လန်ချန်းလည်း သေသေချာချာ စဉ်းစားနေရသည်။ ယန်ယွီစကားကို ရာနှုန်းပြည့် မယုံသော်လည်း သူမတို့ စုဆောင်းထားသော အချက်အလက်များနှင့် ကိုက်ညီနေသဖြင့် အလောတကြီး ဖိအားမပေးရန် ဆုံးဖြတ်လိုက်သည်။ "ဒါဆိုလည်း ငါ နင့်ကို ယာယီ ယုံကြည့်ပေးမယ်။ နင့်ဆီမှာရှိတဲ့ အချက်အလက်တွေကို လွှဲပေးပါ"
"ဝိညာဥ်အသွင်ပြောင်းနည်းလမ်းက ဆန်းကြယ်ချီနဲ့ သက်ဆိုင်တယ်ဆိုတာလောက်ပဲ ငါ သိတယ်"
"ဆန်းကြယ်ချီ …. အဲဒါက ဘာလဲ"
"အဲဒါက အလောင်းချီနဲ့ အသက်စွမ်းအင်တို့ ပေါင်းစပ်မှုကနေ ဖြစ်ပေါ်လာတဲ့ စွမ်းအင်တစ်မျိုးပဲ"
ထိုစကားကို ကြားသောအခါ လန်ချန်း သံသယဝင်လာသည်။ "အလောင်းချီနဲ့ အသက်စွမ်းအင်က တကယ်ပဲ ပေါင်းစပ်လို့ရတာလား၊ ယန်ယွီ... နင် ငါ့ကို လိမ်ညာဖို့ ကြံနေတာ မဟုတ်လား"
လန်ချန်း၏ သံသယကြောင့် ယန်ယွီမှာ အနည်းငယ် ဒေါသထွက်လာသည်။ "လန်ချန်း... ငါက လုံလောက်တဲ့ ရိုးသားမှုကို ပြသပြီးပြီ။ အကယ်၍ မင်း ဆက်ပြီး သံသယဖြစ်နေမယ်ဆိုရင် အစောက သဘောတူညီချက်ကို ဖျက်လိုက်တော့မယ်။ အဆိုးဆုံးက ငါတို့တွေ တိုက်ကြတာပေါ့၊ ငါ့တို့သားရဲသခင်ဂိုဏ်းက မင်းတို့ ဂိုဏ်းနှစ်ခုကို ကြောက်နေလိမ့်မယ်လို့ ထင်နေတာလား"
လန်ချန်းက ရုတ်တရက် ပြုံးလိုက်သည်၊ သူမ၏ အပြုံးမှာ ပန်းတစ်ပွင့်ကဲ့သို့ လှပလွန်းသည်။ "ယန်အကိုကြီး... စိတ်မဆိုးပါနဲ့ဦး။ နင်ပြောတာတွေက တကယ့်ကို လက်ခံဖို့ ခက်နေလို့ပါ။ အကယ်၍ ညီမလေး စောစောက ရိုင်းပြမိသွားရင် တောင်းပန်ပါတယ်။ ဆက်ပြောပါဦး။ လျှို့ဝှက်ချီကို ရပြီးရင် ဝိညာဥ်အသွင်ပြောင်းအဆင့်ကို တက်လှမ်းဖို့အတွက် အဲဒါကို ဘယ်လို အသုံးပြုရမှာလဲ"
ယန်ယွီက ခေါင်းယမ်းလိုက်သည်။ "ငါ ဒီလောက်ပဲ သိတယ်။ လျှို့ဝှက်ချီကို ဘယ်လို သုံးရမလဲဆိုတာကိုတော့ မသိသေးဘူး။ အဲဒါကို ဆေးဖော်စပ်သလိုမျိုး လုပ်ရတာလား၊ ဒါမှမဟုတ် တခြား နည်းလမ်းတွေ ရှိသလားဆိုတာ မသေချာဘူး"
ခဏတာ စဉ်းစားပြီးနောက် လန်ချန်းက ခန့်မှန်းလိုက်သည်။ "အလောင်းချီနဲ့ အသက်စွမ်းအင်က ပေါင်းစပ်ပြီး စွမ်းအင်သစ် တစ်မျိုး ဖြစ်လာနိုင်တာလား။ ဖြစ်နိုင်တာက အဲဒီ ဆန်းကြယ်ချီမှာပဲ လူတစ်ယောက်ကို ဝိညာဥ်အသွင်ပြောင်းအဆင့် ရောက်အောင် ကူညီပေးနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတာ ဖြစ်လိမ့်မယ်"
