မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေထဲမှာ ဆယ်နှစ်ကြာပြီးနောက် ဂျူဟွာဟာ အဲဒီနယ်မြေရဲ့ ဗဟိုချက်မဒေသကို ရောက်ရှိခဲ့ပါတယ်။ ဒီနေရာဟာ ကြေးမုံကျောက်တွေ စတင်ဖြစ်ပေါ်ရာနေရာဖြစ်ပြီး ဒီကနေဆိုရင် မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေထဲကနေ အလွယ်တကူ ပြန်ထွက်သွားနိုင်ပါတယ်။
ဒါပေမဲ့ ဂျူဟွာကတော့ အခုလောလောဆယ် ပြန်ထွက်ဖို့ စိတ်ကူးမရှိသေးပါဘူး။
မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေရဲ့ ဗဟိုချက်မဒေသဟာ ပတ်လည် မိုင် ၃၀ (၁၀၀ လီ) ခန့် ကျယ်ဝန်းပါတယ်။ အပြင်စည်းနားက ထင်ယောင်ထင်မှား ပုံရိပ်ယောင် အာရုံတွေရဲ့ ပြင်းအားနဲ့ အတွင်းစည်းက အာရုံတွေရဲ့ ပြင်းအားက တခြားစီပါပဲ။ အပြင်စည်းနားက ပုံရိပ်ယောင် အာရုံတွေကိုတော့ ကောင်းကင်အင်မော်တယ်တစ်ဦးက အားထည့်ပြီး တောင့်ခံနိုင်ပေမယ့်၊ အလယ်ဗဟိုက ပုံရိပ်ယောင် အာရုံတွေကတော့ ကောင်းကင်အင်မော်တယ်တွေကိုတောင် ဒုက္ခရောက်သွားစေနိုင်ပါတယ်။
ဂျူဟွာရဲ့ နှလုံးသားအင်အားဟာ အဆင့် ၃ ရဲ့ အကန့်အသတ်ကို ရောက်နေပါပြီ။ သူဟာ အတွင်းစည်းက ပြင်းထန်တဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင် အာရုံတွေကို အသုံးချပြီး အဆင့်တက်ဖို့ စိတ်ကူးရှိနေတာပါ။ ဒါပေမဲ့ ဗဟိုချက်မဒေသရဲ့ အပြင်စည်းနားမှာတင် ကြေးမုံကျောက်ရဲ့ လွှမ်းမိုးမှုဟာ အတော်လေး လျော့နည်းလာနေပြီဖြစ်လို့ အလယ်ဗဟိုမှာဆိုရင် ထိရောက်ပါ့မလားဆိုတာ ပြောရခက်ပါတယ်။ ဒါကြောင့် ဂျူဟွာဟာ အလယ်ဗဟိုကို သွားဖို့ လောမနေသေးဘဲ အပြင်စည်း ဧရိယာတွေနဲ့ အရင်ဆုံး ရင်းနှီးအောင် လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါပြီ။
မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေထဲမှာ အရာအားလုံးက ချောမွေ့လွန်းနေလို့လားမသိပါဘူး။ ဂျူဟွာတစ်ယောက် ဗဟိုချက်မဒေသက သူ့ရဲ့ အင်မော်တယ်ဂူနန်း အပြင်ဘက်မှာ ချထားတဲ့ အတားဆီး ဝင်္ကပါတွေဟာ အတော်လေး အားလျော့နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဂျူဟွာတစ်ယောက် ထင်ယောင်ထင်မှား ပုံရိပ်ယောင် အာရုံတွေထဲမှာ စီးမြောနေချိန် အပြင်စည်းက မဟာဝင်္ကပါတွေဟာ ဖျက်ဆီးခံလိုက်ရပါပြီ။
