သူ့သိုင်းကွက်အောက်မှာ ဒီအဘိုးအို သေသွားတာကို ဂျူဟွာတစ်ယောက် နည်းနည်းလေးမှ မအံ့ဩမိပါဘူး။ တစ်ဖက်လူအနေနဲ့ သူ့သိုင်းကွက်ကို တားနိုင်စရာ အကြောင်းမှ မရှိနေခဲ့တာ။
အရင်က သူဟာ ဓားတာအိုအပေါ် နားလည်သဘောပေါက်ထားမှုကိုပဲ သုံးပြီး အဘိုးအိုနဲ့ အရှုံးအနိုင်မပေါ်ဘဲ တိုက်ခိုက်နေခဲ့တာလေ။ ဒါပေမဲ့ အခုလေးတင် ထုတ်သုံးလိုက်တဲ့ သိုင်းကွက်မှာတော့ သူ့ရဲ့ စွမ်းအားအပြည့် ပါသွားပြီမို့ သိုင်းကွက် ပြင်းထန်မှုက အရင်ကထက် အများကြီး ပိုကြမ်းသွားပါပြီ။
ဂျူဟွာက ဖင်းဂေါ့ခန္ဓာကိုယ်ကျင့်စဉ် လမ်းကြောင်းမှာ အထွတ်အထိပ် မူလတာအို ဖင်းဂေါ့တစ်ဦး ဖြစ်နေပြီလေ။ သူက ထိပ်တန်းအဆင့်ဖြစ်တဲ့ တောက်ပသော အနီရောင် ကောင်းကင်ဘုံကိုးဆင့် ကျင့်စဉ် ကို ကျင့်ကြံထားတာဆိုတော့ အထွတ်အထိပ် မူလတာအို ဖင်းဂေါ့ ဆိုပေမဲ့ အစောပိုင်း မြေကမ္ဘာအဆင့်မှာရှိတဲ့ တခြား ဖင်းဂေါ့တွေနဲ့ ယှဉ်ရင်တောင်မှ အားမနည်းနေတော့ပါဘူး။
တူညီတဲ့ အဆင့်တစ်ခုတည်းမှာဆိုရင် ဖင်းဂေါ့ခန္ဓာကိုယ်ကျင့်စဉ် ကျင့်ကြံသူတွေက ကီလမ်းစဉ် ကျင့်ကြံသူတွေထက် ပိုပြီး အင်အားကြီးမားကြတယ်။ သူ မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှု ကပ်ဘေးကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ မြေကမ္ဘာ အမြုတေ ရွှေကြာပန်း က ပျက်စီးသွားခဲ့ပြီး ကီစွမ်းအင် သန့်စင်မှုကလည်း မူလရဲ့ ၈၀ ရာခိုင်နှုန်းပဲ ကျန်တော့တာလေ။ ဒါကြောင့် သူက အစောပိုင်း မြေကမ္ဘာအဆင့် ဖင်းဂေါ့ တစ်ဦးနဲ့ပဲ ညီမျှနေမယ်ဆိုရင်တောင်မှ သူ့ရဲ့ ကီလမ်းစဉ် အခြေခံထက်တော့ အားနည်းသွားမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း... လက်ရှိ ဂျူဟွာရဲ့ ကီလမ်းစဉ်ဘက်က စွမ်းအားက ဖင်းဂေါ့ခန္ဓာကိုယ်ကျင့်စဉ်ထက် အများကြီး ပိုအစွမ်းထက်နေပါသေးတယ်။ ဘာလို့လဲဆိုတော့ သူ့လက်ထဲမှာ လီထျန် ဓားဝင်္ကပါ ရှိနေလို့ပါပဲ။ အင်မော်တယ်အဆင့်ရှိတဲ့ ထိပ်တန်း အင်မော်တယ်ဓား ကိုးလက်ဆီကနေ ရလာမယ့် အံ့မခန်း စွမ်းအားတိုးပွားမှုက နည်းနည်းနောနောမှ မဟုတ်တာ။