ယန်ယွီက "ဒီကိစ္စက မင်းထင်သလောက် မလွယ်ဘူး။ ငါတို့က ဆန်းကြယ်ချီကို ဖော်ထုတ်ပြီးသွားပြီ။ ဆန်းကြယ်ချီက တကယ်ပဲ ထူးဆန်းပေမဲ့၊ ငါ မြင်ရသလောက်တော့ အဲဒါက ဝိညာဥ်အသွင်ပြောင်းအဆင့် ရောက်အောင် ကူညီမပေးနိုင်ဘူး" ဟု ဆိုသည်။
လန်ချန်း အံ့ဩသွားသည်။ "နင်တို့ ဆန်းကြယ်ချီကို ပေါင်းစပ်ပြီးပြီလား၊ တကယ်လား"
"မှန်တယ်၊ ဒါပေမဲ့ အဲဒါက အားနည်းတဲ့ အစအနလေးပဲ ရှိသေးတယ်။ အလောင်းချီနဲ့ အသက်စွမ်းအင် နှစ်ခုလုံးရဲ့ ဝိသေသလက္ခဏာတွေ ရှိနေတာက ထူးခြားတာပဲ"
"အဲဒါကို ငါ့ကို မျက်မြင်ကိုယ်တွေ့ ကြည့်ခွင့်ပေးနိုင်မလား"
"လန်မိန်းကလေး ကြည့်ချင်တယ်ဆိုရင် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဆန်းကြယ်ချီက မြွေလူသား အလောင်းကောင်ထဲမှာ မွေးမြူထားတာဆိုတော့ သယ်လာဖို့ မလွယ်ဘူး။ သားရဲသခင်ဂိုဏ်းထဲအထိ လိုက်လာဖို့ သတ္တိရှိရဲ့လား" ယန်ယွီသည် မခိုးမခန့် ပြုံးလျက် ကျီစားသော လေသံဖြင့် ဆိုလိုက်သည်။
လန်ချန်းက မျက်နှာမဲ့လိုက်သည်။ ယင်းမှာ လုံးဝ မဖြစ်နိုင်ပေ၊ ယခု စကားပြောနေပုံမှာ ရင်းနှီးဖော်ရွေဟန် ရှိသော်လည်း သားရဲသခင်ဂိုဏ်းထဲ ဝင်သွားလျှင် ထောင်ချောက်ထဲသို့ ကိုယ်တိုင် လမ်းလျှောက်ဝင်သွားခြင်းနှင့် မခြားပေ။
ယန်ယွီက "ကဲပါ .. မိန်းကလေးလန်ကို ဆန်းကြယ်ချီတော့ မပြနိုင်ပေမဲ့၊ အဲဒီချီကို ပေါင်းစပ်ထားတဲ့သူနဲ့ တွေ့ခွင့်ပေးနိုင်ပါတယ်" ဟု ဆိုသည်။
"အင်း... အဲဒါကိုတော့ ငါ နည်းနည်း စိတ်ဝင်စားသားပဲ"
လန်ချန်းနှင့် ယန်ယွီတို့ ပေါ်လာပြီးနောက် စုန့်ဝမ်တို့မှာ သင်္ဘောပျံပေါ် အမြန်တက်ပြီး ထိတ်လန့်နေသော ငုံးငယ်လေးများကဲ့သို့ မလှုပ်မယှက် ငြိမ်နေကြသည်။ ကျောက်တာဖန်းမှာမူ အရိပ်အယောင်ပင် မမြင်ရတော့။ ယန်ယွီနှင့် လန်ချန်းလို ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူများ ရှေ့မှောက်တွင် အခြေတည်အဆင့်ဆိုသည်မှာ ပုရွက်ဆိတ်သာသာပင် မဟုတ်ပါလား။ လန်ချန်နှင့် တစ်ညတာ ဆုံစည်းခွင့်ရခဲ့သော စုန့်ဝမ်မှာ ထွက်ပြေးချင်စိတ်ပင် ပေါက်နေသည်။ သူတို့လေးဦးမှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ် ရုတ်တရက် သူတို့၏ နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။ "ငါက သားရဲသခင်ဂိုဏ်းရဲ့ ပထမမဟာအကြီးအကဲပဲ၊ မင်းတို့ ကြောက်စရာ မလိုဘူး။ ဝူရှန်း... ဒီကို လာခဲ့စမ်း။ ဟယ်ဟွမ်းဂိုဏ်းရဲ့ အကြီးအကဲလန်က မင်းကို တွေ့ချင်နေတယ်"
စုန့်ဝမ်မှာ စိတ်လှုပ်ရှားပြီး မူးမေ့လဲမတတ် ဖြစ်သွားသည်။ ထိုအမျိုးသမီးကြီးက အဘယ်အကြောင်းကြောင့် သူ့လို ပမွှားလေးကို တွေ့ချင်ကြောင်း စဥ်းစားမရ၊ အကြောင်းတစ်ခုခုကြောင့် မှတ်မိနေခြင်းဆိုပါက … စုန့်ဝမ် ဆက်မတွေးဝံ့တော့။
ဝေဝါးနေသော ထိုလူရိပ်မှာ သားရဲသခင်ဂိုဏ်း၏ ပထမမဟာအကြီးအကဲဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဖုန်ချီအပါအဝင် လေးဦးလုံး ယန်ယွီဘက်သို့ လှည့်ကာ အရိုအသေပေးလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ဟယ်ဟွမ်းဂိုဏ်း၏ အကြီးအကဲလန်က ဝူရှန်းကို တွေ့ချင်ရသည့် အကြောင်းရင်းကိုလည်း သိချင်နေကြသည်။
စုန့်ဝမ်သည် အလွန်အမင်း ထိတ်လန့်နေသော်လည်း အမူအရာ မပျက်အော် ထိန်းကာ အကာအကွယ်အတွင်းသို့ လှမ်းဝင်လိုက်ရာ မည်သည့်အတားအဆီးမှမရှိဘဲ အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ယန်ယွီနှင့် လန်ချန်းအနီး ရောက်သည်နှင့် ဒူးထောက်ကာ အရိုအသေပြုလိုက်သည်။ "တပည့်ဝူရှန်းက အကြီးအကဲတို့ကို ဂါရဝပြုပါတယ်"
ယန်ယွီက လက်ဝေ့ယမ်းပြီး "ထတော့... ငါတို့ ကျင့်ကြံခြင်းလောကမှာ ဒူးထောက်တာက ထုံးစံမဟုတ်ဘူး" ဟု ဆိုသည်။
စုန့်ဝမ်က "ဟုတ်ကဲ့" ဟု ဆိုကာ ထရပ်လိုက်သည်။
"မင်းရှေ့က ပုဂ္ဂိုလ်ကတော့ ဟယ်ဟွမ်းဂိုဏ်းက အကြီးအကဲလန်ချန်းပဲ။ မင်းကို မေးစရာတချို့ရှိလို့တဲ့"
စုန့်ဝမ်လည်း လန်ချန်းကို အရိုအသေပြုလိုက်သည်။ "စီနီယာ လန်ချန်းကို ဂျူနီယာက ဂါရဝပြုပါတယ်။ ကျွန်တော့်ကို ဘာများ မေးချင်တာပါလဲခင်ဗျာ"
လန်ချန်း၏ အကြည့်မှာ စုန့်ဝမ်အပေါ် ကျရောက်လာပြီး အကဲခတ်နေရင်း၊ သူမ မျက်နှာပေါ်တွင် ဝေခွဲမရသည့် ပုံစံမျိုး ပေါ်လာသည်။ "ငါတို့ တစ်နေရာရာမှာ ဆုံဖူးသလား။ ဘာလို့ မင်းကို မြင်ရတာ ရင်းနှီးနေသလို ခံစားနေရတာလဲ”
