[ ဒီပင်လယ်သတ္တဝါတွေကြောင့် ငါ့ရဲ့သင်္ဘောထိန်း နောက်တစ်ယောက် အသက်ဆုံးရှုံးရပြန်ပြီ။ ဒီဒုက္ခတွေကို ငါ ဘယ်လောက်အထိ ဆက်ပြီး တောင့်ခံထားရဦးမှာလဲ။ တကယ်ကို ပင်ပန်းလှပြီ။ တစ်ခါတလေ ငါ တကယ်ပဲ သေသွားပြီး ဒါဟာ ငရဲပြည်များလားလို့တောင် တွေးမိတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ငရဲက မိစ္ဆာတွေတောင် ဒီက သတ္တဝါတွေထက်စာရင် အများကြီး ချစ်ဖို့ကောင်းဦးမယ်။ ဒီနေရာမှာ ဖြစ်ပျက်သမျှက ယုတ္တိမရှိသလို တခြားလူသားတွေကလည်း အံ့သြဖို့ကောင်းနေပြန်ရော။
ငါ ဒီကို စရောက်တုန်းကတော့ ဒီနေရာဟာ စက်မှုတော်လှန်ရေး အစောပိုင်းကာလလို့ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှ သူတို့တွေက နက်နဲလှတဲ့ နည်းပညာရပ်တွေကိုပါ အသုံးပြုနေကြတာကို ငါသိခဲ့ရတယ်။
ဘယ်လောက်ပဲ တိုးတက်နေပါစေ အရာအားလုံးက အလကားပါပဲ။ ဒီကမ္ဘာမှာ လူသားဆိုတာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ပုရွက်ဆိတ်တွေလိုပါပဲ။ အမှောင်ထုထဲမှာ သေစေနိုင်တဲ့အရာတွေ အများကြီး ရှိနေသလို ဒီနယ်ပယ်မှာ ငါတို့က တစ်ခုတည်းသော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းလည်း မဟုတ်ပြန်ဘူး။ ]
ချားလ်စ်၏ အခန်းတံခါးကို လာခေါက်သံကြောင့် သူ၏ ကလောင်သွား ရပ်တန့်သွား၏။
“ကပ္ပတိန်၊ သန္တာကျွန်းစုကို ရောက်တော့မယ်”
ဒစ်ပ်က အပြင်ကနေ လှမ်းအစီရင်ခံလိုက်ခြင်း ဖြစ်သည်။
ချားလ်စ်သည် သင်္ဘောဦးပိုင်းသို့ လျှောက်သွားပြီး အမှောင်ထဲတွင် တစ်ချက်တစ်ချက် မြင်နေရသည့် မီးပြတိုက်ကို စိုက်ကြည့်လိုက်၏။ သူတို့ သွားမည့်နေရာကို ရောက်ပြီဖြစ်၍ သူ သက်ပြင်းချလိုက်မိသည်။
ထိပ်တန်းကြွက် နီးကပ်သွားသည်နှင့်အမျှ မီးပြတိုက်နောက်က ကြီးမားလှတဲ့ ကျွန်းကြီးကို စတင်မြင်တွေ့လာရ၏။
ကျွန်းတစ်ခုလုံးသည် သန္တာကျောက်ဆောင်တွေလိုမျိုး ပြာမှိုင်းမှိုင်း အရောင်ရှိပြီး လူနေအိမ်ခြေတွေကလည်း ထိုအရောင်အတိုင်းပင် ဖြစ်သည်။
သန္တာကျွန်းစုရဲ့ ဆိပ်ကမ်းမှာတော့ အရွယ်စုံ ရေနွေးငွေ့သင်္ဘောတွေ ဝင်ထွက်သွားလာနေပြီး စည်ကားလှ၏။ ကြမ်းတမ်းလှတဲ့ သင်္ဘောသားတွေကတော့ သူတို့ အသက်ဘေးက လွတ်မြောက်လာတာကို အောင်ပွဲခံတဲ့အနေနဲ့ ဦးထုပ်တွေကို ဝှေ့ယမ်းနေကြသည်။
