ဘယ်သောအခါမှ နေရောင်ခြည် မရောက်ရှိနိုင်သည့် နက်ရှိုင်းလှသော မြေအောက်ကမ္ဘာကြီးတွင် ဘဝရထားလမ်းများသည် တွန့်လိမ်ပုံပျက်ကာ ဖျက်ဆီးမရသော သက်ရှိအရာတစ်ခုအဖြစ် ဆုံစည်းနေကြသည်။ ၎င်းမှာ မြို့တော်၏ မုန်းတီးမှုနှလုံးသားအလား တုန်ခါကျုံ့ဆန့်နေပြီး အနက်ရောင် အခိုးအငွေ့များကို မှုတ်ထုတ်နေပေးသည်။
ဤနေရာသို့ ဦးတည်လာသော အခြားရထားများနှင့် နှိုင်းယှဉ်လျှင် အန်းလွမ်၏ နောက်ကျောရှိ သွေးနီရောင်ရထားကြီးမှာ သိသိသာသာ ထင်ရှားနေပေသည်။ သူသည် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ဝါးမြိုစားသောက်ခဲ့ကာ ဒုက္ခပေးခဲ့သည် မဟုတ်ပါလား။
ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူ၏ သိုင်းဆရာ ‘ကူညီမှု’ ဖြင့် သူသည် ငယ်စဉ်ကတည်းက အခြားသူများ၏ဘဝနှင့် ပျော်ရွှင်မှုများကို လုယူဖျက်ဆီးခဲ့သည်။ ထိုကမ္မဝန်ထုပ်များက သူ့တွင် တင်းတင်းကြပ်ကြပ် တွယ်ကပ်နေခဲ့ပြီ ဖြစ်သည်။
“ဖေဖေ... ဒါက သမီးတို့ရဲ့ အိမ်အသစ်လား”
ကောင်မလေးက ထပ်မံ မေးမြန်းလိုက်သည်။ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေပြီဖြစ်သော အန်းလွမ်သည် ပလက်ဖောင်းပေါ်တွင် မှင်တက်လျက် ရပ်နေရင်း အမှောင်ထဲရှိ အရာအားလုံးကို ငေးကြည့်နေမိသည်။
သူသည် သူ့ဇနီးကို ရွေးချယ်၍ ညာဘက်တံခါးမှ ဆင်းလာခဲ့သော်လည်း နောက်ဆုံးရလဒ်မှာ ဤကဲ့သို့ ညစ်ပတ်ရုပ်ဆိုးသော နေရာတစ်ခု ဖြစ်နေခဲ့သည်။
အမှောင်ထု၏ ဝါးမြိုခံထားရသော ရထားလမ်းများသည် ပင်လယ်မကောင်းဆိုးဝါးကြီး၏ လက်တံများအလား အန်းလွမ်၏ ခန္ဓာကိုယ်ကို ပတ်ယှက်လိုက်ကြပြီး သူ့ကိုရော သူ့နောက်ကျောရှိ သွေးနီရောင်ရထားကိုပါ အမှောင်ထု၏ အနက်ရှိုင်းဆုံးဆီသို့ ဆွဲခေါ်သွားကြသည်။
“ငါ တစ်ခုခုကို မှတ်မိနေသလိုပဲ”
အန်းလွမ်၏ ကြီးမားလှသော ခန္ဓာကိုယ်သည် တွန့်လိမ်နေသည့် သက်ရှိအရာကြီးဆီသို့ လျောကျသွား၏။ ဘဝလမ်းကြောင်းပေါင်းများစွာက သူ့ခန္ဓာကိုယ်ကို ပတ်ယှက်ကာ သူ့ဘဝတစ်လျှောက်လုံးမှ နာကျင်မှုများကို လောဘတကြီး စုပ်ယူနေကြသည်။
လူမျက်နှာများပေါ်တွင် မုန်းတီးမှုများ ပေါ်ပေါက်လာသည်။ ထိုလူမျက်နှာများသည် အမှောင်ထုကို မုန်းတီးနေခြင်း မဟုတ်ဘဲ အန်းလွမ်ကို မုန်းတီးနေကြခြင်း ဖြစ်သည်။
