ယန်ယုရှန်က အေးစက်စက်ပင် ဆိုလာသည်။ "လက်ရည်စမ်းတာလား၊ စိတ်မပူပါနဲ့၊ ငါကလည်း မင်းနဲ့ လက်ရည်စမ်းရုံတင်ပါ"
ဖုန်ချီ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် သွေးမရှိသကဲ့သို့ ဖြူဖျော့သွားသည်။ ယန်ယုရှန်ကဲ့သို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရခြင်းမှာ သေလမ်းရှာခြင်းပင်။
"ယန်ယုရှန်... နင်က နာမည်ကျော် ရွှေအမြုတေအဆင့် ဓားနတ်သမီးဖြစ်ပြီးတော့ ငါတို့ သားရဲသခင်ဂိုဏ်း နယ်မြေထဲလာပြီး မျိုးဆက်သစ်တပည့်လေးတွေကို အနိုင်ကျင့်နေတာလား။ ငါတို့ဆီမှာ နင့်ကို ယှဉ်နိုင်သူ မရှိဘူးလို့ ထင်နေတာလား" ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု အရှေ့ဟွာဖန်းဈေး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
အသံနှင့်အတူ အမျိုးသမီးတစ်ဦး ပေါ်လာသည်။ ထိုအမျိုးသမီးမှာလည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူပင်။ သို့သော် ယန်ယုရှန်ကဲ့သို့ တင့်တယ်လှပခြင်း မရှိ။ ခါးကုန်းကုန်း၊ အိုမင်းရင့်ရော်သော မျက်နှာနှင့် တွန့်လိပ်နေသော အရေပြားများက မြင်သူအပေါင်းအား မနှစ်မြို့ဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။
ယန်ယုရှန်က ထိုအဘွားအိုကို မြင်သောအခါ အံ့ဩခြင်းမရှိ၊ ရောက်လာမည်ကို ကြိုတင်မျှော်လင့်ထားပုံရသည်။ "ထူလျန်... နောက်ဆုံးတော့ နင် ထွက်လာပြီပဲ။ ငါ ဒီမှာ စကားတွေ အများကြီး ပြောခဲ့ရတာ အလကား မဖြစ်တော့ဘူးပေါ့"
ထူလျန်၏ အကြည့်က ယန်ယုရှန်၏ အလွန်လှပသော ရုပ်ရည်နှင့် သွယ်လျကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်အပေါ် ကျရောက်သွားစဉ် သူမ၏ မျက်လုံးထဲ၌ မနာလိုမှု အရိပ်အယောင်များ ပေါ်လာသည်။ သူမ၏ အိုမင်းနေသော မျက်နှာထားမှာ ပို၍ပင် မည်းမှောင်သွားသည်။ "နင်က ငါ့ကို တမင်သက်သက် ဆွဲထုတ်တာလား။ နင့်ရည်ရွယ်ချက်က ဘာလဲ”
ယန်ယုရှန်က "ဘာရှိရမှာလဲ၊ နင်နဲ့ လက်ရည်စမ်းချင်လို့ပေါ့" ဟု ပြန်ဖြေလိုက်ပြီး မျက်ဝန်းအစုံ စူးရှတောက်ပလာပြီး သူမရှေ့တွင် နှင်းကဲ့သို့ ဖြူဖွေးသော ဓားပျံတစ်လက် ပေါ်လာသည်။ ထိုဓားရှည် ပေါ်လာသည်နှင့် တပြိုင်နက် သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လေထုထဲတွင် ပျံ့နှံ့လာသည်။ စူးရှသော ဓားစွမ်းအင်များက ပတ်ဝန်းကျင်ကို လွှမ်းခြုံလာသည်။ ထူလျန်၏မျက်နှာ တင်းမာသွားပြီး "နင်က သွေးကြွနေမှတော့ ငါကလည်း လိုက်လျောပေးရမှာပေါ့။ သတ္တိရှိရင် လိုက်ခဲ့စမ်း"ဟု ဆိုပြီး ဈေးနှင့် မိုင်ပေါင်းများစွာ ဝေးရာသို့ ပျံသန်းသွားပြီး ယန်ယုရှန်ကို စောင့်နေခဲ့သည်။
