ယဇ်ပုရောဟိတ်မင်းရဲ့ အသံက အိုမင်းရင့်ရော်ပြီး အက်ကွဲနေ၏။ သူ၏ လည်ချောင်းထဲမှာ ပျစ်ချွဲနေတဲ့ သလိပ်တွေ ခံနေသလိုမျိုး အသံထွက်နေတာကြောင့် ချားလ်စ် တစ်ယောက် တကယ်ကို စိတ်မသက်မသာ ဖြစ်ရသည်။
“အဲဒီပစ္စည်းက ဘယ်မှာလဲ” ချားလ်စ်က မေးလိုက်၏။
“သိပ်မဝေးပါဘူး။ သန္တာကျွန်းစုရဲ့ ဘယ်ဘက်ခြမ်းမှာ အသစ်တွေ့ထားတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ရှိတာပါ”
ချားလ်စ်က ဆက်ပြီး စူးစမ်းလိုက်သည်။ “ဘာလို့ ငါ့ကိုမှ လာငှားတာလဲ။ ငါ့ထက် သန်မာတဲ့သူတွေ၊ ငါ့ထက် ကောင်းတဲ့သင်္ဘောတွေ အများကြီး ရှိနေတာပဲကို”
ယဇ်ပုရောဟိတ်မင်းက တဟားဟား ရယ်မောလိုက်ပြီး “အဲဒီနေရာက နည်းနည်းတော့ အန္တရာယ်များတယ်။ ငါတို့က သတိဝီရိယရှိတဲ့ ကပ္ပတိန်မျိုးကို လိုချင်တာပါ”
“နည်းနည်းပဲ အန္တရာယ်ရှိတယ်” ဆိုတဲ့ စကားကိုတော့ ချားလ်စ် အယုံအကြည် မရှိပါဘူး။
အန္တရာယ် နည်းနည်းပဲရှိရင် ဆုကြေးငွေ အက်ကိုး တစ်သန်းအထိ ပေးစရာ အကြောင်းမရှိချေ။
“ငါက မင်းတို့ ကမ်းလှမ်းတဲ့ ပထမဆုံးလူတော့ မဟုတ်လောက်ပါဘူး။ အရင်လူတွေ ဘာဖြစ်သွားကြလဲ”
“ကပ္ပတိန်ချားလ်စ်... မင်းကိုယ်တိုင်ပဲ စူးစမ်းရေးသင်္ဘော ဝယ်မယ်လို့ ကြွေးကြော်ခဲ့တာ မဟုတ်လား။ ဒီလောက် အန္တရာယ်လေးကိုတောင် ကြောက်နေမယ်ဆိုရင်တော့ လူသားတွေရဲ့ နယ်မြေကို ချဲ့ထွင်ပေးမယ့် သူရဲကောင်းတစ်ယောက် ဖြစ်လာပါ့မလားလို့ ငါ သံသယရှိမိတယ်”
ယဇ်ပုရောဟိတ်မင်းရဲ့ အသံမှာ အထင်သေးတဲ့ အရိပ်အယောင်တွေ ပါနေ၏။
ဝတ်ရုံနီဝတ်ထားတဲ့ ထိုလူကြီးက မေးခွန်းကို တိုက်ရိုက်မဖြေတာကြောင့် သူ့ရှေ့ကလူတွေဟာ ကံဆိုးတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံခဲ့ရပြီဆိုတာ ချားလ်စ် သိလိုက်သည်။
ထိုနေရာသည် အလွန်အန္တရာယ်များမည်မှာ အသေအချာပင်။ သူ ခဏလောက် စဉ်းစားပြီးနောက်မှာတော့ ဒီအခွင့်အရေးကို အရဲစွန့်ပြီး ဆုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်၏။