အပြင်စည်းက ဆူညံသံကြောင့် ဂျူဟွာကို စောင့်နေတဲ့ ရုပ်သေးရုပ်ဟာ ချက်ချင်းသတိပြုမိသွားပါတယ်။ ရုပ်သေးရုပ်ဟာ မဆိုင်းမတွဘဲ ကြေးမုံကျောက်ကို ဂျူဟွာရဲ့ လက်ထဲ တန်းထည့်ပေးလိုက်ပါတယ်။
ဗဟိုချက်မဒေသမှာ ကြေးမုံကျောက်ရဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင် အာရုံတွေကို ဖိအားပေးထိန်းချုပ်နိုင်စွမ်းက သိသိသာသာ အားနည်းနေပြီဖြစ်လို့ ဂျူဟွာ အာရုံထဲကနေ နိုးလာဖို့ အချိန်အနည်းငယ် ယူလိုက်ရပါတယ်။
သူ နိုးလာတဲ့အချိန်မှာတော့ အင်မော်တယ်ဂူနန်းအပြင်က အတားအဆီး ၀င်္ကပါတွေဟာ လုံးဝကို ပျက်စီးသွားပါပြီ။
ဂျူဟွာဟာ မျက်မှောင်ကြုတ်ပြီး ထရပ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဆံပင်ဖြူဖြူနဲ့ အဖိုးအိုတစ်ယောက်ဟာ အထဲကို ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာပါတယ်။ အဖိုးအိုဟာ အော်ရာအရှိန်အဝါတွေကို မဖုံးကွယ်ထားပါဘူး။ သူဟာ ကောင်းကင်အင်မော်တယ် တစ်ဦးပါပဲ။
"ကောင်လေး... အခုကစပြီး ဒီမိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေဟာ ရှအင်ပါရီယာပြည့်ရှင်ရဲ့ ပိုင်နက် ဖြစ်သွားပြီ။ မင်း အခုပဲ ထွက်သွားလို့ ရပြီ"
အဖိုးအိုက အေးစက်စက် ပြောလိုက်ပါတယ်။
"ရှအင်ပါရီယာပြည့်ရှင် ပိုင်နက်။ ဟုတ်လား"
ဂျူဟွာရဲ့ မျက်ခုံးတွေ အနည်းငယ် တွန့်သွားပြီးနောက် သူ နားလည်သွားပါတယ်။ ဒီအဖိုးအိုဟာ ဘိုးဘေးကြီး တျန်ယန် ပြောဖူးတဲ့ ရှအင်ပါရီယာပြည့်ရှင် စေလွှတ်လိုက်တဲ့ စုံစမ်းစစ်ဆေးရေး ကောင်းကင်အင်မော်တယ်ပဲ ဖြစ်ရပါမယ်။
"မင်းမှာ ဘာကန့်ကွက်စရာရှိလို့လဲ"
အဖိုးအိုက အေးစက်စက် မေးလိုက်ပါတယ်။
"ကျွန်တော့်လို လူငယ်လေး တစ်ဦးက ဘာလုပ်ဝံ့မှာမို့လဲ။ ကျွန်တော် ခဏလောက် ပစ္စည်းတွေသိမ်းပြီးသွားရင် ထွက်သွားပါ့မယ်"
ဂျူဟွာက ဆိုလိုက်ပါတယ်။
သူဟာ ဒီကောင်းကင်အင်မော်တယ်ကို ကြောက်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုသေးတာကြောင့်ပါ။
သူဟာ လွတ်မြောက်အင်မော်တယ် ဖြစ်တာ နှစ်ပေါင်း ၃၀ ပဲ ရှိပါသေးတယ်။ အရင်တုန်းက ဒီလို အစွမ်းရှိနေရင်က တစ်မျိုးပေါ့။ ဒါပေမဲ့ အခုအချိန်မှာ ကောင်းကင်အင်မော်တယ်တစ်ဦးကို ထိပ်တိုက် အနိုင်ယူပြလိုက်မယ်ဆိုရင် သူ့ရဲ့ အရင်က အကြောင်းပြချက်တွေဟာ အလဟသ ဖြစ်သွားပါလိမ့်မယ်။
