[ ဇန်နဝါရီလ ၁၁ ရက်၊ နှစ် ၄၃၅
ငါတို့ နောက်ဆုံးတော့ ရောက်ပြီ။ ဂုဏ်ကျေးဇူး အပေါင်းဟာ အရှင်သခင်ကြီးနဲ့သာ ထိုက်တန်ပါတယ်။ ဒီမြင့်မြတ်တဲ့ ရှေးဟောင်းပစ္စည်းကို ပြန်ယူသွားနိုင်တာနဲ့ ငါဟာ ဗတ္တိဇံ မင်္ဂလာခံယူပြီး ငါတို့အရှင်ရဲ့ စစ်မှန်တဲ့ အစေခံတစ်ယောက် ဖြစ်လာတော့မယ်။ ]
ဒါဟာ ဒိုင်ယာရီရဲ့ နောက်ဆုံးမှတ်တမ်းပဲ ဖြစ်သည်။ ပါဝင်တဲ့ အကြောင်းအရာတွေအရ ဒီကပ္ပတိန်ဟာ ဖတာဂန် ပဋိညာဉ်အဖွဲ့ဝင် တစ်ယောက်ဖြစ်တာ ထင်ရှား၏။ ဖတာဂန် မိစ္ဆာဂိုဏ်းသားတွေဟာ ချားလ်စ်ဆီ အကူအညီမတောင်းခင် သူတို့အဖွဲ့ဝင်တွေကိုယ်တိုင် အရင်လွှတ်ခဲ့ကြတယ်ဆိုတာ ခန့်မှန်းရ မခက်ပါဘူး။
ချားလ်စ်သည် သူ၏အဖွဲ့သားများကို တခြားသင်္ဘောတွေမှာပါ လိုက်ရှာခိုင်းရာ အခြေအနေက အတူတူပင် ဖြစ်သည်။ ကပ္ပတိန်အားလုံးရဲ့ ဒိုင်ယာရီတွေမှာ သူတို့ရဲ့ နောက်ဆုံး စိတ်လှုပ်ရှားမှုတွေကိုသာ မှတ်တမ်းတင်ထားကြသည်။
ချားလ်စ် တစ်ယောက် ဒီထူးဆန်းတဲ့ အခြေအနေကြောင့် ဇဝေဇဝါ ဖြစ်နေစဉ်မှာပဲ ပိန်လှီလှတဲ့ စားဖိုမှူး ဖရေးက ပဟေဠိရဲ့ နောက်ဆုံးအပိုင်းအစ ဖြစ်လာမယ့် ဒိုင်ယာရီတစ်အုပ်ကို ကမ်းပေးလိုက်၏။
“ကပ္ပတိန်... ဒါလေး တစ်ချက်ကြည့်ကြည့်ပါ။ ဒါက နည်းနည်း ထူးခြားနေတယ်”
ချားလ်စ်သည် ဒိုင်ယာရီကို ယူကြည့်လိုက်ရာ သူ၏ မျက်စိသူငယ်အိမ်များ အပ်ဖျားခန့်အထိ ကျုံ့ဝင်သွားသည်။ ခရင်မ်ရောင် ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ စာလုံးတွေက အစီအစဉ်မကျဘဲ ပြည့်နှက်နေ၏။
[သတိထား၊ ကျွန်းပေါ်မသွားနဲ့။ ကိုယ့်လူတွေပဲ။ သူတို့က လူတွေမဟုတ်ဘူး။ ငါတို့ကို စားချင်နေကြတာ။ ငါ အစားမခံချင်ဘူး။ ကျွန်းပေါ်ကိုပဲ ပြန်သွားချင်တယ်။ ဘေးကင်းတယ်။ ကျွန်း...ကျွန်း...]
ယုတ္တိမရှိဘဲ ရောထွေးနေတဲ့ ဒီစကားစုတွေက ရေးတဲ့သူရဲ့ စိတ်အခြေအနေ မမှန်တော့တာကို ဖော်ပြနေသည်။ ဒါကို ဖတ်လိုက်ရတဲ့သူတိုင်း ကျောချမ်းသွားကြပြီး ဒီကပ္ပတိန် ဘာတွေနဲ့ ကြုံခဲ့ရလဲဆိုတာကို တွေးပြီး ထိတ်လန့်သွားကြ၏။
“ဂလု...”