ယန်ယုရှန်ကလည်း နှင်းဖြူရောင်ဓားရှည်ကို ကိုင်စွဲကာ လျှပ်စီးကဲ့သို့အလျင်ဖြင့် ထူလျန်ထံ ပြေးဝင်သွားခဲ့သည်။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ ဆယ်မိုင်ခန့် လိုသေးသော်လည်း ယန်ယုရှန်၏ အော်ရာမှာ ရုတ်တရက် မြင့်တက်လာခဲ့သည်။
"ယန်နင်ဓား... ပိုင်းဖြတ်စမ်း" နှင်းဖြူရောင်ဓားရှည်သည် အေးစက်သော အလင်းတန်းများ တောက်ပလျက် နဂါးတစ်ကောင်ပမာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
ထူလျန် အနည်းငယ် အံသြသွားသည်။ "နင်က ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီပေါ့။ အံ့ဩစရာ မရှိတော့ပါဘူး၊ ဒါကြောင့် ငါ့ကို စိန်ခေါ်ရဲတာကိုး။ ဒါပေမဲ့ ဒီယန်နင်ဓားလောက်နဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ သွေးကွီသံချပ်ကာ ပေါ်လာစမ်း"
ထူလျန်၏ ကုန်းနေသော ခါးမှာ ရုတ်တရက် ဆန့်ထွက်သွားပြီး ခန္ဓာကိုယ်မှ သွေးအငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။ ချက်ချင်းပင် သူမ၏ ရှေ့တွင် ၆ ပေခန့် မြင့်သော၊ ဘဲဥပုံစံ အသားလုံးကြီး တစ်လုံး ပေါ်လာခဲ့သည်။ ထိုအသားလုံးမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး ပြင်းထန်သော သွေးညှီနံ့များ ထွက်ပေါ်နေသည်။ ၎င်းကို တင်းကျပ်စွာ ပတ်ထားသော အသားဖတ် ပွင့်ချပ်များဖြင့် ဖွဲ့စည်းထားသည်။ ထိုအသားပွင့်ချပ်များမှာ ပွင့်အာလာသော ပန်းများကဲ့သို့ လျင်မြန်စွာ ပွင့်ထွက်လာပြီး ရှည်လျားသွယ်လျသော အာရုံခံလက်တံတစ်ခု ပေါ်ထွက်လာကာ ထိုလက်တံမှာ ထူလျန်၏ ပါးစပ်အတွင်းသို့ တိုးဝင်သွားခဲ့သည်။ ထူလျန်၏ မျက်နှာမှာ နာကျင်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။ ပွင့်အာနေသော အသားလုံးကြီးက ရုတ်တရက် ခုန်တက်ကာ ပြောင်းပြန်လှန်လျက် ထူလျန်၏ တစ်ကိုယ်လုံးကို ပတ်ပတ်လည် ဝါးမြိုပတ်ထားလိုက်တော့သည်။
