အန်းလွမ်ထံမှ ထွက်ပေါ်လာသော စွမ်းအားသည် ဤမြို့ကြီး၏ အကန့်အသတ်ကို ကျော်လွန်နေပြီး ကောင်းမင် ယခင်က တွေ့ခဲ့ဖူးသမျှ မကောင်းဆိုးဝါးအားလုံးထက် ပိုကြောက်စရာကောင်းနေသည်။ ဆိုးယုတ်မှုများကြောင့် ထိန်းချုပ်မရဖြစ်နေသော ‘ခွေးအိုကြီး’ ပင်လျှင် ယခုအချိန်၌ အန်းလွမ်ကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။
“ခင်ဗျား သူ့ကို လုံးဝ နှိုးလိုက်ပြီပဲ”
စီနျန်၏ မျက်နှာက ပြာနှမ်းနေ၏။
“တားမြစ်နယ်မြေ ၁ ရဲ့ အခက်ခဲဆုံးအဆင့်ကို ဖွင့်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်၊ သူ တခြားခရီးသည်တွေကို သတ်ပြီးရင် ငါတို့အလှည့် ရောက်လာတော့မှာ”
“အန်းလွမ်၊ ငါနဲ့အတူ ဝမ်ရှန့်ကို ပြန်လိုက်ခဲ့၊ မင်း ထွက်သွားရင် ဆရာသေလိမ့်မယ်၊ သိုင်းသင်တန်းကျောင်းက လူတိုင်းလည်း ဒုက္ခရောက်ကုန်လိမ့်မယ်”
ကျန်းယန်က နောက်တစ်ကြိမ် ထိုးလိုက်သော်လည်း သူ့လက်သည် ထူထဲသော သွေးကြောများဖြင့် တင်းကျင်းစွာ စည်းနှောင်ခံလိုက်ရသည်။ အန်းလွမ်၏ ခန္ဓာကိုယ်မှ ပြန့်ကားလာသော အလောင်းများမှာ စပါးအုံးမြွေများကဲ့သို့ ကျန်းယန်၏ ရင်ဘတ်ပေါ်သို့ တွားတက်သွားကြသည်။
သူ့အရိုးများ ပုံပျက်သွားပြီး ကျန်းယန်၏ မျက်နှာအမူအရာမှာလည်း ရှုံ့မဲ့သွားသည်။ သို့သော် ထိုလူသည် တကယ်ခေါင်းမာသူဖြစ်သည်။ သူသည် နာကျင်၍ အော်ဟစ်ခြင်း သို့မဟုတ် အသနားခံခြင်းမျိုး လုံးဝမလုပ်ဘဲ သူ့အသက်ကိုပင် ဂရုမစိုက်တော့သည့်အလား အန်းလွမ်ကို ပြန်လိုက်လာရန်သာ ဟိန်းဟောက်နေဆဲ ဖြစ်သည်။
“သူတို့အားလုံး သေရလိမ့်မယ်၊ ဝမ်ရှန့်ရဲ့ ဒေါသကို တစ်ယောက်ယောက်က ခံရမှာပဲ၊ ဒါက ငါ့အမှားလား၊ ဒီမြို့မှာ ဝမ်ရှန့်လို ရက်စက်တဲ့ဂိုဏ်းမျိုး မရှိသင့်ဘူး၊ ပြောင်းလဲရမှာက ငါတို့မဟုတ်ဘူးကွ၊ ဝမ်ရှန့်ပဲ”
အန်းလွမ်၏ အင်္ကျီသည် သွေးများဖြင့် ရွှဲရွှဲစိုနေသည်။ နှလုံးသားတစ်ခုချင်းစီသည် ဟထားသော ပါးစပ်ကြီးများအလား အန်းလွမ်၏ သွေးကို စုပ်ယူနေပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။
“မျှော်လင့်ချက် မရှိတော့ဘူး၊ မင်းကတော့ ကယ်တင်လို့မရတော့ဘူး”
ကျန်းယန်၏ လက်မောင်းပေါ်တွင် သရဲပုံစံကွက်များ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများက လုံးဝ နက်မှောင်သွား၏။ သူ့သွေးများက ဆူပွက်လာပုံရပြီး စွမ်းအားများမှာ အလုံးအရင်းနှင့် တိုးလာတော့သည်။