ဒစ်ပ်သည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ပြီး သူနှင့် နေ့ရောညပါ အတူရှိနေခဲ့သည့် အဖော်များကို မယုံသင်္ကာဖြင့် လှည့်ကြည့်လိုက်သည်။ ဒိုင်ယာရီထဲမှာ “ကိုယ့်လူတွေကပဲ အန္တရာယ်” လို့ ပြောထားတာကြောင့် သူတို့ကြားထဲမှာ မိစ္ဆာတွေ ရောပါနေပြီလားလို့ တွေးပူနေခြင်း ဖြစ်၏။
ချားလ်စ်က ဒစ်ပ် ဘာတွေးနေလဲဆိုတာ သိသဖြင့် ဒိုင်ယာရီဖြင့် ထိုကောင်လေး၏ ခေါင်းကို အသာပုတ်လိုက်သည်။ “လျှောက်မတွေးနဲ့ဦး၊ ငါတို့ ကျွန်းပေါ် ခြေတောင် မချရသေးဘူး”
“ကပ္ပတိန်... ကျွန်တော်တို့ တကယ်ပဲ သွားကြဦးမှာလား” ဒစ်ပ်၏ အသံမှာ တုန်ရီနေသည်။
“သွားမှာပေါ့” ချားလ်စ်၏ မျက်နှာက ပြတ်သားနေ၏။ ကျွန်းပေါ်မှာ ဘယ်လို အန္တရာယ်ပဲရှိရှိ သူ အိမ်ပြန်မယ့်လမ်းကိုတော့ မပိတ်ဆို့နိုင်ပါဘူး။ သေရမယ်ဆိုရင်တောင် အိမ်ပြန်လမ်းပေါ်မှာပဲ အသေခံချင်သည်။
ထိပ်တန်းကြွက်သင်္ဘောသည် သောင်ပြင်နားသို့ ဖြည်းဖြည်းချင်း ကပ်သွားပြီး သံချေးတက်နေသည့် ကျောက်ဆူးကို ချလိုက်၏။ မီးခိုးခေါင်းတိုင်မှ အနက်ရောင် မီးခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူတို့သည် အရန်လှေငယ်ကို ရေထဲချလိုက်ပြီး လူ ခုနစ်ယောက်စလုံး ကျွန်းဆီသို့ တက်ညီလက်ညီ လှော်ခတ်သွားကြတော့သည်။
ခြောက်ခြားဖွယ် ကောင်းလှသည့် ကျွန်းနားသို့ နီးကပ်လာသည်နှင့်အမျှ ချားလ်စ်သည် သစ်သားသေတ္တာကို ဖွင့်ကာ ရိုင်ဖယ်သေနတ်များနှင့် ခြောက်လုံးပြူးများကို ဝေပေးလိုက်၏။ သေတ္တာအောက်ခြေမှာတော့ ယမ်းထုပ်များကို သေသေချာချာ ထုပ်ပိုးထားသည်။
သူသည် ဒီခရီးစဉ်အတွက် လက်နက်ခဲယမ်းတွေကို အထူးတလည် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ လက်ထဲမှာ လက်နက်ရှိလာတော့မှ အားလုံး စိတ်အနည်းငယ် အေးသွားကြ၏။
သန်မာလှတဲ့ လူ ခုနစ်ယောက်သည် လှေပေါ်မှ ခုန်ဆင်းကာ သောင်ပြင်ကို ဖြတ်ပြီး အဝေးက တောအုပ်ဆီသို့ လျှောက်လှမ်းသွားကြသည်။
“တောအုပ်” ဟု ခေါ်ရသော်လည်း သစ်ပင်တွေမှာ စိမ်းလန်းတဲ့ အရွက်တစ်ရွက်တောင် မရှိပါဘူး။
ကောက်ကွေးနေတဲ့ သစ်ကိုင်းတွေဟာ သံချေးတွေ တက်နေသလို ဖြစ်နေပြီး သစ်ပင်ပင်စည်တွေကလည်း ဖောယောင်နေတဲ့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ တစ်နေရာမှာ ဖောင်းကြွနေပြီး တစ်နေရာမှာ ချိုင့်ဝင်နေ၏။
