ဟန်ဟိုင်းမှ အိပ်မက်သရဲသုံးကောင်ဖြစ်သည့် ကောင်းမင်၊ ယန်ရှီကျီး နှင့် ကွေ့ယွမ်တို့သည် ကိုယ်ပိုင်စွမ်းရည်အသီးသီး ရှိကြပြီး သူတို့၏ အမှောင်မြို့တော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပုံချင်းလည်း မတူညီကြပေ။
ယင်းသည် ကောင်းမင်အနေဖြင့် ကွေ့ယွမ်၏ တည်ရှိမှုကို ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။
“ငါ အသက် ခုနစ်နှစ်မတိုင်ခင်အထိ ဘဝက ဘာလို့ ဒီလောက်ထိ ချောချောမွေ့မွေ့ ဖြစ်နေတာလဲဆိုတာ အံ့သြစရာမရှိတော့ဘူး၊ ဘေးဒုက္ခတွေအားလုံးက မင်းကြောင့် ဖြစ်နေတာကိုး”
စီနျန်က ကောင်းမင်ကို အရှေ့ဘက်သွားရန် ပြောသော်လည်း ကောင်းမင်က အနောက်ဘက်သို့သာ ဇွတ်သွားနေသည်။ ထိုကလေး၏ စိတ်ဓာတ်မှာ လုံးဝ ပြိုလဲသွားပြီဖြစ်သော်လည်း သူသည် သာမန်လူတော့ မဟုတ်ပေ။ ယခုအချိန်အထိ သူသည် သူ့ကိုယ်သူ ကယ်တင်ရန် လက်မလျှော့သေးချေ။ သူသည် သူ၏ ဝတ်ရုံဖြူအောက်မှ ဒုက္ခသည်များ၏ မျက်ရည်များ ပါဝင်သည်ဟု ယူဆရသော ပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။
စီနျန်သည် သူ့ကို ကာကွယ်ရန် ကြိုးစားနေသော ဓမ္မဆရာကို တွန်းဖယ်လိုက်ပြီး ပုလင်းကိုဖွင့်ကာ မျက်ရည်များအားလုံးကို သူ့ကိုယ်ပေါ်သို့ လောင်းချလိုက်သည်။
အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး စီနျန်၏ အဝတ်အစားများပေါ်သို့ တိတ်တဆိတ် စိမ့်ဝင်နေသော တားမြစ်မှတ်ဉာဏ်များ ပျောက်ကွယ်သွားသည်။ သူသည် မျက်လုံးနှင့် တူသော ဖြူဝင်းနေသည့် ဆေးလုံးနှစ်လုံးပါသည့် လက်ရာမြောက်သေတ္တာငယ်လေးကို ပြတ်သားစွာ ထုတ်ယူလိုက်သည်။ ထိုဆေးလုံးများမှ ထွက်ပေါ်လာသော အရှိန်အဝါသည် တားမြစ်ပုလင်းထဲရှိ မျက်လုံးများနှင့် အလွန်ဆင်တူကြောင်း ကောင်းမင် သတိထားမိလိုက်သည်။
ဆေးလုံးနှစ်လုံး ရှိသော်လည်း စီနျန်သည် ကောင်းမင် သို့မဟုတ် ဓမ္မဆရာနှင့် ဝေမျှရန် စိတ်ကူးမရှိဘဲ ဆေးလုံးတစ်လုံးကို တိုက်ရိုက် မျိုချလိုက်သည်။ ကျန်တစ်လုံးကိုမူ သူ့လက်ထဲတွင် တင်းတင်း ဆုပ်ကိုင်ထား၏။
မြေအောက်ရထား တစ်ခုလုံးက ပြောင်းလဲမှုများ ဖြစ်ပေါ်နေသော်လည်း စီနျန်မှာမူ မည်သို့မျှ သက်ရောက်မှု မရှိပေ။ သူ့ခန္ဓာကိုယ်သည် လက်တွေ့လောကသို့ အတင်းအကျပ် ပြန်သွားနေသည့်အလား တဖြည်းဖြည်း မှေးမှိန်လာတော့သည်။