ဒါ့အပြင် ဂျူဟွာက ဒါပိ ဓားသိုင်းရဲ့ သတ္တမမြောက် သိုင်းကွက်ဖြစ်တဲ့ “ကောင်းကင်ဓား သိုင်းကွက်” ကို နားလည်သဘောပေါက်ခဲ့တာ ကြာလှပါပြီ။ ဒါပေမဲ့ သူက အပြင်းအထန် ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်နေခဲ့ပြီး တစ်ခုခု လိုအပ်နေသလို အမြဲ ခံစားနေခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီနှစ်တွေတစ်လျှောက်လုံး ဒါပိ ဓားသိုင်းရဲ့ အဋ္ဌမမြောက် သိုင်းကွက်ကို ရောက်ဖို့ နည်းနည်းလေး လိုနေသေးတယ်လို့ အမြဲ ခံစားနေခဲ့ရတာပါ။
ဒီနေ့ အဲဒီအဘိုးအိုနဲ့ အကြိတ်အနယ် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဂျူဟွာရဲ့ မူလရည်ရွယ်ချက်က တစ်ဖက်လူကို သတိထားမှု လျော့နည်းသွားအောင် လုပ်ပြီး သူ့ရဲ့ အခြေအနေကို စမ်းသပ်ဖို့လောက်ပါပဲ။ ဒါပေမဲ့ သူ လုံးဝ မျှော်လင့်မထားတာက သူကိုယ်တိုင် အဆင့်တက်သွားလိမ့်မယ် ဆိုတာကိုပါ။
ဒီလို အဆင့်တက်သွားတာနဲ့အတူ ဂျူဟွာရဲ့ စွမ်းအားကလည်း အလိုလိုပဲ အဆင့်တစ်ခု ထပ်တက်သွားခဲ့ပါတော့တယ်။
ခုနက အဘိုးအိုကို သတ်လိုက်တဲ့ ဓားသိုင်းကွက်က ဂျူဟွာ နောက်ဆုံး နားလည်သဘောပေါက်သွားတဲ့ ဓားသိုင်းကွက်ဖြစ်ပြီး ဘာမှမစဉ်းစားဘဲ တန်းသုံးလိုက်တာပါ။ ပိုပြီး ကြောက်စရာကောင်းတာက ဒီဓားသိုင်းကွက်ထဲမှာ ဓားတာအိုပါဝင်နေတဲ့အပြင် စကြ၀ဠာ မဟာတာအိုရဲ့ အပိုင်းအစတစ်ခုတောင် ပါဝင်နေတာပါပဲ။
ဒီနှစ်တွေထဲမှာ ဂျူဟွာက တာအိုနှစ်ခု ပေါင်းစည်းပ်ဖို့ကို သိပ်ပြီး အာရုံမစိုက်ထားခဲ့လို့ ဒီအပိုင်းမှာ တိုးတက်မှု သိပ်မရှိခဲ့ပါဘူး။ ဒါတောင်မှ ဒီဓားသိုင်းကွက်ရဲ့ ပြင်းထန်မှုက ဓားတာအိုကိုသက်သက် သုံးတာထက် အများကြီး သာလွန်နေခဲ့ပြီလေ။
ပိုပြီး ရက်စက်သွားစေတာက... ဂျူဟွာရဲ့ ဓားက နှလုံးသားအင်အားကို အားဖြည့်ထားခဲ့တာပါပဲ။
ပြီးခဲ့တဲ့တစ်ခေါက် လေးပစ်တဲ့နေရာမှာ နှလုံးသားအင်အားကို မရည်ရွယ်ဘဲ သုံးမိကတည်းက ဂျူဟွာက ဒီလမ်းစဉ်ပေါ်မှာ သူ့ရဲ့ ပါရမီက တော်တော်လေး အံ့မခန်းပဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့် သူက နှလုံးသားအင်အားနဲ့ ပတ်သက်ပြီးလည်း အားထုတ်မှု လုံးဝ မလျှော့ခဲ့ပါဘူး။
ရလဒ်ကတော့ ဂျူဟွာ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သိပ်မကြာခင်မှာပဲ သူက နှလုံးသားအင်အားကို ဓားအပေါ်မှာ အသုံးချနိုင်သွားခဲ့ပါတယ်။
အစပိုင်းမှာတော့ နှလုံးသားအင်အားကို အကြမ်းဖျင်း သုံးတာလောက်ပဲ ဆိုပေမဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးတဲ့ နောက်မှာတော့ ဒီနည်းလမ်းက အချောသတ်ကို ရောက်လာခဲ့ပြီ ဆိုရမှာပါ။ အသုံးပြုလိုက်တဲ့အခါတိုင်းမှာလည်း အနည်းဆုံးတော့ နှလုံးသားအင်အားတွေ အလေအလွင့် သိပ်မရှိတော့ပါဘူး။
မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေထဲမှာ ဆယ်နှစ်တိတိ အပြင်းအထန် ကျင့်ကြံပြီးတဲ့နောက်မှာ ဂျူဟွာရဲ့ နှလုံးသားအင်အား အဆင့်က အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီး တတိယမြောက် အဆင့်ဖြစ်တဲ့ အုပ်စိုးသူအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။ ခုနက သူ ဓားတစ်ချက်ပဲ ထုတ်သုံးလိုက်ပေမဲ့ သူ့ရဲ့ နှလုံးသားအင်အားက တစ်ပြိုင်နက်တည်း သုံးပုံတစ်ပုံလောက် ကုန်သွားခဲ့ပါပြီ။
စွမ်းအင် သုံးစွဲမှုက တော်တော်လေးကို ကြောက်စရာကောင်းပေမဲ့ ဂျူဟွာရဲ့ နှလုံးသားအင်အား လမ်းစဉ်က အတော်လေး ပြီးပြည့်စုံနေပြီမို့လို့ နှလုံးသားအင်အား အလေအလွင့် သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် ဒီဓားသိုင်းကွက်ရဲ့ စွမ်းအားက ချက်ချင်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ အတိုင်းအတာအထိ မြင့်တက်သွားခဲ့တာပါ။
ပိုအစွမ်းထက်တဲ့ မှော်ရတနာ၊ အရင်ကထက် အများကြီး ပိုအားကောင်းလာတဲ့ တာအိုတစ်ခု၊ ပြီးတော့ ကြောက်စရာကောင်းတဲ့ နှလုံးသားအင်အား... ဒီသုံးခု ပေါင်းစည်းသွားတဲ့အခါ ကောင်းကင်အင်မော်တယ် တစ်ဦးဆိုပေမဲ့ ထိပ်တန်း ကောင်းကင်အင်မော်တယ် ဖြစ်ဖို့ အလှမ်းဝေးနေသေးတဲ့ အဲဒီအဘိုးအိုက ဂျူဟွာရဲ့ ဓားကို ဘယ်လိုလုပ် တားနိုင်ပါတော့မလဲ။
ဒါကြောင့် ဓားတစ်ချက်တည်းနဲ့ တစ်ဖက်လူကို တစ်စစီဖြစ်သွားစေခဲ့တာကိုတော့ ဂျူဟွာတစ်ယောက် လုံးဝကို မအံ့ဩမိပါဘူး။
အဘိုးအိုရဲ့ မှော်ရတနာတွေကို သိမ်းဆည်းပြီးတဲ့နောက်မှာတော့ ဂျူဟွာက တိုက်ပွဲမြေပြင်ကို စတင် ရှင်းလင်းပါတော့တယ်။
ဒီအဘိုးအိုကို သတ်လိုက်ရလို့ ဂျူဟွာ့ စိတ်ထဲမှာ သိပ်ပြီး လေးလံသွားတာမျိုးတော့ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်သေတွင်း ကိုယ်တူးပြီး သူ့ကို အရင်လာတိုက်ခိုက်တာက အဘိုးအိုပဲလေ။ သူက ပြန်တိုက်ခိုက်ပြီး တစ်ဖက်လူကို သတ်လိုက်တာမို့ ဝေဖန်စရာ အကြောင်း ဘာမှမရှိနေပါဘူး။