သန္တာကျွန်းစုသည် အသစ်ဖွင့်လှစ်ထားသည့် ကျွန်းဖြစ်သဖြင့် အခြားကျွန်းများမှ ရင်းမြစ်များကို အဓိက အားကိုးနေရ၏။ ထို့ကြောင့်လည်း ထိပ်တန်းကြွက် ကဲ့သို့သော ထောက်ပံ့ရေးသင်္ဘောများ လိုအပ်နေခြင်း ဖြစ်သည်။
ဆိပ်ကမ်းက လူအုပ်ကြားကို ဖြတ်သွားသည့်အခါ လူတော်တော်များများ၏ နားရွက်များက အတွင်းဘက်သို့ လိပ်ဝင်နေသည်ကို တွေ့ရလိမ့်မည်။ ၎င်းမှာ သန္တာကျွန်းစုသားများ၏ ထူးခြားချက်ဖြစ်ပြီး ဤကျွန်းတွင် ငါးနှစ်ထက်မနည်း နေထိုင်သူတိုင်းသည် အကြောင်းရင်းမရှိဘဲ နားရွက်များ လိပ်ဝင်သွားတတ်သည်။ ယနေ့အထိ မည်သူမျှ အဖြေမထုတ်နိုင်သေးချေ။
သို့သော် ထိုသို့ ကိုယ်ခန္ဓာ ချို့ယွင်းသွားခြင်းက လူများကို မတားဆီးနိုင်ခဲ့ပါ။ တခြားကျွန်းတွေက ဒုက္ခတွေနဲ့ ယှဉ်ရင် နားရွက်လိပ်သွားတာက ဘာမှမဟုတ်တဲ့ ဘေးထွက်ဆိုးကျိုးသာ ဖြစ်၏။
ချားလ်စ်သည် ဆိပ်ကမ်းအုပ်ချုပ်ရေးမှူးနှင့် ကိစ္စရပ်များကို အမြန် အဆုံးသတ်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့သည်။
ထင်ထားသည့်အတိုင်းပင် ကုန်စည်တစ်ဝက်ကျော် ဆုံးရှုံးသွားသဖြင့် အမြတ်မရသည့်အပြင် အရှုံးတောင် ပေါ်နေ၏။ ပင်လယ်ထဲမှာ ကုန်ဆုံးခဲ့တဲ့ နှစ်လတာ အချိန်တွေက အလကား ဖြစ်သွားရပြီ။
နောက်တစ်ခေါက် ခရီးစဉ်အတွက် ရိက္ခာတွေ ပြန်စုရဦးမည်ဖြစ်၍ ထိပ်တန်းကြွက်အဖွဲ့သားများ ခဏနားခွင့် ရကြသည်။
ဆိပ်ကမ်းနားတွင် သင်္ဘောသားများ အနားယူရန် အရက်ဆိုင်များနှင့် ဖျော်ဖြေရေးနေရာများစွာ ရှိနေ၏။ လမ်းမပေါ်တွင်တော့ စုတ်ပြတ်နေတဲ့ သူတောင်းစားအချို့က သူတို့ဘာသာသူတို့ နားမလည်နိုင်တဲ့ စကားလုံးတွေကို ရေရွတ်နေကြသည်။
သူတို့သည် ပင်လယ်ပြင်တွင် ကြောက်လန့်ပြီး ရူးသွပ်သွားရသည့် သင်္ဘောသားများ ဖြစ်သည်။ သူတို့ ဘာတွေနဲ့ ကြုံခဲ့ရလဲဆိုတာ ဘယ်သူမှမသိပေမယ့် ပင်လယ်ပြင်ရဲ့ သံမဏိစည်းကမ်းကိုတော့ အားလုံးနားလည်ကြ၏။ အဲဒါကတော့ “ဘာမှမကြည့်နဲ့၊ ဘာမှနားမထောင်နဲ့၊ ဘာမှမတွေးနဲ့” ဆိုတာပင်။
သူတို့သည် ကံကောင်းသူများဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် များသောအားဖြင့် သင်္ဘောသားများသည် ဘေးအန္တရာယ်နှင့် ကြုံလျှင် သင်္ဘောနှင့်အတူ ပျောက်ကွယ်သွားတတ်ကြသောကြောင့် ဖြစ်၏။
ချားလ်စ်သည် “လင်းနို့အရက်ဆိုင်” တံခါးကို တွန်းဖွင့်လိုက်သည့်အခါ သန်သန်မာမာ လူတစ်စုက သူ့ကို ရန်လိုသောမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူတို့ရှေ့က ပုလင်းအလွတ်တွေအရ သူတို့ မူးနေကြပြီဆိုတာ သိသာ၏။