သူ၏ မျက်စိသူငယ်အိမ် သုံးခုလုံးမှ သွေးများ စီးကျလာပြီး စီနျန်၏ မျက်နှာမှာ ပို၍ပို၍ ကြောက်စရာကောင်းလာလေသည်။ သူသည် ကျန်ဆေးလုံးကိုလည်း ထပ်မံ မျိုချလိုက်ပြန်သည်။ သူ၏ ခန္ဓာကိုယ်က လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်နေချိန်တွင် အန်းလွမ်ကိုယ်ပေါ်မှ ထွက်ပေါ်လာသော လူသေခြေလက်များမှာ စီနျန်ဆီသို့ တွားသွားလာကြသည်။ လူသေများ၏ လက်ချောင်းများသည် အသားစားကင်းခြေများများကဲ့သို့ စီနျန်ကို ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဖမ်းဆုပ်လိုက်သဖြင့် သူ၏ ဖြူစင်သော အဝတ်အစားများမှာ နောက်တစ်ကြိမ် အမှောင်ထု စွန်းထင်သွားရပြန်သည်။
“ယုတ်မာလိုက်တာ၊ ယုတ်မာလိုက်တာ ၊ မင်းကို ရန်စခဲ့တာ လီဆန်းစီလေ၊ ငါက ဘေးက ကြည့်နေတဲ့သူပဲ၊ မင်း တားမြစ်နယ်မြေရဲ့ စည်းကမ်းတွေကို ချိုးဖောက်လိုက်ပြီ၊ အန်းလွမ်… မင်း သေရင်တောင် ကောင်းကောင်း သေရမှာ မဟုတ်ဘူး”
ကလေးသံက စူးရှသွားပြီး စီနျန်၏ မျက်စိသူငယ်အိမ်သုံးခုအနက် နှစ်ခုမှာ လုံးဝ နက်မှောင်သွား၏။ သူ၏ မျက်တွင်းထဲတွင် အနက်ရောင်လိုင်းများ ချက်ချင်း ပြည့်နှက်သွားသည်။
အန်းလွမ်က ကြိုတင်စီစဉ်ထားသော သူ့ထွက်ပေါက်ကို ပိတ်ဆို့ထားသဖြင့် စီနျန်မှာ အလွန်ဒေါသထွက်သွားရသည်။ သူသည် စိတ်လွတ်သွားပုံရပြီး အန်းလွမ်ကို စတင် တိုက်ခိုက်တော့သည်။
“ရထားပေါ်က မဆင်းနဲ့၊ မင်းဒီလို ဖြစ်လာတာ မြို့တော်ကောင်စီပြောခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ယုံခဲ့လို့ပဲ၊ မင်းက အတ္တကြီးတဲ့ တိရစ္ဆာန်ကောင်ပဲ၊ တခြားသူတွေအကြောင်းလည်း ပြန်စဉ်းစားဦး”
အန်းလွမ် ရထားပေါ်မှ မဆင်းနိုင်စေရန် စီနျန်သည် အလွန်အမင်းပြင်းထန်သော ရန်လိုမှုကို ပြသနေသည်။
“မင်းမှာ ဒီလောက်အထိ ဘာနာကျင်စရာရှိလို့လဲ၊ မင်းလို ငကြောက်ကောင်က ဆရာသာ မကယ်ခဲ့ရင်၊ တခြားလူတွေရဲ့ အသွေးအသားတွေနဲ့သာ အားမဖြည့်ခဲ့ရရင် ဆင်းရဲသားရပ်ကွက်ထဲမှာ ခွေးသေတစ်ကောင်လို လှဲနေရမှာပဲ၊ သူက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးပြီး ဘဝသစ်တစ်ခု ရဖို့ အခွင့်အရေး ပေးခဲ့တာ၊ အခု မင်းကိုယ်တိုင် မင်းကံကြမ္မာကို ထိန်းချုပ်နိုင်လာတော့မှ ဆရာ့စကားကို နားမထောင်တော့ဘဲ လူသားဆန်တဲ့ ကိုယ်ကျင့်တရားတွေကို တောင်းဆိုနေတာလား”