“ရဲလျှင်မင်းဖြစ်” ဆိုသလိုပင် ကံတရားက ရဲရင့်သူတွေဘက်မှာ ရှိနေတတ်တာကြောင့် သူ အိမ်ပြန်မယ့်လမ်းကို နောက်ထပ် မနှောင့်နှေးချင်တော့ပါဘူး။
အန္တရာယ်ဆိုတာကတော့... ဒီခေတ်မှာ ဘယ်ပင်လယ်ခရီးစဉ်ကမှ တကယ် ဘေးမကင်းချေ။ ပင်လယ်ထဲ ထွက်လိုက်တာနဲ့ ရေအောက်ထဲမှာ သတ္တဝါဆိုးတွေ ရှိနေတာမို့ ဘယ်နေရာမှ တကယ် မလုံခြုံပါဘူး။
“ကောင်းပြီ။ ဒါပေမဲ့ မင်းတို့ ကတိတည်မယ်ဆိုတာ ငါ ဘယ်လို ယုံရမလဲ”
ယဇ်ပုရောဟိတ်မင်းက နားလည်ပေးဟန်ဖြင့် “ဆုကြေးငွေကို အယ်လ်ဘီယွန် ဘဏ် မှာ အပ်နှံထားပေးမယ်။ သူတို့က သက်သေအဖြစ် ဆောင်ရွက်ပေးလိမ့်မယ်” ဟု ပြန်ပြောသည်။
ခဏအကြာမှာတော့ သူက ဆက်မေး၏။
“ဒါနဲ့ မေးပါရစေဦး... ကပ္ပတိန်ချားလ်စ်၊ မင်းက ဘာလို့ စူးစမ်းရေးသင်္ဘော ဝယ်ဖို့ ဒီလောက်တောင် လောနေရတာလဲ။ အာဏာအတွက်လား၊ ပိုက်ဆံအတွက်လား၊ ဒါမှမဟုတ် ဂုဏ်သိက္ခာအတွက်လား”
ချားလ်စ်က သူ၏ နောက်ဆုံးပန်းတိုင်ကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပါဘူး။
“အလင်းပြည် အတွက်ပဲ”
ချားလ်စ်ရဲ့ အဖြေကို ကြားလိုက်ရတဲ့အခါ ဝတ်ရုံဝတ်ထားတဲ့ ထိုလူကြီးဟာ တုန်တုန်ရီရီ ဖြစ်သွားပြီး အိုမင်းလှတဲ့ အသံကြီးက ထိတ်လန့်တကြား ထွက်ပေါ်လာသည်။
“အလင်းပြည်အတွက် ဟုတ်လား။ မင်းက အလင်းတော်အဖွဲ့ ရဲ့ ကိုးကွယ်သူများလား”
“မဟုတ်ပါဘူး”
ယဇ်ပုရောဟိတ်မင်းက သက်ပြင်းချရင်း စိတ်အေးသွားဟန်ဖြင့် “တော်သေးတာပေါ့။ တကယ်လို့ မင်းသာ အဲဒီ မိစ္ဆာတွေထဲက တစ်ယောက်ဆိုရင်တော့ ငါတို့ရဲ့ အရောင်းအဝယ်ကို ပြန်စဉ်းစားရလိမ့်မယ်။ အဲဒီ အရူးတွေနဲ့ လုံးဝ မပတ်သက်ပါနဲ့။ သူတို့က တကယ့် မိစ္ဆာဂိုဏ်းပဲ”
လူသားတွေကို အရှင်လတ်လတ် ယဇ်ပူဇော်တတ်တဲ့ ဖတာဂန် အဖွဲ့သားတစ်ယောက်က ဒီလိုစကားမျိုး ပြောနေတာကို ချားလ်စ်ကတော့ ရယ်ချင်စိတ်ကို အောင့်ထားရ၏။
ဒါဟာ “ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူတစ်ပါး မျက်ချေး မြင်တာ” ပါပဲ။