သို့သော် ချားလ်စ်၏ ကိုယ်ပေါ်က ပင်လယ်ရေညှီနံ့ကို ရလိုက်သည့်အခါတွင်မူ သူတို့ ချက်ချင်းပင် မျက်နှာလွှဲသွားကြသည်။ ဒီလိုကြောက်စရာကောင်းတဲ့ ပင်လယ်ပြင်ထဲကနေ အသက်ရှင်အောင် ပြန်လာနိုင်သူတွေဟာ လူပျော့တွေ မဟုတ်ဘူးဆိုတာ သူတို့ သိကြ၏။
“ငါ ငါးရက်လောက် နေမယ်။ ငါ့အခန်းကို အစားအစာ လာပို့ပေး”
ချားလ်စ်က ဆိုင်ဝန်ထမ်းကို ပြောလိုက်၏။
“ငါးရက်စာအတွက် အက်ကိုး ၆၃၀ ကျမယ်။ မှိုစွပ်ပြုတ်နဲ့ ပေါင်မုန့်က ၃၀။ စုစုပေါင်း အက်ကိုး ၆၆၀ ကျပါမယ်”
စိုထိုင်းထိုင်း အခန်းလေးထဲတွင် ချားလ်စ်သည် နေ့လယ်စာကို ဖြည်းဖြည်းချင်း စားနေ၏။ ဒီမြေအောက်ကမ္ဘာရဲ့ အစားအစာတွေကတော့ ကောင်းလှသည်တော့ မဟုတ်ပေ။ သူသည် တူးနေတဲ့ ပေါင်မုန့်ကို အစိတ်စိတ်အမြွှာမြွှာ ဖဲ့ပြီး ပျစ်ချွဲနေတဲ့ မှိုစွပ်ပြုတ်ထဲ ထည့်လိုက်သည်။
စွပ်ပြုတ်ထဲ စိမ်ထားသော်လည်း တူးနေတဲ့ ပေါင်မုန့်ရဲ့ ခါးသက်သက် အရသာက လည်ချောင်းထဲမှာ ကျန်နေဆဲဖြစ်သော်လည်း သူကတော့ ယဉ်ပါးနေပြီ ဖြစ်၏။
ချားလ်စ်သည် အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး ကွဲအက်နေတဲ့ မျက်နှာပြင်ပေါ်ကို လက်မဖြင့် အမှတ်မထဲ့ ပွတ်ဆွဲလိုက်သည်။ ပွတ်ရာခြစ်ရာတွေ ပြည့်နေတဲ့ ထိုဖုန်းမျက်နှာပြင်သည် အပြင်က ကောင်းကင်ကြီးလိုပဲ မှောင်မည်းနေ၏။
အခန်းထဲတွင် ပေါင်မုန့်ဝါးသံမှအပ တခြားအသံ မရှိချေ။
“ကပ္ပတိန် ရှိလား”
အိုဂျွန်၏ အသံက အခန်းအပြင်ကနေ ထွက်ပေါ်လာသည်။
ချားလ်စ်သည် ဖုန်းကို အမြန်ပြန်သိမ်းလိုက်ပြီး ပြန်ထူးလိုက်၏။
“ဝင်ခဲ့။ တံခါးမပိတ်ထားဘူး”
ထိပ်တန်းကြွက် ရဲ့ အရာရှိကြီးသည် အခန်းထဲသို့ အားနာသော မျက်နှာပေးဖြင့် ဝင်လာခဲ့သည်။
“ကပ္ပတိန်။ ကျွန်တော် ပြောစရာရှိတယ်။ ကျွန်တော် အလုပ်နားချင်ပြီ”
ချားလ်စ်က မျက်မှောင်ကြုတ်လိုက်၏။
“ဘာလို့လဲ။ မင်းက ဒီအရာတွေနဲ့ ယဉ်ပါးနေပြီ။ မဟုတ်ဘူးလား”
ခရီးစဉ်အတွင်း သင်္ဘောသားတစ်ယောက် သေဆုံးတိုင်း တစ်စုံတစ်ယောက် အလုပ်ထွက်လိမ့်မည်ဟု ချားလ်စ် ကြိုတွေးထားတတ်သည်။
ကြောက်လန့်ပြီး ဘောင်းဘီထဲ သေးထွက်မတတ် ဖြစ်ခဲ့တဲ့ ဒစ်ပ် ထွက်လိမ့်မည်ဟု သူထင်ထားသော်လည်း အစကတည်းက သူ့ဘေးမှာ ရှိနေခဲ့တဲ့ အိုဂျွန် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အိုဂျွန်က လက်ကို ခါယမ်းရင်း ပြောလိုက်၏။