"အား..." ထူလျန်၏ ရင်ကွဲမတတ် အော်ဟစ်သံ ထွက်ပေါ်လာသော်လည်း ချက်ချင်း ရပ်တန့်သွားပြီး ထူးဆန်းသော လူသားပုံစံ မိစ္ဆာကြီးတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ တစ်ကိုယ်လုံး သွေးကဲ့သို့ နီရဲနေပြီး မာကျောသော အရိုးဝတ်စုံများဖြင့် ဖုံးလွှမ်းထားသည်။ ဦးခေါင်းတွင် ချွန်ထက်သော ဦးချိုတစ်ခုရှိကာ၊ ကျောပြင်တွင် ချွန်ထက်သော အရိုးဆူးများ စီတန်းနေပြီး ၆ ပေကျော် ရှည်လျားသော အမြီးကြီးက မြေပြင်တွင် တရွတ်ဆွဲနေသည်။
ကြမ်းတမ်းလွန်းလှသော ထူလျန်၏ အသွင်ပြောင်းမှုမှာ အသက်တစ်ရှိုက်စာအတွင်းမှာပင် ပြီးမြောက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ယန်နင်ဓားမှာ ထူလျန်အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထူလျန်သည် ကြီးမားသော ညာလက်ဝါးကို ဓားကဲ့သို့ အသုံးပြုလျက် ပျံသန်းလာသောဓားကို ရိုက်ချလိုက်သည်။
"ချွမ်" နှင်းဖြူဓားရှည်နှင့် ထူလျန်၏ လက်ဝါးနှင့် ထိမိသောအခါ သတ္တုချင်း ထိခိုက်သံကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး မီးပွားများပင် ထွက်လာသည်။ ယန်နင်ဓားမှာ ထိုရိုက်ချက်ကြောင့် လွင့်ထွက်သွားသည်။ ထူလျန်လည်း နာကျင်ဟန်ဖြင့် လက်ကို ခါယမ်းနေရသည်။
"ဒါက ဘာကြီးလဲ" စုန့်ဝမ်မှာ အတော်ပင် ထိတ်လန့် တုန်လှုပ်သွားသည်။
ဖုန်ချီကတော့ ထိုမိစ္ဆာကြီးကို အလွန်စိတ်ဝင်စားဟန်ဖြင့် စိုက်ကြည့်နေပြီး မျက်လုံးများမှာ အရောင်တောက်နေသည်။ "ဒါက သွေးကွီသားရဲ၊ ဂိုဏ်းရဲ့ သီးသန့် ဝိညာဉ်သားရဲတစ်မျိုး ဆိုပါတော့။ အဲဒါက လူ့ခန္ဓာကိုယ်မှာ ကပ်ပါးကောင်လို တွယ်ကပ်နေထိုင်ပြီး ဖျက်ဆီးမရတဲ့ သွေးကွီသံချပ်ကာအဖြစ် ပြောင်းလဲပေးနိုင်တယ်"
စုန့်ဝမ်အနေဖြင့် ဤအမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပြီး မြင်ရသလောက်ဆိုလျှင် ထိုဝိညာဥ်သားရဲကို မည်သို့မျှ ပိုင်ဆိုင်လိုစိတ် မရှိချေ။
ထူလျန်နှင့် ယန်ယုရှန်တို့၏ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေသည်။ ယန်နင်ဓားမှာ စွမ်းအားကြီးသလို၊ သွေးကွီဝတ်စုံမှာလည်း ခံတပ်ကြီးကဲ့သို့ ခိုင်မာလှသည်။ တိုက်ပွဲမှာ အကြိတ်အနယ် ရှိလှပြီး အနိုင်အရှုံးကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။ အစပိုင်းတွင် နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်း တိုက်ခိုက်ခဲ့သော်လည်း တဖြည်းဖြည်း အရှိန်တက်လာပြီး