တကယ်တမ်း မြေပြင်ကမ္ဘာရဲ့ စံနှုန်းတွေနဲ့ တိုင်းတာရင်တော့ ဒီမြေအောက် ပင်လယ်ထဲက ဘာသာတရား အားလုံးဟာ မိစ္ဆာဂိုဏ်းတွေချည်းပါပဲ။ သူတို့ရဲ့ ဘာသာရေး ထုံးတမ်းစဉ်လာတွေက လူသားမျိုးနွယ်အပေါ် ဆန့်ကျင်နေတာတွေချည်း ဖြစ်၏။
ချားလ်စ် ထွက်သွားပြီးနောက် ဟွတ်ခ်က အခန်းထဲ ပြန်ဝင်လာသည်။ ဒီတစ်ခါမှာတော့ သူ့လက်ထဲမှာ သွေးတွေ ပြည့်နေတဲ့ ခွက်တစ်ခွက်ကို ကိုင်ထားပြီး ယဇ်ပုရောဟိတ်မင်းရဲ့ နောက်မှာ ရိုရိုသေသေ ချထားပေးလိုက်၏။
“သူနဲ့ စာချုပ်ကို အပြီးသတ်လိုက်တော့။ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာခိုင်းလိုက်”
ဟွတ်ခ်က ခေါင်းငြိမ့်ပြရင်း “အရှင်၊ ဒီခရီးစဉ်က အောင်မြင်မယ်လို့ ထင်ပါသလား” ဟု တိုးတိုးလေး မေးလိုက်သည်။
ယဇ်ပုရောဟိတ်မင်းရဲ့ ဝတ်ရုံလက်စွပ်ထဲကနေ အနက်ရောင် လက်တံကြီးတစ်ခု ထွက်လာပြီး သွေးခွက်ကို ရစ်ပတ်ကာ အတွင်းဘက်သို့ ပြန်ဆွဲယူသွား၏။
“ငါတို့ အေးအေးဆေးဆေး လုပ်သွားလို့ ရပါတယ်။ ဒါက ကိုးယောက်မြောက်ပဲ ရှိသေးတာ။ စိတ်ရှည်စမ်းပါ။ ငါတို့ အရှင်သခင်ရဲ့ ရှေးဟောင်းပစ္စည်းက ငါတို့လက်ထဲကိုပဲ ရောက်လာရမယ်”
အချိန်မဆိုင်းဘဲ ချားလ်စ်နဲ့ ဟွတ်ခ်တို့ဟာ သန္တာကျွန်းစုရဲ့ အကြီးဆုံးဘဏ်ဆီကို သွားခဲ့ကြသည်။
စာချုပ်ပေါ်မှာ “ဖတာဂန် ပဋိညာဉ်အဖွဲ့” ဆိုတဲ့ နာမည်ကို ဟွတ်ခ်က လက်မှတ်ထိုးလိုက်တဲ့အခါမှ ချားလ်စ် စိတ်အေးသွားရ၏။
ဒီစာချုပ်ကို သန္တာကျွန်းစု အုပ်ချုပ်ရေးမှူးကိုယ်တိုင် အာမခံပေးထားတာဖြစ်လို့ ဖတာဂန် အဖွဲ့အနေနဲ့ ကတိဖျက်ဖို့ မလွယ်ပါဘူး။ ကတိဖျက်ရင် ပေးဆပ်ရမယ့် တန်ဖိုးက အက်ကိုး တစ်သန်းထက် အများကြီး ပိုများသွားမှာ ဖြစ်လို့ပါ။
“ကပ္ပတိန်ချားလ်စ်။ မင်းရဲ့ အရာရှိကြီး အလုပ်ထွက်သွားတယ်လို့ ကြားတယ်၊ ဟုတ်သလား”
“အဲဒါက ငါတို့ အရောင်းအဝယ်နဲ့ ဘာဆိုင်လို့လဲ” ချားလ်စ်က စာချုပ်ကို အိတ်ထဲ ထည့်ရင်း မေးလိုက်၏။
“ဆိုင်တာပေါ့။ ငါတို့က မင်းရဲ့ တာဝန်ကို အမြန်ဆုံး ပြီးမြောက်စေချင်တာ။ ဒါကြောင့် ဖတာဂန် အဖွဲ့က မင်းအတွက် အရာရှိကြီး တစ်ယောက် ရွေးပေးထားတယ်။ သူက ပင်လယ်ခရီး အတွေ့အကြုံ အများကြီးရှိတယ်၊ ဒါကြောင့် ငါတို့ရဲ့ အကူအညီကို ငြင်းမပယ်ပါနဲ့ဦး”
