ပန်းကိုးပွင့် အင်မော်တယ်ဟာ ဂျူဟွာကို ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပြီး ပြုံးလျက် မေးလိုက်ပါတယ်။
"တာအိုရောင်းရင်း ဂျူဟွာ... စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေလား"
"ဇဝေဇဝါ ဖြစ်တယ်ဆိုတာထက် ပိုပါတယ်"
ဂျူဟွာက ခေါင်းခါပြလိုက်ပြီး ပြန်မေးလိုက်ပါတယ်။
"ကျွန်တော် သိချင်တာက တာအိုရောင်းရင်း ပန်းကိုးပွင့်... ကျွန်တော့်ကို သီးသန့် ခေါ်ထားခဲ့ရတဲ့ အကြောင်းရင်းက ဘာများပါလဲ"
"ဟားဟား... တာအိုရောင်းရင်း ဂျူဟွာနဲ့ ဆွေးနွေးစရာ ကိစ္စလေးအချို့ ရှိလို့ပါ၊ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေဖြစ်ပြီး ဒီစစ်ပွဲနဲ့တော့ ဘာမှမသက်ဆိုင်ပါဘူး"
ပန်းကိုးပွင့် အင်မော်တယ်က ပြုံးပြီး ပြောလိုက်ပါတယ်။
"ကိုယ်ရေးကိုယ်တာကိစ္စ။"
ဂျူဟွာရဲ့ မျက်နှာပေါ်မှာ ဝေခွဲမရတဲ့ အရိပ်အယောင်လေး ပေါ်လာပါတယ်။ သူဟာ ဒီပန်းကိုးပွင့် အင်မော်တယ်နဲ့ ထွေထွေထူးထူး ရင်းနှီးတာလည်း မဟုတ်ဘဲနဲ့၊ ဘယ်လို ကိုယ်ရေးကိုယ်တာကိစ္စမျိုးကို သူနဲ့ ဆွေးနွေးချင်နေတာပါလိမ့်။
"လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက တာအိုရောင်းရင်းတို့ရဲ့ ခွန်အားကို စမ်းသပ်ဖို့ ကျွန်တော် ထုတ်ပြခဲ့တဲ့ ထူးဆန်းတဲ့ ပစ္စည်းလေးကို မှတ်မိသေးလား"
ပန်းကိုးပွင့် အင်မော်တယ်က မေးလိုက်ပါတယ်။
"မှတ်မိတာပေါ့"
ဂျူဟွာက ခေါင်းငြိတ်ပြလိုက်ပါတယ်။
"အဲဒါက ပေမင် ပင်လယ်ပြင်ထက်က ပေမင်ဟင်းလင်းပြင် (မြောက်ပိုင်းအမှောင် ဟင်းလင်းပြင်) မှာ စွန့်စားသွားလာရင်း တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့တဲ့ ထူးဆန်းတဲ့ ပစ္စည်းလေးပါ"
ပန်းကိုးပွင့် အင်မော်တယ်က ဆက်ပြောပါတယ်။
"အဲဒီလို စွန့်စားသွားလာနေချိန် အတွင်းမှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ် ဂူနန်း တစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာပါပဲ"
"အင်မော်တယ် ဂူနန်းလား"
ဂျူဟွာရဲ့ မျက်နှာမှာ တွေးတောစဉ်းစားနေပုံတွေ ထင်ဟပ်လာခဲ့ပါပြီ။
"ဟုတ်တယ်။ အဲဒါက အနည်းဆုံးတော့ သန့်စင်သောယန် အင်မော်တယ် တစ်ဦး ချန်ထားခဲ့တဲ့ ဂူနန်းပါပဲ။ ပြီးတော့ ဖြစ်နိုင်ခြေ ရှိနေတာကတော့..."
