အဲဒီအဖိုးအိုရဲ့ အစွမ်းက မသေးလှပါဘူး။ သူဟာ ထိပ်တန်း ကောင်းကင်အင်မော်တယ်အဆင့်နဲ့ အလှမ်းဝေးသေးတယ်ဆိုပေမဲ့ သာမန်အဆင့်ထက်တော့ အများကြီး ပိုအစွမ်းထက်ပါတယ်။ ဒါကြောင့် ဂျူဟွာဟာ ဓားတာအိုမှာ သူနားလည်သဘောပေါက်ထားသမျှကို အစွမ်းကုန်ထုတ်သုံးနေပေမဲ့ အဖိုးအိုနဲ့ အကြိတ်အနယ် အပြန်အလှန် ဖြစ်နေခဲ့တာပါ။
သူတို့နှစ်ဦးဟာ အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ကြပေမဲ့ အနိုင်အရှုံးကတော့ ပေါ်မလာသေးပါဘူး။
ဒီအချိန်မှာတော့ အဖိုးအိုဟာ သူ့ရဲ့ ကံဆိုးမှုကို စိတ်ထဲကနေ တတွတ်တွတ် ကျိန်ဆဲနေမိပါတယ်။ တကယ်တော့ သူဟာ ကျွမ်းရွှေကလန်ရဲ့ ဘိုးဘေးကြီး တျန်ယန်နဲ့ ကြီးကြီးမားမား ရန်ငြိုးရှိတာ မဟုတ်ပါဘူး။ အရင်တုန်းက အငြင်းပွားမှု အနည်းငယ် ရှိခဲ့ရုံပါပဲ။
ဒီတစ်ခေါက်မှာတော့ သူဟာ စိတ်လိုက်မာန်ပါနဲ့ အရင်က အမုန်းတရား အာဃာတတွေကို ဖြေဖျောက်ဖို့အတွက် ဒီကျွမ်းရွှေကလန်ရဲ့ လူငယ်လေးကို အလွယ်တကူ သတ်ပစ်ဖို့ ကြံစည်ခဲ့တာပါ။ မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေဆိုတာက မူလကတည်းက အန္တရာယ်များတဲ့နေရာဖြစ်လို့ လွတ်မြောက်အင်မော်တယ် တစ်ယောက် ဒီမှာ သေသွားတာက ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူးလေ။
ဒါပေမဲ့ ဒီလို ခပ်ပေါ့ပေါ့တွေးခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုကနေ ဒီလောက်အထိ ခေါင်းမာတဲ့ ပြိုင်ဘက်မျိုးနဲ့ တိုးလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
အဖိုးအိုအနေနဲ့ ဒီကျွမ်းရွှေဂျူဟွာရဲ့ ခွန်အားဟာ ဆောင်းဦးတောင်ကုန်း မဟာရွှံ့နွံအိုင်ကို လာရောက်သိမ်းပိုက်တဲ့ တပ်မဟာရဲ့ သေနာပတိချုပ် ပန်းကိုးပွင့် အင်မော်တယ်ထက် အများကြီး လျော့နည်းမှာမဟုတ်ဘူးဆိုတာကို ခန့်မှန်းမိခဲ့ပါတယ်။
ပန်းကိုးပွင့် အင်မော်တယ် ဟာ နှစ်ပေါင်း၁.၅ သန်းကျော် ရှင်သန်လာခဲ့သူဖြစ်ပြီး ကောင်းကင်အင်မော်တယ်တွေ အားလုံးက သူဟာ အနည်းဆုံး နောက်ထပ် နှစ်ပေါင်း ၁ သန်းလောက် ဆက်ရှင်သန်နိုင်ဦးမယ်လို့ ကောက်ချက်ချထားခဲ့ကြပါတယ်။
ဒီလို အစွမ်းမျိုးဟာ သာမန် သက်တမ်း တစ်သန်းရှိတဲ့ လွတ်မြောက်အင်မော်တယ်တွေနဲ့ နှိုင်းယှဉ်လို့မရပါဘူး။
"တာအိုရောင်းရင်းလေး။ ဒီတစ်ခေါက်တော့ ငါ့အမြင် မှားသွားခဲ့တယ်။ မင်းက ဖင်းဂေါ့လမ်းစဉ်ကိုပါ လျှောက်လှမ်းသူဖြစ်ပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒီလောက် အစွမ်းထက်နေတယ်ဆိုတာ မင်းရဲ့ တာအိုဉာဏ်အလင်း မြင့်မားလွန်းလို့သာ ဖြစ်တယ်။ မင်းရဲ့ ခန္ဓာကိုယ်ကတော့ ငါ့ရဲ့ သိုင်းကွက်တစ်ချက်ကိုတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး"