သိုင်းပညာ တတိယအဆင့် - ဆူပွက်ပြဒါးသွေး။
ကျန်းယန် အစွမ်းကုန် အသုံးပြုလာသည်ကို မြင်သောအခါ အန်းလွမ်၏ မျက်လုံးများ မှေးမှိန်သွားသည်။ သူ အလေးစားရဆုံးလူက လူသတ်သမားတစ်ယောက် ဖြစ်လာသကဲ့သို့ပင်။
“တောင်းပန်ပါတယ် စီနီယာအစ်ကို”
အန်းလွမ်က လက်သီးကို တင်းတင်းဆုပ်လိုက်ရာ သူ့ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာသည်။ တားမြစ်နယ်မြေတစ်ခုလုံး၏ အမှောင်ထုက စုစည်းလာလေသည်။ ကောင်းမင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရမီမှာပင် အန်းလွမ်က လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြီ ဖြစ်သည်။
ချောက်နောက်ထဲသို့ အရှိန်ပြင်းစွာ မောင်းနှင်နေသော ရထားတစ်စင်းကဲ့သို့ပင် အန်းလွမ်၏ လက်သီးသည် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ကျန်းယန်၏ ဘယ်ဘက်ရင်အုံအား ထိုးချလိုက်သည်။
နောက်ဆုံးတွင် သူရပ်တန့်သွားခဲ့သော်လည်း ကျန်းယန်၏ ဘယ်ဘက်ပခုံးမှာမူ ကြေမွသွားခဲ့ပြီ ဖြစ်သည်။ သူ ပြန်မထနိုင်တော့ဘဲ ပါးစပ်မှ သွေးများ ဆက်တိုက်အန်ထွက်နေကာ စကားပင် မပြောနိုင်တော့ပေ။ သူ့အသက်ရှူသံမှာလည်း အားနည်းသွားသည်။ သို့သော် သူ့မျက်လုံးများက အန်းလွမ်ကို ဘယ်တော့မှ ခွင့်မလွှတ်တော့သည့်အလား သေသည်အထိ အန်းလွမ်ကိုသာ စိုက်ကြည့်နေခဲ့သည်။
ကျိုးနေသော သူ၏ညာဘက်လက်မောင်းကို အားယူ၍ မြှောက်ရန် ကြိုးစားသော်လည်း ကျန်းယန်တွင် ဘာမှ ကျန်ရစ်ခြင်း မရှိတော့ပေ။ အန်းလွမ်ငယ်စဉ်ကတည်းက အမြဲ ပြုစုစောင့်ရှောက်ခဲ့ပေးသော ဤစီနီယာအစ်ကိုသည် ဤဘဝရထားပေါ်တွင်ပင် အန်းလွမ်၏လက်ဖြင့် သေဆုံးသွားပြီ ဖြစ်သည်။
သွေးများ အန်းလွမ်၏ ခြေရင်းသို့ စီးဆင်းလာ၏။ ကျန်းယန် သေဆုံးသွားသည်နှင့် မြေအောက်ရထားသည် နောက်ဆုံးတွင် အရှိန်လျော့သွားပြီး သွေးနီရောင်မီးများ လက်ခနဲဖြစ်သွားကာ ကြက်သီးထဖွယ် ဘူတာအချက်ပေးသံ ထွက်ပေါ်လာတော့သည်။
‘နောက်ဆုံးဘူတာသို့ ရောက်ရှိပါပြီ။ ညာဘက်တံခါး ပွင့်ပါမည်။ ခရီးသည်များ ကျေးဇူးပြုပြီး ညာဘက်မှ ဆင်းပေးကြပါ’။
ယခင်က ဘယ်ဘက်တံခါးသာ ပွင့်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ညာဘက်တံခါး ပွင့်လာခဲ့ခြင်းဖြစ်သည်။ ချက်ချင်း ထွက်ပြေးရန် ပြင်ဆင်နေသော စီနျန်မှာ တုံ့ဆိုင်းသွား၏။ သူ ရထားအပြင်ဘက်သို့ ချောင်းကြည့်လိုက်ရာ သူ၏ မျက်စိသူငယ်အိမ်သုံးခုလုံး ထိတ်လန့်တကြား ကျုံ့ဝင်သွားသည်။