စုန့်ဝမ်၏ နှလုံးသားမှာ ခုန်ထွက်လုမတတ် တုန်ခါနေသော်လည်း တည်ငြိမ်အောင် အတင်းထိန်းထားရသည်။ စိတ်ထဲက အတူအိပ်ပြီးမှ မရင်းနှီးပဲ နေပါ့မလားဟု ရေရွတ်မိသော်လည်း နှုတ်ကမူ "စီနီယာကို ကျွန်တော် မတွေ့ဖူးပါဘူး... ကျွန်တော်ရုပ်ရည်က အတွေ့ရများတဲ့ သာမန်ရုပ်ရည်ပဲမို့လို့ စီနီယာ့စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်သွားတာ ထင်ပါတယ်"ဟု ပြောလိုက်သည်။
"သာမန်ရုပ်ရည်ဟုတ်လား" ဟု လန်ချန်းက မခိုးမခန့် ပြုံးလျက် ဆိုသည်။ ထို့နောက် လန်ချန်းက ထိုကိစ္စကို ဆက်မမေးတော့ဘဲ "ယန်ယွီက ပြောတယ်... မင်းက ဆန်းကြယ်ချီကို ပေါင်းစပ်နိုင်ခဲ့တယ်ဆို။ အဲဒါ တကယ်ပဲလား"ဟု လိုရင်းကို မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ စုန့်ဝမ် ခဏတာ မှင်တက်သွားသည်။ အမှန်အတိုင်း ပြောရမည်လား၊ ငြိမ်နေရမည်လား ဝေခွဲမရ ဖြစ်နေသည်။ ဖုန့်ဖန်းယီနှင့် ရုန်ကျင့်ယွမ်တို့က ဂိုဏ်း၏ လျှို့ဝှက်ချက်ဖြစ်သဖြင့် အပြင်သို့ မပေါက်ကြားစေရန် အထပ်ထပ် မှာကြားထားခဲ့ဖူးသည်။ သို့သော် ပထမမဟာအကြီးအကဲယန်ယွီကိုယ်တိုင် ဖြေခိုင်းသဖြင့် တုံ့ဆိုင်းမနေတော့ဘဲ ဖြေလိုက်သည်။ "စီနီယာကို တင်ပြရရင်... အဲဒါ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒါက ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် တစ်ခုတည်း မဟုတ်ပါဘူး၊ ဂိုဏ်းသားတွေ အများကြီး ပူးပေါင်းပြီး၊ အကြီးအကဲရဲ့ ဦးဆောင်မှုအောက်မှာ အောင်မြင်ခဲ့တာပါ"
"ဆန်းကြယ်ချီကို ဘယ်လို ပေါင်းစပ်ခဲ့တာလဲ"
"အဲဒါက မြွေလူသား အလောင်းတွေကို အကြိမ်ကြိမ် သန့်စင်ပြီး အလောင်းချီနဲ့ အသက်စွမ်းအင်တို့ကို အတူယှဉ်တွဲ တည်ရှိစေတာပါ။ အချိန်ကြာလာတာနဲ့အမျှ ဆန်းကြယ်ချီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်"
"မြွေလူသားဆိုတာ... မင်းတို့ သားရဲဘုရင်ဂိုဏ်းက မွေးမြူထားတဲ့ လူခန္ဓာကိုယ်နဲ့ မြွေအမြီးရှိတဲ့ ထူးဆန်းတဲ့ ဝိညာဉ်သားရဲကို ပြောတာလား"
"ဟုတ်ပါတယ်။ မြွေလူသားရဲ့ ရှင်သန်နိုင်စွမ်းက အလွန်ပဲ အားကောင်းပါတယ်..."