“မင်းက ကြီးပြင်းလာလို့၊ အိမ်ထောင်ကျသွားလို့ ဇနီးနဲ့ သမီးကို စိုးရိမ်တတ်လာပြီပေါ့”
“မင်း မျက်နှာကို မှန်ထဲပြန်ကြည့်လိုက်စမ်း၊ ဆရာသာမရှိရင် မင်းက နံစော်နေတဲ့ ကြွက်တစ်ကောင်ပဲ၊ ဆင်းရဲသားရပ်ကွက်ထဲမှာ သေနေတာ ကြာလှပြီ၊ မင်းက ဆရာ့အသားတွေကို စားပြီး ကြီးပြင်းလာတာ၊ မင်းဘဝကို ဆရာက ပေးခဲ့တာ၊ မင်း သူ့ကို ပြန်ကျေးဇူးဆပ်ရမှာကွ”
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ကောင်းမင်သည်လည်း အနည်းငယ် အံ့သြသွားသည်။ အကယ်၍ ကျန်းယန်သာ စီနျန်၏ စကားပြောစွမ်းရည် တစ်ဝက်ခန့် ရှိခဲ့မည်ဆိုပါက အန်းလွမ်သည် အချိန်အတော်ကြာ တုံ့ဆိုင်းနေဦးမည် ဖြစ်သည်။
ရထားတံခါးဝတွင် ရပ်နေသော အန်းလွမ်သည် စီနျန်၏ စကားများကို နားထောင်နေခဲ့သည်။ သူသည် ပြန်လည် ငြင်းခုံခြင်း မပြုပေ။ အစော်ကားခံရခြင်းသည် သူ့ဘဝတွင် အသေးငယ်ဆုံးသော နာကျင်မှုတစ်ခုသာ ဖြစ်သည့်အလားပင်။
အန်းလွမ်က သူ့ဇနီးနှင့် သမီးဖြစ်သူ၏ လက်များကို ဆွဲ၍ ရထားပေါ်မှ ဆင်းသွားခဲ့သည်။ သူ ထိုသို့ ဆုံးဖြတ်လိုက်သည်နှင့် ဘဝရထားတစ်ခုလုံးရှိ ခရီးသည်များနှင့် ပစ္စည်းများအားလုံးသည် သူ့ကျောပြင်ဆီသို့ စုပြုံတိုးဝင်လာကြသည်။ ရထားတွဲတစ်ခုချင်းစီမှာ သူ၏ ဘဝအတွေ့အကြုံများသာ ဖြစ်၍ အရာအားလုံး ပေါင်းစည်းသွားမှသာ သူသည် ပြည့်စုံသော လူတစ်ယောက် ဖြစ်လာခြင်း ဖြစ်သည်။
“ချီးပဲ၊ ငါတို့လည်း ဆင်းကြမယ်၊ မဟုတ်ရင် သူက ငါတို့အားလုံးကို ဝါးမြိုပစ်လိမ့်မယ်၊ အဲ့ဒီ အန်းလွမ် လူယုတ်မာကောင်”
စီနျန်က ဆဲဆိုရင်း ဓမ္မဆရာ၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ အန်းလွမ်နှင့် သူ့မိသားစုတို့ မထွက်ခွာမီ သူတို့က ကောင်းမင်ကို ရထားပေါ်မှ ဆွဲထုတ်လိုက်ကြသည်။
ပလက်ဖောင်းသို့ ရောက်သောအခါ သူတို့သည် ၎င်းမှာ အန်းလွမ်ဘဝ၏ နောက်ဆုံးဘူတာသာမက အမှောင်မြို့တော်တစ်ခုလုံးရှိ မြေအောက်ရထား လမ်းကြောင်းအားလုံး၏ နောက်ဆုံးဘူတာလည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မရေမတွက်နိုင်သည့် ကျဆုံးသွားသော ဘဝပေါင်းများစွာမှာ ဤနေရာတွင် ဆုံစည်းနေကြသည်။ ရထားလမ်းများသည် ၎င်းကိုယ်တိုင် အမှောင်ထု ဖြစ်နေသည့်အလား တွန့်လိမ်လျက်ရှိပြီး အမှောင်ထု၏ ဗဟိုချက်တွင် ကြောက်စရာကောင်းသော မကောင်းဆိုးဝါးကြီးတစ်ကောင်အဖြစ် ပုံပေါ်နေခဲ့သည်။
