[ ဇွန်လ ၁၄ ရက်၊ ကူးပြောင်းပြီး ရှစ်နှစ်မြောက်၊ ရာသီဥတုသာယာတယ်။
မကြာသေးခင်ကပဲ ငါ့နားထဲမှာ ဝေဝါးလှတဲ့ တီးတိုးသံတွေ ပြန်ကြားလာရပြန်ပြီ။ အဲဒီအသံတွေက လူသံနဲ့လည်း မတူဘူး။ ရှုပ်ထွေးပြီး ချောက်ချားဖို့ ကောင်းလွန်းတယ်။ ဒီလို စက်ဆုပ်စရာကောင်းတဲ့ နေရာမျိုးဟာ လူသားတွေ နေထိုင်ဖို့ တကယ်ကို မသင့်တော်ဘူး။
အရာရှိဟောင်း အိုဂျွန်ကတော့ အဲဒီအသံတွေကို ဖျောက်ချင်ရင် “နှုတ်ခမ်းနီနီ” အရက်ဆိုင်က မိန်းကလေးအသစ်တွေနဲ့ သွားဖြေဖျောက်ဖို့ အကြံပေးတယ်။ ဝန်ခံရရင်တော့ အဲဒီစိတ်ကူး ငါ့ခေါင်းထဲ ခဏတော့ ဝင်လာခဲ့တာပေါ့။ ဒါပေမဲ့ နောက်ဆုံးတော့ ငါ စိတ်ထိန်းလိုက်ပါတယ်။ ခဲခဲယဉ်းယဉ်း ရှာထားရတဲ့ အက်ကိုးဒင်္ဂါးပြားတွေကို အဲဒီလိုနေရာမျိုးမှာ မဖြုန်းတီးနိုင်ဘူး။ အိမ်ပြန်ချင်တဲ့ ငါ့ရဲ့ အိပ်မက်အတွက်... ငါ ဘယ်လိုမှ ဇွဲမလျှော့နိုင်ဘူး။
လူသားဆိုတာ မြေပြင်ပေါ်မှာပဲ နေထိုင်ရမယ့် မျိုးစိတ်လေ။ ဒီမြေအောက်ပင်လယ်ထဲက လူသားတွေဟာ အပေါ်ကို ပြန်တက်လို့ရမယ့် နည်းလမ်းရှိတယ်ဆိုတာရဲ့ သက်သေတွေပဲ။ အဲဒီလမ်းကို ငါ မဖြစ်မနေ ရှာဖွေရမယ်။
မနေ့ညက မိသားစုအကြောင်း ထပ်အိပ်မက်မက်တယ်။ သူတို့ကို လွမ်းလိုက်တာ... ဒါပေမဲ့ သူတို့မျက်နှာတွေကို ငါ တဖြည်းဖြည်း မမှတ်မိတော့ဘူး။ ]
ဂျက်စတာ သင်္ဘောကြီး ရုတ်တရက် လှုပ်ခါသွားတာကြောင့် ချားလ်စ်ရိဒ် တစ်ယောက် ဒိုင်ယာရီထဲမှာ စာဆက်မရေးနိုင်ဘဲ ရပ်သွား၏။
ဒိုင်ယာရီဘေးက ဆီမီးခွက်အဟောင်းလေးသည် ပိုင်ရှင်ဖြစ်သူ၏ မျက်နှာကို ဝါကျင့်ကျင့် အလင်းရောင်ဖြင့် လင်းထိန်စေသည်။
ချားလ်စ်သည် နက်မှောင်သော ဆံပင်နှင့် မျက်လုံးများရှိသည့် အာရှသားရုပ်ရည်ရှိသော်လည်း သူ၏မျက်နှာမှာ ရုပ်ရှင်ထဲက သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ဖြူဖျော့လွန်းသဖြင့် တစ်ဖက်သို့ ဖောက်မြင်နိုင်လုနီးပါး ဖြစ်နေ၏။
ခေတ်သစ် အလှအပစံနှုန်းအရ ဆိုလျှင်တော့ ချားလ်စ်ကို ချောမောသည်ဟု ဆိုနိုင်သော်လည်း ယခုအချိန်တွင်မူ သူ၏ ညှိုးငယ်ပင်ပန်းနေသော အမူအရာနှင့် လေးလံသော မျက်နှာပေးတို့က သူ အလွန်အမင်း နုံးချိနေသည်ကို ပြသနေသည်။