ဒါပေမဲ့ ဒီအဘိုးအိုက ရှအင်ပါရီယာပြည့်ရှင်ရဲ့ အမိန့်နဲ့ ဒီ မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေကို စုံစမ်းဖို့ လာခဲ့တာလေ။ အကြောင်းပြချက် မရှိဘဲ သေသွားခဲ့ရင် ရှအင်ပါရီယာပြည့်ရှင် ဘယ်လို တုံ့ပြန်မလဲဆိုတာ ခဏဖယ်ထားဦး... ဒီနေရာမှာ တပ်စွဲထားတဲ့ ကောင်းကင်အင်မော်တယ်တွေကတော့ အနည်းဆုံး လာစစ်ဆေးကြမှာ အသေအချာပါပဲ။
ကောင်းကင်အင်မော်တယ်တိုင်းမှာ အချိန်နဲ့ စကြ၀ဠာတည်ရှိမှုကို နောက်ကြောင်းပြန် ကြည့်နိုင်တဲ့ စွမ်းရည် ရှိကြပါတယ်။ ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ ဝတ္ထုထဲမှာတုန်းက ဂျိနင်က ရှောက်ယန်ကလန်ရဲ့ သခင်လေးကို ဒေါသတကြီး သတ်ပစ်ခဲ့ပေမဲ့ ရှောက်ယန်ကလန်ရဲ့ ကောင်းကင်အင်မော်တယ်က အချိန်ကို နောက်ကြောင်းပြန်လှည့် စစ်ဆေးပြီး အရာအားလုံးကို ရှာတွေ့သွားခဲ့သလိုမျိုးပေါ့။
ဒါပေမဲ့ ဂျူဟွာရဲ့ လက်ရှိအဆင့်မှာက သာမန် ကောင်းကင်အင်မော်တယ်တွေရဲ့ စုံစမ်းစစ်ဆေးမှုကို နှောင့်ယှက်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပါပြီ။
ဂျူဟွာက ဒါပိ ဓားသိုင်းရဲ့ အဋ္ဌမမြောက် သိုင်းကွက်ကို သင်ယူတတ်မြောက်ပြီးသားပါ။ ဒီအချိန်မှာ သူက ဓားတာအို တစ်ခုလုံးကို အပြည့်အဝ နားလည်သဘောပေါက်ဖို့ သိပ်မလိုတော့ဘူး။ ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကိုတောင်မှ သူ မလုပ်နိုင်ဘူးဆိုရင်တော့ သူ့ရဲ့ ကျင့်ကြံအားထုတ်မှုတွေ အချည်းနှီး ဖြစ်သွားရပါလိမ့်မယ်။
စကြ၀ဠာနဲ့ အချိန်ကို ဖရိုဖရဲ ဖြစ်အောင် လုပ်ပြီးတဲ့နောက် ဂျူဟွာရဲ့ မျက်နှာပေါ်မှာ ကျေနပ်တဲ့ အရိပ်အယောင်လေး ထင်ဟပ်လာပါပြီ။ ဒီလိုလုပ်လိုက်ရင် ဒီနေရာကို လာစစ်ဆေးမယ့် ကောင်းကင်အင်မော်တယ်တွေက တိုက်ပွဲနေရာကို ရှာတွေ့ခဲ့ရင်တောင် အရင်က ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို လုံးဝ သိနိုင်တော့မှာ မဟုတ်ဘူးလေ။
သန့်စင်သောယန် အင်မော်တယ်စစ်စစ် တစ်ဦး ကိုယ်တိုင် ဒီနေရာကို ရောက်မလာသရွေ့ အချိန်ကို နောက်ကြောင်းပြန် ကြည့်မယ့် လမ်းကြောင်းကတော့ ပြတ်တောက်သွားခဲ့ပါပြီ။
ဒါပေမဲ့ မဟာရှ ကမ္ဘာကြီးမှာဆိုရင် ထိပ်တန်းမျိုးနွယ်စုတွေကြားမှာ ပုန်းအောင်းနေကြတဲ့ ဘိုးဘေးကြီးတွေကလွဲရင် တကယ့် သန့်စင်သောယန် အင်မော်တယ်စစ်စစ် ဆိုလို့ ရှအင်ပါရီယာပြည့်ရှင် တစ်ဦးပဲ ရှိနေတာလေ။