ထိုတောအုပ်ထဲ လမ်းလျှောက်နေရတာဟာ လူ့ခန္ဓာကိုယ် အတွင်းပိုင်းထဲမှာ လမ်းလျှောက်နေရသလို ခံစားချက်မျိုး ပေးစွမ်းနေသည်။
သူတို့၏ ရည်မှန်းချက်က ရွှေရောင် ဖတာဂန် ရုပ်ထုကို ရှာဖို့ပင်။ လက်ထဲက မီးတုတ်တွေနဲ့ ဘေးပတ်ဝန်းကျင်မှာ တောက်ပတာ တစ်ခုခုရှိမလားဆိုပြီး မနားတမ်း ရှာဖွေသော်လည်း ဘာမှ မတွေ့ရပါဘူး။
အတော်ကြာ လမ်းလျှောက်ပြီးနောက်မှာတော့ ဟိုတစ်စ ဒီတစ်စ ခြေရာတွေကို တွေ့လိုက်ရသည်။ ဒါကို မြင်တော့မှ သူတို့ အနည်းငယ် စိတ်သက်သာရာ ရသွား၏။ လမ်းကြောင်းရှိနေတယ်ဆိုတာ အန္တရာယ် ကင်းနိုင်ခြေ ရှိတယ်လို့ ယူဆလို့ရတာကိုး။
သူတို့ ထင်တဲ့အတိုင်းပါပဲ၊ လူ ခုနစ်ယောက်သား နှစ်နာရီနီးပါး လမ်းလျှောက်ခဲ့သော်လည်း ထူးခြားတဲ့ အန္တရာယ်မျိုး မကြုံခဲ့ရပါဘူး။
ဗိုက်ဆာလာသဖြင့် သူတို့ ခဏနားပြီး အစာစားဖို့ ဆုံးဖြတ်လိုက်ကြသည်။ သစ်ကိုင်းခြောက်တွေကို စုပြီး မီးဖိုလိုက်သည့်အခါ တင်းမာနေတဲ့ အခြေအနေက အနည်းငယ် လျော့ပါးသွား၏။
ကင်ထားတဲ့ ပေါင်မုန့်နံ့က လေထဲမှာ ပျံ့လွင့်နေပြီး သင်္ဘောသားတွေကတော့ ပျောက်ဆုံးသွားတဲ့ လူတွေအကြောင်းကို အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြသည်။
“မိစ္ဆာတွေက သူတို့ကို စားလိုက်တာ ထင်လား။ ပင်လယ်ထဲကလို သတ္တဝါမျိုးတွေလေ”
“မဖြစ်နိုင်ပါဘူး။ ဟိုသင်္ဘောပေါ်က လူအချို့က ဖတာဂန် ကိုးကွယ်သူတွေပဲ။ မင်းတို့ သိတဲ့အတိုင်း ပင်လယ်သတ္တဝါတွေက သူတို့ကို သိပ်မတိုက်ခိုက်ဘူးလေ။ ငါ့အထင်တော့ ဒီကျွန်းပေါ်က တစ်ခုခုပဲ ဖြစ်မယ်”
ချားလ်စ်ကတော့ ထိုစကားဝိုင်းထဲ မပါဝင်ပါဘူး။ သူက ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေ၏။ ဒီတောအုပ်က တကယ်ကို ထူးဆန်းသည်။ သူတို့ ထွက်တဲ့အသံကလွဲရင် ကျန်တာအားလုံး တိတ်ဆိတ်နေ၏။ ပိုးကောင်အော်သံ ဒါမှမဟုတ် ငှက်သံဆိုတာ လုံးဝ မရှိပါဘူး။
အန္တရာယ် ဘာမှမရှိတာကလည်း သူ့ဘာသာသူ ထူးဆန်းနေပြန်သည်။ ချားလ်စ် ဖတ်ဖူးတဲ့ စူးစမ်းရှာဖွေသူတွေရဲ့ မှတ်တမ်းတွေအရ “မြေအောက်ပင်လယ်ထဲမှာ ဘေးကင်းတဲ့ ကျွန်းဆိုတာ တစ်ကျွန်းမှ မရှိဘူး” ဟု ဆိုထားသည်။ အခု လူတွေနေထိုင်နေတဲ့ ကျွန်းတွေဟာ အန္တရာယ်တွေကို အကြီးအကျယ် တိုက်ခိုက်နှိမ်နင်းပြီးမှ ရရှိလာတာ ဖြစ်သည်။