သူသည် ပြတင်းပေါက်နားတွင် ခဏရပ်ပြီး ရေနွေးငွေ့သင်္ဘော ကိုယ်ထည်ကို ရိုက်ခတ်နေသည့် ပင်လယ်လှိုင်းသံများကို အာရုံစိုက် နားစွင့်လိုက်၏။ ထူးခြားသော အခြေအနေကို မတွေ့ရသဖြင့် ကလောင်ကို ပြန်ကောက်ကိုင်ကာ ဆက်ရေးလိုက်သည်။
[ ငါ့အတွက် အဲဒီလို မိန်းကလေးတွေ မလိုပါဘူး။ ဒိုင်ယာရီရေးတာကလည်း နားထဲက ကြားယောင်နေတဲ့ အသံတွေကို သက်သာစေတာပဲ။ မကြာသေးခင်ကမှ ငါးနာရီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့တယ်။ ဒီလို အေးအေးချမ်းချမ်း အိပ်ရတာ တော်တော်လေး ကြာခဲ့ပြီ။
ဒါနဲ့ ရှေ့ကလူတွေရဲ့ သင်ခန်းစာကို ယူပြီးတော့ ဒီဒိုင်ယာရီကို ငါ တစ်ယောက်တည်းပဲ နားလည်နိုင်တဲ့ တရုတ်ဘာသာစကားနဲ့ ရည်ရွယ်ချက်ရှိရှိ ရေးထားတာပါ။ ]
ဂျိခနဲ မြည်သံ ထွက်လာသည်။
ပြတင်းပေါက်အပြင်ဘက်က သတ္တုချင်း ကုတ်ခြစ်သံကြောင့် ချားလ်စ် နောက်တစ်ကြိမ် အနှောင့်အယှက် ဖြစ်သွားရ၏။ တစ်စုံတစ်ခုက သင်္ဘောကိုယ်ထည်ကို ချွန်ထက်သော လက်သည်းများဖြင့် တရစပ် ကုတ်ခြစ်နေသည့်အလား ခံစားရသည်။
ဖတ်ခနဲ အသံနှင့်အတူ ချားလ်စ်သည် မျက်မှောင်ကြုတ်ကာ ဒိုင်ယာရီကို ပိတ်လိုက်ပြီး ဝိုင်းစက်သော ပြတင်းပေါက်ဆီသို့ လျှောက်သွား၏။
သူသည် ပြတင်းပေါက်အပြင်သို့ ခေါင်းပြူကြည့်လိုက်ရာ မြင်တွေ့ရသော မြင်ကွင်းမှာ လွန်ခဲ့သော ရှစ်နှစ်ကအတိုင်းပင် ဖြစ်နေသည်။
အလင်းရောင်ကင်းမဲ့သော မိုးကောင်းကင်နှင့် မှင်ပြာရောင် သန်းနေသော ပင်လယ်ပြင်သည် အမှောင်ထုကမ္ဘာကြီးအဖြစ် ရောယှက်နေ၏။
အပြင်ဘက်တွင် အမှောင်ထုက အရာအားလုံးကို စိုးမိုးထားပြီး ထိုအမှောင်ထဲတွင် ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင် ခိုအောင်းနေသလို ခံစားရသည်။ မြင်သမျှအရာအားလုံးက ရင်လေးစရာနှင့် ချောက်ချားစရာများသာ ဖြစ်၏။
ဒီမြေအောက်ပင်လယ်ထဲတွင် ကောင်းကင်ကို လင်းထိန်စေမည့် လမင်းနှင့် ကြယ်တာရာများ လုံးဝမရှိချေ။ အဆုံးမဲ့ အမှောင်ထုကသာ ဤနေရာမှာ ကြီးစိုးနေသည်။ သို့သော် ထိုအမှောင်ထုကပင် ဤနေရာအတွက်တော့ ပုံမှန်အခြေအနေ ဖြစ်နေ၏။