အစွမ်းကုန် တိုက်ခိုက်လာကြသည်။ တိုက်ပွဲ၏ အကျိုးဆက်များမှာ မုန်တိုင်းကဲ့သို့ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပြီး လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ တိုက်ပွဲကွင်းပြင်မှာ ပရမ်းပတာ ဖြစ်နေခဲ့သည်။ မြေပြင်မှာ တုန်ခါနေပြီး ကျောက်တုံးများမှာ တစ်စစီ ပျက်စီးသွားသည်။ ပျံ့လွင့်နေသော ဓားစွမ်းအင်များက ကျောက်တုံးများနှင့် သစ်သားများကို အပိုင်းပိုင်း ဖြတ်တောက်နေခဲ့သည်။ တိုက်ခတ်လာသော လေပြင်းများကလည်း ဖုန်မှုန့်များကို အဆုံးအစမရှိ လွင့်ထူစေခဲ့သည်။ ဤသည်မှာ ဈေးအတွင်းရှိ ကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့ပြီး အဝေးမှသာ လှမ်းကြည့်နေကြရသည်။
အားလုံးက ယန်ယုရှန်နှင့် ထူလျန်တို့၏ တိုက်ပွဲကို အာရုံစိုက်နေကြစဉ် ကောင်းကင်စမ်းရေဂေဟာ ရှေ့တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုလူရိပ်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်တဆိတ် ပေါ်လာခြင်း ဖြစ်သည်။ အနီးနားရှိ သင်္ဘောပျံပေါ်မှ စုန့်ဝမ်တို့ လေးဦးနှင့် ကျိရုရွယ်တို့ အဖွဲ့သာ ထိုလူရိပ်ကို သတိပြုမိခဲ့ကြသည်။ ဒဏ်ရာရထားသော လျန်ထျန်းလုမှာ ဖုန်ချီပေးထားသော ဆေးကြောင့် ယာယီ သက်သာလာခဲ့ပြီ ဖြစ်သည်။ ရောက်လာသူမှာ မြူနှင်းလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ရှိနေသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားမရဘဲ ဝိုးတဝါး ပုံရိပ်တစ်ခုအဖြစ်သာ မြင်တွေ့ရသည်။ ထူးဆန်းသောလူရိပ် ပေါ်လာသည်နှင့် ကောင်းကင်စမ်းရေဂေဟာတွင်းမှ နတ်မိမယ်တစ်ဦးကဲ့သို့ လှပသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။
စုန့်ဝမ် အံ့ဩသွားသည်။ ဤအမျိုးသမီးမှာ သူနှင့် တစ်ညတာ ပတ်သက်မှုရှိခဲ့ဖူးသော ဆန်းကြယ်သည့်အမျိုးသမီးပင် ဖြစ်သည်။ သူမသည် ဂေဟာတွင်း၌ တစ်ချိန်လုံး ပုန်းအောင်းရှိနေခဲ့ခြင်း ဖြစ်သည်။ ကျိရုရွယ်၊ မုယွန်ရှင်းနှင့် ယန်ယုရှန်တို့ အရှေ့ဟွာဖန်းဈေးတွင် သားရဲဘုရင်ဂိုဏ်းကို ရင်ဆိုင်ရဲခြင်းမှာ သူမကြောင့် ဖြစ်နိုင်ပေသည်။
"ယန်ယွီ... နောက်ဆုံးတော့ နင် ပေါ်လာပြီပဲ။ နင်နဲ့ တွေ့ရဖို့က တကယ် မလွယ်ဘူးနော်" ထိုအမျိုးသမီးက ဆိုလိုက်သည်။