ဂျူဟွာဟာ ဒီလို ပါရမီမျိုးနဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး။ နည်းနည်းလောက် အားစိုက်ထုတ်ပြီး စုံစမ်းကြည့်ရင်တောင် လွန်ခဲ့တဲ့ နှစ် ၃၀၀ အတွင်းက သူ့ရဲ့ အတွေ့အကြုံတွေကို သိနိုင်ပါတယ်။ ကပ်ဘေးကျရှုံးပြီးနောက်ပိုင်း ပါရမီက ဒီလောက်အထိ ကွာခြားသွားတာမျိုးက သံသယဖြစ်စရာ ကောင်းနေမှာပါ။
ပြောရရင် ဂျူဟွာမှာ အခုလောလောဆယ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိသေးပါဘူး။ ဒီကိစ္စ ပေါက်ကြားသွားရင် သူ လုပ်နိုင်တာက မဟာရှကမ္ဘာကြီးထဲကနေ ထွက်ပြေးဖို့ပဲ ရှိပါတယ်။ မဟုတ်ရင် ရှအင်ပါရီယာပြည့်ရှင် ကိုယ်တိုင်တောင် သူ့ကို စိတ်ဝင်စားသွားနိုင်ပါတယ်။
ဒါပေမဲ့ ဘာအကြောင်းမှ မရှိဘဲနဲ့တော့ ဂျူဟွာဟာ လေလွင့်ခွေးတစ်ကောင် မဖြစ်ချင်ပါဘူး။ တခြားကြောင့် မဟုတ်ဘဲ ကလန်မှာ သူ့ပြန်အလာကို စောင့်နေတဲ့ ညီမလေးကြောင့်ပါပဲ။
အဖိုးအိုရဲ့ မောက်မာတဲ့ အမူအရာကိုတော့ ဂျူဟွာက လုံးဝ စိတ်ထဲ မထည့်ခဲ့ပါဘူး။
ဒီလို အသေးအမွှားကိစ္စတွေကိုသာ သူ ဂရုစိုက်နေမယ်ဆိုရင် မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေထဲမှာ ၁၀ နှစ်ကြာ တာအိုနှလုံးသားကို လေ့ကျင့်ခဲ့တာတွေဟာ အလဟဿ ဖြစ်သွားမှာပေါ့။ သူက အဖိုးအိုကို လေထဲက ဖုန်မှုန့်တစ်ခုလိုပဲ သဘောထားလိုက်ပါတယ်။ တစ်ဖက်လူက ဘာပဲပြောပြော သူ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။
ဒီမိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေကိုတော့ နောက်မှ ပြန်လာလို့ ရတာပဲလေ။
ရှအင်ပါရီယာပြည့်ရှင်က ဒီနယ်မြေကို သိမ်းပိုက်တာဟာ သူ့ရဲ့ တန်ခိုးရှင်တွေ သုံးဖို့ပါပဲ။ အချိန်တန်လို့ ဂျူဟွာက တန်ဖိုးတစ်ခုခု ပေးမယ်ဆိုရင် ပြန်ဝင်နိုင်ဖို့က မခက်ခဲပါဘူး။
ဂျူဟွာက ဒီလောက် သိတတ်နေတာကို မြင်တော့ အဖိုးအိုက ကျေနပ်စွာ ခေါင်းငြိတ်လိုက်ပါတယ်။
ဒါပေမဲ့ ဂျူဟွာ ပစ္စည်းသိမ်းနေတုန်းမှာ အဖိုးအိုက တစ်ခုခု သတိရသွားသလိုမျိုးနဲ့ ရုတ်တရက် မေးလိုက်ပါပြီ။
"မင်း ဒီမိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေကို လာတာ တာအိုနှလုံးသားကို လေ့ကျင့်ဖို့ မဟုတ်လား"
"ဆရာကြီး ပြောတာ မှန်ပါတယ်။ ကျွန်တော့်ရဲ့ ဘိုးဘေးကြီးရဲ့ ညွှန်ကြားချက်အရ တာအိုနှလုံးသားကို လေ့ကျင့်ဖို့ ရောက်လာတာပါ"
ဂျူဟွာက ပြန်ဖြေလိုက်ပါတယ်။
"အင်း..."