အန်းလွမ်က ကမ္မဝန်ထုပ်ကို ထမ်းပိုးထားရချိန်တွင် အမှောင်ထဲရှိ မကောင်းဆိုးဝါးများက ထိုမုန်းတီးမှုများမှတစ်ဆင့် စွမ်းအားများကို ခိုးယူနေကြခြင်း ဖြစ်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် အန်းလွမ်၏ ခန္ဓာကိုယ်သည် အမှောင်ထဲရှိ သက်ရှိအရာကြီးနှင့် စတင် ပေါင်းစည်းသွားတော့သည်။ ဇနီးဖြစ်သူက သူ့လက်ကို ဆွဲ၍ ဘေးမှ တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူမသည် အန်းလွမ်နှင့်အတူ နောက်ဆုံးရလဒ်ကို ရင်ဆိုင်ရန် ပြင်ဆင်ထားပုံရသော်လည်း ဤတစ်ကြိမ်တွင်မူ အန်းလွမ်သည် သူမကို ကြည့်မနေတော့ဘဲ သူ့သမီးလေးကိုသာ စိုက်ကြည့်နေမိသည်။
ထိုဖြူစင်ရိုးသားသော မျက်နှာလေးသည် သူ့ကိုယ်ပိုင်ဘဝ၏ ဆက်နွယ်မှုတစ်ခု ဖြစ်သည်။ သူမကို မြင်ရသည်က သူ့ကို ပျော်ရွှင်စေပြီး ပေးဆပ်ခဲ့ရသမျှ အရာအားလုံး တန်ဖိုးရှိသည်ဟု ခံစားရစေသည်။
ကောင်မလေး၏ မျက်နှာတွင် မျက်နှာအင်္ဂါရပ်များ မရှိချေ။ သူမထံမှ နို့ရနံ့သင်းသင်းလေး ထွက်ပေါ်နေသော်လည်း၊ တွန့်လိမ်နေသည့် သက်ရှိအရာကြီးဆီသို့ သူမ ချဉ်းကပ်သွားသည်နှင့် သူမ၏ အဝတ်အစားများပေါ်တွင် သွေးစွန်းကွက်များ ပေါ်လာလေသည်။ သူမ၏ မျက်နှာအမူအရာမှာလည်း နာကျင်မှုများဖြင့် ပြည့်နှက်လာသည်။
“ဖေဖေ... သမီးကို... သတ်တော့မလို့လား”
သူမ၏ နုနယ်ကြည်လင်နေသော အသံလေးသည် အန်းလွမ်၏ နှလုံးသားကို အပ်နှင့် ထိုးသကဲ့သို့ နာကျင်စေသည်။
“ငါ မှတ်မိပြီ... ငါ့အဖေက ငါ့ကို သတ်ခဲ့တာကို ငါမှတ်မိပြီ၊ ဖေဖေက မြို့တော်ကောင်စီကို ယုံကြည်စိတ်ချရတယ် ထင်ပြီး ရွေးချယ်ခဲ့ပေမဲ့ သူတို့က ပိုဟန်ဆောင်ကောင်းကာ ကြောက်စရာ ကောင်းတဲ့သူတွေပဲ၊ ဖေဖေ့ကို ပိုအသုံးဝင်လာအောင် သိုင်းပညာ ဆဋ္ဌမနယ်ပယ်ကို ရောက်အောင် ကူညီပေးဖို့အတွက် သူတို့က ဖေဖေ့ကို အပြင်းထန်ဆုံး စိတ်လှုပ်ရှားမှုတွေ ပေးဖို့ လိုအပ်ခဲ့တယ်”
ကောင်မလေး၏ ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းသွားပြီး သူမ၏အသံတွင်လည်း ရှိုက်သံများ ပါဝင်လာတော့သည်။
“ကိုယ်အမြတ်နိုးဆုံး လူကို ကိုယ်တိုင်သတ်လိုက်ရတာထက် ပိုနာကျင်စရာကောင်းတာ ဘာမှမရှိဘူး၊ မြို့တော်ကောင်စီက ဒါက ထိရောက်မယ်ဆိုတာသိပေမဲ့ ဖေဖေ ထိန်းချုပ်မှု လွတ်သွားမှာကို စိုးရိမ်ခဲ့ကြတယ်၊ ဒါကြောင့် သူတို့က ဖေဖေ့ကို တားမြစ်နယ်မြေထဲကို လှည့်စားခေါ်လာခဲ့ပြီး ဖေဖေ အောင်မြင်သွားတဲ့အချိန်မှာ အမှောင်ထုရဲ့ အသိစိတ်က ဖေဖေ့နေရာမှာ အစားဝင်ဖို့ ပြင်ဆင်ထားခဲ့ကြတာ”