ယန်ယွီ … ထိုနာမည်ကို စုန့်ဝမ် ကြားဖူးသည်။ သားရဲသခင်ဂိုဏ်း၏ ပထမမဟာအကြီးအကဲပင်။ သို့ဆိုလျှင် ကျိရုရွှယ်က မွေးမြူရေးခြံကို တိုက်ခိုက်ခြင်း၊ မုယွန်ရှင်းနှင့် ယန်ယုရှန်တို့က အရှေ့ဟွာဖန်းဈေးတွင် ဆူပူအောင် လုပ်ခြင်းများမှာ ယန်ယွီ ထွက်လာစေရန် ဆွဲဆောင်ဖို့သာ ဖြစ်မည်။ ယန်ယွီနှင့် တန်းတူရည်တူ ဆက်ဆံနေသော ထိုအမျိုးသမီးမှာ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူပင်။ စုန့်ဝမ် တွေးရင်းတွေးရင်း ထိတ်လန့်တုန်လှုပ်လာသည်။ အဆိုပါညက ထိုအမျိုးသမီး၏ အားမာန်ကြီးသော စွမ်းဆောင်ရည်မှာ အံသြစရာ မဟုတ်ချေ။ သူမ ပေးခဲ့သော သိုလှောင်အိတ်ပါ အမှတ်အသားကိုသာ မဖျောက်ဖျက်နိုင်ခဲ့ပါက ယခုအချိန်တွင် လူသားဆေးဖိုဘဝ ရောက်နေမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
"လန်ချန်း... မင်းတို့ ဟယ်ဟွမ်းဂိုဏ်းနဲ့ မဟာကောင်းကင်ဓားဂိုဏ်းက ငါ့တို့ သားရဲသခင်ဂိုဏ်းကို ပူးပေါင်းတိုက်ခိုက်ဖို့ မဟာမိတ် ဖွဲ့လိုက်ကြပြီပေါ့" ဟု ယန်ယွီက ပြောလိုက်သည်။
လန်ချန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော အကာအကွယ်အလွှာတစ်ခုက သူမနှင့် ယန်ယွီကို ဖုံးလွှမ်းသွားခဲ့သည်။ ဘေးမှကြည့်နေသူများမှာ လူရိပ်နှစ်ခုကိုသာ မြင်ရပြီး မည်သည့်အသံကိုမှ မကြားရတော့ပေ။
အကာအကွယ်အလွှာ ဖန်တီးပြီးမှ လန်ချန်းက စကားစသည်။ "ငါတို့မှာ မဟာမိတ်ဖွဲ့ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူးလေ။ လမ်းမှန်ဂိုဏ်းကြီးတွေ နတ်ဆိုးဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ကြတာ၊ အလောင်းနတ်ဆိုးဂိုဏ်းဆီက ဝိညာဥ်အသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်မယ့် နည်းလမ်း ရဖို့ပဲ မဟုတ်လား။ မထင်မှတ်ဘဲ နင်တို့ သားရဲသခင်ဂိုဏ်းက အလောင်းနတ်ဆိုးဂိုဏ်းနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး အစီအစဉ်တွေကို ပေါက်ကြားစေတယ်၊ တိုက်ခိုက်တော့လည်း ဟန်ပြလောက်ပဲ လုပ်ပြီး တကယ် အားမထည့်ခဲ့ဘူး။ ကိုးနန်းတော်ဂိုဏ်းဆိုရင် သစ္စာဖောက်ပြီး နတ်ဆိုးလမ်းစဉ်နဲ့ ပူးပေါင်းသွားခဲ့တယ်။ အဲဒါကြောင့် လေ့မိသားစုနဲ့ ဟွန်းယွမ်ကျောင်းတော်တို့ အကြီးအကျယ် ထိခိုက်ခဲ့ရတယ်။ ငါတို့ ဟယ်ဟွမ်းဂိုဏ်းနဲ့ မဟာကောင်းကင်ဓားဂိုဏ်းက တပည့်တွေ အလကား အသက်ပေးခဲ့ရပြီး ဘာမှ မရခဲ့ဘူး။ ဒါကြောင့် ငါတို့မှာ မဟာမိတ်ဖွဲ့ပြီး ဝိညာဥ်အသွင်ပြောင်းအဆင့် နည်းလမ်းကို ရှာဖွေဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး"
