“ငါ့အမိန့်အတိုင်းသာလုပ်။ ငါ့သင်္ဘောအကြောင်း ငါအသိဆုံး”
ရေနွေးအိုးခန်းနဲ့ ဆက်သွယ်ထားတဲ့ ပိုက်ကို ကြည့်ပြီး ချားလ်စ်က အော်ဟစ်လိုက်၏။ ထို့နောက် သူသည် အောက်သို့ငုံ့ကြည့်ကာ အိုဂျွန်ကို အမိန့်ပေးလိုက်သည်။
“ဂျွန်၊ ကုန်စည်တွေရဲ့ တစ်ဝက်ကို ရေထဲအကုန်ချလိုက်တော့”
ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ တွေဝေနေလို့မဖြစ်ဘူးဆိုတာ ချားလ်စ် သိသည်။ ဘာပစ္စည်းပဲဖြစ်ဖြစ် ကိုယ့်အသက်ထက်တော့ အရေးမကြီးချေ။
“ဟုတ်ကဲ့”
ဝဖိုင့်ဖိုင့်အဖိုးကြီးသည် တံခါးကို ကန်ဖွင့်ပြီး ပဲ့ကိုင်ခန်းထဲမှ အမြန်ထွက်သွား၏။
ကုန်စည်တွေ ရေထဲကျသွားတဲ့ အသံကို ကြားရတိုင်း ချားလ်စ်၏ ရင်ထဲတွင် တဆစ်ဆစ် နာကျင်နေရသည်။ သို့သော် သူ၏ ဆုံးဖြတ်ချက်က မှန်ကန်သွား၏။
သင်္ဘောပေါ်ကို တစ်ချက်နှစ်ချက် ထပ်မံရိုက်ခတ်ခံရပြီးနောက် ပေါ့ပါးသွားသော ထိပ်တန်းကြွက် သည် အရှိန်တဟုန်ထိုး မြင့်တက်လာပြီး နောက်ကလိုက်နေတဲ့ အကောင်ကြီးကို ဖြတ်ကျော်နိုင်ခဲ့သည်။
သင်္ဘောဦးပိုင်းတွင် လမ်းပြမီးအစစ်ကို မြင်လိုက်ရတော့မှ ချားလ်စ်သည် တက်မကို လွှတ်လိုက်ပြီး သက်ပြင်းချနိုင်တော့၏။ သူ၏ ကိုယ်ပေါ်တွင်လည်း ချွေးစေးများဖြင့် စိုရွှဲနေသည်။
ကြမ်းပြင်ပေါ်မှာ တုန်တုန်ရီရီ ဖြစ်နေတဲ့ လူငယ်လေးသည် ချားလ်စ်၏ ခြေသလုံးကို အတင်းဖက်ထား၏။
“ကပ္ပ... ကပ္ပတိန် ကျွန်တော်... ကျွန်တော် ခုနက မြင်လိုက်တာက...”
ချားလ်စ်သည် လူငယ်လေး စကားဆက်မပြောနိုင်အောင် သူ၏မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။
“ငါတို့ သင်္ဘောပေါ်မတက်ခင် ငါမင်းကိုမှာခဲ့တဲ့ တတိယမြောက် အချက်က ဘာလဲ”
“ပင်လယ်ထဲက သတ္တဝါတွေကို မကြည့်နဲ့... သူတို့အကြောင်းကိုလည်း မတွေးနဲ့... သူတို့တွေ ငါတို့သင်္ဘောနား ကပ်မလာသရွေ့ မြင်ရင်တောင် တစ်လုံးမှ မဟရဘူး...”