ပန်းကိုးပွင့် အင်မော်တယ်က စကားကို ဆက်မပြောတော့ပေမယ့် ဂျူဟွာကတော့ သူ ဘာပြောချင်လဲဆိုတာ သိနေပါတယ်။ သူတို့လို အဆင့်မျိုးမှာဆိုရင် တာအိုဖခင်တွေကို တကယ်မမြင်ဖူးရင်တောင် သူတို့ရှိကြောင်းကိုတော့ ကြားဖူးထားကြပါတယ်။
ဒါ့အပြင် ဂျူဟွာမှာ ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီက မှတ်ဉာဏ်တွေ ရှိနေဆဲပါ။ အဲဒီထဲက အရာအားလုံးသာ အမှန်ဆိုရင်တော့ တာအိုဖခင်တွေအကြောင်း သူ့ရဲ့ နားလည်မှုဟာ ရှေ့မှာရှိနေတဲ့ ပန်းကိုးပွင့် အင်မော်တယ်ထက် အများကြီး သာလွန်နေပါလိမ့်မယ်။
"တာအိုရောင်းရင်း ပန်းကိုးပွင့်က အဓိက ဘာကို ပြောချင်တာလဲ"
ဂျူဟွာက မေးလိုက်ပါတယ်။
"စစ်ပွဲပြီးသွားရင် တာအိုရောင်းရင်း ဂျူဟွာကို ကျွန်တော်နဲ့အတူ အဲဒီ အင်မော်တယ် ဂူနန်းကို သွားရောက် စူးစမ်းဖို့ ဖိတ်ခေါ်ချင်လို့ပါ"
ပန်းကိုးပွင့် အင်မော်တယ်က ဆိုပါတယ်။
"ဘာဖြစ်လို့ ကျွန်တော့်ကိုလဲ"
ဂျူဟွာဟာ တာအိုဖခင်ရဲ့ ဂူနန်း ဆိုတဲ့ စကားလုံးနောက်ကို ပါမသွားဘဲ အလွန် တည်ငြိမ်စွာ မေးလိုက်ပါတယ်။
"အဲဒီ ဂူနန်းရဲ့ အပြင်ဘက်မှာ အရမ်းကို ထူးဆန်းတဲ့ မဟာဝင်္ကပါတစ်ခု ရှိနေတယ်။ ကျွန်တော် အကြာကြီး လေ့လာကြည့်ပြီးတဲ့နောက်မှာ ဒီဝင်္ကပါကို ဖျက်ဆီးဖို့က ခက်လည်းခက်သလို မခက်ဘူးလို့လည်း ပြောလို့ရတယ်"
ပန်းကိုးပွင့် အင်မော်တယ်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
"အဲဒါက ယင်နဲ့ယန် ပေါင်းစပ်ထားတဲ့ မဟာဝင်္ကပါပဲ။ ယင် ဝင်္ကပါက ကီလမ်းစဉ် ကျင့်ကြံသူတစ်ဦးရဲ့ မှော်စွမ်းအားကို အဆက်မပြတ် ထည့်သွင်းပေးဖို့ လိုအပ်ပြီး၊ ယန် ဝင်္ကပါကတော့ ဖင်းဂေါ့လမ်းစဉ် ကျင့်ကြံသူတစ်ဦးရဲ့ နတ်ဘုရားစွမ်းအားကို အဆက်မပြတ် ထည့်သွင်းပေးဖို့ လိုအပ်တယ်။ ယင်ရောယန်ရော ဝင်္ကပါ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသက်သွင်းနိုင်မှသာ အဲဒီမဟာဝင်္ကပါက တိုက်ခိုက်စရာမလိုဘဲ ပျက်ပြယ်သွားမှာပါ"
"တာအိုရောင်းရင်း ဂျူဟွာက စစ်မြေပြင်မှာဆိုရင် အမြဲတမ်း ပေပေါင်းတစ်ထောင်ကျော် မြင့်မားတဲ့ နတ်ဘုရားကြီးအဖြစ် အသွင်ပြောင်းပြီးတော့ ဖင်းဂေါ့တွေနဲ့ အနီးကပ် တိုက်ခိုက်လေ့ရှိတယ်လို့ ကျွန်တော် ကြားထားတယ်။ မြေကမ္ဘာအဆင့် ဖင်းဂေါ့တစ်ဦးနဲ့တောင် လက်ရည်စမ်းခဲ့သေးတယ် မဟုတ်လား။ ဒါကို ကြည့်ရင် တာအိုရောင်းရင်းရဲ့ ခန္ဓာကိုယ်ဟာ မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှု ကပ်ဘေးမှာ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုနိုင်သလို ဖင်းဂေါ့လမ်းစဉ်မှာလည်း အောင်မြင်မှုက မသေးဘူးလို့ ပြောနိုင်တယ်။ ဟုတ်တယ်မလား"