ယန်ယွီက လှောင်ပြုံးပြုံးရင်း "ဟယ်ဟွမ်းဂိုဏ်းနဲ့ မဟာကောင်းကင်ဓားဂိုဏ်းက အပြစ်ကင်းတဲ့သူတွေလိုမျိုး ဟန်ဆောင်မနေပါနဲ့။ မင်းတို့ ဂိုဏ်းနှစ်ခုလည်း ဟန်ပြလောက်ပဲ လှုပ်ရှားးခဲ့တာ မဟုတ်ဘူးလား။ အဲဒါကြောင့် နတ်ဆိုးလမ်းစဉ်နဲ့ အငြိုးအတေး အကြီးဆုံးဖြစ်တဲ့ လေ့မိသားစုနဲ့ ဟွန်းယွမ်ကျောင်းတော်တို့ပဲ အကြီးအကျယ် ဆုံးရှုံးခဲ့ရတာလေ" ဟု ဆိုသည်။
လန်ချန်းက "ဘယ်လိုပဲဖြစ်ဖြစ် လမ်းမှန်နဲ့ နတ်ဆိုးလမ်းစဥ်တိုက်ပွဲမှာ ငါတို့ ဟယ်ဟွမ်းဂိုဏ်းနဲ့ မဟူကောင်းကင်ဓားဂိုဏ်းက ပါဝင်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ နင်တို့ သားရဲဘုရင်ဂိုဏ်းနဲ့ ကိုးနန်းတော်ဂိုဏ်းပဲ အကျိုးအမြတ် ရခဲ့တယ်။ ဒါကို ငါတို့ ဂိုဏ်းနှစ်ခုက သဘောမတူနိုင်ဘူး။ ဝိညာဥ်အသွင်ပြောင်းအဆင့် နည်းလမ်းကို လွှဲပေးပါ၊ မဟုတ်ရင် ဂိုဏ်းနှစ်ခု ပူးပေါင်းတိုက်ခိုက်တာ ခံရလိမ့်မယ်" ဟု ဆိုသည်။
ယန်ယွီက ခေါင်းခါလိုက်သည်။ "ငါတို့လည်း အလောင်းနတ်ဆိုးဂိုဏ်းဆီကနေ ပြည့်စုံတဲ့ ဝိညာဥ်အသွင်ပြောင်းအဆင့် နည်းလမ်းကို မရခဲ့ဘူး။ ဒါမှမဟုတ် အလောင်းနတ်ဆိုးဂိုဏ်းမှာလည်း ပြည့်စုံတဲ့ နည်းလမ်း မရှိတာ ဖြစ်နိုင်တယ်"
"အဲဒါ မဖြစ်နိုင်ဘူး" ဟု လန်ချန်းက ငြင်းပယ်လိုက်သည်။ "အလောင်းနတ်ဆိုးဂိုဏ်းရဲ့ အရင်အကြီးအကဲကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဝိညာဥ်အသွင်ပြောင်းအဆင့်ကို ချိုးဖျက်နိုင်ပြီး အထက်ဘုံကို တက်လှမ်းသွားခဲ့တာလေ။ အဲဒီမတိုင်ခင် နှစ်ပေါင်းထောင်ချီအောင် ထျန်းယွမ်တိုက်ကြီးမှာ ဘယ်သူမှ အောင်အောင်မြင်မြင် မတက်လှမ်းနိုင်ခဲ့ကြဘူး။ ထျန်းယွမ်တိုက်ကြီးမှာ ဝိညာဉ်စွမ်းအားတွေက တဖြည်းဖြည်း နည်းပါးလာတယ်။ ဒီအတိုင်း ကျင့်ကြံမယ်ဆိုရင် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူရဲ့ သက်တမ်းနှစ်တစ်ထောင်နဲ့ ဝိညာဥ်အသွင်ပြောင်းအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ အကယ်၍ အလောင်းနတ်ဆိုးဂိုဏ်းမှာ အဲဒီနည်းလမ်း မရှိဘူးဆိုရင်၊ ဘာလို့ နှစ်ထောင်ချီအတွင်း သူတစ်ယောက်တည်း အောင်မြင်ခဲ့ရတာလဲ"