“ကောင်းပြီ။ အခုထတော့။ ကျောက်ဆူးချလိုက်ဦး။ နောက်ပြီး လူအကုန်လုံးကို ကုန်းပတ်ပေါ် ခေါ်လိုက်။ ငါလူစစ်ချင်တယ်”
စကားဆုံးသည်နှင့် သူသည် ဒစ်ပ်ကို လွှတ်ပေးလိုက်ပြီး ပဲ့ကိုင်ခန်းထဲမှ ထွက်လာခဲ့၏။
သင်္ဘောကုန်းပတ်မှာတော့ ဖရိုဖရဲဖြစ်နေသည်။ နေရာအနှံ့တွင် ရေများအိုင်နေပြီး ကုန်စည်တွေ ချည်နှောင်ထားတဲ့ ကြိုးတွေကလည်း ရေပေါ်မှာ အစီအစဉ်မရှိ လွင့်မျောနေ၏။
ချားလ်စ်သည် ခြေသလုံးအထိ ရောက်နေသော ပင်လယ်ရေများကို ဖြတ်ကျော်ကာ သင်္ဘောပဲ့ပိုင်းဆီသို့ လျှောက်သွားလိုက်သည်။
သင်္ဘောပဲ့ပိုင်းတွင် ကြီးမားလှသော တူကြီးတစ်ချောင်းဖြင့် အထုခံထားရသည့်အလား အပေါက်ကြီးတစ်ခု ဖြစ်နေ၏။ တစ်သင်္ဘောလုံးမှာလည်း အနံ့ဆိုးထွက်နေတဲ့ အမည်မသိ အမည်းရောင် အကျိအချွဲတွေ ပေကျံနေသည်။
ဒီဒဏ်ရာကို ကြည့်ရုံနဲ့တင် ခုနက တိုက်မိတဲ့ သတ္တဝါကြီးဟာ ဘယ်လောက်တောင် ကြီးမားမလဲဆိုတာ ခန့်မှန်းနိုင်သည်။
သို့သော် ရှစ်နှစ်တာ ပင်လယ်ခရီးအတွင်း ဒီလိုအဖြစ်အပျက်တွေနဲ့ ယဉ်ပါးနေပြီဖြစ်တဲ့ ချားလ်စ်အတွက်တော့ စူးစမ်းချင်စိတ်ထက် တခြားအရာကိုသာ ပိုအာရုံရောက်နေ၏။
“ဒီဒဏ်ရာကို ပြင်ဖို့ဆိုရင် ပိုက်ဆံတွေ အများကြီး ကုန်ဦးမှာပဲ”
ချားလ်စ်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ သူ၏ အိမ်ပြန်ချင်တဲ့ အိပ်မက်သည် နောက်ထပ် ခြေတစ်လှမ်း ဝေးကွာသွားပြန်ပြီ။
ထိုစဉ် အမှောင်ထုထဲမှ တစ်စုံတစ်ယောက်က တီးတိုးပြောဆိုနေသံများ ငါ့နားထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။
“ဖီ... ငလူ... မလူ... နာဖ...”
“တောက်”
ငါ မျက်မှောင်ကြုတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကိုယ့်နဖူးကိုကိုယ် တရစပ် ပြန်ထုလိုက်သည်။ ဒီလို နာကျင်မှုကမှ နားထဲက ခြောက်ခြားစရာ အသံတွေကို ခဏလောက် မေ့ပျောက်စေနိုင်တာမို့။
သင်္ဘောသားတွေ ကုန်းပတ်ပေါ် စုမိသွားတာကို မြင်တော့မှ ချားလ်စ်သည် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာကို ရပ်လိုက်ပြီး သူတို့ဆီ လျှောက်သွားလိုက်၏။
ကပ္ပတိန် လာနေတာကို မြင်တာနဲ့ လူတစ်စုသည် အမြန်ပင် တန်းစီလိုက်ကြသည်။ သူတို့အားလုံးမှာ ပုံစံချင်း မတူကြသော်လည်း မျက်နှာတွေကတော့ ချားလ်စ်ကဲ့သို့ပင် သွေးမရှိသလို ဖြူဖျော့နေကြ၏။
“ဂျွန်။ ရာထူး အရာရှိကြီး။ တာဝန် ကပ္ပတိန်ရဲ့ လုပ်ငန်းစဉ်တွေကို ကူညီပေးရတယ်။ ကုန်တင်ဇယားတွေကို တာဝန်ယူရတယ်။ တက်မကို ၁၂ နာရီကနေ ၂၄ နာရီအထိ တာဝန်ယူမောင်းနှင်ရတယ်”
ဝဖိုင့်သောအဖိုးကြီးက သူ၏တာဝန်ကို အရင်ဆုံး ရွတ်ဆိုပြလိုက်သည်။
