အိုဂျွန်သည် လက်ထဲက အက်ကိုးငွေစက္ကူထုပ်တွေကို ကြည့်ပြီး သိသိသာသာကို ပျော်ရွှင်နေ၏။ သူသည် အခန်းတံခါးဆီသို့ ဦးတည်လျှောက်သွားသည်။ သို့သော် တံခါးကိုတွန်းဖွင့်ပြီး အပြင်သို့အထွက်တွင် ခဏတာ တွေဝေသွားပြီးနောက် စိတ်မကောင်းဖြစ်နေသော မျက်နှာပေးဖြင့် ပြန်လှည့်ကြည့်လာ၏။
မှိန်ပျပျ အလင်းရောင်အောက်မှာ ရပ်နေတဲ့ ချားလ်စ်ကို ကြည့်ရင်း အိုဂျွန်က ခက်ခက်ခဲခဲ စကားစလိုက်သည်။
“ကပ္ပတိန်၊ ငါသွားတော့မယ်။ အမှန်အတိုင်းပြောရရင် မင်းလည်း ကုန်းပေါ်မှာပဲ အခြေချလိုက်ပါတော့လား ။ မင်းမှာ စူးစမ်းရေးသင်္ဘော ဝယ်ဖို့ ပိုက်ဆံအလုံအလောက် ရှိနေပြီပဲ။ ဒါပေမဲ့ အဲဒါက ဘာထူးမှာလဲ။ အလင်းပြည်ဆိုတာ တကယ်မရှိပါဘူးကွာ”
“ရှိတယ်”
ချားလ်စ်က တည်ငြိမ်တဲ့လေသံနဲ့ ပြန်ပြောလိုက်သော်လည်း သူ၏မျက်လုံးတွေထဲမှာတော့ ခိုင်မာတဲ့ ယုံကြည်ချက်တွေ တောက်ပနေ၏။
“ဘယ်ကျွန်းထက်မဆို ကြီးမားတဲ့ အရာတစ်ခု ကောင်းကင်မှာ ရှိနေတယ်။ အဲဒါက ငါတို့ကို အလင်းရောင်နဲ့ အပူဓာတ်ပေးတယ်။ အမှောင်ထုကို မောင်းထုတ်ပေးတယ် ဟုတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒါတွေက အလင်းတော်အဖွဲ့က ငါတို့လိုလူတွေကို လှည့်စားဖို့ လုပ်ကြံထားတာတွေပါ”
ချားလ်စ်က ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေသဖြင့် အိုဂျွန်က သက်ပြင်းချလိုက်၏။
“မင်းနဲ့ စတွေ့တုန်းက မင်းစကားတစ်လုံးမှ မပြောနိုင်သေးပေမယ့် မင်းမှာ တကယ့်ကို တက်ကြွတဲ့ စိတ်ဓာတ်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ငါကတော့ တွေးမိသား။ ဒီကောင်လေးက တကယ့်လူရည်ချွန်ပဲ။ ငါ့မှာသာ မြေးမလေးရှိရင် မင်းနဲ့ သဘောတူမိမှာ အသေအချာပဲဆိုပြီးပေါ့”
“ငါ့ကို ဖုံးကွယ်မထားပါနဲ့။ ကပ္ပတိန်၊ မင်း နတ်ဘုရားသံတွေ ကြားနေရတာ ရက်အတော်ကြာပြီဆိုတာ ငါသိတယ်။ ဒီအတိုင်းသာ ဆက်သွားရင် မင်း ရူးသွားလိမ့်မယ်ကွ။ လက်လျှော့လိုက်ပါတော့”
ချားလ်စ်သည် မည်သည့်အမူအရာမျှ မပြဘဲ တံခါးဆီသို့ လျှောက်သွား၏။
သူသည် အိုဂျွန်ကို အပြင်သို့ အသာအယာ တွန်းထုတ်လိုက်ပြီး “ဒိုင်း” ခနဲ အသံနှင့်အတူ တံခါးကို ပိတ်လိုက်တော့သည်။