"ကျွန်တော် လမ်းစဉ်နှစ်ခုလုံးကို ကျင့်ကြံတာ မှန်ပါတယ်"
ဂျူဟွာက ခေါင်းငြိတ်ပြီး စကားဆက်လိုက်ပါပြီ။
"ဒါပေမဲ့ ဖင်းဂေါ့လမ်းစဉ် ကျင့်ကြံသူတွေ အများကြီး ရှိတာပဲ။ ဘာဖြစ်လို့ တာအိုရောင်းရင်း ပန်းကိုးပွင့်က ကျွန်တော့်ကိုပဲ ရွေးရတာလဲ"
ဂျူဟွာရဲ့ မေးခွန်းကို ကြားတော့ ပန်းကိုးပွင့် အင်မော်တယ်က အေးအေးဆေးဆေး ပြုံးပြီး ရှင်းပြလိုက်ပါတယ်။
"ဒီမဟာဝင်္ကပါကို တည်ဆောက်ထားတဲ့ ပုံစံအရ ဂူနန်းထဲမှာ အမွေအနှစ် နှစ်ခု ရှိနေနိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ တစ်ခုက ကီလမ်းစဉ်အတွက်ဖြစ်ပြီး နောက်တစ်ခုက ဖင်းဂေါ့လမ်းစဉ်အတွက်ပေါ့။ အကယ်၍ ဂူနန်းထဲ ရောက်သွားတဲ့အခါ ဝင်္ကပါကို ဖျက်ဆီးခဲ့တဲ့သူ နှစ်ယောက်က စမ်းသပ်မှုတွေကို အတူတူ ကျော်ဖြတ်ရမယ်ဆိုရင်၊ ကျွန်တော်က အားနည်းတဲ့ ဖင်းဂေါ့လမ်းစဉ် ကျင့်ကြံသူကို ရွေးခဲ့မိရင် ရလာမယ့် အကျိုးကျေးဇူးက အများကြီး လျော့နည်းသွားနိုင်လို့ပါ"
"အဲလိုကိုး"
ဂျူဟွာက သာမန်ပဲ ခေါင်းငြိတ်လိုက်ပါတယ်။
"တကယ်တော့ ကျွန်တော်က တာအိုရောင်းရင်း စန်းရှန်းကို ခေါ်သွားဖို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ တာအိုရောင်းရင်း ဂျူဟွာအကြောင်း ကြားပြီးတဲ့နောက်မှာတော့ စိတ်ပြောင်းသွားတာပါ"
ပန်းကိုးပွင့် အင်မော်တယ်က ပြောပါတယ်။
"အော်..."
"ရိုးရိုးလေးပါပဲ။ အကယ်၍ အဲဒီဂူနန်းထဲမှာ တကယ့်အမွေအနှစ် ရှိနေမယ်ဆိုရင် တာအိုရောင်းရင်း ဂျူဟွာလို ပါရမီ မြင့်မားတဲ့သူက ပိုပြီး ရရှိနိုင်ခြေ ရှိတာပေါ့။ တာအိုရောင်းရင်း စန်းရှန်းက မြေကမ္ဘာအဆင့် ဖင်းဂေါ့တစ်ဦး ဖြစ်ပေမယ့်လည်း ပါရမီပိုင်းမှာတော့ တာအိုရောင်းရင်း ဂျူဟွာကို မမီတာ အမှန်ပါပဲ"
ပန်းကိုးပွင့် အင်မော်တယ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။
"ချီးမွမ်းလွန်းနေပါပြီ"
ဂျူဟွာက ခေါင်းခါပြလိုက်ပြီး စဉ်းစားတဲ့ ပုံစံ ပေါ်လာပါတယ်။
"ကျွန်တော့်ရဲ့ ဖိတ်ခေါ်ချက်က ဒီစစ်ပွဲပြီးတဲ့အထိ အတည်ဖြစ်နေမှာပါ။ တာအိုရောင်းရင်းအနေနဲ့ ပြန်သွားပြီး အေးအေးဆေးဆေး စဉ်းစားလို့ ရပါတယ်"
ပန်းကိုးပွင့် အင်မော်တယ်က ရုတ်တရက် ဆိုပါတယ်။