အိုဂျွန်ဘေးမှာတော့ အရပ်ရှည်ပြီး သန်မာတဲ့ လူတစ်ယောက် ရှိနေ၏။ သူ၏ အပြာရောင်ဝတ်စုံမှာ ဆီချေးတွေ ပေကျံနေသည်။
“ဂျိမ်းစ်။ ရာထူး ဒုတိယ အင်ဂျင်နီယာ။ တာဝန် အင်ဂျင်ခန်း ပုံမှန်လည်ပတ်အောင် ထိန်းသိမ်းရတယ်။ စက်ယန္တရားတွေ ရေနွေးအိုးတွေနဲ့ လောင်စာဆီကိစ္စတွေကို တာဝန်ယူရတယ်”
ဂျိမ်းစ်ဘေးမှာတော့ လျှပ်စစ်တိုင်လို ပိန်ရှည်ရှည် လူတစ်ယောက် ရှိနေ၏။
“ဖရေး။ ရာထူး စားဖိုမှူး။ တာဝန် သင်္ဘောသားတွေအတွက် အစားအစာ ပြင်ဆင်ပေးရတယ်”
စားဖိုမှူးဘေးမှာတော့ ကြောက်အားလန့်အား ဖြစ်နေဆဲဖြစ်တဲ့ ဒစ်ပ် ရှိနေသည်။
“ဒစ်... ဒစ်ပ် ရာထူး သင်္ဘောသား။ တာဝန် ကုန်းပတ်ကို ပြုပြင်ထိန်းသိမ်းရတယ်။ ကျောက်ဆူး ကြိုးနဲ့ ကုန်တင်ကုန်ချ စက်ပစ္စည်းတွေကို ကိုင်တွယ်ရတယ်”
ချားလ်စ်သည် ရှေ့ကလူ ၄ ယောက်ကို အမြန်ကြည့်လိုက်ရာ လူတစ်ယောက် လိုနေတာကို တွေ့လိုက်ရ၏။
“သင်္ဘောထိန်း။ ဘယ်ရောက်နေလဲ”
လေးယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသော်လည်း ဘယ်သူမှ အဖြေမပေးနိုင်ချေ။
“အားးးးး”
ရုတ်တရက် သင်္ဘောကုန်းပတ်အောက်ကနေ ကြောက်မက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
“တစ်ခုခု သင်္ဘောပေါ် တက်လာပြီ။ လက်နက်တွေ ကိုင်ထားကြ”
ချားလ်စ်က အော်ပြောလိုက်ပြီး အသံလာရာဆီသို့ အမြန်ပြေးသွား၏။
မှောင်မည်းနေတဲ့ သင်္ဘောသား အိပ်ဆောင်ထဲကို ရောက်တဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အားလုံး၏ ကျောရိုးထဲအထိ စိမ့်တက်သွားရသည်။
ထိုနေရာတွင် လူနှစ်ယောက် ရှိနေ၏။ တစ်ယောက်က မတ်တပ်ရပ်နေသည်။ သူကတော့ ဂျက်စတာရဲ့ သင်္ဘောထိန်း ဖြစ်ပြီး သူ၏မျက်နှာတွင် ကြောက်ရွံ့မှုတွေ ပြည့်နှက်နေ၏။
နောက်တစ်ယောက်ကတော့ ကြမ်းပြင်ပေါ်မှာ လဲနေသည်။ သူ၏ ကိုယ်ပေါ်တွင် အရေခွံ လုံးဝမရှိတော့သဖြင့် ဘယ်သူဘယ်ဝါမှန်း မသိသာတော့ချေ။
သူ လှုပ်ရှားလိုက်တိုင်း ကြမ်းပြင်နဲ့ ပွတ်တိုက်မိတဲ့ အသားစိမ်းတွေကြောင့် နာကျင်စွာ တုန်ရီနေရှာသည်။ သွေးချင်းချင်းနီနေတဲ့ ထိုလူသားသည် အားကိုးရာမဲ့စွာဖြင့် အော်ဟစ်ငိုယိုနေပြီး အသက်ရှူသံကလည်း တဖြည်းဖြည်း မှိန်ဖျော့လာ၏။
“ဂျင်မ်။ သူဘယ်သူလဲဆိုတာ မေးကြည့်စမ်း”
ချားလ်စ်က ခါးက ခြောက်လုံးပြူးကို အမြန်ထုတ်လိုက်သည်။
သင်္ဘောထိန်းသည် တုန်တုန်ရီရီဖြင့် လဲနေတဲ့လူရဲ့ ခေါင်းနားသို့ ကပ်ကာ နားစွင့်လိုက်၏။
စက္ကန့်အနည်းငယ်အကြာတွင် သူသည် ချားလ်စ်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ထိတ်လန့်နေ၏။ သူက ချားလ်စ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“က... ကပ္ပတိန် သူ... သူက ပြောတယ် သူက မင်းပါတဲ့”