ဤနောက်ဆုံးဘူတာသည် ကောင်းမင်အတွက် မြေအောက် ရေနုတ်မြောင်းကွန်ရက်၏ ဗဟိုရှိ နက်ရှိုင်းသော ရေကန်ကြီးနှင့် ဆင်တူသော်လည်း အနည်းငယ်တော့ ကွာခြားမှု ရှိသည်။
ရေကန်ဘေးတွင် ရပ်နေစဉ်က သူ၏ မပြည့်စုံသော သွေးမြို့တော်တက်တူးသည် တစ်စုံတစ်ခု၏ ဖိနှိပ်ခြင်းခံလိုက်ရပြီး သူ့အတွင်းရှိ ဆိုးယုတ်မှုများက နှိုးဆွခံလိုက်ရခြင်းဖြစ်သည်။ သူသည် ပြန်ခုခံရန်ပင် စိတ်မကူးနိုင်တော့ဘဲ ထွက်ပြေးရန်သာ စဉ်းစားမိခဲ့သည်။ ရေအိုင်ထဲရှိ အရာကြီးကို မနှောင့်ယှက်ချင်ခဲ့ပေ။ ယခု နောက်ဆုံးဘူတာအနီးတွင်မူ သွေးမြို့တော်တက်တူးမှာ ပုံမှန်အတိုင်း အလုပ်လုပ်နေပြီး လုံးဝ ဖိနှိပ်မခံရပေ။ မြေအောက်ရထား နောက်ဆုံးဘူတာတွင် ရှိနေသင့်သော ကြောက်မက်ဖွယ်ဖြစ်တည်မှုက ထွက်ခွာသွားပြီ ဖြစ်ပုံရသည်။
“ငါ အခုပြောမယ့်စကားကို မင်းတို့ နှစ်ယောက်လုံး မှတ်ထားရမယ်၊ အထူးသဖြင့် မင်းပဲ”
ဓမ္မဆရာ၏ ကျောပေါ်တွင် တွယ်ကပ်နေသော စီနျန်က သူ၏လက်ညှိုးလေးဖြင့် ကောင်းမင်ကို ညွှန်ကာ ပြောလိုက်သည်။
“ငါတို့ အခု အမှောင်ထုရဲ့ အဆုံးသတ်ကို ရောက်နေပြီ”
“အမှောင်ထုရဲ့ အဆုံးသတ်မှာ ဘာရှိလို့လဲ”
“အရင်ဆုံး ငါပြောတာကို နားထောင်ဦး”
စီနျန်မှာ ကောင်းမင်ကို လည်ပင်းညစ်ချင်နေမိသည်။
“ငါ့ရဲ့ ဒီမျက်လုံးတွေက မမြင်သင့်တဲ့အရာတွေ အများကြီး မြင်ခဲ့ဖူးတယ်၊ မျက်နှာပြင်ပေါ်က မြို့ကြီးရဲ့ ရည်ရွယ်ချက်က အမှောင်ထုကို အစာကျွေးဖို့ပဲ၊ မုန်းတီးမှုတွေ၊ နာကျင်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ အားလုံးက နောက်ဆုံး အမှောင်ထုရဲ့ အဆုံးသတ်ကိုပဲ စီးဝင်သွားကြတာ၊ အမှောင်ထုရဲ့ အဆုံးသတ်မှာ ဘာရှိလဲဆိုတာ ငါမသိဘူး၊ အဲ့ဒါက ငါနားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ်၊ အဲ့ဒါက နတ်ဘုရားတွေပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ နတ်ဘုရားတွေက ဘာလို့ ဒီလောက်အထိ ရက်စက်နေရတာလဲဆိုတာ ငါနားမလည်ဘူး”
“ဒါဆို ငါတို့က အခု မြို့တော်ရဲ့ အရေးကြီးဆုံး လျှို့ဝှက်ချက်နဲ့ ထိတွေ့မိနေတာပေါ့”
ကောင်းမင်၏ မျက်လုံးများက ဟိုကြည့်သည်ကြည့် လုပ်နေသည်။
“မြို့တော်ကောင်စီခန်းမက နတ်ဘုရားတွေကို အစာကျွေးဖို့ တာဝန်ယူထားတာ မဟုတ်လား”
“ဟုတ်တယ်၊ သူတို့က ဘာမဆို လုပ်ကြမှာပဲ၊ ဒါပေမဲ့ သူတို့က အုပ်စုပေါင်းစုံ ကွဲနေကြတာ၊ တစ်ခုတည်း မဟုတ်ဘူး”