အဖိုးအိုက ဖြည်းဖြည်းချင်း ခေါင်းငြိတ်ပါတယ်။ အဲဒီနောက် သူက ထပ်မေးလိုက်ပါပြီ။
"မင်းက ဘယ်သူ့ရဲ့ တပည့်လဲ"
"ကျွန်တော်က ကျွမ်းရွှေကလန်ရဲ့ တပည့် ကျွမ်းရွှေဂျူဟွာ ပါ"
ဂျူဟွာက မဖုံးကွယ်ပဲ ပြောလိုက်ပါတယ်။
"ကျွမ်းရွှေကလန်ရဲ့ တပည့်လား"
အဖိုးအိုရဲ့ မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားပါတယ်။ တစ်ခုခုကို စဉ်းစားမိသွားသလိုမျိုးနဲ့ သူက ရုတ်တရက် ပြောလိုက်ပါတယ်။
"ငါမှတ်မိသလောက်ဆိုရင် ဒီတစ်ခေါက် ဆောင်းဦးတောင်ကုန်း မဟာရွှံ့နွံအိုင်ကို လာတဲ့ မင်းတို့ ကျွမ်းရွှေကလန်ရဲ့ ကောင်းကင်အင်မော်တယ်က တာအိုရောင်းရင်း တျန်ယန် မဟုတ်လား။ အဲဒီတော့ မင်းက တာအိုရောင်းရင်း တျန်ယန် အရမ်းတန်ဖိုးထားတဲ့ လူငယ်လေး တပည့်တစ်ယောက် ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
"ဆရာကြီး နောက်နေပါပြီ။ ကျွန်တော်က သာမန် လွတ်မြောက်အင်မော်တယ် တစ်ယောက်ပါ။ ဘိုးဘေးကြီး တျန်ယန်က ကျွန်တော့်ကို ဘယ်လိုလုပ် တန်ဖိုးထားမှာလဲ"
ဂျူဟွာက အေးအေးဆေးဆေးပဲ ပြောလိုက်ပေမယ့် တစ်ခုခုတော့ မှားနေပြီလို့ ဝေဝေဝါးဝါး ခံစားမိလိုက်ပါတယ်။
ဂျူဟွာရဲ့ စကားကို ကြားတော့ ကောင်းကင်အင်မော်တယ် အဖိုးအိုက ရုတ်တရက် ဝါးလုံးကွဲ ရယ်မောပါတော့တယ်။
"ဆရာကြီး ဘာလို့ ရယ်တာလဲ"
ဂျူဟွာက မေးလိုက်ပါတယ်။
"ငါရယ်တာက တျန်ယန်အိုကြီးရဲ့ မိုက်မဲမှုကိုပဲ။ ငါ ဒီကို လာမှာ သိသိကြီးနဲ့ သူ့ရဲ့ တပည့်လေးတစ်ယောက် ဒီကို လွှတ်လိုက်ရဲတယ်ပေါ့လေ"
ကောင်းကင်အင်မော်တယ် အဖိုးအို စကားမဆုံးသေးခင်မှာပဲ ဂျူဟွာဟာ နောက်ကျောဘက်ကနေ ပြင်းထန်တဲ့ လေတိုးသံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပါတယ်။
ဂျူဟွာရဲ့ လက်ထဲမှာ ချိုးဟွာ ဓားက ချက်ချင်း ပေါ်လာပါပြီ။ ဂျူဟွာရဲ့ ခန္ဓာကိုယ်ပေါ်မှာ နတ်ဘုရား မှော်သင်္ကေတတွေ လင်းထိန်တောက်ပလာပြီး တစ်ချိန်တည်းမှာပဲ နောက်ကို လှည့်ပြီး ဓားနဲ့ ထိုးလိုက်ပါတယ်။
ဒီဓားချက်ဟာ ကောင်းကင်ဘုံကိုးဆင့်ကနေ နဂါးငွေ့တန်းဂလက်ဆီကြီး ပြိုကျလာသလိုမျိုး အရမ်းကို မြန်ဆန်ပြီး ပြင်းထန်လှတယ် ဆိုရမှာပါ။