“ငါလား”
နောက်က သင်္ဘောသားတွေရဲ့ ထိတ်လန့်တကြား အသံတွေကို ကြားလိုက်ရတဲ့အခါ ချားလ်စ်က သူ၏ သေနတ်ကို သင်္ဘောထိန်းဆီသို့ ချက်ချင်း လှည့်လိုက်သည်။
“ချားလ်စ်။ ရာထူး ကပ္ပတိန်။ တာဝန် သင်္ဘောကို ဘေးကင်းစွာ မောင်းနှင်ရတယ်။ သင်္ဘောသားတွေနဲ့ ပစ္စည်းဥစ္စာတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ယူရတယ်။ အရေးပေါ်အခြေအနေမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတယ်။ တက်မကို ၀၀ နာရီကနေ ၁၂ နာရီအထိ တာဝန်ယူမောင်းနှင်ရတယ်။ သင်္ဘောထိန်း၊ အခုချက်ချင်း မင်းရဲ့ တာဝန်ကို ပြောစမ်း”
“မြန်မြန် သူ့ကိုသတ်လိုက်။ အဲဒါ မင်းတို့ရဲ့ ကပ္ပတိန် မဟုတ်ဘူး”
သင်္ဘောထိန်းက ကြောက်လန့်တကြား အော်ဟစ်ရင်း ချားလ်စ်ကို လက်ညှိုးထိုးနေဆဲ ဖြစ်သည်။
“ဒိုင်း”
ချားလ်စ်က မဆိုင်းမတွပင် ခလုတ်ကို ဆွဲလိုက်ရာ ကျည်ဆန်သည် သင်္ဘောထိန်း၏ နဖူးတည့်တည့်ကို ဖောက်ထွက်သွား၏။ သို့သော် ဒဏ်ရာထဲမှ ထွက်လာသည်မှာ သွေးမဟုတ်ဘဲ မည်းညစ်ညစ် အကျိအချွဲများသာ ဖြစ်သည်။
သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားသည့်အခါ သင်္ဘောထိန်း၏ ကိုယ်ခန္ဓာသည် ရုတ်တရက် ပုံပျက်ပန်းပျက် ပြောင်းလဲသွား၏။
သူ၏ ပါးစပ်မှာ ဦးခေါင်းနောက်အထိ ပြဲထွက်သွားပြီး ခြေလက်များမှာလည်း ကြီးထွားလာသည်။ ထိုသတ္တဝါဆိုးသည် တောရိုင်းတိရစ္ဆာန်ကဲ့သို့ ဟိန်းဟောက်ကာ ချားလ်စ်ဆီသို့ ပြေးဝင်လာတော့၏။
“ဒိုင်း ဒိုင်း ဒိုင်း”
သေနတ်သံများ တရစပ် ထွက်ပေါ်လာပြီး သတ္တုဝါဆိုးရဲ့ ကိုယ်ပေါ်က လူသားအရေခွံတွေသည် ဆွေးမြည့်နေတဲ့ အိတ်ခွံလိုမျိုး ပြဲထွက်ကုန်သည်။ အတွင်းထဲတွင်တော့ ရွံစရာကောင်းတဲ့ ဖားပြုတ်ကြီးနဲ့တူတဲ့ ကိုယ်ခန္ဓာကြီး ပေါ်လာ၏။
ကျည်ဆန် ၆ တောင့် ထိမှန်ထားသော်လည်း ထိုသတ္တဝါမှာ အသက်ရှင်နေဆဲ ဖြစ်သည်။ ၎င်းသည် ချားလ်စ်ဆီသို့ ခုန်အုပ်လိုက်၏။
ချားလ်စ်သည် တည်ငြိမ်စွာဖြင့် ဘေးသို့ လိမ့်ရှောင်လိုက်သည်။
သူသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းဘဲ ခြောက်လုံးပြူးထဲသို့ နောက်ထပ် ကျည်ဆန် ၆ တောင့် အမြန်ထည့်ကာ တရစပ် ပစ်ခတ်လိုက်ပြန်၏။
ကျည်ဆန် ၁၂ တောင့်ထိမှန်သွားပြီးနောက်တွင်မူ ထိုသတ္တဝါကြီးမှာ အားအင်ကုန်ခမ်းကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
ချားလ်စ်သည် အမောတကော ရှူရှိုက်ရင်း ရွံစရာကောင်းတဲ့ အလောင်းကို တစ်ချက်ကြည့်လိုက်ကာ နောက်က သင်္ဘောသားတွေကို အမိန့်ပေးလိုက်၏။
“ဒီအတိုင်း ကြည့်မနေနဲ့။ ဒီအကောင်ကို ရေထဲ ပစ်ချလိုက်တော့”
ထို့နောက် သူသည် ဘေးမှာ ငြိမ်သက်သွားတဲ့ သွေးအိုင်ထဲက အလောင်းဆီသို့ လျှောက်သွားလိုက်သည်။