“ကျွန်တော် အသက်ကြီးပါပြီ။ တခါတလေ တက်မကိုင်ရင်းနဲ့တောင် အိပ်ပျော်သွားမိတယ်။ ပင်လယ်ပြင်နဲ့ ဝေးရာမှာပဲ နေချင်တော့တယ်”
ချားလ်စ် စိတ်မကောင်းဖြစ်သွားသော်လည်း အိုဂျွန်ကို ဆွဲမထားခဲ့ပါ။ သူသည် ငွေစက္ကူအချို့ကို စားပွဲပေါ်တင်ပေးလိုက်ပြီး ပြောလိုက်၏။
“ဒါ မင်းရဲ့ ဝေစုပဲ”
အိုဂျွန်သည် ပိုက်ဆံကို ယူသော်လည်း ထွက်မသွားသေးဘဲ တစ်ခုခုကို တွေဝေနေပုံ ရသည်။
“တခြားဘာရှိသေးလဲ”
“ဟဲဟဲ ကပ္ပတိန်။ ကျွန်တော် ပိုက်ဆံအချို့ စုထားပေမယ့် မိန်းကလေးတွေအတွက် အကုန်သုံးလိုက်မိတယ်။ ဒါက ကျွန်တော့်ရဲ့ လက်ကျန်ဘဝအတွက် မလောက်ဘူးဗျ”
“ဘာလဲ။ မင်းက ငါ့ကို ထောက်ပံ့ခိုင်းမလို့လား”
“မဟုတ်ပါဘူး။ အဲဒါ မဖြစ်နိုင်မှန်း ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာ ရောင်းစရာ ပစ္စည်းကောင်းတစ်ခု ရှိတယ်။ ကျွန်တော် ပင်လယ်မထွက်တော့ဘူးဆိုတော့ ဒီလက်နက်က ကျွန်တော့်အတွက် မလိုတော့ဘူးလေ”
အိုဂျွန်က ပြောရင်း သူ၏ လက်ဖျံခန့်ရှိသော အနက်ရောင် ဓားမြှောင်တစ်လက်ကို ထုတ်ပြလိုက်၏။
ချားလ်စ်သည် ရှေ့က အဖိုးကြီးကို နားမလည်သလို ကြည့်လိုက်သည်။ ဒါသည် သူ၏ အရာရှိကြီး အမြဲကိုင်တဲ့ လက်နက်ဖြစ်သော်လည်း သူ့မှာ သေနတ်ရှိနေသဖြင့် တခြားလက်နက် မလိုချေ။
“ကပ္ပတိန် ဒီဓားကို အထင်မသေးနဲ့။ ဒါက ရှေးဟောင်းလက်နက်ပဲ”
ချားလ်စ်သည် ဒီလို ထူးဆန်းတဲ့ ပစ္စည်းတွေအကြောင်း ကြားဖူးသော်လည်း ကိုယ်တိုင် မကိုင်ဖူးခဲ့ချေ။
ဒီရှေးဟောင်းပစ္စည်းတွေက ပင်လယ်ရေအောက်က လာတာလား၊ ဒဏ္ဍာရီထဲက အလင်းပြည်က လာတာလား၊ ဒါမှမဟုတ် မစူးစမ်းရသေးတဲ့ ကျွန်းတွေက လာတာလားဆိုတာ ဘယ်သူမှ မသိကြပေမယ့် အဲဒီအရာတွေမှာ ထူးခြားတဲ့ စွမ်းအားတွေ ရှိတယ်ဆိုတာတော့ အသေအချာပင်။
ထိုပစ္စည်းများ၏ စွမ်းအားက ကွဲပြားကြသလို ၎င်းတို့ကို အသုံးပြုလျှင် ပေးဆပ်ရမည့် တန်ဖိုးကလည်း ရှိနေပြန်သည်။
သူသည် အယ်လ်ဘီယွန် ကျွန်းစုက လေလံပွဲတစ်ခုတွင် လက်စွပ်တစ်ကွင်းကို တွေ့ခဲ့ဖူး၏။ အခြေခံဈေးက အက်ကိုး ၅ သိန်း ၈ သောင်းရှိပြီး ခဏတာ ကိုယ်ပျောက်နိုင်သည့် စွမ်းအားရှိသော်လည်း ပေးဆပ်ရမည့် တန်ဖိုးမှာ တစ်ကိုယ်လုံး သည်းမခံနိုင်အောင် ယားယံခြင်းပင် ဖြစ်သည်။
“ဒီဓားက ဘာထူးခြားလို့လဲ”