“ဖေဖေ... သမီးကို သတ်ခဲ့တာဟုတ်မဟုတ် သမီး မသိပါဘူး၊ သူက ဖေဖေနဲ့တူတဲ့ မျက်နှာ ရှိတယ်၊ သူက လက်ဆန့်လာပြီး သမီးရဲ့လည်ပင်းကို ညှစ်ခဲ့တယ်၊ တဖြည်းဖြည်းချင်း တင်းကျပ်လာအောင် ညှစ်ခဲ့တာ၊ သူက သမီးကို ချက်ချင်း မသတ်ဘဲ သမီးရဲ့ ရုန်းကန်နေတာကို အရသာခံပြီး သမီးမျက်နှာကို စိုက်ကြည့်နေခဲ့တာ”
ကောင်မလေး၏ စကားကို ကြားလိုက်ရသောအခါ အန်းလွမ်၏ ခန္ဓာကိုယ်ရှိ နှလုံးသားတိုင်းက ပြင်းထန်စွာ ဖောင်းကြွလာတော့သည်။ အရာအားလုံးကို လက်လျှော့၍ အမှောင်ထုနှင့် ပေါင်းစည်းရန် ပြင်ဆင်နေသည့် သူသည် အပြင်းအထန် စတင်ရုန်းကန်တော့သည်။
ယခုအချိန်၌ သူသည် လည်ပင်းညှစ်ခံထားရသော ကောင်မလေးကဲ့သို့ ဖြစ်နေလေသည်။ သူ့ခန္ဓာကိုယ်သည် အပြစ်များနှင့်ကမ္မများ ပြည့်နှက်နေသည့် ဘဝရထားလမ်းများဖြင့် ပတ်ယှက်ခံထားရပြီး မြို့တော်၏ မုန်းတီးမှုအားလုံးက ဤနေရာတွင် စုစည်းလာကြသည်။
မှတ်ဉာဏ်များ ပြန်လည်ရောက်ရှိလာသည်နှင့်အမျှ မှတ်ဉာဏ်သစ်တစ်ခုစီ ပြန်ပေါ်လာတိုင်း ကောင်မလေး၏ ခန္ဓာကိုယ်ပေါ်တွင် သွေးကွက်တစ်ခုစီ ထွက်ပေါ်လာလေသည်။
“မသွားပါနဲ့၊ တောင်းပန်ပါတယ်၊ မသွားပါနဲ့”
“ဖေဖေ သမီးကို သတ်ခဲ့တာလား”
“မဟုတ်ဘူး၊ ဖေဖေ မဟုတ်ဘူး၊ ဖေဖေက သမီးကို ဘယ်တော့မှ ဒုက္ခမပေးဘူး”
“ဒါပေမဲ့ အရင်တုန်းကလည်း ဖေဖေ ဒီလိုပဲ ပြောခဲ့တာပဲလေ”
မိန်းကလေး၏ လည်ပင်းတွင် ကြီးမားသော သွေးကွက်ကြီးတစ်ခု စွန်းထင်သွားပြီး ဖောင်းကြွနေသော အနီရောင်လက်ရာချောင်းများ ကျန်ရစ်ခဲ့သည်။ သူမ၏ သွယ်လျသော လည်ပင်းလေးမှာ ပုံပျက်လာပြီး ခေါင်းမှာလည်း အချိန်မရွေး ပြုတ်ကျတော့မည့်အလား ဖြစ်နေသည်။
အန်းလွမ်သည် သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ရူးသွပ်စွာ အသုံးပြုလိုက်သည်။ သူ လက်သီးတစ်ချက် ထိုးလိုက်တိုင်း သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့ကို ချည်နှောင်ထားသော ဘဝလမ်းကြောင်းများကို ဆွဲဖြဲပစ်နေသည်။ သူသည် သမီးဖြစ်သူကို ပွေ့ဖက်ချင်သော်လည်း သူ့ဘေးမှ အမျိုးသမီးက သူ့လက်မောင်းကို ဦးစွာ လှမ်းဆွဲလိုက်သည်။
“အန်းလွမ်... တခြားသူတွေကို ထပ်ပြီး ဒုက္ခမပေးပါနဲ့တော့၊ အိမ်ပြန်ကြရအောင်”
“ဒါဆို တခြားသူတွေကို ဒုက္ခမပေးမိဖို့ ငါ့သမီးကို ငါက စတေးရမှာလား၊ သေကြစမ်း၊ မင်းတို့ အားလုံး သေလိုက်ကြစမ်း၊ ငါ့သမီး သေသွားပြီ၊ မင်းတို့ အားလုံးလည်း သေရမယ်”