“ဒီကောင်လေးကတော့ တကယ့်ကို စွဲလမ်းလွန်းနေပြီ”
အိုဂျွန်၏ ရေရွတ်သံနှင့် ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်မှုက ပြန်လည် စိုးမိုးသွား၏။
“ငါက စွဲလမ်းလွန်းနေတာလား”
ချားလ်စ်သည် တံခါးကို မှီရင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်သည်။ သူ၏ မျက်နှာမှာ တဖြည်းဖြည်း ပုံပျက်လာ၏။
“အိမ်ပြန်ချင်တာက ဘာမှားနေလို့လဲ”
ချားလ်စ်က နာကျင်စွာဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။
“ငါ ဘာမကောင်းမှုမှ မလုပ်ခဲ့ဘူး။ ဥပဒေလည်း မချိုးဖောက်ခဲ့ဘူး။ ဘာလို့ ငါက ဒီလို အမှိုက်လို အခြေအနေတွေနဲ့ ကြုံနေရတာလဲ။ ဘာလို့လဲ”
“ရှစ်နှစ်တောင် ရှိပြီ။ ရှစ်နှစ်အပြည့် ရှိသွားပြီ။ ဘာလို့ ငါက ဒီလို နှိပ်စက်မှုတွေကို အောင့်အည်းနေရတာလဲ။ ငါ အိမ်ပြန်ချင်တာလေးက အဲလောက်တောင် တောင်းဆိုမှု များနေလို့လား”
ချားလ်စ်က ဟိန်းဟောက်လိုက်၏။
“ဂလူ အမ်ဂလူ... နာ...”
နားထဲက တီးတိုးသံတွေက သူ့ကို ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်အောင် ထပ်မံ ထွက်ပေါ်လာပြန်သည်။
“သွားသေလိုက်စမ်း”
ဒေါသအဟုန်ကြောင့် ချားလ်စ်သည် သူ၏ ခြောက်လုံးပြူးကို ဆွဲထုတ်လိုက်ပြီး နားထင်မှာ တေ့လိုက်၏။
တုန်ရီနေတဲ့ လက်ချောင်းတွေက ခလုတ်ကို ဆွဲတော့မည့်ဆဲဆဲမှာပင် ဘေးခန်းက ဧည့်သည်၏ ကန့်ကွက်သံကြောင့် ရပ်တန့်သွားရသည်။
“ဘာတွေ ဆူညံနေတာလဲ။ နည်းနည်းလောက် ငြိမ်ငြိမ်နေစမ်း”
စိတ်လှုပ်ရှားနေတဲ့ ချားလ်စ်သည် ရုတ်တရက် ငြိမ်ကျသွား၏။ သူသည် သေနတ်ကို ခါးကြားထဲ ပြန်ထည့်လိုက်ပြီး ဓားမြှောင်ကို အဝတ်တစ်စဖြင့် သေချာ ထုပ်ပိုးလိုက်သည်။
ထိုညတွင် ချားလ်စ်သည် အရာများစွာကို အိပ်မက်မက်ခဲ့သော်လည်း နိုးလာသည့်အခါတွင်မူ ဘာတစ်ခုမှ မမှတ်မိတော့ချေ။
“ဒေါက် ဒေါက် ဒေါက်”
တစ်စုံတစ်ယောက်က တံခါးကို လာခေါက်နေသည်။
ချားလ်စ် တံခါးဖွင့်လိုက်သည့်အခါ မျက်နှာတွင် ရေဘဝဲလက်တံ တက်တူး ထိုးထားသည့် ထိပ်ပြောင်ပြောင် လူတစ်ယောက်ကို တွေ့လိုက်ရ၏။
“မင်းက ထိပ်တန်းကြွက် ရဲ့ ကပ္ပတိန် ချားလ်စ်လား။ ငါ့ကိုတော့ ဟွတ်ခ် လို့ ခေါ်တယ်။ တွေ့ရတာ ဝမ်းသာပါတယ်”