မေးခွန်းနှင့် အဖြေများမှတဆင့် စုန့်ဝမ်သည် လျှို့ဝှက်ချီ ထုတ်လုပ်ပုံ လုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြခဲ့သည်။
"မြွေလူသားကိုရော ဘယ်လို ဖန်တီးတာလဲ" ဟု လန်ချန်းက မေးသည်။ စုန့်ဝမ်က "အဲဒီအကြောင်းကိုတော့ ကျွန်တော် မသိပါဘူး၊ အကြီးအကဲလျိုကျန်းကပဲ အကုန်လုံး ကိုင်တွယ်တာပါ" ဟု ဖြေလိုက်သည်။
ခဏတာ စဉ်းစားပြီးနောက် လန်ချန်းက ဆက်မေးသည်။ "မင်းရဲ့ အမြင်အရဆိုရင် မြွေလူသားကလွဲလို့ တခြား ဘယ်လို ဝိညာဉ်သားရဲတွေက ဆန်းကြယ်ချီကို ပေါင်းစပ်နိုင်မယ်လို့ ထင်လဲ"
"ကျွန်တော့်ရဲ့ အသိဉာဏ် နည်းပါးမှုကြောင့် ခွင့်လွှတ်ပေးပါ။ အခုလောလောဆယ်တော့ တခြား သင့်တော်မယ့် အကောင်ကို မစဉ်းစားမိပါဘူး။ ဒါပေမဲ့ ရှင်သန်နိုင်စွမ်း အားကောင်းပြီး ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားနိုင်စွမ်း မြင့်မားတဲ့ ဝိညာဉ်သားရဲတွေကို ရွေးချယ်ပြီး စမ်းသပ်ကြည့်လို့ ရနိုင်ပါတယ်"
လန်ချန်းက ခေါင်းညိတ်လိုက်ပြီး ယန်ယွီကို လှည့်ကြည့်ကာ "နင့်ရဲ့ ဒီတပည့်လေးက တော်သားပဲ။ သူ့ကို ငါ့ရဲ့ ဟယ်ဟွမ်းဂိုဏ်းထဲ ဝင်ခွင့်ပေးရင် ဘယ်လိုလဲ" ဟု ဆိုသည်။
ထိုစကားကို ကြားသောအခါ စုန့်ဝမ် အကြီးအကျယ် ထိတ်လန့်သွားသည်။ လန်ချန်း၏ ရည်ရွယ်ချက်အစစ်အမှန်ကို သူ မသိပေ။ သူမက သူ့ကို မှတ်မိသွားတာလား၊ ဒါမှမဟုတ် အလောင်းသန့်စင်ဖို့ ကူညီခိုင်းချင်တာလား။
စုန့်ဝမ် သံသယ ဖြစ်နေစဉ် ယန်ယွီက အနည်းငယ် ရယ်မောလိုက်သည်။ "ဟား ဟား… ဟယ်ဟွမ်းဂိုဏ်းမှာရှိတဲ့ အမျိုးသားတွေဆိုတာ အစေခံ ဒါမှမဟုတ် လူသားဆေးဖိုတွေပဲလေ။ မင်းက ဘယ်တုန်းကစပြီး အမျိုးသားတပည့်တွေကို လက်ခံနေတာလဲ"
"ခစ် ခစ်..အရာရာတိုင်းမှာ ပထမဆုံးအကြိမ် ဆိုတာ ရှိတာပဲလေ"
"ဝူရှန်းက သားရဲသခင်ဂိုဏ်းအပေါ် အရမ်း သစ္စာရှိတာမို့လို့၊ ဒီမှာပဲ နေတာက ပိုကောင်းပါတယ်" ဟု ပြောကာ ယန်ယွီက ငြင်းဆိုလိုက်သည်။ ထို့နောက် စုန့်ဝမ်ဘက်သို့ လှည့်ကာ "ဝူရှန်း... မင်း အခု သွားလို့ရပြီ။ မှတ်ထားပါ၊ အလောင်းသန့်စင်တဲ့အလုပ်နဲ့ ဆန်းကြယ်ချီကို တတ်နိုင်သမျှ ပိုပြီး အားကောင်းလာအောင်ပဲ အာရုံစိုက်ပါ။ ဒါက ငါ့ရဲ့ ဆက်သွယ်ရေးကျောက်စိမ်းပြားပဲ၊ သေချာ သိမ်းထားပါ။ မင်း ဖြေရှင်းလို့မရတဲ့ အခက်အခဲ ကြုံရရင် ဒါကိုသုံးပြီး ငါ့ကို ဆက်သွယ်လိုက်" ဟု ဆိုသည်။
စုန့်ဝမ်လည်း လေထဲတွင် ရုတ်တရက် ပေါ်လာသော ကျောက်စိမ်းပြားကို လက်ခံရယူပြီး ဦးညွှတ်ကာ "တပည့် အကြီးအကဲရဲ့ အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်" ဟု ဆိုသည်။ ထို့နောက် အလျင်အမြန် ပြန်ထွက်လာခဲ့သည်။
စုန့်ဝမ် ထွက်သွားပြီးနောက် ယန်ယွီက စကားစလိုက်သည်။ "လန်ချန်း... ငါက မင်းအပေါ် ရိုးသားခဲ့ပြီးပြီ၊ မင်းကလည်း ရိုးသားမှုကို ပြသင့်တယ် မဟုတ်လား"
"ငါ့ကို ဘာလုပ်စေချင်တာလဲ"