ဥပမာအားဖြင့် သန္တာကျွန်းစုဆိုလျှင်လည်း လူတွေ စတွေ့တုန်းက အဲဒီကျွန်းက အသက်ရှိနေတာပါ။ စူးစမ်းရေးသင်္ဘော အစင်းနှစ်ဆယ်ကျော်က အဲဒီ ဧရာမ သန္တာကျောက်တုံးကြီးကို အသေအလဲ တိုက်ခိုက်ပြီးမှ အပိုင်စီးနိုင်ခဲ့တာ ဖြစ်သည်။
“စကားတွေ ရပ်တော့။ မြန်မြန်စားပြီး ဆက်ရှာရအောင်။ ဒီမှာ ကြာကြာနေလေ အန္တရာယ်များလေပဲ”
ချားလ်စ်၏ စကားကြောင့် သင်္ဘောသားများ စကားဖြတ်ပြီး အမြန်စားလိုက်ကြသည်။ ခဏနားပြီး အားပြန်ပြည့်လာတဲ့အခါမှာတော့ သူတို့ ခရီးဆက်ကြပြန်၏။
ဒစ်ပ်က ချားလ်စ်နား ကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။
“ကပ္ပတိန်... ပြန်ရောက်ရင် ကျွန်တော်တို့ သင်္ဘောအကြီးကြီး ရတော့မှာ တကယ်လား”
“အင်း”
“မိုက်တာပေါ့။ အဲကျရင် ကျွန်တော်လည်း တခြားသင်္ဘောကြီးတွေက သင်္ဘောထိန်းတွေလို သင်္ဘောသား အယောက်ပေါင်းများစွာကို အုပ်ချုပ်ရတော့မယ်။ အခုလို သင်္ဘောသား တစ်ဝက်တောင် မရှိတဲ့ အခြေအနေမျိုး မဟုတ်တော့ဘူးပေါ့”
ချားလ်စ်က ဒီကောင်လေးရဲ့ စိတ်ဓာတ်ကို ကြည့်ပြီး ပြုံးမိသွားသည်။ ငယ်ရွယ်တဲ့သူတွေကတော့ အရာရာကို အကောင်းမြင်တတ်တာပဲလေ။ ဒါပေမဲ့ အိမ်ပြန်ရောက်ရင်တော့ သင်္ဘောသား ထပ်ငှားရမည်မှာ အမှန်ပင်။ ထိပ်တန်းကြွက်က သင်္ဘောငယ်လေး ဆိုသော်လည်း သင်္ဘောသား တစ်ယောက်မှ မရှိတာကတော့ တကယ်ကို ရယ်စရာ ကောင်းလှသည်။
ချားလ်စ်တို့အဖွဲ့ဟာ အဆုံးမရှိသယောင် ထင်ရတဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်လာခဲ့ကြသည်။ လမ်းပေါ်က ခြေရာတွေသာ ပုံစံပြောင်းမသွားဘူးဆိုလျှင် သူတို့ ပတ်ချာလည် လည်နေတယ်လို့တောင် ထင်မိမှာ ဖြစ်၏။
နောက်ထပ် သုံးနာရီနီးပါး လမ်းလျှောက်ပြီး ခြေထောက်တွေ ညောင်းညာလာတဲ့အချိန်မှာတော့ တောအုပ်က ရုတ်တရက် ပွင့်ထွက်သွားပြီး အညိုရောင် နွယ်ပင်တွေ ရစ်ပတ်နေတဲ့ ကျောက်တုံး အဆောက်အအုံကြီး တစ်ခုကို တွေ့လိုက်ရတော့သည်။
ထိုအဆောက်အအုံမှာ အပြင်ကကြည့်ရင် ဟောင်းနွမ်းစုတ်ပြတ်နေသဖြင့် ဘုရားကျောင်းလား၊ နတ်ကွန်းလား ဆိုတာ ခွဲခြားရ ခက်လှသည်။ တံခါးမရှိတော့ဘဲ မှောင်မည်းနေတဲ့ အပေါက်ကြီးတစ်ခုသာ ရှိနေ၏။
ချားလ်စ်သည် “ပတ်တီး” ကို ခေါ်ပြီး ထိုအပေါက်ကို ညွှန်ပြလိုက်သည်။
“အဲဒီအထဲမှာလား”
“ပတ်တီး” က ခဏလောက် တွေဝေသွားပြီးမှ ခေါင်းငြိမ့်ပြ၏။ “အဲဒီမှာ... ဖြစ်ဖို့များတယ်... ငါလည်း... သိပ်မသေချာဘူး... စိတ်မရှိပါနဲ့... ငါ့မှတ်ဉာဏ်က... သိပ်မကောင်းလို့ပါ...”