အဖိုးအိုက အသံကျယ်ကျယ်နဲ့ ပြောလိုက်ပါတယ်။
"ငါတို့ကြားက ဒီပဋိပက္ခက နားလည်မှုလွဲတာသက်သက်ပါ။ ဒီကိစ္စအတွက်နဲ့ ငါတို့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆိုတာ တကယ်ကို မထိုက်တန်ဘူး။ ငါတို့နှစ်ယောက် ဒီနေရာမှာတင် ရပ်လိုက်ကြရင် ပိုကောင်းလိမ့်မယ် မဟုတ်လား"
ဂျူဟွာကတော့ အဖိုးအိုရဲ့ စကားတွေကို လျစ်လျူရှုထားပါတယ်။ သူဟာ သူ့ရဲ့ ဓားသိုင်းတွေကိုပဲ ဆက်တိုက်ထုတ်သုံးနေပြီး အခွင့်အရေးရတာနဲ့ အဖိုးအိုကို ကြောက်မက်ဖွယ်ကောင်းတဲ့ သိုင်းကွက်တွေနဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့ပါတယ်။
အဖိုးအိုရဲ့ မျက်နှာဟာ ဒေါသကြောင့် စိမ်းဖန့်နေပါပြီ။ ဒါပေမဲ့ ဂျူဟွာရဲ့ မလွှတ်တမ်း လိုက်လံတိုက်ခိုက်မှုကြောင့် သူဟာ ထွက်ပြေးလို့မရဘဲ အားတင်းပြီး ပြန်တိုက်ခိုက်နေရပါတယ်။
ထင်ယောင်ထင်မှား ဖြစ်သလားတော့ မသိပါဘူး။ အဖိုးအိုဟာ တိုက်ပွဲအတွင်းမှာ ဂျူဟွာရဲ့ ဓားသိုင်းတွေက ပိုပြီးတော့ သန့်စင်လာသလို ပိုပြီးတော့လည်း ကိုင်တွယ်ရခက်လာတယ်လို့ ဝိုးတဝါး ခံစားနေရပါပြီ။
အချိန်ဘယ်လောက် ကုန်သွားလဲ မသိရပေမဲ့ တဖြည်းဖြည်းနဲ့ ဂျူဟွာရဲ့ လက်ထဲက ဓားဟာ အနည်းငယ် ပြောင်းလဲသွားပါတယ်။ မူလက ကောင်းကင်ဘုံကိုးဆင့်ကနေ နဂါးငွေ့တန်းဂလက်ဆီကြီး ပြိုကျလာသလိုမျိုး ပြင်းထန်လှတဲ့ ဓားသိုင်းဟာ ရုတ်တရက်ဆိုသလို နက်နဲတဲ့ အသွင် ကို ဆောင်သွားပါတယ်။
ဒီအပြောင်းအလဲက တိတ်တဆိတ် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပေမဲ့ အချိန်တစ်ခုမှာတော့ အထွတ်အထိပ်ကို ရုတ်တရက် ရောက်ရှိသွားပါတယ်။ အဲဒီအချိန်မှာပဲ ဂျူဟွာရဲ့ လက်ထဲက ဓားကြီး ခြောက်လက်ဟာ မရေမတွက်နိုင်တဲ့ ပုံရိပ်ယောင်တွေအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ပါပြီ။
မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ အနက်ရောင် ဆူးချွန်တွေအားလုံးပေါ်ကို ချက်ချင်း ကျရောက်သွားပါတယ်။ ဂျူဟွာနဲ့ အချိန်အတော်ကြာအောင် တန်းတူယှဉ်တိုက်နိုင်ခဲ့တဲ့ အဲဒီဆူးချွန်တွေဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် အဝေးကို လွင့်စင်သွားကြပါပြီ။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အဖိုးအိုရဲ့ မျက်နှာထားဟာ သိသိသာသာ ပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့ ဘေးနားက အကာအကွယ် မှော်ရတနာတွေဆီကနေ စူးရှတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပါပြီ။