"ကုံးကျွင့်ဆီမှာ ဝိညာ်အသွင်ပြောင်းအဆင့် ချိုးဖျက်ဖို့နည်းလမ်း အပြည့်အစုံ မရှိရင်တောင်၊ ငါတို့ မသိတာတွေကို သူ သိနေမှာ အသေအချာပဲ။ ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းက ဒီအတိုင်း ပေါ်လာတာ မဟုတ်ဘူး၊ ရှေးဟောင်း နယ်မြေတစ်ခုခုကနေ လာတာ ဖြစ်ရမယ်။ အဲဒီ ရှေးဟောင်းနယ်မြေ ဘယ်မှာရှိသလဲဆိုတာကို သူပဲ သိလိမ့်မယ်။ ငါတို့ ဂိုဏ်းသုံးခုက ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတွေ ပူးပေါင်းပြီး ကုံးကျွင့်ကို အဲဒီသတင်းတွေ ထုတ်ပေးလာအောင် ဖိအားပေးလို့ ရတယ်"
"နင်က ဘာလို့ ဆန်းကြယ်ချီရဲ့ လျှို့ဝှက်ချက်ကို ဒီလောက် လွယ်လွယ်ကူကူ ပြောပြသလဲလို့ ငါ တွေးနေတာ၊ ဒီလို အစီအစဉ် ရှိနေတာကိုး"
"ငါတို့ ဂိုဏ်းသုံးခု ပေါင်းရင် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ ရှစ်ယောက် ရှိတယ်။ အားလုံးကို စုစည်းဖို့ဆိုတာတော့ အလုပ်ကြီးတစ်ခုပဲ၊ ဂိုဏ်းသုံးခုကြားမှာ သေချာ ဆွေးနွေး ညှိနှိုင်းရဦးမှာပေါ့..."
ခဏအကြာတွင် လန်ချန်းသည် အကာအကွယ်ကို ဖယ်ရှားလိုက်ပြီး ကောင်းကင်စမ်းရေဂေဟာအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။ ယန်ယွီက အဝေးတွင် ပြင်းထန်စွာ တိုက်ခိုက်နေဆဲဖြစ်သော ယန်ယုရှန်နှင့် ထူလျန်တို့ကို လှမ်းကြည့်ကာ "ထူလျန်... တိုက်ခိုက်တာ ရပ်လိုက်တော့၊ ကိစ္စပြီးသွားပြီ"ဟု ပြောလိုက်သည်။
ယန်ယွီ၏ အသံမှာ မကျယ်သော်လည်း မိုင်ပေါင်းများစွာ ဝေးသော ထူလျန်နှင့် ယန်ယုရှန်တို့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးလုံး တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြကာ မကျေမနပ် ကြည့်ပြီးမှ လှည့်ထွက်သွားကြသည်။ ယန်ယွီ၏ ပုံရိပ်မှာလည်း ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
သင်္ဘောပျံပေါ် ပြန်ရောက်မှသာ စုန့်ဝမ် စိတ်အေးသွားသည်။ သင်္ဘောပျံပေါ်ရှိ ကျန်သုံးဦးလည်း စိတ်သက်သာရာ ရသွားကြသည်။ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူများ၏ ဖိအားမှာ အလွန်ပင် ကြီးမားလှသည်။ ဖုန်ချီသည် မည်သူမှ တိုက်တွန်းစရာ မလိုဘဲ သင်္ဘောပျံကို အမြန်မောင်းနှင်ကာ ဂိုဏ်းသို့ ပြန်လာခဲ့သည်။ ထိုအဆောက်အဦးထဲသို့ နောက်တစ်ကြိမ် ဘယ်တော့မှ ခြေမချရန်လည်း သူ့ကိုယ်သူ သတိပေးလိုက်မိသည်။ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး ပုန်းနေမှန်း သိလိုက်ရခြင်းမှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။
စုန့်ဝမ်မှာမူ စိုးရိမ်စိတ် ရှိနေဆဲ ဖြစ်သည်။ လန်ချန်းက သူ့ကို မှတ်မိသွားသလားဟု စိတ်ထဲတွင် သံသယ ဖြစ်နေသည်။ ကောင်းကင်စမ်းရေဂေဟာ မဆိုထားနှင့်၊ လန်ချန်း ထိုဈေးမှ ထွက်သွားပြီဟု မသေချာမချင်း အရှေ့ဟွာဖန်းဈေးသို့ပင် ခြေချရန် စိတ်ကူးမရှိတော့ပေ။ ……
***