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ”
ကောင်းမင်က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသဖြင့် စီနျန်သည် ကောင်းမင်တွင်လည်း တားမြစ်နယ်မြေ ရှုထောင့်ရှိကြောင်း မသိချေ။ သူ မြင်တွေ့နေရသော ခြောက်ခြားမှုများကို တခြားလူအား ပြောပြမရသဖြင့် သူကိုယ်တိုင်သာ လက်ခံနိုင်ရန် ကြိုးစားနေရတော့သည်။
ယခုတွင် ဤကောင်စုတ်လေးသည် ကောင်းမင်ကို သတ်ပစ်ချင်နေမိသည်။ သူသည် အန်းလွမ်ထက်ပင် ပိုဒုက္ခရောက်နေသည်ဟု ခံစားနေရသည်။
“ရောက်ပြီ၊ သွားကြစို့”
ထိုအမျိုးသမီးသည် အန်းလွမ်က သူ၏စီနီယာအစ်ကိုကို ကိုယ်တိုင် သတ်လိုက်သည်ကို မြင်သောအခါ အန်းလွမ်သည် သူ့ရွေးချယ်မှုကို ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။ သူမသည် အန်းလွမ်အနားသို့ တိုးကပ်သွားပြီး ချစ်ခင်ကြင်နာဟန် ပြသရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ၏မျက်လုံးများနှင့် စကားလုံးများတွင်မူ သူ့အပေါ်ထားရှိသော အချစ်ကို အနည်းငယ် သစ္စာဖောက်နေပေသည်။
“ရထားပေါ်က မဆင်းနဲ့၊ ခင်ဗျားတို့ ဝါးမြိုခံရလိမ့်မယ်”
စီနျန်တစ်ယောက်သာ အပြင်ဘက်ကို မြင်နိုင်ပြီး ထူးထူးခြားခြား သတ္တိရှိစွာဖြင့် ဟန့်တားလိုက်သည်။
“ရထားပေါ်မှာပဲ ဆက်နေရင် အသက်ရှင်နိုင်ဦးမယ်၊ ဆင်းလိုက်တာနဲ့ သွားပြီပဲ၊ ပလက်ဖောင်းက ညာဘက်မှာ မဟုတ်ဘူး”
အန်းလွမ်က စီနျန်၏ စကားများကို လျစ်လျူရှုထားသည်။ သူ့စီနီယာအစ်ကိုကို သတ်ပြီးနောက် သူသည် အနည်းငယ် ပင်ပန်းနေပုံရသည်။သူက သူ့ဇနီးကို ကြည့်၍ မေးလိုက်သည်။
“ငါတို့ ဘယ်သွားကြမှာလဲ”
“အိမ်ပြန်ကြမယ်”
ထိုအမျိုးသမီးသည် သူမ၏သမီးနှင့် အန်းလွမ်၏ လက်တို့ကို ဆွဲ၍ ရထားပေါ်မှ ဆင်းရန် ပြင်လိုက်သည်။
“သေချင်ယောင်ဆောင်မနေနဲ့၊ ဟိုဘက်ကို သွား၊ သူ့ကို တားစမ်း၊ သူ့ကို တား”
စီနျန်က သူ့ဘေးမှ ဓမ္မဆရာကို ကန်လိုက်ပြီး ကောင်းမင်ကို အော်ဟစ်လိုက်သည်။
အနီးဆုံးတွင် ရှိနေသော ကောင်းမင်သည် သွေးများနှင့် အညစ်အကြေးများမှ ပေးသော နာကျင်မှုကို ခံစားနေရသည်။ သူ လက်ဆန့်၍ အန်းလွမ်၏ သမီးဖြစ်သူကို လှမ်းဆွဲလိုက်ပြီး ညာဘက်တံခါး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ပိန်းပိတ်အောင်မှောင်သောသော အမှောင်ထု။ သန့်စင်သော အမှောင်ထုပင်။