ချားလ်စ်က မျက်မှောင်ကြုတ်ရင်း “ဒါ ငါ့ကို စောင့်ကြည့်ဖို့ လူလွှတ်တာလား” ဟု မေးလိုက်သည်။
“မဟုတ်ပါဘူး။ သူက လမ်းပြပေးဖို့သက်သက်ပါ။ အဲဒီကျွန်းက တော်တော်လေး ဝေးပြီး လူသူမနီးတော့ မင်း ရှာမတွေ့မှာ စိုးလို့ပါ”
အမှန်အတိုင်း ပြောရရင် ချားလ်စ်ကတော့ သိပ်ဂရုမစိုက်ပါဘူး။ သူတို့နှစ်ဖက်စလုံးက အကျိုးအမြတ် တစ်ခုတည်းကို ရှေးရှုနေကြတာဖြစ်လို့ ဒီဂိုဏ်းသားတွေက အလုပ်ကို နှောင့်နှေးအောင်တော့ လုပ်မှာ မဟုတ်ပါဘူး။
“ငါ နောက်သုံးရက်နေရင် မနက် ၆ နာရီမှာ ထွက်မယ်”
သုံးရက်အကြာ။
မနက်စောစောကတည်းက ဆိပ်ကမ်းမှာ လူတွေ စည်ကားနေ၏။ အလုပ်သမားတွေက ပုရွက်ဆိတ်တွေလိုပဲ ကုန်စည်တွေကို အလုပ်ရှုပ်ခံပြီး တင်ချနေကြသည်။
ချားလ်စ်သည် သင်္ဘောဦးပိုင်းမှာ ရပ်ရင်း စောင့်နေ၏။ တခြား သင်္ဘောသားတွေကတော့ ကုန်းပတ်ပေါ်မှာ စကားစမြည် ပြောနေကြသည်။ သူတို့ထဲမှာ လူသစ်နှစ်ယောက် ပါလာသလို၊ အရင်က သင်္ဘောသားလေး ဒစ်ပ်ကတော့ အခုဆိုရင် သင်္ဘောထိန်းအဖြစ် ရာထူးတိုးသွားခဲ့ပြီ။
ရာထူးတိုးသွားတဲ့ ကောင်လေးကတော့ တော်တော်လေးကို စိတ်လှုပ်ရှားနေပုံရသည်။ သူက လက်ကို နောက်ပစ်ပြီး သူ့ထက် အသက်ကြီးတဲ့ လူသစ်တွေကို သင်္ဘောသား ဝါရင့်ကြီးတစ်ယောက်လို ဆုံးမနေ၏။
ဒစ်ပ်ရဲ့ ဘေးမှာရှိနေတဲ့ အင်ဂျင်နီယာ ဂျိမ်းစ်နဲ့ စားဖိုမှူး ဖရေးတို့ကတော့ ခပ်တည်တည်ပါပဲ။ ဒီခရီးစဉ်က သာမန် မဟုတ်ဘူးဆိုတာ သူတို့ သိနေကြသည်။
“ဂျိမ်းစ်... မင်းလည်း အိုဂျွန်လို ထွက်သွားမယ် ထင်နေတာ” ဟု ပိန်လှီလှတဲ့ စားဖိုမှူး ဖရေးက ပြောလိုက်သည်။
“ကပ္ပတိန်က ငါ့အသက်ကို ကယ်ခဲ့တာကွ။ သူ ဘယ်သွားသွား ငါ လိုက်မှာပဲ။ နောက်ပြီး ကပ္ပတိန်က ဆုကြေးတွေ အများကြီး ပေးမယ်လို့ ပြောထားတယ်လေ။ ဒီဝေစုရရင် ငါ မိုစီကာကို လက်ထပ်ခွင့် တောင်းတော့မယ်” ဂျိမ်းစ်က သူ၏ မင်္ဂလာပွဲကို စိတ်ကူးယဉ်ရင်း ပြုံးပြီး ပြန်ပြောလိုက်၏။