သူသည် သွေးညှီနံ့တွေကို ဂရုမစိုက်ဘဲ အလောင်းရဲ့ ခေါင်းကို လှည့်ကြည့်လိုက်၏။ ထိုလူရဲ့ ပါးစပ်ထဲက ရှေ့သွားကျိုးနေတာကို မြင်လိုက်ရတဲ့အခါမှ ဒါဟာ သင်္ဘောထိန်းအစစ် ဖြစ်မှန်း သူသိလိုက်ရသည်။
ခုနက တစ်ယောက်ကတော့ သင်္ဘောသားရဲ့ အရေခွံကို ခွာယူပြီး အယောင်ဆောင်ထားတဲ့ ပင်လယ်သတ္တဝါဆိုးသာ ဖြစ်၏။
ချားလ်စ်၏ မျက်နှာတွင် ခဏတာ နာကျင်မှုတွေ အရိပ်ယောင်သန်းသွားသော်လည်း သူသည် ချက်ချင်းပင် တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။
သူသည် အိတ်ကပ်ထဲက ကျည်ဆန်အချို့ကို ထုတ်ယူကာ တခြားအန္တရာယ်တွေ ရှိနေဦးမလားဆိုတာ စစ်ဆေးဖို့အတွက် အိပ်ဆောင်ထဲက ထွက်လာခဲ့၏။
ဒစ်ပ်သည် အိုဂျွန်နှင့်အတူ အလောင်းကို သယ်နေရင်း မေးလိုက်သည်။
“ကပ္ပတိန်က တကယ်ကို တော်တာပဲနော်”
“ဟားဟား ဒါပေါ့ကွ။ အဲဒါကြောင့် သူက ကပ္ပတိန် ဖြစ်နေတာပေါ့။ မင်းကတော့ သာမန်သင်္ဘောသားလေးပေါ့ ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် သူ စပြီး သင်္ဘောပေါ် ရောက်လာတုန်းက မင်းလိုပဲကွ”
“တကယ်လား ချားလ်စ်က အရင်က ဘယ်လိုမျိုးလဲ”
“အဲဒါကတော့ တကယ့်ကို ပုံပြင်တစ်ပုဒ်ပဲကွ လွန်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်လောက်က ငါ တခြားသင်္ဘောတစ်စင်းမှာ တတိယအရာရှိ လုပ်နေတုန်းကပေါ့။ ချားလ်စ်က ပင်လယ်ထဲမှာ မျောနေတာကို ငါတို့ တွေ့ခဲ့ရတာ။ သူနဲ့ စတွေ့တုန်းကဆို သူ စကားတစ်လုံးမှ မပြောနိုင်ဘူး။ မင်းယုံနိုင်မလား”
“တကယ်လား အဲဒါဆို သူက ဘယ်လိုလုပ် ကပ္ပတိန် ဖြစ်လာတာလဲ”
“ကပ္ပတိန်အဟောင်းက သူ့ကို သနားလို့ သင်္ဘောပေါ် ခေါ်ထားပေးခဲ့တာလေ။ ငါတို့ ဆိပ်ကမ်းကို ရောက်တဲ့အခါ သူက သတ္တဝါဆိုး မဟုတ်မှန်း သိရတော့မှ သင်္ဘောသားအဖြစ် ခန့်ထားလိုက်တာ။ သူက စကားသင်ရင်းနဲ့ သင်္ဘောသားအလုပ်တွေကိုပါ တစ်ခါတည်း သင်ယူခဲ့တာပေါ့ ။ သူ စကားစပြောနိုင်တဲ့ အချိန်မှာ သူ ဘာပြောလဲ သိလား။ ငါက ကပ္ပတိန် ဖြစ်ရမယ်။ လူသားအားလုံးကို အလင်းရောင်ရှိတဲ့ မြေပြင်ပေါ်ကို ပြန်ပို့ပေးရမယ်တဲ့။ အဲဒီတုန်းကတော့ ငါတို့အားလုံး သူ ရူးနေပြီလို့ ထင်ခဲ့ကြတာပေါ့”
“အဲဒီနောက်တော့ ဘာဖြစ်လဲ”
“နောက်တော့ သူက သာမန်သင်္ဘောသားကနေ သင်္ဘောထိန်း၊ အဲဒီကနေ တတိယအရာရှိအထိ တဖြည်းဖြည်း တက်လာတာပေါ့။ ငါတို့ကတော့ သူ ဒုတိယအရာရှိ ထပ်ဖြစ်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ သူက ပိုက်ဆံတွေ စုပြီးတော့ ဒီကုန်တင်သင်္ဘောအဟောင်းလေးကို ဝယ်လိုက်တာလေ။ အဲဒါ ငါတို့ အခုစီးနေတဲ့ ထိပ်တန်းကြွက်သင်္ဘော ပေါ့ကွာ”
***