ချားလ်စ်သည် ရှေ့ကလူကို သေချာ အကဲခတ်လိုက်သည်။ သူ၏ ရုပ်ရည်မှာ သာမန်ပင်ဖြစ်ပြီး နားရွက်များ လိပ်ဝင်နေသဖြင့် သန္တာကျွန်းစုက ဒေသခံမှန်း သိသာ၏။ မျက်နှာက တက်တူးမှာတော့ သူသည် မည်သည့် ဘာသာတရားကို ယုံကြည်သူဖြစ်ကြောင်း ပြသနေသည်။
“ဖတာဂန် အဖွဲ့သားတွေ ငါ့ဆီက ဘာလိုချင်လို့လဲ။ မင်းတို့ရဲ့ နတ်ဘုရားဆီမှာ ငါ့ကို ယဇ်ပူဇော်ဖို့တော့ မဟုတ်ပါဘူးနော်”
ချားလ်စ်၏ စကားတွေထဲမှာ ရန်လိုမှုတွေ ပါနေသော်လည်း ဟွတ်ခ်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။
“မင်းက ငါတို့ရဲ့ အရှင်သခင်ဆီမှာ ပူဇော်ဖို့ အရည်အချင်း မပြည့်မီသေးပါဘူး။ ကပ္ပတိန်ချားလ်စ်၊ ငါလာတာက တခြားကိစ္စပါ။ မင်း ပိုက်ဆံလိုနေတယ်လို့ ငါကြားလို့”
ဒါက ချားလ်စ်အတွက် မထူးဆန်းတော့ပါ။ ဟွတ်ခ်လို လူမျိုးတွေ သူ့ဆီ လာရှာကြတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ချေ။
“ငါ တရားမဝင် ပစ္စည်းတွေ မှောင်ခိုမကူးဘူး”
ချားလ်စ်က ပြောပြောဆိုဆိုနှင့် တံခါးပိတ်ရန် ပြင်လိုက်၏။ အမှန်တော့ သူ လိမ်ပြောလိုက်ခြင်း ဖြစ်သည်။ အကျိုးအမြတ် များမည်ဆိုလျှင် သူ မှောင်ခိုကူးတတ်သော်လည်း ယခုတစ်ခေါက်တွင်မူ ဒီလို ဂိုဏ်းဂဏတွေနဲ့ ပတ်သက်မှု မရှိချင်သဖြင့် ငြင်းလိုက်ခြင်း ဖြစ်၏။
သူ့အမြင်မှာတော့ ဖတာဂန် အဖွဲ့သားတွေနဲ့ လမ်းပေါ်က အရူးတွေရဲ့ ခြားနားချက်က ဒီလူတွေက စကားကို အစီအစဉ်တကျ ပြောတတ်တာ တစ်ခုပဲ ရှိသည်။ ဘယ်လို အသိတရားရှိတဲ့ လူကမှ ပင်လယ်သတ္တဝါကြီးကို နတ်ဘုရားအဖြစ် ကိုးကွယ်မှာ မဟုတ်ချေ။
တံခါး ပိတ်ခါနီးမှာပင် တံခါးတစ်ဖက်က တိုးတိုးလေး ပြောလိုက်တဲ့ ငွေပမာဏကို ချားလ်စ် ကြားလိုက်ရ၏။
“အက်ကိုး တစ်သန်း”
ဟွတ်ခ်က တံခါးအဟကြားကနေ ချားလ်စ်ကို ကြည့်ပြီး ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။
“မစ္စတာချားလ်စ်၊ ဒီငွေပမာဏက မင်းရဲ့ အခြေအနေကို အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။ အဲဒါနဲ့ဆို ခေတ်မီစက်ကိရိယာတွေ ပါတဲ့ စူးစမ်းရေးသင်္ဘောတစ်စင်း ဝယ်လို့ရပြီလေ။ တွေးကြည့်စမ်းပါဦး။ မင်းသာ ကျွန်းအသစ်တစ်ကျွန်း ရှာတွေ့ခဲ့ရင် မင်းက အုပ်ချုပ်ရေးမှူး ဖြစ်လာမှာ။ မိန်းမတွေ၊ အာဏာနဲ့ ပိုက်ဆံတွေ အကုန်လုံး မင်းအပိုင် ဖြစ်လာမှာ”