အန်းလွမ်က ရုန်းထွက်လိုက်သည်။ ထိုအမျိုးသမီး၏ မျက်လုံးများတွင် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း သူမသည် အန်းလွမ် ကာကွယ်ထားသော ကိတ်မုန့်ကို လုယူ၍ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ရိုက်ခွဲပစ်လိုက်သည်။
ကိတ်မုန့်နှင့်အတူ ကောင်မလေးမှာလည်း ကြေမွသွားခဲ့သည်။ သွေးများ စွန်းထင်နေသော သူမ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။ သူမဦးခေါင်း ပြုတ်ကျသွားချိန်တွင် သူမသည် နောက်ဆုံးအသံလေးဖြင့် အော်ဟစ်လိုက်သည်။
“သမီးရဲ့ ဖေဖေ အသိတရား ပြန်ရလာပြီး သူ့ကိုယ်သူ ပြန်ရှာတွေ့ပါစေလို့ ဆုတောင်းပါတယ်”
သူ့သမီး၏ အလောင်းမှ ထွက်ပေါ်လာသော သေးငယ်သောဆုတောင်းလေးမှာ ထူးဆန်းသော ပုံစံကွက်အဖြစ် ပြောင်းလဲသွားပြီး ပင့်ကူအိမ်တစ်ခုအလား အန်းလွမ်၏ ခန္ဓာကိုယ်ပေါ်သို့ တွယ်ကပ်သွားသည်။ သူသည် သမီးဖြစ်သူ အသတ်ခံလိုက်ရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည် မဟုတ်ပါလား။ သူ ပိုစိတ်လှုပ်ရှားကာ နာကျင်ရလေလေ ထိုဆုတောင်း၏ ပုံစံကွက်က ပိုနက်ရှိုင်းစွာ စွဲထင်လေလေ ဖြစ်သည်။
“မင်း...”
အန်းလွမ်သည် ဒေါသထွက်နေသော သားရဲတစ်ကောင်အလား နောက်လှည့်လာပြီး ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ ဆုတောင်းများဖြင့် ရက်လုပ်ထားသော ပုံစံကွက်များက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး သူသည် စွမ်းအားတစ်ခု၏ လွှမ်းမိုးခံလိုက်ရပုံရသည်။
“အန်းလွမ်... ကျွန်မတို့ အမှားတွေ အများကြီး လုပ်ခဲ့ပြီးပြီ၊ ဒါကို ဆက်မလုပ်နိုင်တော့ဘူး”
“မင်း ငါ့သမီးကို သတ်လိုက်တာ”
အန်းလွမ်၏ လက်များက တုန်ယင်နေပြီး လက်ချောင်းများ ကျုံ့သွားသည်။သူသည် အလွန်အမင်း ရူးသွပ်နေသော စိတ်ဖြင့် ထိုအမျိုးသမီး၏ လည်ပင်းကို ညှစ်လိုက်သည်။
အန္တရာယ်ကို သတိပြုမိလိုက်သဖြင့် ထိုအမျိုးသမီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူမသည် သက်ပြင်းချလိုက်ပြီး သူမကိုယ်ပေါ်တွင် သွေးကွက်များ ပေါ်ထွက်လာသည်။ အန်းလွမ် သူမကို သတ်လိုက်သည့် အချိန်မှာပင် သူမ၏ အသားများက ရောဂါသည်ဆန်သော မရေမတွက်နိုင်သော အနက်ရောင် ချည်မျှင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွား၏။၎င်းတို့က အန်းလွမ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး ဆုတောင်းများမှ ဖြစ်ပေါ်လာသော ပုံစံကွက်များနှင့်အတူ အရေပြား တစ်လက်မတိုင်းကို လုယူရန် ကြိုးစားတော့သည်။