အပြင်ဘက်က ပုံမှန်မြင်ကွင်းကို စိုက်ကြည့်နေရင်း ချားလ်စ်၏ မျက်မှောင်များ ပိုမို ကြုတ်လာသည်။ သူ၏ နှစ်ရှည်လများ ခရီးသွားခဲ့သည့် အတွေ့အကြုံအရ တစ်ခုခုတော့ မှားနေပြီဟု အချက်ပေးသံ ထွက်ပေါ်လာ၏။ သူသည် အခြေအနေကို ပိုမိုစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ချားလ်စ်သည် ကုတင်ဘေးက အံဆွဲကို ဖွင့်လိုက်ရာ ရွှေရောင်တောက်နေသည့် ကျည်ဆန် ရာနှင့်ချီကို တွေ့လိုက်ရ၏။ ထိုကျည်ဆန်များသည် လှိုင်းဒဏ်ကြောင့် အံဆွဲထဲတွင် ဟိုဘက်ဒီဘက် လိမ့်နေကြသည်။
သူသည် ခါးတွင်ချိတ်ထားသည့် ခြောက်လုံးပြူးကို ထုတ်ကာ ကျည်ဆန်များ ကျွမ်းကျင်စွာ ထည့်လိုက်ပြီး ပဲ့ကိုင်ခန်းဆီသို့ လျှောက်လာခဲ့၏။
“ကပ္ပတိန် ဘာလို့ ဒီလောက် စောစောထလာတာလဲ။ ခင်ဗျား တာဝန်ကျချိန် မရောက်သေးဘူးလေ”
ပဲ့ကိုင်ခန်းထဲတွင် မုတ်ဆိတ်ဗရပွနှင့် ဝဖိုင့်နေသော အဖိုးကြီးတစ်ယောက်က တက်မကို ကိုင်ထားသည်။ သူ၏ ဘေးဘယ်ဘက်ရှိ ထိုင်ခုံပေါ်တွင် အသက် ၁၇၊ ၁၈ ခန့်ရှိမည့် လူငယ်လေးတစ်ယောက် အိပ်ပျော်နေ၏။
ဝတ်ထားသော သင်္ဘောသား ယူနီဖောင်းက သူ၏ အခန်းကဏ္ဍကို ဖော်ပြနေသည်။ သူတို့၏ ရုပ်ရည်မှာ အရှေ့ဥရောပသားများနှင့် တူသော်လည်း ချားလ်စ်ကဲ့သို့ပင် သွေးမရှိသလို ဖြူဖျော့နေကြ၏။
“အရာရှိကြီး ထိပ်တန်းကြွက်[သင်္ဘောအမည်] က နည်းနည်း လှုပ်နေသလိုပဲ။ လမ်းကြောင်းအတိုင်း သွားနေတာ ဟုတ်ရဲ့လား”
ချားလ်စ်က မေးရင်း ဂျွန်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ထိုင်ခုံခြေထောက်ကို အားဖြင့် ကန်လိုက်သဖြင့် အိပ်နေသော လူငယ်လေး လန့်နိုးသွား၏။
လူငယ်လေးသည် ကပ္ပတိန်ဖြစ်နေသည်ကို မြင်သောအခါ ပါးစပ်ဘေးက သွားရည်များကို အမြန်သုတ်ကာ ထိုင်ခုံမှ ထပ်ရပ်လိုက်သည်။
“ဟဲဟဲ ။ ရေအောက်က ကောင်တွေ အစာနံ့ရလို့ ထင်တယ်။ ရေအောက်ထဲမှာ ငါးတွေထက် ရွံစရာကောင်းတဲ့ အကောင်တွေ အများကြီး ရှိတယ်ဗျ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ထိပ်တန်းကြွက်က ခိုင်ခံ့တဲ့ သံမဏိသင်္ဘောကြီးပါ ဘာကမှ ဖျက်ဆီးလို့ မရဘူး”
ဗိုက်ရွှဲကြီးနှင့် အဖိုးကြီးက နောက်သို့ ဆုတ်ပေးလိုက်ပြီး တက်မကို ကပ္ပတိန်ထံ လွှဲပေးလိုက်၏။
အရာရှိကြီး၏ စကားကို ကြားသော်လည်း ချားလ်စ်၏ ခေါင်းထဲတွင် စိုးရိမ်စိတ်များ မြည်ဟည်းနေဆဲ ဖြစ်သည်။