ဒါပေမဲ့ အဖိုးအိုကို နားမလည်နိုင်အောင် ဖြစ်ရတာကတော့ ဂျူဟွာဟာ အခွင့်အရေးကို အသုံးချပြီး ဆက်လက် မတိုက်ခိုက်လာတာပါပဲ။ ပြောရရင် ပြိုင်ဘက်က ကောင်းကင်ဘုံတမျှ အသွင်ပြောင်းလဲခြင်းနဲ့ ခေါင်းသုံးလုံး လက်ခြောက်ဖက် နတ်ဘုရားသိုင်းပညာတွေကိုတောင် ပြန်ရုပ်သိမ်းလိုက်ပါသေးတယ်။
"ဒါက ဘာသဘောလဲ"
အဖိုးအိုဟာ ဇွတ်အတင်း မလုပ်ရဲတော့ပါဘူး။ ခုနက အဖြစ်အပျက်တွေကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူ့ရှေ့က လွတ်မြောက်အင်မော်တယ်ဟာ နောက်ထပ် တစ်ဆင့်ကို တက်လိုက်နိုင်ပြီဆိုတာ ၉၀ ရာခိုင်နှုန်းလောက် သေချာနေပါတယ်။
ဂျူဟွာ အဆင့်တက်သွားပြီဆိုရင် သူဟာ ဂျူဟွာရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူးဆိုတာ အဖိုးအို သိပါတယ်။ သူဟာ ထွက်ပြေးဖို့ စိတ်ကူးလေး ဝင်လာပေမဲ့ သူဟာ ကောင်းကင်အင်မော်တယ် တစ်ယောက် မဟုတ်ပါလား။ လွတ်မြောက်အင်မော်တယ် တစ်ယောက်ရဲ့ မောင်းထုတ်မှုကြောင့် ထွက်ပြေးရမယ်ဆိုရင်တော့ သူ့အတွက် သိက္ခာကျစရာ ဖြစ်နေပါတယ်။
"ဆရာကြီးက ကျွန်တော့်ကို အဆင့်တက်နိုင်အောင် ကူညီပေးခဲ့တာဆိုတော့ ကျွန်တော့်ဘက်ကလည်း ဆရာကြီးကို ကျေးဇူးဆပ်ရမှာပေါ့"
ဂျူဟွာက မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
"ကျွန်တော် တိုက်ကွက် တစ်ကွက်တည်းပဲ ထုတ်ပါ့မယ်။ အကယ်၍ ဆရာကြီး အဲဒါကို တောင့်ခံနိုင်ရင် ဆရာကြီအသက်ကို ကျွန်တော် ချမ်းသာပေးမယ်။ ဘယ်လိုလဲ"
"တစ်ကွက်တည်းလား။ ဟမ့်... မောက်မာလှချည်လား"
အဖိုးအိုက မကျေမနပ် နှာခေါင်းရှုံ့လိုက်ပေမဲ့ ငြင်းပယ်တာမျိုးတော့ မလုပ်ပါဘူး။.
ဒီအချိန်မှာ အဖိုးအိုဟာ သတိကြီးကြီးထားနေပေမဲ့ ဂျူဟွာက သူ့ကို သတ်ပစ်ဖို့ ရည်ရွယ်ချက် ရှိလိမ့်မယ်လို့တော့ မထင်ထားပါူဘး။
ပထမအချက်က သူဟာ ရှအင်ပါရီယာပြည့်ရှင်ရဲ့ အမိန့်နဲ့ မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေကို စုံစမ်းဖို့ လာတာ ဖြစ်ပါတယ်။ အကယ်၍ သူ ဒီမှာ သေဆုံးသွားရင် ဒီလွတ်မြောက်အင်မော်တယ်အနေနဲ့ လွယ်လွယ်ကူကူ ရှင်းပြနိုင်မှာ မဟုတ်ပါဘူး။