ဖတာဂန် အဖွဲ့က သူ၏ အစီအစဉ်တွေကို ဘယ်လိုသိနေလဲ ချားလ်စ် မသိသော်လည်း သူ၏ စိတ်ဓာတ်ကတော့ ယိမ်းယိုင်သွားရပြီ ဖြစ်သည်။ ဒီလောက် ပိုက်ဆံအများကြီးဆိုလျှင် အိမ်ပြန်ဖို့အတွက် အများကြီး နီးစပ်သွားမည် မဟုတ်ပါလား။
သို့သော် သူ သတိတော့ မလွတ်ခဲ့ပါ။ ဖတာဂန် အဖွဲ့ဆိုတာ ပရဟိတ လုပ်ငန်း မဟုတ်သလို ဒီလောက် များပြားတဲ့ ဆုကြေးနောက်မှာ အလွန်ကြီးမားတဲ့ အန္တရာယ် ရှိနေမည်မှာ အသေအချာပင်။
“ငါ ဘာကို မှောင်ခိုကူးပေးရမှာလဲ”
“မှောင်ခိုကူးခိုင်းတာ မဟုတ်ပါဘူး။ တစ်ခုခုကို ရှာပေးဖို့ အကူအညီ လိုချင်တာပါ။ ငါနဲ့ လိုက်ခဲ့ပေးပါ။ ငါတို့ရဲ့ ယဇ်ပုရောဟိတ်မင်းက အသေးစိတ် ရှင်းပြပါလိမ့်မယ်”
ချားလ်စ် ခဏလောက် စဉ်းစားပြီးနောက် တံခါးဖွင့်ကာ ဟွတ်ခ်နောက်သို့ လိုက်သွားတော့၏။
သူတို့နှစ်ယောက်သည် ငါးညှီနံ့ နံနေတဲ့ ဆိပ်ကမ်းနယ်မြေကို ဖြတ်ကျော်ပြီး ကျွန်းရဲ့ လူနေရပ်ကွက်ဘက်သို့ ထွက်လာခဲ့ကြသည်။
လူနေရပ်ကွက်ကတော့ ဆိပ်ကမ်းလောက် မရှုပ်ထွေးဘဲ သက်ဝင်လှုပ်ရှားမှု ရှိ၏။ ဖြူမှိုင်းမှိုင်း သန္တာကျောက်တုံး အဆောက်အအုံတွေကို ဖယ်လိုက်ရင် ချားလ်စ်အနေနဲ့ ၁၉ ရာစုလောက်က လန်ဒန်မြို့ လမ်းမပေါ်မှာ လမ်းလျှောက်နေရသလို ခံစားရသည်။
ဘဏ်တွေ၊ ဆေးရုံတွေ၊ အဝတ်အထည်ဆိုင်တွေနဲ့ ပြဇာတ်ရုံတွေ အစရှိတဲ့ ခေတ်မီ အဆောက်အအုံတွေ အားလုံး ရှိနေ၏။ ဒေသခံတွေရဲ့ လိပ်ဝင်နေတဲ့ နားရွက်တွေနဲ့ ဖြူဖျော့လွန်းတဲ့ အသားအရေကို ဖယ်လိုက်ရင် အရာအားလုံးက ပုံမှန်အတိုင်းပင် ဖြစ်သည်။
“ကင်းခြေများ ရေဘဝဲခြေထောက် ကင် တစ်ခုကို ၄ အက်ကိုး”
“ဖေဖေ ကျွန်တော် ပင်ပန်းနေပြီ။ လမ်းမလျှောက်နိုင်တော့ဘူး”
“သတင်းထူး သတင်းဦး။ အုပ်ချုပ်ရေးမှူး နီကိုးလ် က နောက် ခြောက်ရက်နေရင် သူ့ရဲ့ ခြောက်ယောက်မြောက် ခင်ပွန်းနဲ့ လက်ထပ်တော့မယ်”
“ခဏလောက် အချိန်ပေးပါဦး ခင်ဗျာ။ ကျွန်တော်တို့ရဲ့ အနန္တတန်ခိုးရှင် ကယ်တင်ရှင်ကြီး ဖတာဂန် ဆာဝီတို အကြောင်း ရှင်းပြပါရစေ”