ရှအင်ပါရီယာပြည့်ရှင်က ကောင်းကင်အင်မော်တယ် တစ်ဦးတည်းအတွက်နဲ့ ဆောင်းဦးတောင်ကုန်း မဟာရွှံ့နွံအိုင်ကို ကိုယ်တိုင်ကိုယ်ကျ လာစစ်ဆေးပါ့မလား။ ဖြစ်နိုင်ခြေ ရှိပေမဲ့ တကယ်တမ်းကျတော့ မဖြစ်နိုင်သလောက်ပါပဲ။
သေသွားတဲ့ အဘိုးအိုက သာမန် ကောင်းကင်အင်မော်တယ် တစ်ဦးပါပဲ။ ရှအင်ပါရီယာပြည့်ရှင်က သူ့ကို အဲဒီလောက်ကြီး တန်ဖိုးထားချင်မှ ထားမှာပါ။
သေချာတာပေါ့... လောကကြီးမှာ နံရံတိုင်း နားရှိတယ်ဆိုတဲ့ ဆိုရိုးရှိတယ် မဟုတ်လား။ ဒီကိစ္စကို ခဏတဖြုတ်တော့ ဖုံးကွယ်ထားနိုင်ပေမဲ့ ထာဝရတော့ မဖုံးကွယ်ထားနိုင်ဘူးဆိုတာ ဂျူဟွာ သိပါတယ်။
တကယ်လို့ ရှအင်ပါရီယာပြည့်ရှင်သာ တကယ် ရှာချင်တယ်ဆိုရင် အချိန်နဲ့ စကြ၀ဠာ နောက်ကြောင်းပြန် ကြည့်စရာ မလိုဘဲ တခြား နည်းလမ်းတွေနဲ့လည်း ရှာဖွေလို့ နိုင်တာပါပဲ။ ဂျူဟွာ ကိုယ်တိုင်တောင် နည်းလမ်းပေါင်းစုံ စဉ်းစားလို့ရနေတာကိုး။
ဥပမာပြောရရင်... လူသတ်သမား ဘယ်သူလဲဆိုတာ တွက်ချက်ဖို့ ဗေဒင်နိမိတ် တာအိုမှာ အစွမ်းထက်တဲ့ တစ်ယောက်ယောက်ကို ရှာဖွေခိုင်းတာမျိုးပါ။
သေချာတာကတော့ ဒီနေရာမှာ ကျွမ်းကျင်တယ် ဆိုတာ ရိုးရိုး အစွမ်းထက်တာကို ပြောတာ မဟုတ်ပါဘူး။ အလွန်အမင်းကို အစွမ်းထက်ရမယ်လို့ ဆိုလိုတာပါ။
ဂျူဟွာက လွတ်မြောက်အင်မော်တယ် တစ်ဦးသာ ဖြစ်ပေမဲ့ သူက အလွန်ကို အင်အားကြီးပြီး တာအိုဖခင်ကြီး အသက်သုံးချောင်း ဆီကနေ ဆင်းသက်လာတဲ့ အင်မော်တယ်ဂူနန်း တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သာမန်လူ တစ်ယောက်ယောက်ကသာ သူ့ကို နိမိတ်ဖတ်တွက်ချက်ဖို့ ကြိုးစားခဲ့ရင် ဝေဝေဝါးဝါးနဲ့ မသဲမကွဲသာ တွေ့ရမှာဖြစ်ပြီး ဘာကိုမှ တွက်ချက်နိုင်မှာ မဟုတ်ဘူး။
ဂျူဟွာကို တိုက်ရိုက် နိမိတ်ဖတ် တွက်ချက်တာတောင် ဒီလို ဖြစ်နေပြီဆိုရင် သေသွားတဲ့ အဘိုးအိုကနေတစ်ဆင့် ဂျူဟွာကို တွက်ချက်ဖို့ ကြိုးစားတာကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။
ဒီကမ္ဘာကြီးမှာ မသေချာ မရေရာမှုတွေက အရမ်းများလွန်းပြီး ဂျူဟွာမှာလည်း ပြီးပြည့်စုံတဲ့ အစီအစဉ်ရယ်လို့တော့ မရှိသေးပါဘူး။ ဒါပေမဲ့ သူ ဆောင်ရွက်ပြီးခဲ့တဲ့ အလုပ်ဖြစ်တာကြောင့် ဘယ်တော့မှ နောင်တရနေမှာ မဟုတ်ပါဘူး။
အခု သူလုပ်နိုင်တာက အကောင်းဆုံး ပြင်ဆင်ထားဖို့ပါပဲ။ တကယ်လို့ သူ့ကို ရှာတွေ့သွားခဲ့ရင်တောင် ဂျူဟွာက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလေ။