အခုအချိန်မှာတော့ အဖိုးအိုဟာ ဂျူဟွာကို နာမည်မရှိတဲ့သူလို့ မထင်တော့ပါဘူး။ ဂျူဟွာက အရမ်းကို အနေအေးလွန်းလို့သာ သူ မသိခဲ့တာလို့ပဲ တွေးနေမိပါတယ်။ သူ မသိပေမဲ့ တခြားသူတွေကတော့ သိမှာပါ။ အကယ်၍ သူ ဒီမှာ သေသွားရင် မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေထဲမှာ ရောက်နေပြီး ကောင်းကင်အင်မော်တယ်လောက် အစွမ်းထက်နေတဲ့ ဂျူဟွာဟာ သေချာပေါက် ပတ်သက်မှု ရှိနေမှာပဲလေ။
ဒါ့အပြင် ဂျူဟွာဟာ အခုလေးတင် အဆင့်တက်နိုင်ခဲ့ပေမဲ့ အဆင့်တက်ပြီးပြီးချင်း အခွင့်အရေးကို အသုံးမချဘဲ သူ့ရဲ့ နတ်ဘုရားသိုင်းပညာတွေကိုတောင် ရုတ်သိမ်းလိုက်ပါသေးတယ်။ ဒါက ပြိုင်ဘက်မှာ သတ်ဖြတ်လိုတဲ့စိတ် မရှိဘူးဆိုတာကို ပြနေတာ မဟုတ်လား။ အကယ်၍ သတ်ချင်တဲ့စိတ် ရှိနေရင် ခုနက တိုက်ပွဲအဆုံးသတ်မှာ ထုတ်သုံးခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ဓားသိုင်းတွေနဲ့တင် သူ မသေရင်တောင် ဒဏ်ရာ အပြင်းအထန် ရသွားမှာပါ။
အဖိုးအိုရဲ့ အမြင်မှာတော့ ဒီတစ်ကွက်တည်းနဲ့ သတ်မှတ်ထားတဲ့ သဘောတူညီချက်ဆိုတာ နှစ်ဦးနှစ်ဖက် သိက္ခာရှိရှိ လမ်းခွဲနိုင်အောင် ဂျူဟွာက လမ်းခင်းပေးတာလို့ပဲ ထင်နေပါတယ်။
အဖိုးအိုက သူ့ရဲ့ အစွမ်းဟာ ကောင်းကင်အင်မော်တယ်တွေထဲမှာ ထိပ်တန်းမဟုတ်ပေမဲ့ ပေါ့သေးသေးမဟုတ်ဘူးလို့ ယုံကြည်ထားပြီးသားပါ။ သူ့ရှေ့က လွတ်မြောက်အင်မော်တယ်ရဲ့ တန်ခိုးအဆင့်က ဘယ်လောက်ပဲ မြင့်နေပါစေဦးတော့၊ တစ်ဖက်က တိုက်ကွက်တစ်ချက်ကိုတောင် ကောင်းကင်အင်မော်တယ် ဖြစ်တဲ့ သူ့အနေနဲ့ မခံနိုင်ဘူးဆိုရင်ကတော့ တကယ်ကို ရယ်စရာကောင်းလွန်းနေပါပြီ။
ဂျူဟွာဟာ အဖိုးအို တွေးနေတာတွေ အတော်များများကို ခန့်မှန်းနိုင်ခဲ့ပါတယ်။ သူ အခု ပြောလိုက်တာကလည်း တစ်ဖက်လူကို ဒီလိုမျိုး တွေးသွားအောင် လုပ်ခဲ့တာပါ။ ဒါမှ အဖိုးအိုက အလန့်တကြားနဲ့ ထွက်မပြေးမှာ မဟုတ်လား။
သူ့ရှေ့က အဖိုးအိုက ကောင်းကင်အင်မော်တယ် တစ်ယောက်ပါ။ သူ့မှာ ထွက်ပြေးဖို့ နည်းလမ်းတွေ ဘယ်လောက်တောင် ရှိမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ တကယ်လို့ တစ်ဖက်လူ တကယ် ထွက်ပြေးသွားရင် ဂျူဟွာရဲ့ အခြေအနေက ကျဉ်းထကျပ်ထဲ ရောက်သွားမှာပါ။
သူ့ကို သတ်ဖို့ ရည်ရွယ်ချက်ရှိမယ်လို့ မယုံကြည်ပေမဲ့ အဖိုးအိုဟာ အစွမ်းကုန် သတိထားနေခဲ့ပါတယ်။ ဂျူဟွာကလည်း ဘာမှ မဆိုင်းမတွဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ အင်မော်တယ်ဓား ကိုးလက်ဟာ သူ့ရှေ့မှာ ပေါ်လာပါပြီ။
အင်မော်တယ်ဓား ကိုးလက်ဟာ ချက်ချင်းဆိုသလို မဟာဝင်္ကပါ တစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီကနေ ထွက်ပေါ်လာတဲ့ ထက်မြက်လှတဲ့ အော်ရာအရှိန်အဝါကြောင့် အဖိုးအိုရဲ့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပါပြီ။ ဒီအင်မော်တယ်ဓား ကိုးလက်စလုံးဟာ ထိပ်တန်းအဆင့် အင်မော်တယ်အဆင့် မှော်ရတနာတွေဖြစ်ပြီး အရင်းအမြစ် တစ်ခုတည်းက ဖြစ်နေတာပါ။