ဝုန်း။
အနက်ရောင် ဆူးချွန် လက်နက်တစ်ခုဟာ ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဂျူဟွာရဲ့ ဓားချက်ကြောင့် အဝေးကို အရှိန်နဲ့ လွင့်ထွက်သွားပါတယ်။
အဲဒီ အနက်ရောင်လက်နက်ဟာ တောင်နံရံကို အရမ်းမြန်တဲ့ အရှိန်နဲ့ သွားထိမှန်ပါတယ်။ ခဏချင်းမှာပဲ တောင်ကြီး ပြိုကျပြီး မြေကြီးတွေ နိမ့်ဆင်းသွားကာ ဂျူဟွာ ထွင်းထုထားတဲ့ အင်မော်တယ်လှိုဏ်ဂူဟာလည်း ဖုန်မှုန့်ဘဝ ရောက်သွားပါတော့တယ်။
ဝုန်း ဝုန်း
ဂျူဟွာနဲ့ အဖိုးအိုရဲ့ ပုံရိပ်တွေဟာ အောက်ဘက်ကနေ တစ်ပြိုင်နက်တည်း ပျံတက်လာကြပါတယ်။ ဂျူဟွာက တစ်ဖက်လူကို မျက်နှာသေနဲ့ ကြည့်နေပြီး အဖိုးအိုရဲ့ မျက်နှာမှာတော့ အံ့သြတဲ့ အရိပ်အယောင်လေးတွေ ထင်ဟပ်လာပါတယ်။
"မင်းက ငါ့သိုင်းကွက်ကို တကယ်ပဲ တားနိုင်တယ်ပေါ့။ ကျွမ်းရွှေကလန်မှာ မင်းလို အစွမ်းထက်တဲ့ လွတ်မြောက်အင်မော်တယ် တစ်ယောက် ဘယ်တုန်းက ပေါ်ထွက်လာခဲ့တာလဲ"
အဖိုးအိုက မေးလိုက်ပါတယ်။
"ကျွမ်းရွှေကလန်မှာ ကျွန်တော့်လို လွတ်မြောက်အင်မော်တယ် တစ်ယောက် ဘယ်တုန်းက ရှိနေသလဲဆိုတာ ဆရာကြီး ပူပန်နေရမယ့် ကိစ္စမဟုတ်ပါဘူး။ ကျွန်တော် ထင်တာတော့ ဆရာကြီးက ကိုယ့်အသက်ကိုယ် အရင်ဆုံး ပူပန်သင့်တယ်ထင်တယ်"
ဂျူဟွာက ပြောလိုက်ပါတယ်။ သူဟာ ရုတ်တရက် ပေတစ်ရာကျော် မြင့်တဲ့ နတ်ဘုရားကြီးအဖြစ် အသွင်ပြောင်းလိုက်ပြီး တစ်ဆက်တည်းမှာပဲ ခေါင်းသုံးလုံး လက်ခြောက်ဖက် နတ်ဘုရားသိုင်းပညာကို ထုတ်သုံးလိုက်ပါတယ်။ သူ့လက်ထဲမှာလည်း ဓားကြီး ခြောက်လက် ပေါ်လာပါပြီ။
"ဟားဟားဟား... မောက်မာလှချည်လား။ ငါအဖိုးကြီးရဲ့ တိုက်ကွက် တစ်ကွက်တည်းကို တားနိုင်ရုံနဲ့ ဒီလောက်တောင် မောက်မာဝံ့တယ်ပေါ့လေ။ ဒီနေ့တော့ တကယ့် ကောင်းကင်အင်မော်တယ် ဆိုတာ ဘာလဲဆိုတာ ငါ မင်းကို သိအောင် သင်ပေးရသေးတာပေါ့"
အဖိုးအိုက ရူးသွပ်စွာ ရယ်မောလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်မှာ အနက်ရောင် ဆူးချွန် လက်နက်တွေ အများကြီး ပေါ်ထွက်လာပါတယ်။
