲ့ဘူး မဟုတ်လား”
“စီနီယာအစ်ကို... အစ်ကို ကျွန်တော့်ကို မယှဉ်နိုင်ပါဘူး၊ ပြန်သွားပါတော့”
“ပြန်သွားရမယ် ဟုတ်လား၊ ဒါဆိုရင် ဆရာ မင်းကို ပေးခဲ့တာတွေကို အရင် ပြန်ပေးလိုက်ဦး”
ကျန်းယန်က ရှေ့သို့ ပြေးဝင်လာပြီး အန်းလွမ်၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။
အန်းလွမ်က ပြန်မခုခံချေ။ သူ့မျက်နှာတွင် သွေးများ စွန်းထင်သွားပြီး ခြေလှမ်းနှစ်လှမ်းခန့် နောက်ဆုတ်သွားသည်။ သူ့ပတ်ဝန်းကျင်ရှိ အမှောင်ထုက ပိုမိုနက်ရှိုင်းလာပြီး မြေအောက်ရထားသည်လည်း လူတိုင်းကို ချောက်ထဲသို့ ဆွဲချတော့မည့်အလား အရှိန်ပြင်းစွာ မောင်းနှင်လျက်ရှိသည်။
“စီနီယာအစ်ကို... တော်ပါတော့...”
သူ စကားမဆုံးသေးမီမှာပင် ကျန်းယန်က အန်းလွမ်၏ ရင်ဘတ်ကို နောက်တစ်ကြိမ် ထပ်မံ ထိုးနှက်လိုက်သည်။ သူသည် နောက်သို့ နှစ်လှမ်းခန့် ထပ်မံဆုတ်သွားရာ သူ့နောက်တွင် ဇနီးနှင့် သမီးဖြစ်သူတို့ ရှိနေခဲ့သည်။
“စီနီယာအစ်ကို...”
ဘန်း။
ကျန်းယန်၏ တတိယမြောက် လက်သီးသည် အန်းလွမ်နှင့် တစ်ပေခန့်အကွာတွင် မမြင်နိုင်သော စွမ်းအားတစ်ခု၏ တားဆီးခံလိုက်ရသည်။
အန်းလွမ်ကို ထပ်ကြည့်လိုက်သောအခါ သူ့အရေပြားအောက်တွင် လူသေများ၏ လက်ချောင်းပေါင်းများစွာ တွားသွားနေပြီး ကလေးတစ်ယောက်လက်ဝါးခန့်ရှိသော နှလုံးသားများက ကျုံ့ချည်ဆန့်ချည် ခုန်ပေါက်နေကြသည်။ သူ့အရေပြားအောက်ရှိ သားရဲများက သူတို့၏ အနီရောင်မျက်လုံးများကို ဖွင့်လှစ်လိုက်ကြပုံရသည်။
***