ဒီကြောက်စရာကောင်းတဲ့ နေရာမှာ လူသားတွေက အမြင့်ဆုံး မျိုးစိတ်မဟုတ်တော့ဘူး။ သတိရှိခြင်းကသာ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။
ချားလ်စ်သည် ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ရှေ့မီးကြီးက ပင်လယ်ပြင်ကို လင်းထိန်သွားစေသည်။ သူသည် မှန်ကတစ်ဆင့် ပင်လယ်မျက်နှာပြင်ကို ဟိုဒီ ကြည့်ရှုစစ်ဆေးလိုက်၏။
တက်မနှင့် ပင်လယ်ပြင်ကြားက သင်္ဘောကုန်းပတ်ပေါ်တွင် ကုန်စည်များ အပြည့်တင်ထားသည်။ သင်္ဘောသည် မီတာ ၃၀ ခန့်သာ ရှည်သဖြင့် အရွယ်အစား အနည်းငယ် သေးငယ်၏။
“သန္တာကျွန်းစုကို သွားတဲ့ လမ်းကြောင်းကို ကုန်တင်သင်္ဘောတွေ ခဏခဏ သွားနေကျပဲ။ အဲဒီအကောင်တွေက ကိုယ့်သေတွင်းကိုယ် လာတိုးမှာ မဟုတ်ဘူး။ တစ်ခုခုတော့ မှားနေပြီ”
ချားလ်စ်က မျက်မှောင်ကြုတ်ရင်း တက်မကို တင်းတင်းဆုပ်ကိုင်ကာ ပြောလိုက်၏။
အိုဂျွန်က အံ့သြသွားပြီး “မဖြစ်နိုင်တာ။ ငါတို့ လမ်းကြောင်း လွဲသွားလို့လား။ ဟိုးမှာကြည့်။ လမ်းပြမီးကို မြင်နေရသေးတာပဲ” ဟု ဆိုကာ အဝေးက မှိန်ပျပျ အလင်းရောင်လေးကို ညွှန်ပြလိုက်သည်။
ကြယ်တာရာများ မရှိသည့် ဤမြေအောက် ပင်လယ်ပြင်တွင် သံလိုက်အိမ်မြှောင်နှင့် လမ်းပြမီးများကသာ တစ်ခုတည်းသော လမ်းပြများ ဖြစ်သည်။ ထိုမီးများကို မြင်နေရသရွေ့ လမ်းကြောင်းမှန်နေပြီး ဘေးကင်းသည်ဟု သတ်မှတ်နိုင်၏။
ထိုအချိန်တွင် ပင်လယ်ပြင်ကို စိုက်ကြည့်နေသော ချားလ်စ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် တံတွေးကို ခဲယဉ်းစွာ မျိုချရင်း မေးလိုက်၏။
“အဲဒီ၊ အဲဒီ လမ်းပြမီးကို ကြည့်နေတာ ဘယ်လောက် ကြာပြီလဲ”
“မိနစ်အနည်းငယ် ရှိပြီထင်တယ်။ ငါ့မျက်လုံးက အဲဒီပေါ်မှာပဲ တစ်လက်မမှ မရွေ့”
အိုဂျွန်၏ အသံသည် တဖြည်းဖြည်း တိုးဝင်သွားပြီး သူ၏ ဝဖိုင့်သော မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားသည်။ သူတို့ သင်္ဘောမောင်းလာသည်မှာ တော်တော်ကြာပြီ ဖြစ်သော်လည်း ဤလမ်းပြမီးကို ကျော်မသွားသေးချေ။ ထိုလမ်းပြမီးသည် သင်္ဘောနှင့် အရှိန်တူ လိုက်ပါနေခြင်း ဖြစ်၏။