ယန်ယွီက သက်ပြင်းချလိုက်သည်။ "တခြားသူတွေ မလုပ်နိုင်တာကို လုပ်နိုင်တဲ့ ပါရမီရှင်တွေ အမြဲရှိနေတတ်တာပဲလေ"
လန်ချန်းက အေးစက်စွာ ပြုံးလိုက်သည်။ "ယန်ယွီ... နင် ဒီလိုပြောရုံလေးနဲ့ ငါက အလွယ်တကူ ယုံလိမ့်မယ် ထင်နေတာလား။ နည်းလမ်းကို လွှဲပေးပါ၊ မဟုတ်ရင် ဟယ်ဟွမ်းဂိုဏ်းနဲ့ မဟာကောင်းကင်ဓားဂိုဏ်း ပူးပေါင်းပြီး သားရဲသခင်ဂိုဏ်းကို အသေအကြေ တိုက်ရလိမ့်မယ်။ နင်ပြောနေတာတွေက အဲဒီနည်းလမ်းကို လက်ဝါးကြီးအုပ်ချင်လို့ ဆင်ခြေပေးနေတာမလား"
လန်ချန်း၏ ပြင်းထန်သော ဖိအားပေးမှုအောက်တွင် ယန်ယွီ၏ မျက်နှာ၌ ခါးသီးသော အရိပ်အယောင်များ ပေါ်လာသည်။ "ငါ ပြောပြီးပြီပဲ၊ ငါ့မှာ ပြည့်စုံတဲ့ နည်းလမ်း မရှိဘူး၊ အစိတ်အပိုင်းအချို့ပဲ ရှိတာ။ အကယ်၍ မင်းက အပြည့်အစုံ လိုချင်တယ်ဆိုရင် အလောင်းနတ်ဆိုးဂိုဏ်းဆီမှာပဲ သွားရှာသင့်တယ်"
"ဂိုဏ်းကြီးတွေ ပူးပေါင်းတာတောင် မဖြိုခွင်းနိုင်ခဲ့တာ၊ ငါတို့ ဂိုဏ်းနှစ်ခုတည်းနဲ့ အလောင်းနတ်ဆိုးဂိုဏ်းကို တိုက်ရတဲ့အထိ ငါ မမိုက်မဲဘူး။ ဒါပေမဲ့ နင်တို့ သားရဲသခင်ဂိုဏ်းကို ကိုင်တွယ်ဖို့ဆိုရင်တော့ တို့ဂိုဏ်းနှစ်ခု ပူးပေါင်းရင် အောင်မြင်ဖို့ အခွင့်အလမ်း အများကြီး ရှိတယ်"
လန်ချန်းစကားက ယုတ္တိရှိသောကြောင့် ယန်ယွီက ခဏတာ တွေဝေသွားပြီးမှ လိုက်လိုက်လျောလျော ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ "ငါ ထပ်ပြောမယ်၊ ငါ့တို့ဆီမှာ ပြည့်စုံတဲ့ ဝိညာဥ်အသွင်ပြောင်းအဆင့် နည်းလမ်း မရှိဘူး။ ငါ့မှာ ရှိသလောက်ကိုတော့ မင်းတို့ဂိုဏ်းတွေကို ဝေမျှပေးနိုင်တယ်။ ဒါပေမဲ့ တို့သုံးဂိုဏ်းလုံးက ကတိတစ်ခု ထားရမယ်။ အကယ်၍ ငါတို့ထဲက တစ်ယောက်ယောက်သာ ပြည့်စုံတဲ့ နည်းလမ်းကို ရှာတွေ့ခဲ့ရင် ကျန်တဲ့ နှစ်ဂိုဏ်းကို ပြန်ပြီး ဝေမျှပေးရမယ်"
"နင့်မှာ ပြည့်စုံတဲ့ နည်းလမ်း တကယ်ပဲ မရှိတာလား"
ယန်ယွီက ခေါင်းယမ်းလိုက်သည်။ "ငါ့မှာ မရှိရုံတင်မကဘူး၊ အလောင်းနတ်ဆိုးဂိုဏ်းရဲ့ အကြီးအကဲကုံးကျွင့်မှာတောင် အဲဒီနည်းလမ်း အပြည့်အစုံ မရှိနိုင်ဘူးလို့ ထင်တယ်။ ကုံးကျွင့်ဆို ဝိညာဥ်သန္ဓေ အထွတ်အထိပ်အဆင့်မှာ ရှိနေတာ ကြာလှပြီ။ အကယ်၍ သူ့မှာသာ နည်းလမ်းရှိရင် ဝိညာဥ်အသွင်ပြောင်းအဆင့်ကို ချိုးဖြတ်ပြီး ဒီလောကကနေ တက်လှမ်းသွားတာ ကြာလှပြီပေါ့"
***