"ဆရာကြီး... သတိထားပါ"
ဂျူဟွာက သတိပေးလိုက်ပြီး နောက်တစ်စက္ကန့်မှာပဲ အဆုံးအစမရှိတဲ့ မိုးမြေမူလကီစွမ်းအင်တွေဟာ အင်မော်တယ်ဓား ကိုးလက်ဆီကို အရှိန်အဟုန်နဲ့ စီးဆင်းလာပါတော့တယ်။
ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဓားစိတ်ဆန္ဒ တွေဟာ ကောင်းကင်ယံအထိ ထိုးတက်သွားပါပြီ။ အစောပိုင်းတုန်းက မျက်နှာထား အနည်းငယ် ပြောင်းရုံပဲ ရှိသေးတဲ့ အဖိုးအိုရဲ့ မျက်နှာအထက်မှာ အခုတော့ ထိတ်လန့်တုန်လှုပ်မှုတွေ အထင်းသား ပေါ်လာပါတော့တယ်။
ဒါပေမဲ့ သူ ဘာမှမလုပ်နိုင်ခင်မှာပဲ အဲဒီ ကြောက်စရာကောင်းတဲ့ ဓားဝင်္ကပါဟာ စကြ၀ဠာတည်ရှိမှုကို ဖြတ်ကျော်ပြီး သူ့ရှေ့ကို မျက်စိတစ်မှိတ်အတွင်းမှာ ရောက်ရှိလာပါတယ်။
"ကြွင်းကျန်ဓားသိုင်း"
ဂျူဟွာဟာ စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ အဲဒီ ကြောက်စရာကောင်းတဲ့ ဓားဝင်္ကပါဟာ ချက်ချင်းဆိုသလို ပုံစံအမျိုးမျိုး ပြောင်းလဲသွားပြီး အဖိုးအိုဆီကို တဟုန်ထိုး ဝင်ရောက်သွားပါပြီ။ အဖိုးအိုရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံကာကွယ်ပေးထားတဲ့ အကာအကွယ် မှော်ရတနာတွေဟာ ဓား၀င်္ကပါနဲ့ ထိလိုက်တာနဲ့တင် အမှုန်ဖြစ် လွင့်ပြယ်သွားပြီး များပြားလှတဲ့ တိုက်ခိုက်မှုတွေဟာ အဖိုးအိုရဲ့ ကိုယ်ပေါ်ကို ဆက်တိုက် ကျဆင်းသွားပါတော့တယ်။
အဖိုးအိုမှာ ကောင်းကင်အင်မော်တယ်ရဲ့ ခန္ဓာကိုယ် ရှိနေပေမဲ့ ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါ့မလဲ။
သူ အော်ဟစ်ဖို့တောင် အချိန်မရလိုက်ပါဘူး။ အဖိုးအိုရဲ့ ခန္ဓာကိုယ်၊ နတ်ဘုရားစိတ်ဝိညာဉ်နဲ့ သူ့ရဲ့ ရတနာ အများစုဟာ ဒီမရေမတွက်နိုင်တဲ့ ဓားရိပ်တွေကြားမှာ ချေမှုန်းခံလိုက်ရပါပြီ။
ဘာမှမရှိတော့တဲ့ စကြ၀ဠာ ဟင်းလင်းပြင်ကို ကြည့်ရင်း ဂျူဟွာဟာ ခဏလောက် တိတ်ဆိတ်နေပါတယ်။ အဲဒီနောက် သူ့လက်ကို ဝှေ့ယမ်းပြီး လီထျန် ဓားဝင်္ကပါကို သိမ်းဆည်းလိုက်ပါပြီ။
တစ်ချိန်တည်းမှာပဲ အဖိုးအို သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ ဆူးချွန် မှော်ရတနာကို သူ ကောက်ယူလိုက်ပါတယ်။ ကျန်တဲ့ ရတနာ အများစုကတော့ ခုနက ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကြားမှာ ပျက်စီးသွားခဲ့ပြီ မဟုတ်ပါလား။
***