စီနျန်က သူ့လက်သီးကို တင်းကျပ်စွာဆုပ်လိုက်သည်။
“တခြားဟာတွေ ထပ်မပြောနဲ့တော့! ငါပြောချင်တာက ငါတို့ ဒီပုံပျက်နေတဲ့ ရထားလမ်းတွေနဲ့ ဝေးဝေးမှာ နေရမယ်၊ ဒီကို လာနေတဲ့ ဘဝရထားတစ်စင်းကို ရှာပြီး အဲ့ဒီရထား ဝါးမြိုမခံရအောင် တားရမယ်၊ ပြီးရင် အဲ့ဒီရထားကို စီးပြီး ငါတို့ ထွက်သွားကြမယ်”
စီနျန်၏ မျက်နှာသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော်လည်း သူ့မျက်လုံးများမှာမူ ခိုင်မာနေခဲ့သည်။
“ဒီဖြစ်စဉ်က အရမ်းကြာလိမ့်မယ်၊ ရက်သတ္တပတ်တွေ ဒါမှမဟုတ် လနဲ့ချီပြီးတောင် ကြာနိုင်တယ်၊ အဲ့ဒီအချိန်အတွင်းမှာ ငါတို့ လုံးဝစိတ်ဓာတ် မကျရဘူး၊ ပြီးတော့ သိချင်စိတ်နဲ့ ပိုနက်ရှိုင်းတဲ့ အမှောင်ထုထဲကို လုံးဝ မသွားရဘူး”
ပုံမှန်အားဖြင့် ဘယ်သူကမှ အမှောင်ထုထဲကို အရူးတစ်ယောက်လို လိုက်စူးစမ်းမှာ မဟုတ်ပေ။ သို့သော်လည်း စီနျန်သည် ကောင်းမင်ကို အမှန်တကယ် စိုးရိမ်နေသဖြင့် ဤသို့ အထူးတလည် မှာကြားနေရခြင်း ဖြစ်သည်။
“ဒီလောက်တောင် ကြာမှာလား”
ကောင်းမင်က သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“တခြား ထွက်သွားလို့ရမယ့် နည်းလမ်းရော မရှိတော့ဘူးလား”
“*%&#... ငါတို့ အခုလို ဖြစ်နေတာ မင်းအမှားကြောင့် မဟုတ်ဘူးလား”
စီနျန်က ထပ်ဆဲချင်နေသော်လည်း ကောင်းမင်ကမူ အန်းလွမ်နှင့် အမှောင်ထဲတွင် စွန့်ပစ်ထားသော ကိတ်မုန့်များဆီသို့ လှည့်ကြည့်နေပြီ ဖြစ်သည်။
“ဖေဖေ... ဒါက သမီးတို့ရဲ့ အိမ်အသစ်လား”
ကောင်မလေး၏ အသံမှာ အမှောင်ထုထဲတွင် အတော်ဝေးဝေးသို့ ပျံ့လွင့်သွားသည်။ ကြည်လင်သာယာလှသော ထိုအသံလေးသည် စီနျန်၏ အသံထက် များစွာ ပိုနားထောင်ကောင်းလှသည်။
ဘဝရထားက ၎င်း၏ မူလပုံစံကို ထုတ်ဖော်ပြသလာသည်။၎င်းမှာ အန်းလွမ်၏ ကျောပြင်မှ ဆန့်ထွက်လာသော တွန့်လိမ်နေသည့် သွေးနီရောင် လောက်ကောင်ကြီး တစ်ကောင်ပင် ဖြစ်သည်။ ၎င်း နောက်ဆုံးပန်းတိုင်သို့ ရောက်လာသည်နှင့်အမျှ လောက်ကောင်ကြီး၏ခန္ဓာကိုယ်ပေါ်မှ လူသားမျက်နှာများ ပေါ်ထွက်လာကြသည်။ထိုလူများသည် အန်းလွမ် သတ်ခဲ့သမျှ သို့မဟုတ် ဝါးမြိုခဲ့သမျှ လူများပင် ဖြစ်သည်။ သူတို့မှာ ကျားရိုးစွပ်ပြုတ်အတွက် ပါဝင်ပစ္စည်းများဖြစ်ခဲ့ပြီး အန်းလွမ်၏ သိုင်းပညာစွမ်းအား၏ အစိတ်အပိုင်းများ ဖြစ်ခဲ့ကြသည်။
***