"တာအိုရောင်းရင်း ပန်းကိုးပွင့်က ဘယ်တော့လောက် ထွက်ခွာဖို့ စီစဉ်ထားလဲ"
"စစ်ပွဲပြီးပြီးချင်း နှစ်တစ်ရာအတွင်း ဖြစ်မှာပေါ့"
ပန်းကိုးပွင့် အင်မော်တယ်က စဉ်းစားပြီး ပြောလိုက်ပါတယ်။
"နှစ်တစ်ရာအတွင်းလား"
ဂျူဟွာက ခေါင်းငြိတ်လိုက်ပါတယ်။ နှစ်တစ်ရာဆိုတာ သူ့အတွက် လုံလောက်ပါတယ်။
"တာအိုရောင်းရင်း ပန်းကိုးပွင့် ဘယ်အချိန် ထွက်ချင်လဲ၊ ကျွန်တော့်ဆီ ဆက်သွယ်လိုက်ပါ"
ဂျူဟွာက တိုက်ရိုက် ပြောလိုက်ပါတယ်။
"အိုး... တာအိုရောင်းရင်းက ဆုံးဖြတ်ပြီးပြီလား"
ဂျူဟွာက ဒီလောက် အလွယ်တကူ သဘောတူလိမ့်မယ်လို့ ပန်းကိုးပွင့် အင်မော်တယ်က မမျှော်လင့်ထားတာ ထင်ရှားနေပါတယ်။
"ဟုတ်ပါတယ်"
ဂျူဟွာက တိုက်ရိုက် ခေါင်းငြိတ်လိုက်ပါတယ်။
"ဟားဟား... ကောင်းပြီ၊ တာအိုရောင်းရင်း ဂျူဟွာက တကယ့်ကို ပွင့်လင်းတဲ့သူပဲ"
ဂျူဟွာက တုံ့ဆိုင်းမနေဘဲ ခေါင်းငြိတ်တာကို မြင်တော့ ပန်းကိုးပွင့် အင်မော်တယ်ရဲ့ သံသယတွေ ပျောက်ကွယ်သွားပါတယ်။ သူက အားရပါးရ ရယ်မောပြီးနောက် ဂျူဟွာဆီကို တာအိုတံဆိပ်တော် တစ်ခု ကမ်းပေးလိုက်ပါပြီ။
"တာအိုရောင်းရင်း ဂျူဟွာ... ဒီတံဆိပ်တော်ရှိရင် ကျွန်တော်တို့ မိုင်ပေါင်း သန်းရာချီ ဝေးနေပါစေ၊ ကျွန်တော် တာအိုရောင်းရင်းကို ဆက်သွယ်လို့ ရပါတယ်"
"ဒါဆိုရင်တော့ ကျွန်တော် လက်ခံလိုက်ပါမယ်"
ဂျူဟွာက ခေါင်းငြိတ်လိုက်ပါတယ်။
"ဒါ့အပြင် တာအိုရောင်းရင်း ဂျူဟွာအနေနဲ့ မိုးကောင်းကင်တာအို သွေးသစ္စာ တစ်ခု ဆိုပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီနေ့အကြောင်းကို တတိယလူ မသိစေရဘူးလို့ပေါ့"
ပန်းကိုးပွင့် အင်မော်တယ်က ထပ်ဖြည့်ပြောပါတယ်။
"ဒါကတော့ ထုံးစံပါပဲ"
ဂျူဟွာက ထပ်ပြီး အလွယ်တကူ သဘောတူလိုက်ပါတယ်။ ဒီတောင်းဆိုချက်က အလွန် ကျိုးကြောင်းဆီလျော်တဲ့အတွက် ငြင်းစရာ အကြောင်းမရှိပါဘူး။
ခဏအကြာမှာတော့ ဂျူဟွာဟာ ရင်လုံတပ်စခန်းကနေ ထွက်လာခဲ့ပြီး ကျွမ်းရွှေကလန် စခန်းရှိရာဆီကို မဆိုင်းမတွ ပျံသန်းသွားပါတော့တယ်။
တာအိုလမ်းစဉ် လျှောက်လှမ်းဖို့အတွက် ကံတရား ၊အခွင့်အရေး လိုအပ်ပါတယ်။ ဂျူဟွာမှာ အံ့မခန်း ပါရမီရှိနေပေမယ့်လည်း ကျင့်ကြံခြင်းထဲမှာပဲ အမြဲတမ်း နစ်မြုပ်နေမယ်ဆိုရင် အခွင့်အရေးတွေ တဖြည်းဖြည်း နည်းပါးသွားမှာပါ။ အစကတော့ ဂျူဟွာဟာ ဒီကိစ္စတွေ ပြီးသွားရင် ကလန်ထဲက သူ့ညီမလေးဆီ သွားလည်ပြီး မဟာရှကမ္ဘာ တစ်ခွင်ကို လှည့်လည်သွားလာဖို့ စီစဉ်ထားပါသေးတယ်။