အိုဂျွန်က စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်၏။
“ဒီဓားက အရမ်းထက်တယ်။ တကယ်ကို ထက်တာ”
အိုဂျွန်က ဓားကိုကိုင်ပြီး စမ်းပြဖို့ တစ်ခုခုကို ရှာနေသဖြင့် ချားလ်စ်က တားလိုက်သည်။
“တော်ပြီ။ ငါက ငါ့သေနတ်ကိုပဲ ပိုသဘောကျတယ်”
သေနတ်ကိုပဲ အားကိုးနေရတာက အားနည်းချက် ရှိသဖြင့် ချားလ်စ်သည်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရှေးဟောင်းလက်နက်အချို့ ဝယ်ဖို့ စိတ်ကူးရှိသော်လည်း အသုံးမဝင်မည့် အရာမျိုးကိုတော့ မလိုချင်ပေ။
ဒီမြေအောက်ကမ္ဘာရဲ့ နည်းပညာတွေက တစ်ဖက်စောင်းနင်း ဖြစ်နေသော်လည်း ကျွန်းကြီးအချို့မှာတော့ လျှပ်စစ်မီးတွေတောင် ရနေပြီ ဖြစ်သည်။ သေနတ်တွေ၊ အမြောက်တွေ ရှိနေတဲ့ ကမ္ဘာမှာ ဘေးထွက်ဆိုးကျိုး ရှိတဲ့ ရှေးဟောင်းပစ္စည်းတွေက ဘာလုပ်ဖို့လဲ။
ချားလ်စ်က ဝယ်ဖို့ ဝန်လေးနေတာကို မြင်တော့ အိုဂျွန်က အလောတကြီး ပြောလိုက်ပြန်၏။
“ကပ္ပတိန် ဒါက နောက်ထပ် စွမ်းအားတစ်ခု ရှိသေးတယ်။ ဒါကို ကိုင်ထားရုံနဲ့တင် ဒဏ်ရာတွေ ပျောက်ကင်းတဲ့နှုန်း မြန်စေတယ်”
“စွမ်းအား နှစ်ခုတောင်လား။ အဲဒီတော့ ဘေးထွက်ဆိုးကျိုးက ဘာလဲ”
ရှေးဟောင်းလက်နက်တွေက ထူးဆန်း၏။ တစ်ခါတလေ အကျိုးကျေးဇူးထက် ဆိုးကျိုးက ပိုများတတ်ပြီး အသုံးပြုသူကို ငရဲကျသလို ခံစားရစေတတ်သည်။
“သိပ်တော့ မပြင်းထန်ပါဘူး။ ဒါကို အကြာကြီး ကိုင်ထားရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တဲ့စိတ် ပေါက်လာတတ်တာပဲ ရှိတာပါ။ ခဏခဏ မကိုင်ရင် အဆင်ပြေပါတယ်”
ချားလ်စ်သည် ဓားကို ယူကြည့်လိုက်သည့်အခါ အလွန်ပေါ့ပါးနေသည်ကို တွေ့ရ၏။ သံနဲ့လုပ်ထားတာ မဟုတ်ဘဲ ပလတ်စတစ်နဲ့ ပိုတူနေသည်။
သူသည် ဓားဖျားဖြင့် သူ၏ လက်ဖဝါးကို ခြစ်လိုက်ရာ ဒဏ်ရာသည် တဖြည်းဖြည်း ပြန်လည် ကျက်သွားသည်ကို တွေ့ရ၏။ သူ မျှော်လင့်ထားသလောက် မမြန်သော်လည်း ပုံမှန်ထက် သုံးဆခန့်တော့ ပိုမြန်သည်။
“ဘေးထွက်ဆိုးကျိုးကတော့ လက်ခံနိုင်စရာ ရှိသားပဲ။ စွမ်းအားကလည်း မဆိုးဘူး။ ငါ့သင်္ဘောမှာ ဆရာဝန် မရှိတော့ ဒီဓားက တစ်ဖက်တစ်လမ်းက အသုံးဝင်မှာပါ”
ချားလ်စ်သည် ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်သဖြင့် ဓားကို ဝယ်ဖို့ ဆုံးဖြတ်လိုက်၏။
နောက်ဆုံးတွင် နှစ်ဦးသဘောတူ ဈေးနှုန်း အက်ကိုး ၁ သိန်း ၆ သောင်းဖြင့် အပြီးသတ်လိုက်ကြသည်။
***