ဤအေးစက်သော ခံစားချက်က သူ့ကို မြေအောက် ရေနုတ်မြောင်းကွန်ရက်အလယ်ဗဟိုရှိ နက်ရှိုင်းလှသော ရေကန်ကြီးကို သတိရစေသည်။
မှန်ပေသည်၊ အတိအကျပင် တူညီလှသည်။
မြေအောက် ရေနုတ်မြောင်းကွန်ရက်ရှိ နက်ရှိုင်းသော ရေကန်ကြီးသည် မြို့တော်တစ်ခုလုံး၏ အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေပြီး စွန့်ပစ်ထားသမျှ အရာအားလုံးကို သိုလှောင်ထားခြင်းဖြစ်သည်။ ဤစွန့်ပစ်ထားသော မြေအောက်ရထားဘူတာ၏ နောက်ဆုံးဘူတာတွင် မည်သည့်အရာများ စုစည်းနေသနည်း။
အဖြေရှာနိုင်ရန်အတွက် ကောင်းမင်သည် သူ၏ တားမြစ်နယ်မြေရှုထောင့်ကို ဖွင့်လိုက်သည်။ လီဆန်းစီ၏ မျက်နှာက ရထားပြတင်းပေါက်တွင် ပေါ်လာပြီး ပို၍ ပို၍ နီးကပ်လာကာ ပတ်ဝန်းကျင်ရှိ အမှောင်ထုကို လောဘတကြီး စုပ်ယူလိုက်သည်။
“ငါ့လိုလူတစ်ယောက်ရဲ့ အနံ့ကို ရနေတယ်၊ ဒီနေရာမှာ အမှောင်ထုရဲ့ ရွေးချယ်ခံရတဲ့ နောက်ထပ် ကံကောင်းတဲ့သူ တစ်ယောက် ရှိနေသေးတာပဲ၊ ဒါပေမဲ့ သူက ငါ့ထက်တောင် ပိုနက်နက်ရှိုင်းရှိုင်း ကျဆင်းနေတာ၊ သူ့နှလုံးသားက ငါ့ထက် အများကြီး ရုပ်ဆိုးတယ်”
မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကောင်းမင်၏ မြင်ကွင်းရှိ အမှောင်ထုမှာ လှိုင်းတံပိုးများကဲ့သို့ ထကြွနေခဲ့သည်။ မြို့တော်၏ အပေါ်ယံမှသည် မြေအောက်အထိ သွယ်တန်းထားသော ရထားလမ်းကွန်ရက်များကို သူ မြင်တွေ့လိုက်ရသည်။ ထိုသံချေးတက်နေသော ရထားလမ်းများတွင် အရိုးအပိုင်းအစများနှင့် သွေးများ စွန်းထင်နေပေသည်။ တစ်ခုချင်းစီသည် သည်းမခံနိုင်လောက်အောင် နာကျင်ရသော ဘဝတစ်ခုစီကို ကိုယ်စားပြုနေသကဲ့သို့ အလျှော့မပေးတတ်သော စွဲလမ်းမှု တစ်ခုစီကိုလည်း ဖော်ပြနေသည်။
မရေမတွက်နိုင်သော ရထားလမ်းများက နောက်ဆုံးတွင် တစ်နေရာတည်းသို့ စုဆုံသွားကြသည်။ ဘဝ၏ ရထားလမ်းများမှာ ချည်နှောင်ထားသော ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားပြီး အမှောင်ထုထဲတွင် အမြစ်တွယ်ကာ တွန့်လိမ်စုဆုံနေပြီး အနားသို့ ချဉ်းကပ်လာသူတိုင်းကို ဝါးမြိုရန် ပြင်ဆင်နေခဲ့သည်။
“သွားကြစို့၊ အိမ်ပြန်ကြမယ်”