ဝုန်း ဝုန်း ဝုန်း
အဲဒီ လက်နက်တွေရဲ့ မျက်နှာပြင်ပေါ်မှာ မီးလျှံတွေ ဆက်ပြီး ပေါ်ထွက်လာခဲ့ပါပြီ။
"သွားစမ်း။"
အဖိုးအိုရဲ့ စိတ်အာရုံ စေခိုင်းမှုနဲ့အတူ မရေမတွက်နိုင်တဲ့ အနက်ရောင်လက်နက်တွေဟာ စကြ၀ဠာတည်ရှိမှုကို ဖြတ်ကျော်ပြီး ဂျူဟွာဆီကို ဆက်တိုက် ပျံသန်းလာပါတော့တယ်။
ဂျူဟွာကတော့ ဒီလို တိုက်ခိုက်မှုကို ရင်ဆိုင်ရပေမယ့် နောက်မဆုတ်ဘဲ ရှေ့ကို တိုးသွားပါပြီ။ သူဟာ ခြေလှမ်းကျဲကြီးတွေနဲ့ အဖိုးအိုဆီကို အမြန်ဆုံး ချဉ်းကပ်သွားပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လက်နက်တွေဟာ ဂျူဟွာရဲ့ ရှေ့ကို ရောက်လာပါတယ်။ ဂျူဟွာရဲ့ လက်ခြောက်ဖက်ဟာ အလျင်အမြန် လှုပ်ရှားသွားပြီး လက်ထဲက ဓားကြီး ခြောက်စင်းကလည်း အံ့မခန်း ဓားသိုင်းတွေကို တစ်ခုပြီးတစ်ခု ထုတ်သုံးလိုက်ပါတယ်။ ဘက်ပေါင်းစုံကနေ ပျံသန်းဝင်ရောက်လာတဲ့ လက်နက်တိုင်းကို ဂျူဟွာက ဘာမှ မပင်ပန်းပဲ အသာလေးပဲ တားဆီးနိုင်ခဲ့ပါတယ်။
အဖိုးအိုဟာ အဝေးကနေပဲ မျက်လုံး ပြူးပြီး ကြည့်နေမိပါပြီ။ ဂျူဟွာက သူ့ရဲ့ တိုက်ခိုက်မှုအားလုံးကို ဒီလိုမျိုး အသာအယာ တားဆီးနိုင်လိမ့်မယ်လို့ မထင်ထားပါဘူး။ ဒီဓားသိုင်းက တကယ့်ကို အံ့မခန်းပါပဲ။
မရေမတွက်နိုင်တဲ့ အနက်ရောင်လက်နက်တွေကို ဂျူဟွာက ဖယ်ရှားပစ်လိုက်ပြီး အဖိုးအိုအနားကို ရောက်သွားပါပြီ။ ဂျူဟွာက ဘာမှတုံ့ဆိုင်းမနေဘဲ တစ်ဖက်ကို ဓားနဲ့ တန်းထိုးလိုက်ပါတယ်။
လိပ်ခွံပုံစံ မှော်ရတနာတစ်ခု ရုတ်တရက် ပေါ်ထွက်လာပါပြီ။ သူ့ရဲ့ မျက်နှာပြင်က တစ်ချက် တုန်ခါသွားပြီးနောက် ဂျူဟွာရဲ့ ဓားချက်ကို ကြံ့ကြံ့ခံ တားဆီးလိုက်ပါတယ်။
အဖိုးအိုဟာ သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး တစ်ချိန်တည်းမှာပဲ အနောက်ကို အမြန်ဆုံး ဆုတ်ခွာသွားပါပြီ။
အဲဒီအချိန်မှာပဲ ဂျူဟွာ ခုနက တားဆီးလိုက်တဲ့ အနက်ရောင်ဆူးချွန်လက်နက်တွေဟာ ပြန်လည် စုစည်းသွားပြီး ဂျူဟွာဆီကို နောက်တစ်ကြိမ် ထပ်ပြီး အစုလိုက် အပြုံလိုက် ပျံသန်းဝင်ရောက်လာပါတော့တယ်။
***