ဒီလို အေးချမ်းတဲ့ မြင်ကွင်းတွေက ချားလ်စ်အတွက်တော့ စိတ်ထဲ တစ်မျိုး ဖြစ်နေရသည်။ ဘယ်လောက်ပဲ အေးချမ်းနေပါစေ အရာအားလုံးက ရေပူဖောင်းလေးလို တစ်ခဏချင်း ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။ တစ်ခါတလေမှာ လူသန်းပေါင်းများစွာ နေထိုင်တဲ့ ကျွန်းတစ်ကျွန်းလုံး ပင်လယ်ရေအောက်ထဲ နစ်မြုပ်သွားတဲ့ သတင်းတွေက ကြားနေရမြဲ ဖြစ်သည်။
သူတို့နှစ်ယောက်သည် ကျောက်တုံး အဆောက်အအုံတွေကို ဖြတ်ကျော်လာခဲ့ပြီးနောက် ကြီးမားလှတဲ့ ဘုရားကျောင်းကြီးတစ်ခု ရှေ့သို့ ရောက်လာကြ၏။ ဘုရားကျောင်းထဲ ဝင်လိုက်သည်နှင့် အပြင်က ဆူညံသံတွေ ချက်ချင်း တိတ်ဆိတ်သွားသည်။
ခန်းမ အလယ်တည့်တည့်မှာတော့ လူပုံစံလိုလို ကြီးမားလှတဲ့ ကျောက်ရုပ်ကြီးတစ်ရုပ် ရှိနေ၏။ လူပုံစံဆိုတာထက် ပုပ်ပွနေတဲ့ ရေဘဝဲကြီးတစ်ကောင် မတ်တပ်ရပ်နေတာနဲ့ ပိုတူသည်။ တစ်ကိုယ်လုံးမှာ မျက်လုံးတွေ ပြည့်နေပြီး ကြည့်လိုက်တာနဲ့ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏။
ဝတ်ရုံနက် ဝတ်ထားတဲ့ ကိုးကွယ်သူတွေက တန်းစီရပ်ပြီး တိုးတိုးလေး ဆုတောင်းနေကြသည်။ ထိုဆုတောင်းသံတွေက ချားလ်စ် နားထဲမှာ ကြားနေရတဲ့ ကြားယောင်သံတွေနဲ့ ဆင်တူနေသဖြင့် သူ အံ့သြသွားရ၏။
“ယဇ်ပုရောဟိတ်မင်းက အခန်းထဲမှာ ရှိနေတယ်။ ငါ့နောက် လိုက်ခဲ့ပါ”
ဟွတ်ခ်က ချားလ်စ်ကို လူအုပ်ကြားထဲကနေ အတွင်းဘက်သို့ ခေါ်သွားသည်။
အတွင်းဘက်မှာတော့ လုံခြုံရေးက ပိုပြီး တင်းကျပ်လှ၏။ လမ်းဆုံတိုင်းမှာ ဝတ်ရုံနက်ဝတ်ထားတဲ့ အစောင့်တွေ ရှိနေသည်။ ဘယ်သူမှ စကားမပြောကြသော်လည်း သူတို့ရဲ့ အကြည့်တွေက ချားလ်စ်ဆီမှာ ရှိနေမှန်း သိသာလှ၏။
မှောင်မည်းနေတဲ့ အခန်းတစ်ခုထဲကို ရောက်တဲ့အခါ ချားလ်စ်သည် ဖတာဂန် အဖွဲ့ရဲ့ ယဇ်ပုရောဟိတ်မင်းနဲ့ တွေ့ရတော့သည်။ ဝတ်ရုံနီ ဝတ်ထားတဲ့ ထိုလူသည် ကြမ်းပြင်ပေါ်မှာ ဝပ်တွားကိုးကွယ်နေ၏။
ဟွတ်ခ်က ဂါရဝပြုပြီးနောက် အခန်းထဲကနေ ထွက်သွားသည်။
ယဇ်ပုရောဟိတ်မင်းက ဖြည်းဖြည်းချင်း ထရပ်လိုက်၏။ သူက ချားလ်စ်ဘက်ကို လှည့်မကြည့်ဘဲ စကားစလိုက်သည်။
“ကပ္ပတိန်ချားလ်စ်။ ငါတို့အဖွဲ့က မင်းကို တစ်ခုခု ရှာခိုင်းချင်တာ။ အဲဒါက ငါတို့ အရှင်သခင်ရဲ့ မြင့်မြတ်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုပဲ”
***