ထိုအမျိုးသမီးက ထပ်မံ တိုက်တွန်းလိုက်သည်။ အန်းလွမ် တဖြည်းဖြည်း လှည့်လာသည်။ ထိုအရာအားလုံးသည် ယခင်က အမှန်တကယ် ဖြစ်ပျက်ခဲ့ဖူးသည့်အလား ပြန်ပြင်၍ မရနိုင်တော့ပေ။
“သူတို့ကို တား၊ ရထားပေါ်က အဆင်းမခံနဲ့၊ ငါတို့က အန်းလွမ် ဖန်တီးထားတဲ့ ရထားပေါ်မှာ ရှိနေတာ၊ သူ ထွက်သွားရင် ငါတို့လည်း လိုက်သွားရလိမ့်မယ်၊ ငါတို့ အမှောင်ထဲက အဲ့ဒီအရာရဲ့ ဝါးမြိုတာကို ခံရလိမ့်မယ်၊ ဘယ်တော့မှ ပြန်ထွက်လာလို့ မရတော့ဘူး၊ သေစမ်း၊ ဒါက သာမန် တားမြစ်နယ်မြေ မဟုတ်ဘူး၊ တားမြစ်နယ်မြေအများကြီး ပေါင်းစည်းထားတာပဲ”
စီနျန်က အော်ဟစ်လိုက်သည်။ သူ စကားပြောပြီးသည်နှင့် ကောင်းမင်က ကောင်မလေး၏ လက်အား တဖြည်းဖြည်း လွှတ်ပေးလိုက်သည်ကို မြင်လိုက်ရသည်။
“***…မင်းက ငါ့ကို တမင်သက်သက် ဆန့်ကျင်နေတာလားကွ”
အမြဲတမ်း အိပ်ငိုက်နေတတ်သော ထိုကလေးသည် ကောင်းမင်၏ အသင်းဖော်ဖြစ်လာပြီးနောက် စိတ်မတည်ငြိမ်သော အရူးလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားရသည်။ သူသည် ကောင်းမင်၏ လုပ်ရပ်ကို လုံးဝ နားမလည်နိုင်တော့ပေ။
အမှန်တကယ်တွင် ကောင်းမင်သည် စီနျန်ကို တမင်ဆန့်ကျင်နေခြင်း မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ သူ တားမြစ်နယ်မြေ ရှုထောင့်ကို ဖွင့်လိုက်ပြီးနောက်တွင် ဘဝ၏ ရထားလမ်းများအပြင် အမှောင်ထုထဲတွင် အပုံလိုက်ရှိနေသော မွေးနေ့ကိတ်မုန့်များကိုလည်း မြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။
ကိတ်မုန့်တစ်ခု ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း ဤမျှလောက် များပြားသော ကိတ်မုန့်များ ပေါ်လာခြင်းက ကောင်းမင်ကို နောက်ထပ် အိပ်မက်သရဲ တစ်ကောင်ဖြစ်သည့် တစ္ဆေဆုတောင်း(ကွေ့ယွမ်) ကို သတိရသွားစေသည်။
ကောင်းမင်သည် အန်းလွမ်က ကိတ်မုန့်များနှင့်အတူ ရထားပေါ်တွင် ပေါ်လာကတည်းက တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိခဲ့သည်။
အမှောင်မြို့တော်ရှိ လူသားများသည် သူတို့၏ စွဲလမ်းမှုများကြောင့် လက်မလွှတ်နိုင်ကြဘဲ ဘဝရထားပေါ်တွင် အနက်ရှိုင်းဆုံးအမှောင်ထုထဲသို့ ကျဆင်းသွားကြသည်။ ကွေ့ယွမ်သည် သူ့စွမ်းအားများကို သုံး၍ ထိုမြို့သူမြို့သားများ၏ မှတ်ဉာဏ်များအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ တစ်စုံတစ်ခုကို ခိုးယူနေပုံရသည်။
***