ချားလ်စ်သည် ရုတ်တရက် တက်မကို ဘယ်ဘက်သို့ အတင်း လှည့်လိုက်သည်။ သတ္တုချင်း ကြိတ်သံများနှင့်အတူ သင်္ဘောကြီးသည် လမ်းကြောင်း ပြောင်းသွား၏။ သင်္ဘောအသေးစား ဖြစ်သဖြင့် အမြန်ကွေ့နိုင်ခဲ့ပြီး ထိုထူးဆန်းသော လမ်းပြမီးနှင့် ဝေးရာသို့ ရောက်ရှိသွားသည်။
သို့သော် ချားလ်စ် အသက်ဝဝ မရှူနိုင်သေးခင်မှာပင် ဘေးက လူငယ်လေးက တုန်ရီနေသော လက်ချောင်းများဖြင့် မှန်ပြတင်းပေါက်ကို ညွှန်ပြလိုက်သည်။
“ကပ္ပ ကပ္ပတိန်။ အဲဒီအကောင်ကြီးက ငါတို့နောက်ကို လိုက်လာပြီ အရမ်းမြန်တာပဲ မှီတော့မယ်”
“တောက်”
ချားလ်စ်က ဒေါသတကြီး အော်လိုက်ပြီး ဆက်သွယ်ရေးပိုက်ဆီသို့ လှည့်ပြောလိုက်၏။
“အင်ဂျင်ခန်း ရေနွေးအိုးကို အမြင့်ဆုံး အရှိန်မြှင့်တင်လိုက်တော့။ တစ်ခုခုက ငါတို့နောက်ကို လိုက်နေတယ်”
“ဟုတ်ကဲ့ ကပ္ပတိန်”
မီးခိုးခေါင်းတိုင်မှ မည်းနက်သော မီးခိုးများ အူထွက်လာပြီး သင်္ဘော၏ အရှိန်သည် တဖြည်းဖြည်း မြင့်တက်လာသည်။
“အနီးကပ် လာနေတုန်းပဲ အရမ်းမြန်တယ်။ မှီတော့မယ် ဘုရားရေ အဲဒါ ဘာသတ္တဝါကြီးလဲ”
လူငယ်လေး၏ အသံမှာ တုန်ရီနေပြီး ကြောက်လန့်တကြား အော်ဟစ်နေ၏။
“ဒစ်ပ်။ မျက်လုံးမှိတ်ထား”
ချားလ်စ်သည် ဒစ်ပ်၏ ခြေထောက်ကို ကန်ချလိုက်ရာ ဒစ်ပ်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ အိုဂျွန်ကလည်း ဒစ်ပ်၏ ခေါင်းကို ကြမ်းပြင်နှင့် ဖိထားရင်း အော်လိုက်၏။
“ဘာမှ မကြည့်နဲ့။ ဘာမှ နားမထောင်နဲ့။ ဘာမှ မတွေးနဲ့။ ကပ္ပတိန်က ငါတို့ကို လမ်းပြလိမ့်မယ်”
စကားမဆုံးခင်မှာပင် အခန်းထဲ၌ အုန်းခနဲ မြည်သံကြီး ထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ်က လူနှစ်ယောက် လိမ့်ထွက်သွားကြသည်။ ချားလ်စ်သည် တက်မကို တင်းတင်းဆုပ်ကိုင်ထားသဖြင့် လွင့်မထွက်သွားဘဲ ကျန်ရစ်၏။
“ကပ္ပတိန်၊ တစ်ခုခုက တိုက်လိုက်ပြီ”
ချားလ်စ်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သွားကို တင်းတင်းကြိတ်ထားရ၏။ သူသည် ဆက်သွယ်ရေးပိုက်နားသို့ ကပ်ကာ အသံကုန် အော်လိုက်သည်။
“အင်ဂျင်ခန်း ရေနွေးအိုးကို စက္ကန့်သုံးဆယ်လောက် အမြင့်ဆုံး အရှိန်တင်စမ်း”
“ကပ္ပတိန် မရဘူး။ ဒီသင်္ဘောက အရမ်းအိုနေပြီ ။ ပေါက်ကွဲသွားလိမ့်မယ်”
***