“မင်း သေသွားရင်ရော။ ဒါက သာမန် ကုန်ပို့တဲ့ အလုပ်မဟုတ်ဘူးနော်။ ကျွန်းအသစ်တွေကို စူးစမ်းတာက စူးစမ်းရှာဖွေသူတွေလုပ်ရမယ့် အလုပ်ကွ”
“ငါ မကြောက်ပါဘူး။ အားလုံး အတူတူ သေရရင်တောင် မဆိုးပါဘူးကွာ” ဂျိမ်းစ်က ပြောရင်း သူ့သူငယ်ချင်းကို ပြန်မေးလိုက်သည်။ “ဒါနဲ့ မင်းကရော ဘာလို့ လိုက်လာတာလဲ ဖရေး”
“ငါ့အကျင့်ကို မင်း သိသားပဲ။ တခြားနေရာ သွားဖို့ ငါ ပျင်းလို့ပါ”
ဖရေးက ချားလ်စ်ရဲ့ ကျောပြင်ကို ကြည့်ရင်း အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။
တကယ်တော့ ဖရေး မထွက်သွားရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကပ္ပတိန်ရဲ့ အခန်းထဲမှာ လေးထောင့်ပုံစံ အရာတစ်ခုကို ချားလ်စ် ထုတ်ကြည့်နေတာ သူတွေ့ခဲ့လို့ ဖြစ်သည်။
အဲဒီအရာက သီချင်းလည်း ဆိုပြနိုင်သလို၊ ပုံရိပ်ယောင်တွေလည်း ပြနိုင်တဲ့ မှော်ဆန်တဲ့ အရာတစ်ခုပင်။
အဲဒါ ဘာလဲဆိုတာ သူ မသိသော်လည်း အလွန်စွမ်းအားကြီးတဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်မယ်လို့ သူ ထင်ထားသည်။ နောက်ပြီး အဲဒီပစ္စည်းကို သုံးဖို့ ပေးဆပ်ရမည့် တန်ဖိုးက “မျက်ရည်” ဖြစ်မယ်လို့ သူ ယူဆထား၏။
ဘာကြောင့်လဲဆိုတော့ အဲဒီနေ့က အမြဲတမ်း တည်ငြိမ်လှတဲ့ ကပ္ပတိန်ကြီး တစ်ယောက်တည်း ကလေးတစ်ယောက်လို ငိုနေတာကို သူ တွေ့ခဲ့လို့ ဖြစ်သည်။
အဲဒီအချိန်ကစပြီး သူ ဒီကပ္ပတိန်နောက်ကိုပဲ လိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီလို စွမ်းအားကြီးတဲ့ ရှေးဟောင်းပစ္စည်းရှိတဲ့ လူနောက်လိုက်ရင် အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ်လို့ သူ ယုံကြည်နေခြင်း ဖြစ်၏။
စူးစမ်းရေး ခရီးစဉ်တစ်ခုမှာ အရေးကြီးဆုံးက အသက်ရှင်ဖို့ပဲ မဟုတ်လား။ ဆုကြေးနဲ့ အလုပ်ပင်ပန်းတာတွေကတော့ ဒုတိယပဲ။
သူ့ရဲ့ ဆုံးဖြတ်ချက်က မှန်တယ်ဆိုတာ အချိန်က သက်သေပြခဲ့ပါသည်။ သူနဲ့အတူ သင်္ဘောသား စလုပ်ခဲ့သူတွေ အကုန်လုံးနီးပါး သေကုန်ကြပြီဖြစ်သော်လည်း သူကတော့ အခုထိ အကောင်းတိုင်း ရှိနေသေးသည်။