ဘာပဲဖြစ်ဖြစ် ချားလ်စ်ကတော့ ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ မြေပြင်က ခြေရာတွေက အထဲကို တန်းတန်းမတ်မတ် ဝင်သွားတာကြောင့် အန္တရာယ် ကင်းလိမ့်မည်ဟု ယူဆရသည်။
သူသည် အင်ဂျင်နီယာ ဂျိမ်းစ်နှင့် စားဖိုမှူး ဖရေးတို့ကို ကြည့်ကာ “သွားကြစို့။ ငါတို့ လေးယောက် အထဲဝင်ကြည့်မယ်” ဟု ပြောလိုက်သည်။ သူတို့ လေးယောက်သား အဆောက်အအုံထဲသို့ ခြေလှမ်းလိုက်ကြ၏။
မီးတုတ်အလင်းရောင်က အထဲကို လင်းထိန်သွားစေသည်။ အပြင်က ပုံစံနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး အတွင်းပိုင်းက သန့်ရှင်းကျယ်ဝန်းလှ၏။ ချောမွေ့နေတဲ့ အနီရောင် ကြမ်းပြင်ပေါ်မှာ ဖုန်တစ်စတောင် မရှိပါဘူး။ သို့သော် နံရံပေါ်က အရာတွေကတော့ လူကို ကျောချမ်းစေပါသည်။
နံရံတွေမှာ ထူးဆန်းပြီး ရုပ်ဆိုးလှတဲ့ ရုပ်လုံးထုတွေနဲ့ ပြည့်နေ၏။ ငါးကြယ်နဲ့ ရေဘဝဲကို ပေါင်းစပ်ထားသလိုမျိုး၊ ကိုယ်ခန္ဓာက ပုံပျက်နေပြီး မျက်လုံးတစ်လုံးတည်းသာ ပါတဲ့ သတ္တဝါဆိုးတွေရဲ့ ရုပ်လုံးတွေပင်။ သူတို့ရဲ့ ကိုယ်ဟန်အနေအထားအရ တစ်စုံတစ်ခုကို ကိုးကွယ်နေတဲ့ ပုံစံမျိုး ဖြစ်သည်။
သို့သော်လည်း ဒီကြောက်စရာကောင်းတဲ့ ရုပ်လုံးထုတွေက သူတို့ သုံးယောက်ရဲ့ အာရုံကို မဖမ်းစားနိုင်ခဲ့ပါဘူး။ သူတို့ရဲ့ အကြည့်တွေက အခန်းအလယ်က ရွှေရောင် ရုပ်ထုကြီးဆီမှာသာ စုပြုံနေကြသည်။ လက်တံတွေပါတဲ့ ထိုထူးဆန်းတဲ့ လူပုံစံ ရုပ်ထုဟာ ဖတာဂန် ကိုးကွယ်သူတွေရဲ့ နတ်ဘုရား “ဖတာဂန်” ပင် ဖြစ်သည်။
***