သူ့စိတ်ထဲမှာလည်း တန်ပြန် တုံ့ပြန်ဖို့ နည်းလမ်းတချို့ ရှိနေပြီးသားပါ။
ခြေရာလက်ရာ သဲလွန်စ အားလုံးကို ရှင်းလင်းပြီးတဲ့နောက်မှာတော့ ဂျူဟွာဟာ ဘာမှ မဖြစ်ခဲ့သလိုမျိုးပဲ အဲဒီနေရာကနေ အမြန်ဆုံး ထွက်ခွာသွားပါတော့တယ်။
ကွေ့ကောက်တဲ့ လမ်းကြီးတစ်ခုကို ဖြတ်ပြီးနောက်မှာ ဂျူဟွာက တစ်ချက်တည်းနဲ့ မိုင်တစ်သောင်းနီးပါးကို ဖြတ်ကျော် ပျံသန်းသွားခဲ့ပါတယ်။ အဲဒီနောက် တောင်ထွတ်တစ်ခုကို ရွေးလိုက်ပြီး အဲဒီနေရာမှာ အင်မော်တယ်ဂူနန်း တစ်ခု တည်ဆောက်ကာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံအားထုတ်နေလိုက်ပါပြီ။
ဒီအချိန်မှာမှ ဂျူဟွာအနေနဲ့ မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေထဲကနေ ထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ တကယ်လို့ ထွက်သွားခဲ့ရင် သူ့ကိုယ်သူ အပြစ်ရှိလို့ ထွက်ပြေးတယ်ဆိုတာကို ဝန်ခံသလို ဖြစ်သွားမှာပါ။
ဂျူဟွာ ထွက်သွားပြီး နာရီဝက်တောင် မပြည့်ခင်မှာပဲ မိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေရဲ့ အစွန်အဖျားကို ဖြတ်ပြီး လူရိပ်နှစ်ခုက အတွင်းပိုင်းဆီကို အလျင်အမြန် ပျံသန်းလာနေကြပါပြီ။
ဒီနှစ်ယောက်ထဲမှာ တစ်ယောက်က ဘဝရဲ့ အနိမ့်အမြင့် ဒဏ်ရာဒဏ်ချက်တွေ အပြည့်ရှိနေတဲ့ မျက်နှာနဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ငွေရောင် ဆံပင်တွေနဲ့ အဘွားအို တစ်ဦးပါပဲ။
သူတို့ရဲ့ အော်ရာ အရှိန်အဝါတွေကို အရဆိုရင်တော့ နှစ်ယောက်စလုံးက ကောင်းကင်အင်မော်တယ်တွေ ဖြစ်မှန်း သိလိုက်ရပါပြီ။
ခဏလောက် ပျံသန်းပြီးတဲ့နောက် အဲဒီအမျိုးသားက အဘွားအိုကို လှမ်းခေါ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ကိုယ်ပေါ်က လိပ်ခွံပုံစံ မှော်ရတနာ တစ်ခုကို ထုတ်ယူလိုက်ပြီး ဂါထာတစ်ခုကို စတင် ရွတ်ဆိုပါတော့တယ်။
အချိန်အတော်ကြာပြီးတဲ့နောက်မှာ အမျိုးသားက လိပ်ခွံ မှော်ရတနာကို ပြန်သိမ်းလိုက်ပါပြီ။ ပြီးတာနဲ့ အဘွားအိုကို စိတ်ဝိညာဉ်နဲ့ စကားလှမ်းပြောလိုက်ပြီး ခရီးဆက်ကြပါတယ်။
သူတို့နှစ်ယောက်က အရမ်းကို မြန်မြန်ဆန်ဆန် ခရီးနှင်နေကြတာပါ။ သူတို့ရဲ့ ဦးတည်ချက်ကတော့ ဒီမိစ္ဆာအာရုံ ထင်ယောင်ထင်မှား နယ်မြေရဲ့ ဗဟိုချက်မဒေသပါပဲ။
***