ထိုစည်းမျဉ်းနှစ်ခု၏ တိုက်ပွဲကြားတွင် အန်းလွမ်သည် မရေမတွက်နိုင်သော ဘဝလမ်းကြောင်းများဖြင့် ရက်လုပ်ထားသည့် တွန့်လိမ်နေသော သက်ရှိအရာကြီးအတွင်းသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
အမှောင်ထဲရှိ ထိုဘဝလမ်းကြောင်းများမှ ဖြစ်ပေါ်လာသော သက်ရှိအရာကြီးသည် သုံးပုံတစ်ပုံခန့် ထပ်မံဖောင်းကြွလာလေသည်။ ဆုတောင်းများနှင့် ဆိုးယုတ်မှု ပုံစံကွက်များသည် အခြားဘဝရထားများနှင့် ရထားလမ်းများဆီသို့ ပျံ့နှံ့သွားတော့သည်။
“ကောလဟာလတွေက မှန်နေပုံရတယ်”
စီနျန်၏ စကားများက ကောင်းမင်၏ သိချင်စိတ်ကို အောင်မြင်စွာ နှိုးဆွပေးလိုက်သည်။
“ဘာကောလဟာလတွေလဲ”
ကံကောင်းသည်မှာ အန်းလွမ်သည် တားမြစ်နယ်မြေ၏ အာရုံစိုက်မှုကို ခံနေရသဖြင့် ကောင်းမင်နှင့် စီနျန်တို့ ယာယီမျှ ဘေးကင်းနေခြင်း ဖြစ်သည်။
“ခရိုင် ၁ ရဲ့ တောင်ဘုရင်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေလေ၊ တချို့ပြောကြတာတော့ သူက ဝမ်ရှန့်ဂိုဏ်းရဲ့ အတောက်ပဆုံးအချိန်မှာ မွေးထုတ်ပေးခဲ့တဲ့ သိုင်းပါရမီရှင် အန်းလွမ်တဲ့”
စီနျန်၏ အသံက တိုးညင်းနေပြီး စကားလုံးတိုင်းကို သတိထား ပြောနေလေသည်။
“သူက ဆဋ္ဌမအဆင့်ကို တက်လှမ်းဖို့အတွက် မြို့တော်ကောင်စီရဲ့ အစီအစဉ်နဲ့ တားမြစ်နယ်မြေထဲကို ဝင်သွားခဲ့တာ၊ သူ ပြန်ထွက်သွားတဲ့အခါမှာတော့ သူက လုံးဝ တခြားလူတစ်ယောက်လို ဖြစ်နေခဲ့ပြီ၊ သူ့မိန်းမနှင့် သူ့သမီးကို သတ်ဖြတ်ခဲ့ပြီး အန်းလွမ်ဆိုတဲ့ နာမည်ကို စွန့်လွှတ်ပြီး ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ဝမ်ရှန့်ရဲ့ တောင်ဘုရင် ဖြစ်လာခဲ့တာပဲ”
“ဒါဆို ငါတို့ အခုမြင်နေရတာက တားမြစ်နယ်မြေထဲမှာ ပိတ်မိနေတဲ့ တကယ့်အန်းလွမ်ပေါ့၊ လက်တွေ့လောကမှာ အန်းလွမ်ရဲ့ ခန္ဓာကိုယ်ကို သုံးနေတာက အမှောင်ထုထဲက ထွက်လာတဲ့ မကောင်းဆိုးဝါးတစ်ကောင်လား”
ကောင်းမင် ချက်ချင်း နားလည်သွားသည်။
“အဲ့ဒါက မကောင်းဆိုးဝါးတော့ မဟုတ်လောက်ဘူး၊ ဒီမြို့တော်က ကိုးကွယ်နေတဲ့ နတ်ဘုရားတစ်ပါး ဖြစ်လိမ့်မယ်”
စီနျန်က သူ့မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်သည်။
“ဒါက ငါတို့အတွက် သတင်းကောင်းပဲ၊ တားမြစ်နယ်မြေထဲက ‘နတ်ဘုရား’ က ထွက်သွားပြီဆိုတော့ ငါတို့က ရူးနေတဲ့ အန်းလွမ်တစ်ယောက်တည်းကိုပဲ ရင်ဆိုင်ဖို့ လိုတော့တယ်”
***