ချားလ်စ်သည် သင်္ဘောဦးပိုင်းမှာ ရပ်နေရင်း မျက်မှောင်ကြုတ်လိုက်၏။ အဝေးမှာတော့ ဟွတ်ခ် ဦးဆောင်လာတဲ့ ဝတ်ရုံနက်ဝတ်ထားသူ တစ်စုကို တွေ့လိုက်ရသည်။
“သူ ဘယ်မှာလဲ။ မြန်မြန်လုပ်၊ ငါ့မှာ အချိန်မရှိဘူး” ချားလ်စ်က စိတ်မရှည်သလို ပြောလိုက်၏။
ဟွတ်ခ်က ပြုံးပြီး လက်ခုပ်တီးလိုက်တဲ့အခါ သူ့နောက်က လူတစ်ယောက် ရှေ့ကို တိုးလာသည်။
ထိုလူရဲ့ ပုံစံကို မြင်လိုက်တဲ့အခါ ချားလ်စ်ကတော့ မမ်မီ တစ်ကောင်ကို ကြည့်နေရသလို ခံစားလိုက်ရ၏။ ထိုလူသည် တစ်ကိုယ်လုံးကို ပတ်တီးတွေနဲ့ စည်းထားပြီး အသားစ တစ်လက်မတောင် မမြင်ရချေ။
“သူ့ကို ‘ပတ်တီး’ လို့ပဲ ခေါ်ခေါ် ကြိုက်တဲ့နာမည် ခေါ်လို့ရပါတယ်။ သူက အရာရှိကြီးဟောင်း တစ်ယောက်ဖြစ်သလို အဲဒီကျွန်းရဲ့ တည်နေရာကိုလည်း သိတယ်။ မင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ”
“ဒီအထဲကလူက အသက်ရှင်သေးရဲ့လား” ချားလ်စ်က သံသယဖြင့် မေးလိုက်၏။
“ဟားဟား... စိတ်မပူပါနဲ့။ သူက လူသားစစ်စစ်ပါ။ အသက်လည်း ရှင်နေတုန်းပဲ” ဟွတ်ခ်က ပြောပြောဆိုဆိုနှင့် ဓားမြှောင်တစ်လက်ကို ထုတ်ပြီး ပတ်တီးစည်းထားတဲ့ ထိုလူရဲ့ မျက်နှာကို ဓားနဲ့ အသာအယာ ခြစ်လိုက်သည်။
ပတ်တီးတွေ ပြေကျသွားပြီးနောက်မှာတော့ အနက်ရောင် အသားအရေနဲ့အတူ သွေးနီနီတွေ ထွက်လာသည်ကို တွေ့လိုက်ရ၏။
“လူမည်းလား။ ဒီကမ္ဘာမှာ သူတို့ ရှိနေသေးတာလား” ချားလ်စ်က သေချာ ကြည့်လိုက်တဲ့အခါမှ သူ ဝမ်းသာတာ စောသွားမှန်း သိလိုက်ရသည်။ ထိုလူရဲ့ အသားအရေဟာ မျိုးရိုးဗီဇကြောင့် မည်းနေတာ မဟုတ်ဘဲ တစ်ကိုယ်လုံးကို အနက်ရောင် တက်တူးစာလုံးတွေ အပြည့် ထိုးထားတာကြောင့် မည်းနေခြင်း ဖြစ်သည်။
ချားလ်စ်ခမျာ အိမ်ပြန်ချင်ဇောနဲ့ မြေပြင်ကမ္ဘာက အမှတ်အသားလေး တစ်ခုခု တွေ့ရနိုးနိုးနဲ့ မျှော်လင့်ခဲ့မိတာ ဖြစ်၏။
(မှတ်ချက်။ ။အသားအရောင်မည်းရတာက နေရောင်ခြည်အပေါ် လူတွေရဲ့မျိုးရိုးဗီဇတုန့်ပြန်မှုတစ်ခုဖြစ်တာကြောင့် ချားလ်စ် စိတ်လှုပ်ရှားသွားတာပါ)
***