ပန်းကိုးပွင့် အင်မော်တယ်ရဲ့ ရုတ်တရက် ဖိတ်ကြားချက်က ဂျူဟွာကို အံ့သြစေခဲ့ပေမယ့် ဒီဖိတ်ကြားချက်က သူ အလိုရှိနေတဲ့အရာနဲ့ ထပ်တူကျနေတဲ့အတွက် သူ ငြင်းပယ်စရာ အကြောင်းမရှိပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်က ဂျူဟွာရဲ့ အစွမ်းနဲ့ဆိုရင် ပေမင်ဟင်းလင်းပြင် (မြောက်ပိုင်းအမှောင် ဟင်းလင်းပြင် ) ဟာ သူ့အတွက် အရမ်း အန္တရာယ်များပါလိမ့်မယ်၊ ဒါပေမဲ့ ၁၅ နှစ်အကြာမှာတော့ အဲဒီနေရာဟာ သူ့အတွက် အသင့်တော်ဆုံး ဖြစ်နေပြီလို့ ဂျူဟွာ ခံစားနေရပါပြီ။
ဒါ့အပြင် ပန်းကိုးပွင့် အင်မော်တယ်က ဂူနန်းဟာ တာအိုဖခင်တစ်ဦး ချန်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောခဲ့သေးတာမို့ သူ ပိုပြီးတောင် မြင်ချင်နေပါပြီ။ ဒါပေမဲ့ ဂျူဟွာ နားလည်ထားတာ တစ်ခုကတော့ ပန်းကိုးပွင့် အင်မော်တယ်က သူ့ကို ဖိတ်ရတဲ့ အကြောင်းရင်းဟာ သူပြောသလောက်တော့ မရိုးရှင်းနိုင်ဘူး ဆိုတာပါပဲ။
မဟာရှကမ္ဘာမှာ အစွမ်းထက်တဲ့ ဖင်းဂေါ့လမ်းစဉ် ကျင့်ကြံသူတွေဟာ ရှားပါးပေမယ့် မရှိတာတော့ မမဟုတ်ပါဘူး။ နှစ်သန်းချီ လွတ်မြောက်အင်မော်တယ် တစ်ဦးနဲ့ ယှဉ်နိုင်တဲ့ ဖင်းဂေါ့လမ်းစဉ် ကျင့်ကြံသူ အချို့ရှိကြောင်း ဂျူဟွာ သိထားပါတယ်။ ဒီလူတွေအားလုံးက နာမည်ကြီးကြသူတွေဖြစ်ပြီး ပန်းကိုးပွင့် အင်မော်တယ်အနေနဲ့ သူတို့ရှိမှန်း မသိဘဲ မနေပါဘူး။
ဂျူဟွာရဲ့ တကယ့်အစွမ်းက သူတို့ထက် မနိမ့်ပါးတဲ့အပြင် ပိုတောင် သာလွန်နေနိုင်ပေမယ့် ပန်းကိုးပွင့် အင်မော်တယ်က ဒါကို မသိပါဘူး။ မဟာဝင်္ကပါကို ဖွင့်ပြီးတဲ့နောက် စမ်းသပ်မှုတွေကို အတူတူ ဖြတ်ကျော်ရမှာကို ပန်းကိုးပွင့် အင်မော်တယ်က စိုးရိမ်နေတာဆိုရင် ပိုပြီး အစွမ်းထက်တဲ့ ဖင်းဂေါ့လမ်းစဉ် ကျင့်ကြံသူကိုပဲ ဖိတ်သင့်တာပါ။ ဒါပေမဲ့ သူက ဂျူဟွာကိုမှ သီးသန့် ဖိတ်ခဲ့ပါတယ်။
ပန်းကိုးပွင့် အင်မော်တယ်ရဲ့ အတွေးကို ခန့်မှန်းရ မခက်ပါဘူး။ သူနဲ့ ခွန်အားချင်း တူတဲ့သူတစ်ယောက်ကို ဖိတ်လိုက်ရင် ဒီအခွင့်အရေးဟာ လက်လွှတ်ဆုံးရှုံးသွားဖို့ ပိုများပါလိမ့်မယ်။ ဂျူဟွာလိုမျိုး အပြင်မှာ မြင်ရသလောက် တန်ခိုးစွမ်းအားက နှစ်သန်းချီ အင်မော်တယ်အဆင့်ကို မရောက်သေးပေမယ့် သာမန် ထိပ်တန်းလွတ်မြောက်အင်မော်တယ်တွေထက် အများကြီး ပိုအစွမ်းထက်တဲ့သူကမှ သူ့အတွက် အသင့်တော်ဆုံး ဖြစ်နေလို့ပါပဲ။
***